ဩစတေးလျစိုက်ပျိုးရေးနှင့်ရေအရင်းအမြစ်ဝန်ကြီးဌာနလက်အောက်ရှိ Australian Bureau of Agricultural and Resource Economics ဌာနသည် လာမည့် ဇွန်လတွင် ပြီးဆုံးမည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် သီးနှံတင်ပို့ကုန်ပမာဏကို စံချိန်တင်ရရှိသွားနိုင်ရန် ခန့်မှန်းထားကြောင်း ထုတ်ပြန်ခဲ့သည်။
ABARES ဌာနက ဂျုံ၊ ဘာလီ၊ ပြောင်းကဲ့သို့သော သီးနှံထွက်ရှိနှုန်းကို စံချိန်တင် တန်ချိန် ၆၇.၃ သန်း ရနိုင်ရန် ရည်ရွယ်ထားကြောင်း အင်္ဂါနေ့က ကြေညာခဲ့ခြင်းဖြစ်သည်။
ဩစတေးလျသည် ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး ဂျုံစိုက်ပျိုး တင်ပို့ရောင်းချသူဖြစ်ပြီး ယခု ရာသီသည် တန်ဖိုးအရှိဆုံးနှစ်ဖြစ်လာမည်ဟု လယ်သမားများက မျှော်လင့်ထားကြသည်။
ဂျုံကို အများဆုံးတင်ပို့သည့် နိုင်ငံများဖြစ်ကြသည့် ရုရှားနှင့် ယူကရိန်းတို့ စစ်ပွဲများဖြစ်ပွားနေကြပြီး ယူကရိန်းဘက်တွင် စိုက်ပျိုးရေးထုတ်ကုန်များ လျော့ကျနေခြင်းက ဂျုံဈေးများကို မြင့်တက်လာစေခဲ့သလို ဩစတေးလျအတွက်လည်း အခွင့်အလမ်းများဖြစ်ပေါ်လာသည်။
ဩစတေးလျသည် စိုက်ပျိုးရေးကာလအတွင်း မိုးရေချိန် အလွန်အကျွံများပြားခြင်းကို ခံစားခဲ့ရပြီး အချို့သော ကောက်ပဲသီးနှံများ ပျက်စီးမှု၊ မလုံလောက်မှုတို့ကို ကြုံခဲ့ရကာ ယခုအချိန်တွင်မှ အဆိုးထဲက အကောင်း သီးနှံများ စံချိန်တင် အထွက်တိုးခြင်း အကျိုးကို ရရှိခြင်းလည်းဖြစ်သည်။
စိုက်ပျိုးရေးဌာန ABARES သည် ဇွန်လကုန် ပြီးဆုံးမည့် ဘဏ္ဍာရေးနှစ်အတွက် ကောက်ပဲသီးနှံတင်ပို့မှု စံချိန်တင်ပမာဏဖြစ်သော ဒေါ်လာ ၇၅ ဘီလျံ ဖိုးရရှိနိုင်မည်ဟု တွက်ချက်ထားသည်။
ကောက်ပဲသီးနှံအထွက်တိုးမှုများကြောင့် ဩစတေးလျဆိပ်ကမ်းများတွင် ယခုဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်များတင်ဆောင်သော ဝမ်းပုံကျင်းသင်္ဘောများအတွက် အလုပ်အကိုင်များစွာကို ဖန်တီးပေးနိုင်ခဲ့သည်ဟုလည်း လွိုဒ်လစ်စ်က ဖေါ်ပြခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: S&P Global, Lloyd List: Maritime Intelligence, BBC Business, ABARES Australia, World Top Exports
Image: GettyImages/stockphoto