30 Jan 2020 Source: BBC
Ciguatera Fish Poisoning ဆိုတာကတော့ Ciguatoxin လို့ခေါ်တဲ့ ဓါတ်တစ်မျိုး အဆိပ်သင့်နေတဲ့ ငါးတွေကို စားမိရာကနေဖြစ်ပွားတဲ့ အစာအဆိပ်သင့်မှုမျိူးပါ။ ဒီလို ငါးမျိုးတွေက ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ နဲ့ ကာရစ်ဘီယံ ပင်လယ်တစ်ဝိုက် အီကွေတာ ဒေသတွေမှာ ကျက်စားလေ့ရှိပါတယ်။ သူတို့ရဲ့ အဓိက အစာကတော့ သန္တာကျောက်တန်းတွေမှာ ပေါက်နေတဲ့ ရေညှိလေးတွေဖြစ်ပြီး အပေါ်က ပြောခဲ့တဲ့ Ciguatoxin ဓါတ်ကတော့ သန္တာကျောက်တန်း အဆွေးတွေမှာ ဖြစ်ပါတယ်။ ရာသီဥတုတွေ ပိုပြီး ပူနွေးလာတာနဲ့ အမျှ သန္တာကျောက်တန်းတွေ ဆွေးမြေ့သေဆုံးမှုနှုန်း မြင့်တက်လာခဲ့ပြီး သူ့ရဲ့ အစာကွင်းဆက်တွေ ဖြစ်တဲ့ သန္တာကျောက်တန်းနေ ငါးမျိးစိတ်တွေမှာ Ciguatoxin ဓါတ် ပါဝင်မှု ပိုများလာခဲ့တာပါ။
အဆိပ်သင့်နေတဲ့ ငါးတွေဟာ ဖမ်းဆီးခံရချိန်မှာရော၊ ရောင်းချခံရချိန်မှာရော၊ နောက်ဆုံး ချက်ပြုတ်ပြီးချိန်မှာတောင် သာမန်ငါးတွေနဲ့ ပုံစံအတူတူပဲမို့ ခွဲခြားရလဲ အလွန်ခက်ပါတယ်။ အမေရိကန်နိုင်ငံ အခြေစိုက် The Center of Disease Control & Prevention အဖွဲ့ရဲ့ မှတ်တမ်းတွေ အရတော့ နှစ်စဉ် Ciguatera အစာအဆိပ်သင့်မှုပေါင်း ၅သောင်းကျော် (၅၀,၀၀၀) လောက် ဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ဒါဟာ ဆေးရုံတွေကို Ciguatera အစာအဆိပ်သင့်မှု ရယ်လို့ ရောက်လာတဲ့ လူနာတွေကို စာရင်းကောက်ထားတာသာဖြစ်ပြီး အမှန်တကယ် ဖြစ်ပွားမှုနှုန်းက သိန်းချီပြီးရှိလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။
Ciguatera အစာအဆိပ်သင့်မှုရဲ့ ရောဂါလက္ခဏာတွေကတော့ အော့အန်ခြင်း၊ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ဝမ်းသွားခြင်း စတာတွေဖြစ်ပြီး တခြား အစာအဆိပ်သင့်တာတွေနဲ့ ပိုကွဲပြားတဲ့အချက်ကတော့ ခြေ၊လက်တွေ ထုံကျဉ်ပြီး အကြောဆွဲသလို၊ လေငန်းဖြတ်သလိုဖြစ်တာတွေရယ်၊ ရုတ်တရက်ကြီး အရမ်းပူ၊ အရမ်းချမ်းဖြစ်တာတွေပဲ ဖြစ်ပါတယ်။ ဒီလိုရောဂါလက္ခဏာတွေလဲပြမယ်၊ မကြာသေးမီ ရက်ပိုင်းကမှ ပင်လယ်စာ ငါးတွေလည်း စားထားဖူးမယ်ဆိုရင် ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး သွားရောက်ကြဖို့ အကြံပြုပါရစေ။