စီးပွားရေးအဆိုးရွားဆုံးကျဆင်းမှုကြောင့် ဆန္ဒပြပွဲများအကြား သီရိလင်္ကာဝန်ကြီးနှုတ်ထွက်

အစိုးရကိုဆန့်ကျင်သော ဆန္ဒပြပွဲများ ရက်သတ္တပတ်များစွာကြာမြင့်လာပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa ကတနင်္လာနေ့က ရာထူးမှနှုတ်ထွက်သွားခဲ့သည်။ သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံ၏ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေနပ်၊ ဒေါသထွက်နေသည့် ပြည်သူများက မတ်လကတည်းက တခဲနက်ဆန္ဒပြခဲ့ကြကာ ပြည်တွင်းမငြိမ်သက်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

မြို့တော်ကိုလံဘိုတွင် အာဏာရပါတီထောက်ခံသူများနှင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး ညမထွက်ရအမိန့် (curfew) ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်မှုများကြောင့် အနည်းဆုံးလူ ၅ ဦးသေဆုံးစေခဲ့ပြီး လူ ၁၅၀ ကျော်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

အသက် ၇၆ နှစ်အရွယ်ဝါရင့်နိုင်ငံရေးသများကြီး Mahinda Rajapaksa က လက်ရှိအကြပ်အတည်းအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ကြောင်း၊ ကြားဖြတ်စည်းလုံးညီညွတ်သော အစိုးရပေါ်ပေါက်ဖို့ကူညီရန် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း ရေးသားထားသည့် နှုတ်ထွက်စာကို သမ္မတ Gotabaya Rajapaksa ထံပေးပို့ခဲ့သည်။

သီရိလင်္ကာသည် ကပ်ရောဂါကြောင့် ရေနံဈေးအဆမတန်မြင့်တက်ခြင်း၊ အခွန်နှုန်းဖြတ်တောက်ခြင်းတို့ကြောင့် နိုင်ငံခြားအရန်ငွေ ကန်ဒေါ်လာ သန်း ၅၀ သာကျန်ရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Ali Sabry ကပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုအရေးပေါ်အကူအညီပေးရန် အစိုးရအဖွဲ့ကတောင်းဆိုခဲ့သည်။

မကြာသေးမီကလည်း ဟင်းချက်ဓာတ်ငွေ့ပိုက်လိုင်းများ ပြတ်တောက်မှုကြောင့် ပြည်သူများစိတ်ပျက်လက်ပျက်ဖြစ်ကာ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း စွမ်းအင်ကုမ္ပဏီများကလည်း ၎င်းတို့တွင် ဟင်းချက်ရန်အဓိကအသုံးပြုသော ရေနံဓါတ်ငွေ့ရည်နည်းပါးနေပြီဖြစ်ကြောင်း ကြေညာထားသည်။

သီရိလင်္ကာသည် တစ်လလျှင် သဘာဝဓာတ်ငွေ့တန်ချိန် ၄၀,၀၀၀ အနည်းဆုံးလိုအပ်ပြီး လစဉ်တင်သွင်းမှုအတွက် လက်ရှိပေါက်ဈေး ကန်ဒေါ်လာ ၄၀ ကုန်ကျမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒေဝါလီခံထားရတဲ့နိုင်ငံပါ။ ဘဏ်တွေမှာလုံလောက်တဲ့ ဒေါ်လာမရှိဘူး။ ကျွန်တော်တို့မှောင်ခိုဈေးကွက်ထဲကိုလဲမသွားနိုင်ဘူး။ လုပ်ငန်းလည်ပတ်ဖို့ မနည်းရုန်းကန်နေရတယ်” ဟုအကြီးဆုံးဓာတ်ငွေ့လုပ်ငန်းကြီးထဲက တစ်ခုဖြစ်သည့် Laugfs Gas ၏ဥက္ကဌဖြစ်သူ W.H.K Wegapitiya ကပြောကြားခဲ့သည်။

Source: CNN Business, Reuters
Photo: Reuters

 

 

Share