ကျွန်တော်တို့တွေဟာ နိုင်ငံရဲ့ စုစုပေါင်း ကုန်ထုတ်စွမ်းအားပြ ငွေကြေးတန်ဖိုး အညွှန်းကိန်း GDP (Gross Domestic Product) ကို သိပြီးဖြစ်ကြပါလိမ့်မယ်။ ဒါဆိုရင် Green GDP ဆိုတာက ဘာပါလဲ။
Green GDP ဆိုတာဟာလည်း GDP တိုင်းတာချက် တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Green GDP မှာတော့ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေကြောင့် နိုင်ငံရဲ့ လူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်အတွင်း ပျက်စီးဆုံးရှုံးသွားရတဲ့ ပမာဏကို ထည့်သွင်းတွက်ချက်ထားတာဖြစ်ပါတယ်။ နိုင်ငံရဲ့ ကုန်ထုတ်စွမ်းအားတွေမှာ ထုတ်လုပ်သည့်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ အကုန်ပါဝင်ပါတယ်။ Green GDP ကို လိုချင်တဲ့ အခါမှာ မူလ ပုံမှန်ရရှိထားသော GDP ထဲကနေ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတန်ဖိုးကို နှုတ်ယူရပါတယ်။ ပုံသေနည်းက ဒီလိုဖြစ်လာပါတယ်။
Green GDP = GDP – Environmental Costs of Production
အဲ့ဒီတော့ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုမှာ ဘာတွေပါဝင်သလဲကြည့်ရအောင်။ လေထု၊ ရေထုညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးလုပ်ငန်းများ၏ ထပ်တိုးကုန်ကျစရိတ် စတာတွေက ပတ်ဝန်းကျင်ထိခိုက်မှု စရိတ်တွေ ဖြစ်လာပါတယ်။ ဥပမာ – နိုင်ငံက GDP အားဖြင့် ဒေါ်လာ ၇၀ ဘီလျံကနေ ဒေါ်လာ ၈၀ ဘီလျံထိ တိုးလာတယ်ဆိုပါစို့။ အဲ့ဒီ့ တိုးတက်လာတဲ့နှစ်မှာ အစိုးရဆေးရုံဆေးခန်းတွေမှာ ပိုသုံးလိုက်ရတဲ့ ကျန်းမာရေးစရိတ်တွေ၊ နိုင်ငံသားစုစုပေါင်း နာမကျန်းဖြစ်မှု စရိတ်တွေ က ၃ ဘီလျံ ခန့်ရှိတယ်ဆိုပါစို့။ ဒါဆိုရင် Green GDP က ၇၇ ဘီလျံသာ ရှိမှာဖြစ်တာကို တွေ့ရပါမယ်။
နောက်ထပ်ဥပမာလေးတွေ ကြည့်ရအောင်။ အမေရိကန် ပြည်ထောင်စုမှာ အမှိုက်တွေစွန့်ပစ်လာရတာ ပိုမိုများပြားလာတာ၊ စရိတ်တွေပိုမိုတက်လာတာ၊ BP လို ရေနံကုမ္ပဏီကြီးတွေက ပင်လယ်ထဲမှာ သင်္ဘော မှောက်လို့ ရေနံတွေဖိတ်စင်တာ၊ ပင်လယ်ရေညစ်ညမ်းမှုကို ပြန်လည်ကောင်းမွန်အောင်လုပ်ရတာ၊ သန့်စင်ရေး စရိတ်တွေ ပိုသုံးလိုက်ရတာ စတာတွေဟာ ပတ်ဝန်းကျင်ထိခိုက်မှုတွေအတွက် ပေးဆပ်လိုက်ရတဲ့ ငွေတန်ဖိုး၊ ပုံမှန် GDP ထဲကနေ နှုတ်ရမယ့် Environmental Costs တွေဖြစ်ကြပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၀၄ ခုနှစ်ကစပြီး Green GDP ဆိုင်ရာတွေကို ထည့်သွင်းတွက်ချက်ပါမယ်လို့ ကတိပြုပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတောင် စရိတ်အချက်အလက်တွေ စုဆောင်းရတာ မလွယ်ကူဘဲ၊ အနည်းငယ်ကြန့်ကြာရလေ့ရှိပါတယ်။ ပထမဆုံးအကြိမ်အဖြစ် တရုတ်နိုင်ငံက ၂၀၀၄ ခုနှစ် Green GDP ကို ၂၀၀၆ ခုနှစ်မှာ ထုတ်ပြန်နိုင်ခဲ့ပါတယ်။
ဒီလုပ်ငန်းဆိုင်ရာ စာရင်းတွေကိုတော့ Green Accounting Experiment လိုခေါ်ဝေါ်ထည့်သွင်းတွက်ချက်ကြပါတယ်။
2010 မှာ အိန္ဒိယ နိုင်ငံရေးသမားတွေကလည်း ကြိုးစားခဲ့ပြီး ပထမဆုံး Green GDP ကို ၂၀၁၅ မှာ ထုတ်ပြန်နိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ သင်နှင့်သင့်သူငယ်ချင်းများ၏ စီးပွားရေး၊ ဘောဂဗေဒဆိုင်ရာအချက်အလက်များတိုးပွားသိစေဖို့ Like & Share (Website, Facebook Page) လုပ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။
Orio Economics