0

ပြည်ပပို့ကုန် သုံးလဆက်တိုက် ကျဆင်းခဲ့သည့် ထိုင်းနိုင်ငံ

Share

ထိုင်းနိုင်ငံ၏ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ပြည်ပသို့ တင်ပို့နိုင်ခဲ့သည့် စာရင်းရှင်းတမ်းထွက်လာပြီးနောက် ၂၀၂၁ ခုနှစ် ဒီဇင်ဘာထက် ၁၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ကို တွေ့ရှိရာကာ ပြည်ပပို့ကုန် ကျဆင်းမှု ၃လဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်း စီးပွားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြည်ပပို့ကုန်များမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၁.၇ ဘီလီယံ ရရှိခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၁၄.၆ ရာခိုင်နှုန်းကျဆင်းခဲ့ကာ ပြည်တွင်းသို့ သွင်းကုန်တန်ဖိုးမှာမူ ၂၂.၈ ဘီလီယံခန့် တန်ဖိုးရှိသောကြောင့် ကုန်သွယ်မှုလိုငွေ ၁.၀၃ ဘီလီယံရှိခဲ့ကြောင်း သိရသည်။

အထူးသဖြင့် စိုက်ပျိုးရေးကဏ္ဍထုတ်ကုန်များနှင့် စက်မှုကုန်ကြမ်းသီးနှံများ တင်ပို့မှသည် ၂၀၂၁ ဒီဇင်ဘာနှင့် နှိုင်းယှဉ်ပါက ၁၁.၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ဝင်ငွေအားဖြင့် ၃.၅၉ ဘီလီယံသာ ရှိခဲ့သည်ဟု အချက်အလက်များက ဖော်ပြခဲ့သည်။

တင်ပို့မှု ကျဆင်းခဲ့သော စိုက်ပျိုးရေး ထုတ်ကုန်များတွင် အဓိကအားဖြင့် ဆန်၊ ပီလောပီနံထွက် ပစ္စည်းများ၊ ရာဘာ၊ စည်သွပ်ထားသော (သို့မဟုတ်) ပြုပြင်ထားသော အသင့်စား သစ်သီးများနှင့် သကြားတို့ ပါဝင်ကြောင်း သိရသည်။

သည့်အပြင် စက်မှုကဏ္ဍ ထုတ်ကုန်များလည်း အသီးသီးကျဆင်းနေသည်ကို တွေ့ရပြီး ကားနှင့် ၎င်းတို့၏ ဆက်စပ်ပစ္စည်းများ၊ ရေနံထွက် ပစ္စည်းများ၊ ကွန်ပြူတာနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ရွှေမဟုတ်သော အခြားကျောက်မျက်ရတာနာ ပစ္စည်းများပါ တင်ပို့မှု ကျဆင်းခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ကမ္ဘာနှင့် အဝှမ်း စီးပွားရေး နှောင့်နှေးမှုဖြစ်ပွားခဲ့ပြီး ထိုင်းကုန်စည်တင်ပို့မှုများ၏ အဓိက ဈေးကွက်ဖြစ်သော အမေရိကန်၊ ဥရောပ၊ တရုတ်နှင့် ဂျပန်တို့ရှိ စားသုံးသူများ၏ ဝယ်လိုစွမ်းအား ကျဆင်းသွားခြင်းက ယခုကဲ့သို့ ပို့ကုန် ကျဆင်းမှုကို ဖြစ်စေကြောင်း ပညာရှင်များက သုံးသပ်သည်။

နှစ်ချုပ်အစီအရင်ခံစာအရ ထိုင်းနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပြည်ပသို့ ပို့ကုန် ၅.၅ ရာခိုင်နှုန်း တိုးမြှင့်နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ၂၈၇ ဘီလီယံအထိရှိသော်လည်း သွင်းကုန် ရာခိုင်နှုန်းမှာလည်း တိုးမြင့်ခဲ့ပြီး ပမာဏအားဖြင့် ၃၀၃ ဘီလီယံအထိ ရှိခဲ့သောကြောင့် ကုန်သွယ်မှုလိုငွေ ၁၆.၁ ဘီလီယံ ရှိခဲ့ကြောင်း သိရသည်။

ထိုင်း စီးပွားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်တွင် ပြည်ပသို့ ပို့ကုန် ၄ရာခိုင်နှုန်း တိုးမြှင့်ရန် ရည်မှန်းချက် ချထားသည်ဖြစ်ရာ ၅.၅ ရာခိုင်နှန်ုးအထိ တိုးတက်ခဲ့ခြင်းကြောင့် ရည်မှန်းချက်ထက် ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် အကျိုးတူ ပေါင်းစည်းနိုင်မှု၊ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍတို့ အတူတကွ ကြိုးပမ်းနိုင်ခဲ့မှုများ၏ ရလဒ်ဖြစ်ကြောင်း ထိုင်း စီးပွားရေးဝန်ကြီးဌာန ဝန်ကြီးက မီဒီယာများသို့ ဖြေကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Vietnam Plus

%d bloggers like this: