ပြီးခဲ့တဲ့ ဧပြီလအစမှာတုန်းက ကမ္ဘာ့ရေနံဈေးတွေ ထိုးကျနေလို့ ဓါတ်ဆီတစ်လီတာဟာ ကျွန်တော်တို့ နိုင်ငံမှာ ၄၀၀ကျပ် ပတ်ဝန်းကျင်လောက့်ဖြစ်သွားခဲ့ပါတယ်။ ပြောရရင် ရေသန့်ဘူးဈေးထက် ၁၀၀ပဲပိုတော့တဲ့ သဘောပါ။ အဲဒါနဲ့ တစ်ချိန်တည်းမှာပဲ အရင်က တစ်ခု ၅၀နဲ့ ပေးဝယ်နေတဲ့ နှာခေါင်းစည်းတွေကတော့ တစ်ခုကို ၅၀၀လောက်ပေးဝယ်နေရပါတယ်။ ဒီတော့ ပြန်စဉ်းစားကြည့်ရင် ဒီလိုမျိုး ကုန်ပစ္စည်းတစ်ခုရဲ့ တကယ့်တန်ဖိုးက ဘာလဲ၊ ဘာတွေက ဒီပစ္စည်းတွေရဲ့ တန်ဖိုးအတက်အကျကို သတ်မှတ်ပေးနေတာလဲ၊ တချို့ပစ္စည်းတွေဟာ တကယ်ရော ပေးရတဲ့ တန်ဖိုးနဲ့ ထိုက်တန်ရဲ့လားဆိုတာကို မေးခွန်းထုတ်စရာအနေနဲ့ သွားတွေ့ရမှာပါ။
ဒီနေရာမှာတော့ စီးပွားရေး ပညာရှင်တွေ ခိုင်းနှိုင်းနေကြ ဥပမာတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဆိုကြပါစို့။ စာဖတ်သူက ဂိမ်းအစီအစဉ်တစ်ခုထဲရောက်နေပြီး အစီအစဉ်တင်ဆက်သူတွေက ရွေးစရာနှစ်ခုအနေနဲ့ စိန်တုံးနဲ့ ရေသန့်ဘူး နှစ်ခုထဲက ဘယ်ဟာကို ရွေးမလဲလို့ အမေးခံရတဲ့ အခြေအနေနဲ့ ကြုံပြီဆို အဲဒီနှစ်ခုထဲက ဘာကိုရွေးမှာပါလဲ စာဖတ်သူမိတ်ဆွေ။ စိန်တုံးကလည်း တကယ်အစစ်ကို ပေးမှာဆိုတော့ သေချာစဉ်းစားပြီးဖြေပါနော်။ ဒါပေမဲ့လည်း ကျွန်တော်ထင်ပါတယ်။ စိန်သာတကယ်အစစ်ဆိုရင် စိန်ကိုပဲယူမှာပေါ့လို့ ဖြေမှာပါ။ ကဲဟုတ်ပြီ။ နောက်ထပ်အခြေအနေတစ်ခုအနေနဲ့ စာဖတ်သူကို ပူပြင်းလှတဲ့ ကန္တာရ ခေါင်ခေါင်ထဲကို ပို့လိုက်ပါမယ်။ ဘာမှလည်း မပေးလိုက်ပါဘူး။ အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနဲ့ လက်ချည်းဗလာသက်သက်ပါ။ ပြီးရင် ခုနကမေးခွန်းကိုပဲ ထပ်မေးပါဦးမယ်။ စိန်တုံးလား။ ရေသန့်ဘူးလား။ ဘာယူမှာလဲ။ ဖြေကြည့်ပါဦးခင်ဗျား။
ဘာတွေစဉ်းစားနေဦးမှာလည်း။ ရေသန့်ဘူးပဲ ပြေးယူပေါ့။ နို့မို့ဆို ပူလွန်းလို့ ဘူးထဲကရေတောင် ခန်းတော့မယ်။ ဘာလဲ။ စိန်တုံးယူပြီး နီးစပ်ရာမြို့မှာ အချိုရည်ဝယ်သောက်ဖို့ စဉ်းစားနေတာလား။ ကျွန်တော်က ကန္တာရ အလယ်ခေါင်ထဲကို ပို့လိုက်မှာဆိုတော့ စိန်တုံးလေးကိုင်ပြီး ရေမသောက်ဘဲ လျှောက်သွားနေရင် နောက်တစ်ရက်ဆို ကိုယ့်ဆရာ သေမှာဗျ။ ဒီတော့ ပြန်စဉ်းစားကြည့်ပါဦး။ ပုံမှန်အခြေအနေမှာ အရမ်းကို တန်ဖိုးခြင်းကွာလွန်းတဲ့ ပစ္စည်းနှစ်ခုဟာ၊ အခြေအနေတွေ ပြောင်းလိုက်ရုံနဲ့ တန်ဖိုးခြင်း ပြောင်းပြန်ဖြစ်သွားရတဲ့ ကိစ္စကိုလေ။ တကယ်တော့ ဒီလိုမျိုးဖြစ်ရတာကို ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုး ဝိရောဓိဖြစ်ခြင်း (Paradox of Value) လို့ခေါ်ပါတယ်။ ကျွန်တော် ခေါင်းစဉ်ပေးထားတာလဲ ဒီအဓိပ္ပါယ်ကို ပေးထားတာပါပဲ။
ဒီလိုမျိုး ကုန်ပစ္စည်းတွေရဲ့ တန်ဖိုးဟာ အခြေအနေပေါ်မူတည်ပြီး မတည်မငြိမ်၊ ပြောင်းလဲ၊ ဖောက်ပြန်၊ ဝိရောဓိဖြစ်ရတဲ့ သဘောတရားကို ၁၈ရာစု စီးပွားရေးပညာရှင်ကြီး အဒမ်စမစ်က (Adam Smith) စတင်ဖော်ထုတ် ဆွေးနွေးခဲ့တာပါ။ အပေါ်က ဥပမာတွေကို ပြန်ကောက်ရရင် ပထမဥပမာမှာ ကျွန်တော်တို့ဟာ စိန်တုံးနဲ့ ရေဘူးကို သူတို့ရဲ့ ဈေးကွက်ဖလှယ်ရတန်ဖိုး (Exchange Value) နဲ့ ကြည့်ပြီး ရွေးခဲ့ကြတာပါ။ ပိုရှင်းအောင်ပြောရရင် စိန်တုံးတစ်တုံးကို ဈေးကွက်ထဲမှာ ပိုက်ဆံ ဆယ်သိန်းလောက်နဲ့ တန်ဖိုးညီမျှတယ်လို့ ဈေးဖလှယ်လို့ရပြီး ရေသန့်ဘူးဆိုရင်တော့ သူ့ရဲ့ ဈေးကွက်ဖလှယ်ရတန်ဖိုးက ၃၀၀လောက်ပဲရှိတာပေါ့။ ဒီတော့ ပုံမှန်အခြေအနေမှာ ရွေးကြစတမ်းဆိုရင် ဖလှယ်ရတန်ဖိုးမြင့်တဲ့ စိန်တုံးကိုပဲရွေးကြမှာပါ။ ဒါပေမဲ့ ဒုတိယ ဥပမာလိုနေရာမှာကြတော့ ကျွန်တော်တို့ဟာ အသုံးဝင်မှုတန်ဖိုး (Use Value) ကို ကြည့်ပြီးရွေးခဲ့ကြတာလို့ သဘောကျရပါမယ်။ သူ့ဘာသာသူ ဖလှယ်ရတန်ဖိုးအရ ဈေးဘယ်လောက်ပဲကြီးကြီး စိန်တုံးတစ်တုံးဟာ ကန္တာရထဲက ရေငတ်နေတဲ့သူကို မကယ်နိုင်ပါဘူး။
ဒါဆိုတစ်မျိုးပြန်ပြီး စဉ်းစားစရာရှိနေပါတယ်။ ရေတစ်ဘူးဟာ အသုံးဝင်မှုတန်ဖိုး (Use Value) အရ စိန်တုံးတစ်တုံးကို ကောင်းကောင်းယှဉ်နိုင်တယ်ဆိုတာ ကျွန်တော်တို့ သိကြပါပြီ။ ဘာလို့လဲဆိုတော့ ရေဟာ ကျွန်တော်တို့ နေ့စဉ်ဘဝရှင်သန်ရေးမှာ မရှိမဖြစ်ပါ။ ကျွန်တော်တို့ဟာ ဘဝမှာ စိန်ကိုသာ မဝယ်ချင်မဝယ်ဖူးမယ်။ ရေဝယ်မသောက်တဲ့ သူတော့မရှိပါဘူး။ ဒါဆို နေ့စဉ်ဘဝအတွက် လိုအပ်နေတဲ့ ရေဘူးရဲ့တန်ဖိုးက ဘာလို့ ဈေးနည်းနေပြီး ဘာလို့ စိန်တွေကဈေးကြီးနေရတာပါလည်း။ ဝယ်လိုအား၊ ရောင်းလိုအားကြောင့်လား။ ဒါလည်းမဟုတ်ပြန်ပါဘူး။ ဘာလို့လဲဆိုတော့ ရောင်းလိုအား ဝယ်လိုအား သဘောအရဆိုရင် စိန်တွေ ထွက်တာနည်းရင် စိန်ဈေးတက်မယ်၊ စိန်တွေထွက်တာ များရင် စိန်ဈေးကျမယ် ဆိုပေမဲ့ စိန်တစ်ပွင့်ဟာ ရေသန့်တစ်ဘူးနဲ့ ဈေးတူသွားအောင်တော့ ဘယ်တော့မှ ဈေးမကျခဲ့ပါဘူး။ ဒါဆို စိန်ကို တန်ဖိုးရှိတဲ့အရာလို့ လူတွေယူဆသွားစေတဲ့ အချက်က ဘာပါလဲ။
အဖြေကတော့ ရှားပါးမှု (Scarcity) ပါပဲ။ စိန်ဟာ ကမ္ဘာပေါ်မှာ တွေ့ရှိတဲ့နေရာ နည်းသလို ထုတ်ယူရတာလည်းခက်ပါတယ်။ ပြီးတော့ စိန်အရောင်းအဝယ်လုပ်နေတဲ့ ကာတီယာတို့လို စိန်ကုမ္ပဏီကြီးတွေက ဒီဈေးကွက်ကို ထိန်းချုပ်ထားတာမို့ နောက်လူတွေ ဝင်လုပ်ဖို့လည်းခက်ပါတယ်။ ဒီတော့ စိန်ကုမ္ပဏီကြီးတွေက စိန်အရေအတွက်ကို ထိန်းချုပ်ထားပြီး တန်ဖိုးမြင့်လာအောင် ဆွဲတင်ရင်း စိန်တွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးကြီးတဲ့ အရာတွေအဖြစ် လူတွေမြင်လာစေတော့တာပါပဲ။ တစ်ဘက်က ရေသန့်ဘူးကတော့ ကမ္ဘာပေါ်က ရေချိုထွက်တဲ့နေရာတိုင်းမှာ ရေသန့်စက်ရုံထောင်ပြီး ထုတ်လုပ်လို့ရနေတာပါ။ ဒီတော့ ရေသန့်တွေ ဈေးချိုပြီး စိန်တွေဘာလို့ ဈေးမြင့်နေရတာလဲဆိုတဲ့ အဖြေနဲ့ ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးကို သတ်မှတ်ပေးနေတဲ့ အရာတွေကြောင်း အတိုချုပ်ကတော့ ဒီလောက်ပါပဲခင်ဗျား။ နောက်ရက်တွေမှာလည်း ဆက်လက် ကြိုးစားပေးသွားမှာမို့ ကျွန်တော်တို့ Orio Economic Page ကို Like လုပ်ထားဖို့လည်း မမေ့ပါနဲ့ဦး။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Cracking Economic/ TED-Edu