ကျွန်တော်တို့ဟာ မိုနိုပိုလီဆိုတဲ့ စကားလုံးကို အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ မိုနိုပိုလီကတော့ လုပ်ငန်းကြီးတစ်ခုတည်းက အလုံးစုံ ချုပ်ကိုင်စိုးမိုးနေတဲ့ စီးပွားရေး ဈေးကွက်ဖြစ်စဉ်ဖြစ်ပါတယ်။ ဒါဆိုရင် အိုလီဂို ပိုလီကရော ဘာများပါလိမ့်။ Oligopoly အကြောင်း ကြည့်ကြည့်ရအောင်။
အိုလီဂိုပိုလီဆိုတာကတော့ စီးပွားရေးနယ်ပယ်တစ်ခုမှာ လုပ်ငန်း တစ်စုက ကြီးစိုးနေတာကိုပြောတာပါ။ လုပ်ငန်းနယ်ပယ်တစ်ခုမှာ ကုမ္ပဏီတွေ အများကြီး ရှိပါလိမ့်မယ်။ ဒါပေမယ့် ထုတ်ကုန်အများစုကိုတော့ ကုမ္ပဏီ အရေအတွက်နည်းနည်းလေးက အားလုံးထုတ်လုပ်နေတာကို ပြောတာပါ။ သူက မိုနိုပိုလီလို လုပ်ငန်းတစ်ခုတည်းက လက်ဝါးကြီးအုပ်တာမျိုးလို မဟုတ်ပေမယ့် လုပ်ငန်းအနည်းငယ်က ဈေးကွက်ကြီး တစ်ခုလုံးကို ကြီးစိုးနေတာပါ။
ဥပမာလေးကြည့်ပြီး ပိုမိုလွယ်လွယ်ကူကူ သိနိုင်ပါတယ်။ ဆိုကြပါစို့ အမေရိကန် ပြည်ထောင်စုမှာ ဘီယာအရက်ချက်စက်ရုံ ၁၆၀ ခန့်ရှိပြီး တစ်နိုင်ငံလုံးအတွက် ယမကာဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနေကြတယ်။ လုပ်ငန်းပေါင်း ၁၆၀ လောက်ရှိပေမယ့် အကြီးဆုံးလုပ်ငန်းကတော့ ၄ ခုပဲရှိပါတယ်။ အဲ့ဒီ့အကြီးဆုံးလုပ်ငန်း ၄ ခုက ထုတ်လုပ်တဲ့ ဘီယာ၊ အရက်ပမာဏဟာ ထုတ်ကုန်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်ရှိနေပါတယ်။ အဲ့ဒီ့တော့ တစ်နိုင်ငံလုံးမှာရှိတဲ့ စက်ရုံ ၁၆၀ က ဘီယာဘူးပေါင်း သိန်း ၁၀၀ ဘူး ထုတ်တယ်ဆိုပါစို့။ ဘီယာဘူးပေါင်း သိန်း ၉၀ လောက်က အကြီးဆုံး စက်ရုံပိုင်ရှင် လုပ်ငန်း ၄ ခုက ထုတ်လုပ်နိုင်နေတဲ့ သဘောပါ။
အခုဆိုရင် အိုလီဂိုပိုလီဆိုတာ လုပ်ငန်း အနည်းငယ် စုပေါင်းပြီးဈေးကွက်ကို ချယ်လှယ်ကြီးစိုးနေတာကို ပြောတာမှန်း နားလည်ပြီ ထင်ပါတယ်။
ကမ္ဘာကြီးမှာ ဘီယာချက်လုပ်ငန်းလို နယ်ပယ်တွေမှာ အိုလီဂိုပိုလီတွေ ဖြစ်နေလေ့ ရှိတတ်ကြပြီး အေးခဲ ပင်လယ်စာ၊ အေးခဲ ငါး ထုတ်လုပ်ရေးလုပ်ငန်းတွေမှာတော့ မိုနိုပိုလီဖြစ်စဉ်တွေကို တွေ့ရလေ့ရှိပါတယ်။
အခြား လုပ်ငန်းကြီးတွေလည်း အိုလီဂိုပိုလီဖြစ်စဉ်တွေရှိပါတယ်။ အဲ့ဒါတွေကတော့ စက်သုံးဆီ၊ ရေနံထုတ်လုပ်ရေးကုမ္ပဏီကြီးတွေပါ။ သူတို့အားလုံး ထုတ်လုပ်နေတာတွေက တူညီတဲ့ ထုတ်ကုန်တွေပဲ ဖြစ်လေ့ရှိပါတယ်။ သန့်စင်ထားတဲ့ လောင်စာဆီ အမျိုးမျိုး၊ ရေနံ ဒါတွေပါပဲ။ ထုတ်ကုန်တွေတူပေမယ့် များပြားလှတဲ့ မတူညီတဲ့ နာမည်တွေနဲ့ ရပ်တည်နေတဲ့ ရေနံထုတ်လုပ်ရေး လုပ်ငန်း အများအပြားကို တွေ့မြင်ရမှာဖြစ်ပါတယ်။
အိုလီဂိုပိုလီတွေ ကြီးစိုးတဲ့ စီးပွားရေး နယ်ပယ်တွေမှာ လုပ်ငန်းသစ်တစ်ခုအနေနဲ့ ဝင်ရောက်ရာမှာ သိသာတဲ့ အတားအဆီးတွေရှိနေလေ့ရှိပါတယ်။ အမြောက်အများ ထုတ်လုပ်နိုင်မှု၊ ဈေးကွက် အမှတ်တံဆိပ် ပေါက်မြောက်အောင်လုပ်နိုင်မှု၊ ဈေးကွက်ဖေါ်ဖို့ ဘတ်ဂျက် စတာတွေမှာ အားနည်းနေရင် အလွန်ခက်ခဲတဲ့ ယှဉ်ပြိုင်မှုကို ခံစားရမှာပါ။ (ယှဉ်ပြိုင်ဖို့၊ ဝင်ရောက်ဖို့ လွယ်ကူတဲ့ အိုလီဂိုပိုလီကြီးစိုးတဲ့ လုပ်ငန်းနယ်ပယ်အချို့တော့လည်း ရှိပါတယ်တဲ့။ ဒါကိုတော့ ဒီမှာ မဖေါ်ပြတော့ပါဘူး။ Website မှာဖြစ်ဖြစ်၊ Facebook Page မှာ ဖြစ်ဖြစ် ကွန့်မန့် Comment မှာ လာရေးပြီး အခြားသူတွေကို မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။)
စီးပွားရေးနဲ့ပက်သက်တဲ့ အချက်အလက်တွေပိုမိုသိနိုင်ဖို့ Like & Share လုပ်ပေးနိုင်ပါတယ်ခင်ဗျ။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Economics, pexels