ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး ၂ နိုင်ငံအကြား တင်းမာမှုများမြင့်တက်နေသော်လည်း ပြီးခဲ့သည့် ၂၀၂၂ အတွင်း ၂ ဖက် ကုန်သွယ်မှုမှာ စံချိန်တင်မြင့်တက်ခဲ့သည်။
အမေရိကန်အစိုးရ – US Bureau of Economic Analysis ၏ အင်္ဂါနေ့ တရားဝင်ထုတ်ပြန်ချက်များအရ ၂ နိုင်ငံအကြား ပို့ကုန်၊ သွင်းကုန်စုစုပေါင်းတန်ဖိုးမှာ ဒေါ်လာ ၆၉၀.၆ ဘီလျံ အထိရှိခဲ့သည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်ပြည်မှ ကုန်စည် ဒေါ်လာ ၅၃၆.၈ ဘီလျံ ဖိုး တင်သွင်းခဲ့ပြီး တရုတ်သို့ ပို့ကုန် ဒေါ်လာ ၁၅၃.၈ ဘီလျံ တင်ပို့နိုင်ခဲ့သည်။
ဝါရှင်တန်အခြေစိုက်အစိုးရအနေဖြင့် ကုန်စည်စီးဆင်းရာနှင့် ရရှိမှုလမ်းကြောင်းတွင် တရုတ်အပေါ်မှီခိုနေမှုကို လျှော့ချရန်ဆောင်ရွက်နေသော်လည်း ကုမ္ပဏီအများစုက ၎င်းတို့ဖေါက်သည်နှင့် ဝယ်လက်များထံ လိုအပ်သော ထုတ်ကုန်များ အချိန်မီရောက်ရှိရေးကို ပိုမိုဂရုစိုက်ခဲ့ကြသောကြောင့် တရုတ်နိုင်ငံနှင့် ဆက်နွယ်နေသည့် Supply Chains လမ်းကြောင်းမှာ တည်မြဲနေဆဲဖြစ်သည်ဟု စီးပွားရေးဆိုင်ရာအကြံပေးဌာနမှ နစ်ခ် မာရို (Nick Marro) က စီအန်အန်သို့ပြောကြားခဲ့သည်။
တဖက်တွင်မူ ကပ်ဘေးစည်းမျဉ်းတင်းကြပ်မှုများကြောင့် စီးပွားရေးနှေးကွေးနေသည့် ဘေဂျင်းအစိုးရသည် အနောက်နိုင်ငံအစိုးရများနှင့် သံတမန်ရေးအဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေသလို Zero Covid Strategy ကိုလည်း လက်ရှိတွင် စွန့်လွှတ်လိုက်သည်ဟုဆိုသည်။
၎င်းတို့ ၂ နိုင်ငံအကြား မကြာသေးမီရက်ပိုင်းအတွင်း အမေရိကန်ပြည်ထောင်စုအပေါ် လွှင့်တင်ထားသော တရုတ်မိုးပျံပူဖေါင်းအား ပစ်ချမှုနှင့်ပတ်သက်၍ အငြင်းပွားဖွယ်ရာများ ဖြစ်ပေါ်ခဲ့သေးသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC17 News, BEA GOV US, Politico, BBC Business
Image: BM GE