အမေရိကန် သမ္မတ ဟယ်ရီ ထရူးမန်း ဟာ တော်တော်လေး ကသိကအောက်ဖြစ်စရာ စကားတစ်ခွန်းပြောခဲ့ဖူးပါတယ်။ အဲ့ဒါကတော့ “ကျွန်တော့်ကို သဘောထားတူတဲ့ ဘောဂဗေဒပညာရှင်တွေ ပေးလိုက်ကြည့်၊ အဲ့ဒီ့ ကျွန်တော့်ရဲ့ ပညာရှင်အကုန်လုံးက ပြောပါလိမ့်မယ်။ တဖက်မှာ ဒီလိုတွေဖြစ်နေပေမယ့်… အခြားတဖက်မှာဆိုရင်လည်း… ဆိုတာမျိုးပေါ့။ ဘာလို့ စီးပွားရေးပညာရှင်တွေ On the other hand (တဖက်မှာ အဆင်ပြေနိုင်တာတွေပြောပြီး၊ တခြားဖက်ကကြည့်ရင် မပြေလည်နိုင်တာတွေ ထွက်လာတာ) ကို အမြဲလိုလို ပြောနေကြတာလဲ” ဆိုတဲ့ စကားပါ။
ဘောဂဗေဒပညာရှင်တွေက ဒီလို အမြဲတမ်း ဝိဝါဒကွဲစရာဖြစ်အောင် ပြောနေကြတာ ဘာကြောင့်လဲ။ အကြောင်းရင်းတွေတော့ ရှိနေပါတယ်။
အကြောင်းအရာ၊ အဖြစ်အပျက်များဟာ မသေချာမှုတွေနဲ့ ပြည့်နှက်နေပါတယ်။ ကျွန်တော်တို့ ဝင်ငွေခွန်တိုးကောက်ဖို့ အကြောင်းစဉ်းစားကြည့်မယ်ဆိုပါစို့။ ဒါဆိုရင် အစိုးရရဲ့ အခွန်ဘဏ္ဏာတော် ကိစ္စဟာ တော်တော်လေး ဖူလုံစရာဖြစ်လာမှာပဲ။
ဒါပေမယ့် အခြားတဖက်က ကြည့်မယ်ဆိုရင်တော့ ဝင်ငွေခွန်တိုးကောက်လိုက်ခြင်းဟာ လူတွေအားကြိုးမာန်တက် အလုပ်လုပ်နေတာတွေကို လျော့ကျသွားစေနိုင်ပြီး၊ အစိုးရရဲ့ မျှော်မှန်းထားတဲ့ အခွန်ဟာလည်း ပြန်နည်းသွားဖို့ ဖြစ်လာနိုင်ပါတယ်။
အတိတ်မှာ ဖြစ်ပျက်ခဲ့တာရယ်ဆိုပြီး တူညီတဲ့ ကိစ္စပဲ ထပ်ဖြစ်လာမယ်လို့ ပြောလို့မရပါဘူး။ ဥပမာအနေနဲ့ သာမန်အခြေအနေတစ်ခုမှာ ဗဟိုဘဏ်က ငွေတွေ အမြောက်အများ ရိုက်ထုတ်ပြီး ဈေးကွက်ထဲ ပို့ဖို့ ကြိုးစားတာဟာ သေချာပေါက် ငွေကြေးဖေါင်းပွခြင်းကို ဖြစ်စေမှာပါပဲ။
အခြားတဖက်မှာတော့ ငွေဖြစ်လိုမှု အကြပ်အတည်းတွေ၊ ယာယီ စီးပွားပျက်ကပ် (ယခု Covid-19 ကဲ့သို့ဖြစ်စဉ်) တွေကြုံလို့ ဗဟိုဘဏ်က ငွေအမြောက်အများ ရိုက်ထုတ်လိုက်တာဟာ ငွေကြေးဖေါင်းပွခြင်း Inflation ကို ဖြစ်စေမှာ မဟုတ်သလိုပါပဲ။
လူသားတွေရဲ့ အပြုအမူနဲ့ တွေးခေါ်ပုံတွေဟာ အမြဲတမ်း ခန့်မှန်းလို့ မရသလို တခါတလေ ကျိုးကြောင်းဆီလျော်ခြင်းလည်း မရှိပါဘူး။ ပစ္စည်းတခုရဲ့ ဈေးတွေကို အလွန်အမင်း မြှင့်တင်လိုက်ခြင်းဟာ ဝယ်လိုအားကို ကျစေတာ ပုံမှန်ဖြစ်စဉ်တစ်ခုပါ။ ဒါပေမယ့် “on the other hand” ပေါ့လေ၊ ဖက်ရှင်လောကကိုကြည့်လိုက်ပါဦး။
ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ရဲ့ ဝတ်စုံ တစ်ခုအပေါ် ဈေးအလွန့်အကျွံ မြှင့်တင်လိုက်ခြင်းက သူ့လက်ရာကို အခြား ပစ္စည်းတွေထက် ပိုမိုဆွဲဆောင်နိုင်ဖို့ အခွင့်အရေး တစ်ခုတောင် ဖြစ်လာစေပါတယ်။ (Veblen ဆိုတဲ့ နော်ဝေနွယ်ဖွားအမေရိကန် ဘောဂဗေဒပညာရှင် စပြောခဲ့တဲ့ Veblen Goods လိုမျိုးပေါ့။ အချို့ ငွေကြေးတတ်နိုင်သူတွေဟာ ဒီလို ဈေးအလွန်ကြီး၊ အရည်အသွေးကောင်းကောင်း (ဈေးက ကောင်းမွန်တဲ့ အရည်အသွေးထက်ကို အများကြီးပိုမြင့်နေတတ်တဲ့) ထုတ်ကုန်တွေကို ဝယ်ယူဖို့ စောင့်ဆိုင်းနေကြတာပါ။)
ပြီးခဲ့တဲ့ ၂၀၀၈ စီးပွားပျက်ကပ်မှာဆိုရင်လည်း ဘောဂဗေဒပညာရှင်တွေ အုပ်စု ၂ ခြမ်းကွဲခဲ့ပါသေးတယ်။ သူတို့အားလုံး အချက်အလက်တွေပေါ် အခြေခံပြီး တွက်ချက်ကြတာပါပဲ။ ဖွံ့ဖြိုးပြီး အနောက်နိုင်ငံတွေကတော့ စီးပွားပျက်ကပ်ဖြစ်မှာ မဟုတ်ပဲ အရင်းရှင်စီးပွားရေးစနစ် ပုံစံသစ်အတိုင်း ဆက်လက်ချီတက်နိုင်မယ်ဆိုသူတွေက ပိုများများစားစား ထွက်လာခဲ့ပါတယ်။ အဲ့ဒီ့အချိန် အင်နဲ့ အားနဲ့ ရုန်းကန်နေတဲ့ (အခြေခံလူတန်းစား ရာခိုင်နှုန်းအများကြီးကို ပိုင်ဆိုင်ထားတဲ့ အာရှက အိန္ဒိယ၊ တောင်ကိုးရီးယား) အာရှ က ပညာရှင်တွေကတော့ စီးပွားပျက်ကပ်ဖြစ်နိုင်လို့ နိုင်ငံတကာ စီးပွားရေး အစည်းအဝေးတွေမှာ သတိပေးခဲ့ကြပါသေးတယ်။
အဓိကပြောချင်တာကတော့ စီးပွားရေး နယ်ပယ်မှာ အတွန်းအတိုက်ဖြစ်နေတဲ့ အားများစွာရှိနေတတ်ပါတယ်။ ဘောဂဗေဒပညာရှင်တွေလည်း ဘယ်အင်အားစုက အားအကောင်းဆုံးဖြစ်သွားနိုင်တယ်ဆိုတဲ့ လုံလောက်တဲ့ အချက်အလက်ကို မရရှိနိုင်ပါဘူး။ ဒါက ဘောဂဗေဒရဲ့ စိတ်လှုပ်ရှားစရာ ကောင်းတဲ့ အခန်းကဏ္ဍဖြစ်သလို၊ စိတ်ပျက်စရာ ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ထွက်ပေါ်လာမယ့် ရလဒ်တွေဟာလည်း အမြဲတမ်း သေချာမှုမရှိနိုင်ပါဘူး။ အပြင်လောကကြီးမှာ မရေမတွက်နိုင်တဲ့ အပြောင်းအလဲတွေ ရှိနေပါသေးတယ်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
tejvan pettinger, medium (image)