သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်း ၇၀% သို့ ရောက်ရှိ

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သည့် သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်နှင့် စာရင်းအင်းအချက်အလက်ဌာနမှ ထုတ်ပြန်ချက်များအရ သီရိလင်္ကာသည် ဩဂုတ်လအတွင်း ငွေကြေးဖေါင်းပွနှုန်း ၇၀.၂% သို့ ရောက်ရှိခဲ့သည်။
တောင်အာရှနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေရပြီး အရေးကြီးသွင်းကုန်များဖြစ်သော လောင်စာဆီ၊ ဓါတ်မြေဩဇာနှင့် ဆေးဝါးများအတွက် ငွေမချေနိုင်သည်မှာ ကြာမြင့်လာပြီဖြစ်သည်။

ကုန်ဈေးနှုန်းများမြင့်တက်ရာတွင် အစားအသောက်ဈေးနှုန်းများက ယခင်နှစ်ကထက် ၈၄.၆% ဈေးမြင့်လာပြီး အစားအသောက်မဟုတ်သည့် ကုန်များက ၅၇.၁% ဈေးမြင့်တက်လာသည်။
၎င်းတို့ဗဟိုဘဏ်က ငွေကြေးဖေါင်းပွသည့်နှုန်း ၇၀% မှာ အမြင့်ဆုံးအမှတ်ဖြစ်ပြီး ယင်းကပင် တိုင်းပြည်စီးပွားရေး နှေးကွေးနေမှုကို ပြန်လည် ထိန်းညှိသွားမည်ဟု ဆိုသည်။

ဇွန်လ ပါဝင်သည့် ဒုတိယ ၃ လပတ်ထဲတွင် သီရီလင်္ကာစီးပွားရေးမှာ ၈.၄% ကျုံ့သွားခဲ့ပြီး ထိုစဉ်က မြေဩဇာနှင့် လောင်စာဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေချိန်လည်း ဖြစ်သည်။

ယခုလ အစောပိုင်းက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာ ၂.၉ ဘီလျံ ရယူရန် ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး အဆိုပါ အကူအညီရမှသာ အကြွေးအချို့နှင့် နိုင်ငံအတွက်လိုအပ်သော သွင်းကုန်များအတွက် ပေးချေစရာ ဒေါ်လာများ ရရှိလာမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, BBC Business, Central Bank of Sri Lanka CBSL GOV LK
Image: BBC Business

Share