စင်္ကာပူ၏ အဓိက ထုတ်ကုန်ဖြစ်သည့် အီလက်ထရောနစ်ထုတ်ကုန်များ ဩဂုတ်လတွင် အခြေအနေမကောင်းခဲ့သဖြင့် ထုတ်ကုန်ပမာဏ ၁၂ရာခိုင်နှုန်းကျဆင်းခဲ့ရပြီး ၂၀၁၉ ဒီဇင်ဘာနောက်ပိုင်း အနည်းဆုံးပမာဏဖြစ်သည်။
ရိုက်တာသတင်းဌာနက ပြုလုပ်ခဲ့သော စစ်တမ်းအရ စီးပွါးရေးပညာရှင်များက ၃.၁ ရာခိုင်နှုန်းခန့်သာ ကျဆင်းမည်ဟု ခန့်မှန်းခဲ့သော်လည်း ပို့ဆောင်ရေးနည်းပညာကဏ္ဍမှလွဲ၍ ကျန်ကဏ္ဍများအားလုံး အားနည်းခဲ့သဖြင့် ယခုကဲ့သိသိသာသာ ကျဆင်းခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် အီလက်ထရောနစ်ထုတ်ကုန်များသည် စင်္ကာပူကုန်ထုတ်ကဏ္ဍ၏ ၄၅ရာခိုင်နှုန်းအထိရှိရာ ၎င်းကဏ္ဍတွင် ယမန်နှစ်နှင့်နှိုင်းယှဉ်ပါက ၂၀ရာခိုင်နှုန်းအထိကျဆင်းသွားခဲ့ရခြင်းက အခရာကျသွားခဲ့ခြင်းဖြစ်သည်။
အီလက်ထရောနစ် ထုတ်ကုန်များတွင်မှ တပိုင်းလျှပ်ကူးပစ္စည်းများ(Semiconductor)သည် အဆိုးဆုံးကျဆင်းခဲ့ရပြီး ၂၃ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကာ ပြီးခဲ့သည့် ဇူလိုင်တွင် ၅.၁ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီးနောက် နောက်ကြောင်းပြန် အားနည်းသွားခဲ့ရခြင်းဖြစ်သည်။
၎င်းတို့၏ နောက်တွင် ကွန်ပျူတာသုံးပစ္စည်းများနှင့် ဒေတာသိုလှောင်သည့် အစိတ်အပိုင်းထုတ်ကုန်များမှာ အနည်းဆုံးဖြစ်ပြီး ၁၅ရာခိုင်နှုန်းကျဆင်းခဲ့ကာ ဇန်နဝါရီမှ ဩဂုတ်အထိ ခြုံကြည့်ပါက စင်္ကာပူ၏ အီလက်ထရောနစ် ထုတ်ကုန် ကဏ္ဍသည် ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်းသိရသည်။
DBS ဘဏ်၏ စီးပွါးရေးပညာရှင် ချွာဟန်တန်က စင်္ကာပူ၏ ကုန်ထုတ်ကဏ္ဍသည် နှစ်လယ်ပိုင်းနောက်တွင် ဖြည်းဖြည်းခြင်း တိုးတက်လာနိုင်သေည်လည်း ခန့်မှန်းရ မလွယ်ကူကြောင်း၊ အထူးသဖြင့် ပထဝီနိုင်ငံရေးအကြပ်အတည်းကြောင့် ကုန်သွယ်လမ်းကြောင်းများ မချောမွေ့ခြင်းကြောင့် အီလက်ထရောနစ် ထုတ်ကုန်များ ဝယ်လိုအားပျော့နေဦးမည်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။
သူကဆက်လက်၍ ကမ္ဘာ့ခရီးသွား ကဏ္ဍ ပြန်လည်ဦးမော့လာခြင်းနှင့် ဖျော်ဖြေရေးကဏ္ဍများ အားပြန်ကောင်းလာသောကြောင့် နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် အားကောင်းနေသော်လည်း ကုန်ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ၂၀၂၃ တွင် စင်္ကာပူ၏ GDP သည် အနည်းငယ် အားပျော့နိုင်ကြောင်း ဖြေကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNA, The Straits Times
Photo: The Straits Times