0

Coronavirus ဇာစ်မြစ်နှင့် တရုတ်၏ တားမြစ်ပိတ်ပင်မှု။

Share

ကိုရိုနာဗိုင်းရပ်စ် စတင်ပေါ်ပေါက်လာခြင်းအပေါ် လေ့လာရေးသားထားသည့် သုတေသန စာတမ်းများအား တရုတ်က တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများနှင့် ပိတ်ပင်မှုများ ပြုလုပ်နေကြောင်း ဗဟိုအစိုးရ၏ ညွှန်ကြားမှုနှင့် တရုတ် တက္ကသိုလ်ကျောင်း ၂ ကျောင်းမှ စာတမ်းများအပေါ် ထားရှိထားသည့် စည်းမျဉ်းစည်းကမ်းအသစ် ကြေငြာချက်များအရ သိရှိရသည်။

ဖူဒန်မှ School of Information Science and Technology မှကြေငြာချက်အား ယခု link တွင်ဖတ်ရှုနိုင်သည်။

စည်းကမ်းချက်အသစ်တွင် Covid-19 နှင့် ပတ်သက်သမျှ စာတမ်းအားလုံးအား မထုတ်ဝေမီ တင်းကြပ်သော စိစစ်မှုများ ပိုမိုလုပ်ဆောင်မည်ဖြစ်သည်။ ဗိုင်းရပ်စ်၏ မူလဇာစ်မြစ်အား လေ့လာသော စာတမ်းများကိုလည်း တင်းကြပ်သော စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး ဗဟိုအစိုးရမှ ခွင့်ပြုချက်ရမှသာ ထုတ်ဝေခွင့်ရရှိမည် ဖြစ်သည်။

သိပ္ပံနှင့်နည်းပညာ ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားချက်အရ ဗိုင်းရပ်စ်ဇာတ်မြစ်အကြောင်း စုံစမ်းထောက်လှမ်းသည့် သုတေသနစာတမ်းများအားလုံး တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်းခံရမည်ဟု ထုတ်ပြန်ထားသည်။

ထိုစာတမ်းများသည် တက္ကသိုလ် ပညာရေးကော်မတီမှစတင်၍ တင်းကြပ်သော စစ်ဆေးမှု အဆင့်များစွာဖြတ်သန်းရမည်ဖြစ်ပြီး သိပ္ပံနှင့်နည်းပညာ ပညာရေးဝန်ကြီးဌာနသို့ပေးပို့ခံရမည်ဖြစ်ကာ နောက်ဆုံးတွင် ပြည်နယ်ကောင်စီမှ စိစစ်မှုများပြုလုပ်မည်ဖြစ်သည်။ ထိုအဆင့်များဖြတ်သန်းပြီးမှသာ ဂျာနယ်ထုတ်ဝေသူများထံ တင်သွင်းသည့်အဆင့်ကိုရောက်မည်ဖြစ်သည်။ ယင်းညွှန်ကြားချက်များသည် မေလ ၂၅ ရက်နေ့တွင် ပြည်နယ်ကောင်စီမှ ပြလုပ်သည့် အစည်းအဝေးမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ဆေးမှုတင်းကြပ်လိုက်ခြင်းသည် ၂၀၁၉ ဒီဇင်ဘာတွင် ဝူဟန်မြို့မှ စတင်ခဲ့သည့် ဗိုင်းရပ်စ်ရောဂါကြောင့် လူပေါင်း ၁.၇ မီလျံကူးစက်၍ လူပေါင်း တသိန်းကျော် သေဆုံးခဲ့စေသော Covid-19 ဗိုင်းရပ်စ် စတင်ပျံပွားမှုနှင့် ဗိုင်းရပ်စ်၏ မူလအရင်းအမြစ်နှင့် ပတ်သက်သည့် ဇာတ်လမ်းများကို တရုတ်အစိုးရမှ ထိန်းချုပ်ရန် နောက်ဆုံးကြိုးပမ်းမှုဖြစ်သည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် နံမည်ကြီး နိုင်ငံတကာ ဆေးပညာဂျာနယ်တွင် တရုတ်သုတေသီများမှ လေ့လာထားသော Covid-19 လေ့လာသည့်စာတမ်းရှည်အား ထုတ်ဝေခဲ့သည်။ ယင်းစာတမ်းတွင် ဗိုင်းရပ်စ်လူအချင်းချင်းကူးစက်မှုသည် အစောဆုံး မည်သည့်အချိန်တွင် ဖြစ်ပေါ်ခဲ့သနည်း စသည့်မေးခွန်းများပေါ်ပေါက်လာခဲ့ပြီး တရုတ် social media များပေါ်တွင် အငြင်းပွားချက်များ ပြင်းထန်လာခဲ့သည်။

အမည်မဖော်လိုသူ တရုတ်သုတေသန ပညာရှင်များက တင်းကြပ်သော စစ်ဆေးမှုနှင့်တားမြစ်ချက်များသည် အရေးကြီးသော သိပ္ပံပညာဆိုင်ရာ သုတေသနစာတမ်းများအပေါ် ထိခိုက်မှုများရှိလာမည်ကို စိုးရိမ်မှုများရှိကြောင်းဆိုသည်။

“ ဒါဟာဗိုင်းရပ်စ်ဇာတ်လမ်းတွေကို ထိန်းချုပ်ဖို့ တရုတ်ဗဟိုအစိုးရရဲ့ကြိုးကိုင်မှုဖြစ်ပြီး ဒီရောဂါဆိုးကြီးဟာ တရုတ်ကစတာ မဟုတ်ဘူးလို့ထင်အောင် ပြည်ဖုံးကားချလုပ်နေတယ်လို့ကျွန်တော်ထင်တယ်။ ပြီးတော့ ဗိုင်းရပ်စ်ရဲ့ဇာစ်မြစ်ကို ရှာဖွေထောက်လှမ်းနေတဲ့ ကျွန်တော့ရဲ့ စာတမ်းကိုလဲ သူတို့သည်းခံမယ်မထင်ဘူး” ဟု ၎င်းသုသေသန ပညာရှင်ကဆိုသည်။

ဗိုင်းရပ်စ်ဇာစ်မြစ်သည် တရုတ်တွင် နိုင်ငံရေးအရ အထိမခံသည့် ခေါင်းစဉ်တခုဖြစ်လာခဲ့သည်ဟု ဝါရှင်တန်အခြေစိုက် နိုင်ငံတကာကျန်းမာရေးဆိုင်ရာ အဖွဲ့ဝင်တဦးဖြစ်သည့် Yanshong Huang ကဆိုသည်။

တားမြစ်ပိတ်ပင်ချက်တွေအောက်မှာ တရားဝင်ဇာတ်ကြောင်းတွေနဲ့ ဆန့်ကျင်နေတဲ့ ကိုရိုးနားဗိုင်းရပ်စ် သုတေသနစာတမ်းတွေဟာ ဘေဂျင်းကနေ ထိန်းချုပ်ထားတာဖြစ်နိုင်တယ်ဟု အမည်မဖော်လိုသူ တရုတ်သုတေသီတဦးက ဆိုသည်။

“ အရေးအကြီးဆုံးကတော့ မည်သည့် တရုတ်ဂျာနယ် (သို့) စာတမ်းမဆို တရုတ်အစိုးရက အကြိမ်ကြိမ် စစ်ဆေးစိစစ်ခံရတယ်ဆိုတာ နိုင်ငံတကာ သိပ္ပံဆိုင်ရာ ကွန်မြူနတီက နားလည်ထားဖို့လိုအပ်တယ်။ ပြီးတော့ လွတ်လပ်စွာ ကနဦးရေးသားထားတဲ့ သိပ္ပံ စာတမ်းတွေနဲ့နောက်ဆုံး ထုတ်ဝေလိုက်တဲ့စာတမ်းတွေကြားမှာ အဆင့်တွေအများကြီးရှိတယ်ဆိုတာ သဘောပေါက်ဖို့အရေးကြီးတယ်”လို့ ၎င်းသုတေသီက ဆိုသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: CNN’s Steven Jiang and Alexandra Lin contributed reporting.

%d bloggers like this: