ပြီးခဲ့တဲ့ အပိုင်းတုန်းက ဂျာမန်လူမျိုး စီးပွားရေး ပညာရှင် ဖရက်ဒရစ်လစ်စ်တစ်ယောက် ၁၈၂၀ မှာ အမေရိကန်ကို သွားခဲ့ပြီး အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေဟာ ဗြိတိန်ရဲ့ စီးပွားရေး စနစ်ကို လက်မခံကြဘဲ ကိုယ်ပိုင်မူနဲ့ စီးပွားရေး ပုံစံကို ဖော်ဆောင်ဖို့ ကြိုစားနေတာကို တွေ့ရှိခဲ့တဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန်ရဲ့ ခေါင်းကိုင်ဖခင်ကြီးတစ်ယောက်လည်းဖြစ်၊ နိုင်ငံရေးပညာရှင်လည်း ဖြစ်တဲ့ ဟာမီတန်ရဲ့ စီးပွားရေး ဒဿနကို အခြေခံပြီးတဲ့နောက် National System of Political Economy ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ သူဟာ အရင်းရှင်စနစ်ရဲ့ ဖခင်ကြီးတွေဖြစ်တဲ့ အဒမ်စမစ်နဲ့ ရီကာဒိုတို့ရဲ့ လွတ်လပ်စွာကုန်သွယ်မှု စီးပွားရေး မော်ဒယ်ကို သူလက်သင့်မခံနိုင်တဲ့အကြောင်း ဝေဖန်ရေးသားခဲ့ပါတော့တယ်။
အဒမ်စမစ်နဲ့ ရီကာဒိုတို့ ခံယူထားတဲ့ စီးပွားရေး ပုံစံမှာဆိုရင် ဈေးကွက်ထဲမှာ လူတွေ ကုန်ရောင်းကုန်ဝယ်လုပ်တာနဲ့ နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ကြတာဟာ သဘောတရားခြင်း အတူတူပဲလို့ ဆိုလိုချင်တာပါ။ ကိုယ့် ပြည်တွင်းက ပစ္စည်းကို လိုချင်လို့ဝယ်တာနဲ့ တခြားနိုင်ငံက ပစ္စည်းကိုဝယ်တာဟာ နယ်နိမိတ်မျဉ်းလေး ခြားနေတာကလွဲရင် ဈေးကွက်သဘောတရားကို အတူတူ လိုက်နာကြတာပဲလို့ သူတို့က ယုံကြည်ထားကြပါတယ်။ လစ်စ် ကတော့ အဲအချက်ကို လုံးလုံးလျားလျား သဘောမတူခဲ့ပါဘူး။ သူက နိုင်ငံတွေဆိုတာ လူတစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ လူပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မတူတဲ့သမိုင်းတွေ၊ မတူတဲ့ယဉ်ကျေးမှုတွေ၊ မတူတဲ့ စီးပွားရေးရေချိန် အနိမ့်အမြင့်တွေ ကိုယ်စီရှိကြပါတယ်။
တချို့နိုင်ငံတွေက စက်မှုခေတ်ကို အများကြီးခေတ်ရှေ့ပြေးနေပေမဲ့ တချို့နိုင်ငံတွေက လယ်တောထဲမှာ ရွှံ့တစွက်စွက်နဲ့ ရုန်းနေကြတာတွေရှိပါတယ်။ လစ်စ် ဒီစာအုပ်ကို ထုတ်တဲ့အချိန်တုန်းကဆို ဗြိတိန်ဟာ စက်မှုတော်လှန်ရေးကြီးရဲ့ အရှိန်အဟုန်နဲ့ စီပွားရေးသောင်းကျန်းပြီး အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်တို့ရဲ့ ရှေ့ကို ကြောနေတဲ့ နိုင်ငံပါ။ တကယ်လို့ ကျန်တဲ့နိုင်ငံတွေဟာ ဗြိတိန်လိုမျိုး စက်မှုလုပ်ငန်းတွေဖွံ့ဖြိူးတိုးတက်ပြီး စီးပွားရေးတွေ ကောင်းချင်တယ်ဆိုရင်တော့ တခြားနည်းလမ်းကို စဉ်းစားတာ အမှန်အကန်ဆုံးဖြစ်မှာပါလို့ သူကရေးခဲ့ပါတယ်။ ကုန်သွယ်ရေးတွေ တိုးတက်လာကာ စီးပွားတက်လာမယ် ရည်ရွယ်ပြီး ဗြိတိန်နဲ့ လွတ်လပ်စွာကုန်သွယ်မယ် သွားလုပ်လို့ကတော့ ဗြိတိန်က ကုန်သည်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ ရဲ့ အနိုင်ကျင့်တာကို ခံသွားရမယ်လို့ သူကထောက်ပြထားပါတယ်။
သူတင်ပြခဲ့တဲ့ နည်းကတော့ ကိုယ့်နိုင်ငံက စက်မှုလုပ်ငန်းတွေကို ကလေးလေးလို သဘောထားဖို့ပါပဲ။ ကလေးလေးတွေဟာ မွေးကင်းစမှာ အရမ်းဂရုစိုက်ရသလို သူရင့်ကျက်ဖို့ အချိန်ယူနေတုန်းမှာလည်း မလိုလားအပ်တဲ့ ဘဝရဲ့ ဖိအားပေးမှုတွေကို မခံရဖို့ ဂရုစိုက်ပေးရပါတယ်။ နောက်ဆုံး သူ့မှာ လောကကြီးကို ရင်ဆိုင်ဖို့ လိုအပ်တဲ့အချက်တွေ ပြည့်စုံပြီဆိုမှ လက်လွှတ်ပေးလိုက်ကြသလိုပါပဲ လစ်စ်ကလည်း “စက်မှုလုပ်ငန်းပေါက်စ” လေးတွေကို အခြေမခိုင်ခင် အချိန်မှာ ဖိအားတွေ ကြီးကြီးမားမား မဖြစ်သွားအောင် အစိုးရက စောင့်ရှောက်ပေးရမယ်လို့ ရေးထားပါတယ်။
ဂျာမန်စီးပွားရေး ပညာရှင် ဖရက်ဒရစ် လစ်စ် ( Friedrich List 1789-1846)
ဥပမာ ပြောရရင် အဲ့ဒီခေတ် ၁၉ရာစုမှာ ဂျာမနီက သံနဲ့ သံမဏိလုပ်ငန်း တည်ထောင်ချင်တယ်ဆိုပါစို့။ တစ်ဘက်မှာက ဗြိတိန်ဟာ အဲ့ဒီအချိန်မှာ သံ၊သံမဏိ စက်ရုံတွေ တစ်နိုင်ငံလုံး တဝုန်းဝုန်း တဒိုင်းဒိုင်း နဲ့လည်ပတ်နေပြီး ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံကြီးအဖြစ်နဲ့ သံ၊သံမဏိတွေကို တကမ္ဘာလုံး ဈေးချိုချိုနဲ့ လိုက်ဖြန့်နေပါပြီ။ သံ၊ သံမဏိနဲ့ပတ်သတ်ပြီး ကြုံလာရတဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိနေပြီဖြစ်သလို သူတို့အလုပ်သမားတွေကလည်း အတွေ့အကြုံရင့်ကျက် လက်သားကျနေတဲ့ သူတွေချည်းပါပဲ။ တကယ့်ပြဿနာက ဒီလိုမျိုး ပစ္စည်းကောင်း ဈေးချိုနဲ့ ပြိုင်ဘက်ကြီးက ကိုယ့်အိမ်တံခါးကို လာခေါက်နေတဲ့အချိန်မှာ ကိုယ်က ခုမှစ မြေစမ်းခရမ်းပျိူး အိမ်ထဲမှာ စလုပ်မယ်ဆို ဂျာမန်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးငွေတွေက ရေထဲပစ်ချနေသလို ဖြစ်နေမှာပါ။ သေချာတာကတော့ ဂျာမန်ပြည်သူတွေဟာ ဈေးချိုတဲ့ ဗြိတန်ကုန်သည်တွေနောက်ကိုပဲ ကောက်ကောက်ပါအောင်လိုက်သွားမှာဖြစ်ပါတယ်။ ဈေးကွက်သဘောတရားပေကိုး။
ဒီတော့ လစ်စ်က သူ့နိုင်ငံက စက်မှုလုပ်ငန်းပေါက်စနတွေကို ဗြိတိန်တွေရန်က ကာကွယ်ဖို့ နည်းလမ်းကို အဆိုပြုပေးပါတယ်။ နည်းကတော့ အားလုံးလည်း သိပြီးသားဖြစ်တဲ့ ဈေးချိုနေတဲ့ သွင်းကုန်တွေ ဈေးတက်အောင်လုပ်တဲ့ အခွန်စည်းကြပ်လိုက်တဲ့ နည်းပါပဲ။ အခွန်စည်းကြပ်လိုက်လို့ ဗြိတိန်သွင်းကုန်တွေ ဈေးတက်ကုန်ရင် ပြည်သူတွေက ဂျာမန်လုပ်ငန်းတွေဆီ စိတ်ပြန်လည်လာပြီး နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်လာအောင် အချိန်ယူနိုင်လိမ့်မယ်လို့ သူက ထောက်ပြထားတာပါ။
တဖြည်းဖြည်းနဲ့ ဂျာမန်ရဲ့ စက်မှုလုပ်ငန်းတွေ အရည်အသွေးတိုးတက်လာပြီး ဗြိတန်တို့၊ အမေရိကန်တို့လို နိုင်ငံခြားလုပ်ငန်းတွေကို ယှဉ်နိုင်ပြီဆိုရင်တော့ အခွန်စည်းကြပ်တာကို လျှော့ပြီး လွတ်လပ်စွာကုန်သွယ်မှုစတင်လိုက်လို့ ရပါပြီတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသွင်းကုန်တွေကို အခွန်စည်းကြပ်တာက နဂိုဈေးထက်ပိုမြင့်ကုန်လို့ နိုင်ငံရဲ့ ကုန်ကျစရိတ်တွေ အရမ်းတက်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ အားကောင်းမောင်းသန်ဖြစ်လာဖို့အတွက် ဒီလောက်တော့ ရင်းသင့်တယ်လို့ လစ်စ်ကတော့ ခံယူပါတယ်။
ဒါကြောင့် လစ်စ်ရဲ့ အယူအဆကို ပြောရရင် သူဟာ လွတ်လပ်စွာကုန်သွယ်ခွင့် မူဝါဒကို လုံးဝကြီး ပစ်ပယ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်ဟာ အခြေအနေ တစ်ခုမှာပဲ နှစ်ဦးနှစ်ဘက်ကို အကျိုးပြုမယ်လို့ သူက ယုံကြည်တာပါ။ ဘယ်လိုအခြေအနေလဲဆိုတော့ နိုင်ငံနှစ်ခုဟာ လူမှုဖွံ့ဖြိုးရေး အခြေအနေလည်းတူ၊ စီးပွားရေးရေချိန်လည်းတူတဲ့ အချိန်မှသာ လွတ်လပ်စွာကုန်သွယ်ခွင့်က မျှမျှတတဖြစ်မှာပါ။ နို့မိုဆို စီးပွားရေး ရှေ့တန်းရောက်နေတဲ့ နိုင်ငံက ဖွံ့ဖြိုးမှုအားနည်းတဲ့နိုင်ငံကို လွတ်လွတ်လပ်လပ် အနိုင်ကျင့်ခွင့်ပေးလိုက် သလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အဲ့အချိန်က ဗြိတိန်ပညာရှင်တွေ ရေးတဲ့ စီးပွားရေးသီဝရီကို လစ်စ်က “လွတ်လပ်စွာကုန်သွယ်ခွင့် သီဝရီမဟုတ်ဘူးကွ၊ လွတ်လပ်စွာအနိုင်ကျင့်ခွင့် သီဝရီ” လို့ ဝေဖန်ပစ်ခဲ့ပါတယ်။
အပိုင်း (၃) ဆက်ရန်။
Source: Source: A Little History of Economics: Shut out the Sun
Photo: Famous Economists/ Buzzle.com