စစ်ပွဲကြောင့် ယူကရိန်းတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၄.၈ သန်းအထိရှိလာ

ဖေဖေါ်ဝါရီနှောင်းပိုင်းကာလ ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းတွင် လုပ်ငန်းများပိတ်သိမ်းရခြင်း၊ တင်ပို့ကုန်ကဏ္ဍ ရှေ့မတိုးနိုင်ဖြစ်ခြင်းနှင့် လူပေါင်းသန်းချီ ထွက်ပြေးနေရခြင်းများက အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၄.၈ သန်းကျော်ဖြစ်လာစေသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း – ILO က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆုံးရှုံးသွားသည် အလုပ်အကိုင်ပမာဏသည် ယူကရိန်းရှိ စုစုပေါင်းလုပ်သားအင်အား၏ ၃၀% ခန့်ဖြစ်ပြီး ယခုကဲ့သို့ ဆိုးရွားမှုများဆက်လက်ဖြစ်ပွားနေပါက အလုပ်အကိုင်ဆုံးရှုံးမှု ၇ သန်းအထိ ရောက်ရှိလာနိုင်သည်ဟု ILO ၏ လေ့လာချက်တွင် ဖေါ်ပြထားပြီး ငြိမ်းချမ်းရေး ရရှိခဲ့ပါက အလုပ်အကိုင် ၃.၄ သန်း ခန့် အလျင်အမြန် ပြန်လည်ရရှိလာနိုင်မည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပိုလန်နှင့် ရိုမေးနီးယားတို့သည် စစ်ပြေးဒုက္ခသည်များကို လက်ခံထားကြပြီး ၎င်းတို့ထဲတွင် စစ်မဖြစ်မီက အလုပ်အကိုင်ရရှိနေသူ ၁.၂ သန်းခန့်ပါဝင်သည်။
ဥရောပတွင်ဖြစ်သော စစ်ပွဲသည် ရုရှားတွင် အလုပ်လုပ်၍ ငွေပြန်လွှဲသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုနေရသည့် ဗဟိုအာရှနိုင်ငံများအပေါ်လည်း သက်ရောက်မှုရှိနေသည်။
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားတွင်လည်း စီးပွားရေး ကျဆင်းလာပြီး ရွှေ့ပြောင်းလုပ်သားများ အလုပ်ဆုံးရှုံးကာ မိခင်နိုင်ငံများသို့ ပြန်နေရသည်ဟု လေ့လာချက်က ဆိုသည်။

ရုရှားတွင်လည်း ပြီးခဲ့သည့် ဧပြီလတွင် ကားအသစ်ရောင်းချရမှုမှာ ၇၈.၅% အထိ လျော့ကျသွားခဲ့သည်။
ရုရှားနိုင်ငံသားများအနေဖြင့် ဝင်ငွေရရှိရန် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်ဝယ်ခြင်း၊ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းများကို ပြုလုပ်လာရသည်။
စီးပွားရေးပိတ်ဆို့မှုကို တိုက်ရိုက်ကြုံနေရသော ရုရှားအစိုးရပိုင်လုပ်ငန်းများနှင့် သမ္မတပူတင်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များသည် ၎င်းတို့စစ်ပွဲအပေါ် ကြားနေနေသည့် အိန္ဒိယရှိ လုပ်ငန်းငယ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, Economic Times: India Times, Europe Auto News
Image: REUTERS/Valentyn Ogirenko

Share