0

၂၀၂၃ တွင် ရေကြောင်းအခြေပြုကုန်သွယ်ရေး ပုံမှန်ဆက်ရှိနေမည်ဟု S & P ခန့်မှန်း

Share

ပြီးခဲ့သည့် ၂၀၂၂ ထဲတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးပမာဏ ကန်ဒေါ်လာ ၃၂ ထရီလျံ အထိ စံချိန်တင်မြင့်တက်ခဲ့ပြီး ဒုတိယနှစ်ဝက်မှ စ၍ တရုတ်ကပ်ဘေးတကျော့ပြန်ကူးစက်မှုနှင့်အတူ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာကိစ္စများ ကြပ်တည်းကာ စီးပွားရေးအနည်းငယ်ကျဆင်းလာပြီး ယင်းအခြေအနေမှာ လာမည့် ၂၀၂၃ ပထမ ၃ လပတ်သို့တိုင် ဆက်လက်ဖြစ်နေနိုင်သည်ဟု ကုလသမဂ္ဂ ကုန်သွယ်ရေးဌာန UNCTAD က ဒီဇင်ဘာလလယ်တွင် ထုတ်ပြန်ခဲ့သည်။

ဥရောပရှိစစ်ပွဲဖြစ်ပွားမှုနှင့် ကပ်ဘေးနောက်ဆက်တွဲများကြားမှ အံ့အားသင့်ဖွယ်ရာ ကုန်စည်ဝယ်ရောင်းမှုသည် ဒေါ်လာ ၂၅ ထရီလျံ ဖိုးရှိခဲ့ပြီး ဝန်ဆောင်မှုများမှ ဝင်ငွေမှာ ဒေါ်လာ ၇ ထရီလျံ အထိရှိခဲ့သည်။

UNCTAD ၏ ထုတ်ပြန်ချက်တွင် ယခုနှစ် ၂၀၂၃ ၌ စွမ်းအင်နှင့် လောင်စာဆီဈေးနှုန်းများ မြင့်တက်ခြင်း၊ ဘဏ်တိုးနှုန်းများ မြင့်လာခြင်း၊ နိုင်ငံအတော်များများတွင် ငွေကြေးဖေါင်းပွနှုန်း ဆက်လက်ဖြစ်ပွားနေခြင်း၊ ယူကရိန်းနိုင်ငံအတွင်း စစ်ပွဲဖြစ်ပွားနေခြင်း နောက်ဆက်တွဲများကြောင့် စီးပွားရေးခန့်မှန်းချက်မှာ ကျရိပ်ပြနေနိုင်သည်ဟု ပါရှိသည်။

သို့သော်လည်း အမေရိကန်ကော်ပိုရေးရှင်း S & P Global က ၂၀၂၃ တွင် ရေကြောင်းကို အခြေပြု၍ ကုန်သွယ်ခြင်းများ၌ ယမန်နှစ်ကကဲ့သို့ပင် ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၁၁ ထရီလျံ ဝန်းကျင်ရှိနေဦးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ရေကြောင်းကုန်သွယ်ရေးကဏ္ဍမှ ကုန်သွယ်မှုတန်ဖိုးမှာ ၂၀၁၅ မှ ကပ်ဘေးစတင်သည့် ၂၀၂၀ အတွင်း ကျဆင်းမှုများရှိခဲ့သော်လည်း ၂၀၂၁ ၊ ၂၀၂၂၊ ၂၀၂၃ တို့ ၃ နှစ်တွင် ကုန်သွယ်မှုတန်ဖိုး တူညီစွာ ရှိနေမည်ဟု Report ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ၂၀၃၉ ခုနှစ်တွင်မူ ရေကြောင်းမှ ကုန်သွယ်မှု ဒေါ်လာ ၁၇ ထရီလျံ အထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့နိုင်ငံများ၏ ကုန်သွယ်မှုစွမ်းဆောင်ရည် ဆန်းစစ်မှုတွင်မူ ပြီးခဲ့သည့် တတိယ ၃ လပတ် ကာလ ၂ ခု အတွင်း ကြံ့ကြံခံ ဆက်လက်ချီတက်နိုင်ခဲ့သည်မှာ အရှေ့အာရှနိုင်ငံများသာရှိသည်ဟု ကုလကုန်သွယ်ရေးဌာန UNCTAD ၏ ထုတ်ပြန်ချက်တွင် ပါဝင်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: UNCTAD, S&P Global Market Intelligence, Gulf Today, OEC World
Image: Chuyuss/ShutterStock

%d bloggers like this: