0

သြစတေးလျ စားသောက်ကုန်တင်ပို့သူများကို အစိုးရကူညီမည်

Share

သြစတေးလျအစိုးရသည် ၎င်းတို့နိုင်ငံတွင်းရှိ ပြည်ပတင်ပို့စားသောက်ကုန်လုပ်ငန်းများကိုလုပ်ကိုင်သည့် လယ်သမားများနှင့် ငါးလုပ်ငန်းလုပ်ကိုင်သူများအား ဒေါ်လာ သန်း ၂၄၀ ခန့် အကူအညီပေးသွားမည်ဟု သိရသည်။

ထိုအစီအစဉ်ကို နိုင်ငံတကာကုန်စည်ပို့ဆောင်ရေးလုပ်ငန်းအထောက်အပံ့ (International Freight Assistance Mechanism – IFAM) ဟု ခေါ်ဆိုပြီး ယခုနှစ်ကုန်ထိ ဆက်လက်တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်သလို အဓိက နိုင်ငံခြားဈေးကွက်များသို့ ထုတ်ကုန် ၃ ဘီလျံဖိုးထိ တင်ပို့နိုင်ရန် လုပ်ဆောင်သွားမည်ဟု ကတိပြုထားသည်။

ပုံမှန်အားဖြင့် သြစတေးလျမှ နိုင်ငံခြားသို့ တင်ပို့ရန်ကုန်စည်များသည် လေယာဉ်များ၏ ကုန်စည်သိုလှောင်ခန်းတွင်သာ တင်လေ့ရှိသော်လည်း ကိုဗစ်-၁၉ ကြောင့် ပြည်ပထွက်ခွါ ခရီးစဉ်အများစုကို ဖျက်သိမ်းထားပြီးဖြစ်သည်။

ယခု IFAM အစီအစဉ်ကို ပထမဆုံးကြေငြာခဲ့သည့် မတ်လတွင် ဒေါ်လာ ၁ ဘီလျံတန်ဖိုးရှိ ကုန်စည်ပမာ တန်ချိန် ၃၆၀၀၀ အားခရီးစဉ် ၁၈၀၀ ခန့် ပျံသန်းတင်ပို့ရန်ကိစ္စကို ကူညီခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။

အဆိုပါအစီအစဉ်ဖြင့်ပင် ပင်လယ်စာထွက်ကုန် ဒေါ်လာ သန်း ၅၀၀ ဖိုးအထက်ကို တင်ပို့ခဲ့ပြီးဖြစ်သည်ဟု သိရသည်။

ကုန်သွယ်ရေးဝန်ကြီး Simon Birmingham က ယခုထောက်ပံ့ငွေကို လေကြောင်းလမ်းကို အားထားနေရသည့် ၎င်းတို့၏ ပြည်ပတင်ပို့ကုန်လုပ်ငန်းလုပ်ကိုင်သူများအား ဆက်လက်ကူညီပေးသွားဦးမည်ဖြစ်ပြီး ထိုသို့ကူညီခြင်းကြောင့် အလုပ်အကိုင်များ ထောင်နှင့်ချီဆုံးရှုံးမှုကိုလည်း ကာကွယ်ပြီးသားဖြစ်ကြောင်းကို ပြောဆိုခဲ့သည်။

အနောက်သြစတေးလျ ကုန်စည်သယ်ယူပို့ဆောင်ရေးကောင်စီမှ Matthew Bronickis ကမူ ယခုအထောက်အပံ့ရရှိရန်မှာ ကုန်စည် ၅ တန်နှင့် အထက်တင်ပို့သူများသာ ရရှိနိုင်မည်ဖြစ်ရာ အသေးစားကုန်တင်ပို့လုပ်ငန်းငယ်များကိုလုပ်ဆောင်နေသူများအတွက် အကူအညီမရနိုင်ဟု ပြောကြားခဲ့သည်။

သူက ‘အကြီးစားတင်ပို့ကုန် လုပ်ငန်းရှင်တွေအတွက်တော့ လွယ်ကူနေတယ်။ ဘာလို့လဲဆိုတော့ သူတို့က ပမာဏများများ လုပ်ကြတာဆိုတော့။ သူတို့က ကုန်တွေအတွက် လေယာဉ်တောင် ငှားပို့နိုင်တာ’ ဟု ပြောကြားခဲ့သည်။

IFAM အစီအစဉ်တွင် ကမ္ဘာ့နေရာ ၅၀ သို့ ကုန်စည်များ တင်ပို့နိုင်မည်ဖြစ်ပြီး ၎င်းတို့ထဲတွင် စင်ကာပူ၊ တရုတ်၊ ကူဝိတ်နှင့် အာရပ်စော်ဘွားပြည်ထောင်စုတို့လည်း ပါဝင်သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: ABC Australia, Department Of Home Affairs – Australia
Image: World Link

 

%d bloggers like this: