အမေရိကန် ရေနံစိမ်းဈေးဟာ ဧပြီလ ၂၀ ရက်နေ့ တနင်္လာနေ့မှာ (ယမန်နေ့) သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ဈေးကွက်ပေါက်ဈေး အနှုတ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ လ လုံးလုံး OPEC အပါအဝင် အမေရိကန်၊ ရုရှ တို့ဟာ ရေနံတွေ လျှော့ထုတ်ကြဖို့ သဘောတူညီချက်ရရေး လုံးပန်းနေခဲ့ကြပြီး အခုတော့ ရေနံ တစ်စည်ကို အမေရိကန် ဒေါ်လာ (အနှုတ်) -37.63 USD အထိ ဖြစ်သွားခဲ့ပါပြီ။
ဒါဟာ အမေရိကန် ရေနံ စံသတ်မှတ်ချက် The West Texas Intermediate Crude Oil Price ပေါက်ဈေးဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အဆိုးရွားဆုံး ထိခိုက်မှုတွေထဲက တစ်ခု အဖြစ်မှတ်တမ်းဝင်သွားပါပြီ။
ရေနံဈေးတွေ အနှုတ်ပြတယ်ဆိုတာကတော့ ရေနံကုန်သွယ်ဘက် နိုင်ငံတွေ၊ အဖွဲ့အစည်းတွေကြားမှာ ထုတ်လုပ်ရောင်းချသူက ဝယ်သူကို ပိုက်ဆံပြန်ပေးရမယ့် အဓိပ္ပါယ်ဖြစ်နေပါတယ်။ ရေနံရောင်းချတဲ့ စာချုပ်တွေကို လ၊ နှစ် စသည်ဖြင့် ကြိုတင်ချုပ်ဆိုကြပါတယ်။ ပေးချေရမယ့် ငွေကြေးကို ထုတ်လုပ်ရောင်းချတဲ့ အဖွဲ့က ရေနံတွေ ပေးပို့ပြီးချိန်ကျမှ ငွေချေရတာပါ။
လာမယ့် မေလ အတွက် စာချုပ်တွေကို ဧပြီလ ၂၁ ရက် ၂၀၂၀ (အင်္ဂါနေ့) မှာ ချုပ်ဆိုကြမှာဖြစ်ပါတယ်။ အခုတော့ ၁၈၆၁ ခု နှစ်ကနေစတင်မှတ်တမ်းတင်လာတဲ့ ဒီဈေးတွေဟာ အနိမ့်ဆုံးအမှတ်ကို ရောက်ရှိခဲ့ပါပြီ။
ဒီလို ပေါက်ဈေးဖြစ်စဉ်ကို Contango လို့ ခေါ်ကြပါတယ်။ ကိုရိုနာကူးစက်မှုတွေကြောင့် စက်ရုံ၊ အလုပ်ရုံတွေပိတ်၊ ဘတ်စ်ကား၊ မော်တော်ကားတွေ ခရီးသွားလာမှုရပ်ဆိုင်းကြတဲ့ အခါ နေ့စဉ်ပမာဏ စည်ပေါင်း သန်းချီထုတ်နေတဲ့ ရေနံတွေအတွက် သိုလှောင်စရာ နေရာမရှိတော့ပါဘူး။
ပြီးခဲ့တဲ့ အပတ်က အမေရိကန်ပြည်ထောင်စုမှာ ရေနံစည်တွေ ၁၉.၂ သန်း သိုလှောင်စရာနေရာမရှိအောင် ပုံခံနေခဲ့ပြီး ဥက္ကလာဟိုးမားပြည်နယ်မှာ ရှိတဲ့ ရေနံစည် ၂၁ သန်းစာ သိုလှောင်စရာနေရာကလည်း မေလထဲမှာ ဝင်လာမယ့် ရေနံစည်တွေအတွက် နေရာဖြစ်ပါတယ်။
ရေနံဈေးကွက် သုံးသပ်ရေး သမားတစ်ယောက်ဖြစ်တဲ့ လူဝီ ဒစ်ခ်စင်က ဒီလို မေလစာချုပ်တွေအတွက် အနှုတ်ပြခဲ့တဲ့ ရေနံကိစ္စတွေရဲ့ ဆိုးကျိုးတွေကို ကြီးတဲ့ အမှုငယ်အောင် လုပ်နေတာမျိုးတွေက ရေနံထုတ်လုပ်ရေးသမားတွေကို အလုပ်ရုံတွေ၊ ကုမ္ပဏီတွေ ပိတ်ပြစ်ပြီး ဒေဝါလီခံစေဖို့ လုပ်နေတာမျိုးဖြစ်နေကြောင်း ပြောပါတယ်။
ဒီလို ရေနံဈေး အနှုတ်ပြခဲ့တဲ့ နောက်ထပ် အကြောင်းရင်းလည်း ရှိပါသေးတယ်။ သမ္မတ ဒေါ်နယ်ထရမ့် နဲ့ အိုပက် ရေနံထုတ်လုပ်ရေးနိုင်ငံအဖွဲ့ OPEC ၊ ရုရှားတို့ ညှိနှိုင်းနေကြတဲ့ တစ်ရက်ကို ရေနံစည်ပေါင်း ၁၀ သန်းလောက် လျှော့ထုတ်မယ်ဆိုတဲ့ သဘောတူညီချက်ဟာ အချိန်အများကြီး နောက်ကျခဲ့ပါတယ်။ အဲ့ဒီ့သဘောတူညီမှုကလည်း မေလအထိကို သက်ရောက်ဦးမှာ မဟုတ်ပါဘူး။
ပကတိမြေပြင်ပေါ်မှာ ထားစရာမရှိတော့တဲ့ ရေနံစည်တွေကြောင့် ဈေးကွက်တခုလုံး တဖြည်းဖြည်းဆိုးရွာလာခဲ့ပြီး ချမ်းသာတဲ့ G-20 အဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန် နဲ့ ကနေဒါတို့ဟာ တစ်ရက်ကို ရေနံစည် ၃.၅ သန်းလျှော့ထုတ်ဖို့ထိ ဖြစ်လာခဲ့ပါတယ်။ ရေနံစွမ်းအင်နဲ့ သဘာဝ ရာသီဥတု ပြောင်းလဲရေး စီမံကိန်း ဥက္ကဌဖြစ်တဲ့ အေမီ မိုင်ယာ Amy Myers Jaffe က ရေနံကမ္ဘာမှာ အချိန်ကိုက်လုပ်ဆောင်ခြင်းက အသက်ဖြစ်နေကြောင်း ပြောပါတယ်။
ပိုဆိုးတာက ခုလို အိုပက်နိုင်ငံတွေနဲ့ သဘောတူညီချက်မတိုင်ခင် အရင်လတွေတုန်းက စာချုပ်ချုပ်ထားတဲ့ ရေနံစည်တွေဟာ သင်္ဘောပေါ်ရောက်ပြီး အမေရိကန်ပြည်ထောင်စုဆီ အရောက်လာပို့ဖို့ ပင်လယ်ပြင်ပေါ် ရောက်နေပါပြီ။
အေမီမိုင်ယာက သူမအနေဲ့ ဆော်ဒီအာရေးဗီးယားက အခြား ဝယ်လက်တွေလိုက်ရှာတာကို မြင်တွေ့နေလိုကြောင်း၊ အခြားကမ္ဘာတစ်ဖက်ခြမ်းက စီးပွားရေး နာလန်ထူဖို့ ရုန်းကန်နေရတဲ့ အခြေအနေတူ အာရှ က လူတွေ ရေနံဝယ်ပြီး ဒီရေနံစည်တွေ အမေရိကကို ဖြည်းဖြည်းချင်းရောက်ဖို့သာ မျှော်လင့်နေကြောင်းပြောပါတယ်။
ဥက္ကလာဟိုးမားက Cushing နေရာဟာ ရေနံစည်ပေါင်း သန်း ၈၀ သိုလှောင်နိုင်ပါတယ်။ ခုတော့ ရေနံစည် ၂၁ သန်း စာပဲ နေရာလွတ်ရှိတော့တာပါ။
Exxon Mobil နဲ့ Chevron လို ကုမ္ပဏီကြီးတွေသာ စက်ပစ္စည်းအပြည့်အစုံ၊ သန့်စင်ရေး စက်ရုံတွေနဲ့ သိုလှောင်ရေး နေရာတွေ ပြည့်ပြည့်စုံစုံရှိကြတာပါ။ အခြား ထုတ်လုပ်ရေး ကုမ္ပဏီအသေးလေးတွေက ရေနံပိုက်လိုင်းကုမ္ပဏီတွေပေါ်သာ မှီခိုနေရပြီး သူတို့အတွက်လည်း Cushing, Okkalahoma ဟာ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပါတယ်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ နိုင်ငံတကာစီးပွားရေး အချက်အလက်များ အများသိနိုင်ရန် Like & Share လုပ်ပေးခြင်းဖြင့် ကူညီပါရန် မေတ္တာရပ်ခံပါသည်။
Orio Economics
source: The New York Times, QZ, Washington Examiner, Business Insider, Yahoo