၁၈၄၀ ခုနှစ်က စီးပွားရေး ပညာရှင် တစ်ယောက်ဟာ ပြင်သစ်ပါလီမန်ကို သရော်စာတစ်စောင် ရေးပြီး ပို့ခဲ့ဖူးပါတယ်။ စာထဲမှာတော့ ဖယောင်းတိုင်ထုတ်လုပ်တဲ့ လုပ်ငန်းပိုင်ရှင်တွေက ဝိုင်းရေးကြသယောင် ရေးထားတာပါ။ စာထဲမှာပါတဲ့ အဓိက အကြောင်းအရာကတော့ ဖယောင်းတိုင်လုပ်ငန်းရှင်တွေဟာ စီးပွားရေးပျက်တော့မှာ ဖြစ်လို့ ခွက်လက်ဆွဲပြီးတောင်းစားရတော့မှာ ဖြစ်ကြောင်း၊ သူတို့ကို ဒီလိုဒုက္ခရောက်အောက် အဓိကလုပ်နေတာကတော့ ဈေးကွက်ထဲက ပြိုင်ဘက် တစ်ယောက်ဖြစ်ကြောင်းနဲ့ အဲလူဟာ သူတို့မယှဉ်ပြိုင်နိုင်တဲ့ ကြမ်းခင်းဈေးနဲ့ ဈေးကွက်ကို ဖျက်ဆီးနေတဲ့ အကြောင်း အတိုင်အတောထူနေဟန် ရေးထားတာဖြစ်ပါတယ်။
သူတို့ လာတိုင်တဲ့ ဈေးကွက်ဖျက်တယ်ဆိုတဲ့ သူဟာ ဘယ်သူများဖြစ်နေမှာပါလိမ့်။ ပါလီမန်က အမတ်မင်းတွေ စာကိုဆက်ဖတ်တဲ့အခါမှာတော့ အဲဒီလူဟာ သက်ရှိလူမဟုတ်၊ နေမင်းကြီးဖြစ်ပါတယ်လို့ တိုင်ထားတာပါ။ နေမင်းကြီးရဲ့ အလင်းရောင်တွေကြောင့် လူတွေဟာ ဖယောင်းတိုင်တွေကို ဝယ်သင့်သလောက် ဝယ်မသုံးကြတဲ့အတွက် ပါလီမန်ကနေပြီးတော့ တိုင်းသူပြည်သားတွေ နေ့ခင်းဘက်အိမ်ထဲမှာ နေရင် ပြတင်းပေါက်တွေပိတ်ထားကြဖို့နဲ့ အကယ်၍ ထရံကြို ထရံကြားက နေရောင်ခြည်ဝင်လာရင်တောင် အိမ်ကမရှိရှိတာနဲ့ ပိတ်ဆို့ထားပြီး ဖယောင်းတိုင်နဲ့ နေကြဖို့ ဥပဒေ ထုတ်ပြန်ပေးပါ။ ဒါဆိုရင် ဖယောင်းတိုင်စက်ရုံတွေ များများလည်ပတ်နိုင်ပြီး ပြင်သစ်နိုင်ငံကြီးလည်း နေလိုလလိုချမ်းသာမှာဖြစ်တဲ့အကြောင်း တောင်းဆိုတဲ့ဟန် လှောင်ရေးထားတာပါ။
တကယ်တော့ ဒီစာကိုရေးတဲ့သူဟာ နိုင်ငံခြားကဝင်လာတဲ့ ကုန်ပစ္စည်းတွေကြောင့် သူတို့ စီးပွားရေးတွေ ထိခိုက်ကုန်ပါပြီဆိုပြီး အော်နေတဲ့ စီးပွားရေးသမားတွေကို လှောင်တဲ့အနေနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစီးပွားရေး သမားတွေဟာ နိုင်ငံခြားက ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ပိတ်လိုက်ရင် နိုင်ငံအနေနဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဘယ်လိုပဲ အာပေါင်အာရင်း သန်သန်နဲ့ပြောပြော တကယ်တမ်းကတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးတွေဟာ အဲဒီ ၁၉ရာစုတုန်းကမှ မဟုတ်ပါဘူး။ ခုခေတ်မှာကိုလည်း အော်နေကြတုန်းပါပဲ။ ဥပမာပြောရရင် တရုတ်က သံမဏိတွေ ဈေးပေါပေါနဲ့ ဝင်လာတုန်းက အမေရိကန်နဲ့ ဗြိတိန်မှာ သံမဏိလုပ်ငန်းရှင်တွေ ပွက်လောညံခဲ့ဖူးတဲ့ ပုံစံမျိူးပါ။
စီးပွားရေး ပညာရှင်ကြီး အဒမ်စမစ် ပေါ်ထွက်လာပြီးတဲ့ နောက်မှာ ကမ္ဘာ့နိုင်ငံတွေဟာ လွတ်လပ်စွာကုန်သွယ်ခွင့်နဲ့ ဈေးကွက်စီးပွားရေး စနစ်ကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ကြပါတယ်။ လွတ်လပ်စွာကုန်သွယ်ခွင့်ကတော့ ရှင်းပါတယ်။ ဆိုရရင် အိန္ဒိယက ဝင်လာတဲ့ ဈေးပေါတဲ့ အထည်တွေကို အင်္ဂလန်နိုင်ငံက ဘာအကြောင်းကြောင်းနဲ့မှ ကန့်သတ်တာ၊ တားမြစ်တာတွေ မလုပ်သင့်ဘူး၊ ဒီ အိန္ဒိယက အထည်တွေ ကောင်းမကောင်း၊ ပေးရတဲ့ဈေးနဲ့ တန်မတန်၊ အင်္ဂလန်က အထည်တွေနဲ့ ဘယ်ဟာက ပိုတွက်ခြေကိုက်လည်းဆိုတာတွေကို စားသုံးသူတွေကသာ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ဒီလိုမျိုး လွတ်လပ်စွာကုန်သွယ်ခွင့် ပုံစံကို ထပ်ဆင့်တွေးခေါ်ခဲ့တဲ့ အင်္ဂလန်က ဒေးဗစ်ရီကာဒို (David Ricardo)ဆိုတဲ့ စီးပွားရေးပညာရှင်လည်း ရှိပါသေးတယ်။ သူ့ရဲ့ အတွေးခေါ်ကတော့ နိုင်ငံတွေဟာ ကိုယ်အကောင်းဆုံးထုတ်နိင်တဲ့ ပစ္စည်းတစ်ခုကို ရွေးပြီး အဲ့ဒါကို ဈေးသက်သက်သာသာနဲ့ နိုင်ငံအခြင်းခြင်း အပြန်အလှန်တင်ပို့ကြမယ်ဆိုရင် ဘယ်နိုင်ငံကမှ နာစရာမရှိတော့ဘဲ အကုန်အဆင်ပြေသွားကြမယ်ဆိုတဲ့ စီးပွားရေးဒဿနဖြစ်ပါတယ်။
စီးပွားရေး ပညာရှင် အဒမ်စမစ်နဲ့ ဒေးဗစ်ရီကာဒိုတို့ ဖြစ်ပါတယ်
ဒါပေမဲ့ ၁၉ရာစုမှာကိုပဲ အပေါ်က ပြောခဲ့သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ဆန့်ကျင်နေတဲ့ ဖယောင်းတိုင်လုပ်ငန်းရှင်တွေအပေါ် ကရုဏာသက်နေတဲ့ ပညာရှင်တွေလည်း ရှိပါသေးတယ်။ ကရုဏာသက်တဲ့အလျောက် ဤနေရာတွင်နေရောင်ခြည် ဖြာကျခွင့်မရှိစေရလို့ အတင်းအကြပ်ဆိုတဲ့ ဥပဒေတွေ ထွက်ပေါ်ဖို့ရာ မကူညီခဲ့ပေမဲ့ လွတ်လပ်စွာကုန်သွယ်ခြင်း မူဝါဒဟာ နိုင်ငံတွေကို ချမ်းသာစေတယ်ဆိုတဲ့ သီဝရီကို လက်မခံကြကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကတော့ ဂျာမန်လူမျိုး ဖရက်ဒရစ်လစ် (Friedrich List) ဆိုတဲ့သူပါပဲ။
သူဟာနဂိုက လွတ်လပ်စွာကုန်သွယ်ရေး ပုံစံကိုထောက်ခံသူဖြစ်ပေမဲ့ ၁၈၂၀မှာ အမေရိကန်နိုင်ငံကို အလည်သွားတဲ့အချိန်မှာတော့ သူ့သဘောထားတွေ ပြောင်းလဲကုန်ပါတော့တယ်။ အဲဒီအချိန် အမေရိကန်မှာ ဗြိတိန်စီးပွားရေး ပညာရှင်တွေဖြစ်တဲ့ အဒမ်စမစ်တို့၊ ရီကာဒိုတို့ရဲ့ လမ်းစဉ်တွေဟာ အမေရိကန်နဲ့ အဆင်မပြေတာကြောင့် စနစ်သစ်တစ်ခု ပေါ်လာဖို့ ဝိုင်းတွန်းနေကြတဲ့ အချိန်ပါ။ လွတ်လပ်ရေး ကြေငြစာတမ်းကို ရေးခဲ့တဲ့ သောမတ်စ်ဂျက်ဖာဆင်ဆိုလည်း ရီကာဒိုရဲ့ စာအုပ်တွေ အမေရိကန်မှာ မဖြန့်ဖြူးဖို့ ဆော်သြခဲ့သလို တခြားအမေရိကန် လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ အလက်ဇန်းဒါး ဟာမီတန် ကလည်း ဗြိတန်စနစ်တွေနဲ့ မတူတဲ့ စီးပွားရေး စနစ်၊ အတွေးအခေါ်တွေကို ရေးထုတ်နေခဲ့ပါတယ်။
ဟာမီတန်ရဲ့ ရေးသားချက်တွေမှာဆိုရင် အမေရိကန်ဟာ ကိုယ်ပိုင်ဟန် စီးပွားရေး စနစ်တစ်ခုကို ထူထောင်သင့်ကြောင်းနဲ့ အစိုးရကလည်း လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကူညီပေးရမှာ ဖြစ်ကြောင်းတွေ ပါဝင်ပါတယ်။ သူများနိုင်ငံတွေဟာ အမေရိကန်ကုန်ပစ္စည်းတွေကို တားမြစ်တာ၊ အခွန်တိုးကောက်တာတွေလုပ်ပြီး သူတို့ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးနေသလိုမျိုး အမေရိကန်ကလည်း ပြန်လုပ်သင့်ကြောင်းတွေ ထောက်ပြထားတာပါ။ သူ့ရဲ့ အဓိကဆိုလိုရင်းကတော့ ရီကာဒိုရဲ့ လွတ်လပ်စွာကုန်သွယ်ရေးစနစ်ဟာ အမေရိကန်နိုင်ငံအတွက် အဖြေမဟုတ်ဘူးဆိုတာပါပဲ။
အပိုင်း-၂ ဆက်ရန်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: A Little History of Economics: Shut out the Sun
Photo: Indian Folk/ Dazzle Jam/ Pexel