တောင်ကိုးရီးယား ပို့ကုန်ကဏ္ဍ ၁၄ လ အတွင်း အနှေးကွေးဆုံးသို့ရောက်

စွမ်းအင်နှင့်ကုန်ကြမ်းပစ္စည်းများ၏ ဆက်လက်ဈေးမြင့်တက်နေမှုက တောင်ကိုးရီးယားနိုင်ငံ၏ တင်သွင်းကုန်ပမာဏအား တွန်းတင်နေကာ ဧပြီလတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍမှာ ၁၄ လ အတွင်း အနှေးကွေးဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။
ဧပြီလတွင် တင်ပို့ကုန်မှာ ဒေါ်လာ ၅၇.၆၉ ဘီလျံဖိုးရှိခဲ့ပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ်ထက် ၁၂.၆% သာ တိုးတက်ခဲ့ပြီး ခန့်မှန်းထားသည့် ၁၄.၅% အောက် ရောက်ခဲ့သည်။
တရုတ်ပြည်တွင် တကျော့ပြန်ကိုဗစ်ကူးစက်မှုများကြောင့် ရှန်ဟိုင်းအပါအဝင် lockdowns နေရာများနှင့် စည်းမျဉ်းတင်းကြပ်မှုများဖြစ်နေပြီး ကုန်စည်စီးဆင်းမှု ကျဆင်းခဲ့သည်။
တောင်ကိုးရီးယား၏ တရုတ်သို့ ပို့ကုန်ပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် ၃.၄% လျော့ကျခဲ့သည်ဟု တောင်ကိုးရီးယားကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ယနေ့) တွင် ထုတ်ပြန်ခဲ့သည်။

မတ်လတွင်လည်း ကုန်စည်တင်ပို့နှုန်းမှာ ၁၈.၂% အောက် နှေးကွေးခဲ့သည်ဟု သိရသည်။
ယူကရိန်း-ရုရှား စစ်ပွဲဂယက်များနှင့် တရုတ်၏ zero covid မူဝါဒများကြောင့် ဆိပ်ကမ်းနှင့် သင်္ဘောအဝင်အထွက်များ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတလျှောက် အခက်အခဲနှင့် နှောင့်နှေးနေမှုများကို ကမ္ဘာတဝှမ်းရင်ဆိုင်နေရသည်။
တောင်ကိုးရီးယား၏ နိုင်ငံခြားဝင်ငွေကို အဓိကရှာပေးသော တပိုင်းလျှပ်ကူးပစ္စည်းများ – semiconductors များမှာ တင်ပို့ရမှု ၁၅.၈% တိုးတက်ခဲ့ပြီး၊ လောင်စာဆီ – petroleum ဆိုင်ရာ ထုတ်ကုန်များမှာ ၆၈.၆% တိုးတက်ခဲ့သည်။

သို့သော်လည်း တင်သွင်းကုန်ပမာဏမှာ ပိုမိုများပြားနေပြီး ၁၈.၆% ပိုမိုမြင့်တက်ခဲ့ကာ ဒေါ်လာ ၆၀.၃၅ ဘီလျံ ဖိုးအထိ ရှိခဲ့သောကြောင့် ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၂.၆၆ ဘီလျံသို့ ရောက်ရှိခဲ့သည်။
ယင်းပမာဏမှာ မတ်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ သန်း ၁၄၀ မှ ဘီလျံ ပမာဏသို့ ခုန်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Korea Herald, Reuters, Bloomberg Business, Al Jazeera
Image: Cruise Mapper

Share