0

မာလာရှမ်းကောတစ်ပွဲရဲ့ မာဂျင်နယ်ယူတီလတီ

Share

       ကျွန်တော် စာဖတ်သူတွေကို စိတ်ကူးယဉ် ဥပမာတစ်ခုနဲ့ မိတ်ဆက်ပေးရင်း ဒီစာစုကို စဖွင့်လိုက်ချင်ပါတယ်။ ဒီဥပမာထဲမှာဆိုရင် စာဖတ်သူက မာလာရှမ်းကောကို အရမ်းကြိုက်ပေမဲ့ ဒီကပ်ရောဂါကြီးဖြစ်နေတဲ့ တလျှောက်လုံးမှာ မာလာရှမ်းကော လုံးဝမစားခဲ့ရသူတစ်ယောက်ဖြစ်နေရပါမယ်။ နောက်ဆုံး ကပ်ရောဂါကြီးပြီးသွားလို့ စားသောက်ဆိုင်တွေပြန်ဖွင့်တဲ့အခါမှာ ကျွန်တော်က စာဖတ်သူကို အသစ်ဖွင့်တဲ့ မာလာရှမ်းကောဆိုင် တစ်ဆိုင်ကို အမြည်းအနေနဲ့ ခေါ်သွားတယ်လို့ စိတ်ကူးကြည့်လိုက်ပါ။ အဲဒီဆိုင်က အသစ်ဆိုပေမဲ့ အဆာပလာတွေ အများကြီးထည့်ပေးသလို မာလာအနှစ်ကလည်း ကောင်းတဲ့အတွက် တစ်ပွဲကို ၂သောင်းလောက်တော့ ပေးရမယ်။ စားကြည့်ပြီး ပေးရဖို့တန်လား မတန်လား ဆုံးဖြတ်ပေးပါဆို ဘယ်လိုဆက်ဖြစ်မယ်ထင်ပါလဲ။ ဘယ်လိုဆက်ဖြစ်ရမှာလဲ။ စားကြည့်မှ သိမှာပေါ့လို့ ပြန်မပြောလိုက်ပါနဲ့ဗျာ။ စိတ်ကူးယဉ်ဥပမာဆိုတော့ ခုပဲ မာလာရှမ်းကော ပူပူလေးရောက်လာပြီး စားကြည့်နေပြီလို့တွေးလိုက်ပါ။ ဒီကပ်ကြီးတစ်ခုလုံးမှာ မာလာရှမ်းကောကိုလည်း ငတ်နေတယ်။ နောက်အခုဟင်းပွဲကလည်း ကိုယ်ကြိုက်တဲ့ အဆာပလာတွေနဲ့ဆိုရင် စိတ်ထဲမှာ မဆိုးဘူး ဒီဆိုင်ဒီလက်ရာနဲ့ဆိုရင် ဒီလောက်တော့ ပေးရမှာပဲလို့ တွေးနေမှာပါ။
       ဒါပေမဲ့ မပြီးသေးပါဘူး။ ကျွန်တော်က နောက်ရက်တွေလည်း ဆက်တိုက် ဒီဆိုင်ကိုပြန်ခေါ်လာပြီး မာလာရှမ်းကောစားခိုင်းနေပါဦးမယ်။ ၅ရက်မြောက်နေ့ကြရင်တော့ စာဖတ်သူကိုထပ်မေးပါမယ်။ မြို့ထဲက တစ်သောင်းပတ်ဝန်းကျင်လောက်ရှိတဲ့ မာလာရှမ်းကောတွေနဲ့ ဒီဆိုင်ကဟာနဲ့ ဘာတွေများထူးထူးခြားခြားကွာသေးလဲလို့။ ခုချိန် ဒီဆိုင်ကဟာကို ၂သောင်းပေးပြီး ဆက်ဝယ်စားချင်သေးရဲ့လား ဆိုတာကိုရောပေါ့။ စာဖတ်သူက ဒီ၂သောင်းတန်နဲ့ ၁သောင်းတန်တွေက သိပ်ပြီးလည်းမကွာတော့သလိုပါပဲ။ ဒီမာလာရှမ်းကောက ၂သောင်းတန်တယ်လို့ စိတ်ထဲမှာ သိပ်မထင်တော့ဘူးဆိုပြီး ပြောလာခဲ့ရင် ကျွန်တော်က ခဏလောက်တော့ နေပါဦးလို့ ပြန်ပြောပါရစေ။ ဘာလို့လဲဆိုတော့ နောက်၅ရက်ဆက်တိုက်လောက် ထပ်စားခိုင်းဦးမှာမို့လို့ပါ။ ၁၀ရက်မြောက်နေ့ကြရင် တစ်ခါထပ်မေးဦးမယ်ဗျာ။ စာဖတ်သူမိတ်ဆွေ၊ ဒီမာလာရှမ်းကောကို ၂သောင်းပေးပြီး ထပ်စားချင်သေးလားလို့။ အဲဒီအခါကြရင် စာဖတ်သူအနေနဲ့ ငါကရူးနေလို့ ထပ်ဝယ်စားရဦးမှာလား။ ၁၀ရက်လောက်စားရတာ တော်တော် ငြီးငွေ့နေပြီ။ တခြားအပြာင်းအလဲလေးတွေစားချင်ပြီပေါ့။ ခုချိန်အဲ့ဆိုင်က ပရိုမိုးရှင်းအနေနဲ့ တစ်ပွဲ ၅ထောင်ပဲပေးပါဆိုရင်တောင် ထပ်မစားချင်တော့ဘူးလို့ ပြောလာခဲ့ရင် ကျွန်တော်တို့ ဆိုလိုချင်တဲ့အချက်ကို ရောက်ပါပြီဗျာ။
       ခုကျွန်တော် တင်ပြသွားခဲ့တဲ့ ဥပမာဟာ စီးပွားရေးပညာဒဿနမှာ အခြေခံကျတဲ့ သဘောတရားတစ်ခုပဲဖြစ်ပါတယ်။ Consumer Psychology or Consumer Behavior လို့ခေါ်တဲ့ စားသုံးသူစိတ်ပညာ တွေရဲ့ အုတ်မြစ်လည်းဖြစ်ပါတယ်။ အဲဒါကို ကမ္ဘာ့စီးပွားရေးပညာရှင်တွေက အခေါ်အဝေါ်တစ်ခုအနေနဲ့ Utility လို့ခေါ်ကြပါတယ်။ ရှင်းရှင်းလေးဖြစ်အောင် ပြောရရင် Utility ဆိုတာ စိတ်ကျေနပ်မှုကို ခေါ်တာပါပဲ။ ဈေးကွက်သဘောတရားမှာပါတဲ့ Consumer ဆိုတဲ့ စားသုံးသူတွေဟာ တစ်ခုခုကို ဝယ်ယူမယ်၊ စားသုံးမယ်ဆိုလို့ရှိရင် သူဟာ စိတ်ကျေနပ်မှုကို ဝယ်ယူစားသုံးနေတာပါပဲ။ ဟုတ်လား၊ မဟုတ်လား ပြန်ဆန်းစစ်ကြည့်ပါ။ ကျွန်တော်တို့တွေဟာ အပြင်မှာ ဈေးဝယ်ပြီဆို ကိုယ်စားချင်တာကို ဝယ်စားတယ်၊ ကိုယ်ဝတ်ချင်တာကို ဝယ်ဝတ်တယ်၊ အားလုံးဟာ ကိုယ့်စိတ်ကျေနပ်မှုအတွက် သုံးစွဲလိုက်တာပဲမဟုတ်လား။ ဒါပေမဲ့ ဒီစိတ်ကျေနပ်မှုလေးဟာ သုံးစွဲမှုတိုင်းမှာ အခါခပ်သိမ်း တော့မတူညီနိုင်ပါဘူး။ အပေါ်က ဥပမာကို ပြန်ကောက်ရမယ်ဆိုရင် ပထမ မာလာရှမ်းကောကို ဝယ်စားလိုက်တဲ့အချိန်မှာရတဲ့ စိတ်ကျေနပ်မှုနဲ့ ၅ရက်မြောက်မှာ စားလိုက်တဲ့ မာလာရှမ်းကောအပေါ်မှာရှိတဲ့ စိတ်ကျေနပ်မှုက မတူနိုင်ပါဘူး။ ပထမမာလာရှမ်းကောကို ၂သောင်းတန်တယ်လို့ထင်ပေမဲ့ ၅ပွဲမြောက်ကို ၂သောင်းပေးစားဖို့က သိပ်ပြီး မကျေနပ်တော့ဘူးမဟုတ်လား။ ဒီလိုမျိုး တူညီတဲ့ ကုန်ပစ္စည်းတွေကို ထပ်ခါထပ်ခါ စားသုံးတာကိုတော့ Marginal Utility (အဆုံးသတ်ကျေနပ်မှု) လို့ခေါ်ကြပါတယ်။
       ကျွန်တော်က အပေါ်မှာ မာလာရှမ်းကောနဲ့ ဥပမာပြပြီး Marginal Utility ကိုပြောပြခဲ့ပေမဲ့ တကယ်တမ်း သူ့ကိုတွေးယူခဲ့တဲ့ စီးပွားရေးဒဿန ပညာရှင်တွေ အမြောက်အများရှိခဲ့တာပါ။ ဒီထဲမှာထင်ရှားတဲ့သူတွေဆိုရင် ၁၈၃၅ခုနှစ်မှာမွေးတဲ့ ဗြိတိန်လူမျိုး စီးပွားရေးပညာရှင် William Jevons တို့၊သူ့နောက်မှာ ဆက်ပြီး မွမ်းမံတွေးခေါ်ခဲ့တဲ့ Alfred Marshall တို့ပဲဖြစ်ပါတယ်။ သူတို့ရှေ့တွေ၊ သူတို့နောက်တွေမှာလည်း စီးပွားရေးဒဿနပညာရှင်တွေက ခေတ်အဆက်ဆက် ထပ်ဆင့်တွေးခေါ်ပြင်ဆင်ခဲ့ကြပြီး အခုကျွန်တော် မာလာရှမ်းကောနဲ့ဥပမာ ပြခဲ့တဲ့ အရမ်းရိုးရှင်းတဲ့ Marginal Utility သဘောတရားကို ရရှိခဲ့တာပါ။ ဒီ Marginal Utility ကနေထပ်ဆင့်ပြီး ရရှိခဲ့တဲ့ ဒဿနကတော့ “Principle of Diminishing Marginal Utility” ဆိုတဲ့ အဆုံးသတ်ကျေနပ်မှု ကျဆင်းခြင်း သဘောတရားပါပဲ။ ရှုပ်နေမှာစိုးလို့ ထပ်ရှင်းပြရရင် ကုန်ပစ္စည်းတစ်ခုကို ထပ်ခါထပ်ခါ စားသုံးလိုက်တိုင်း Marginal Utility တွေတိုးလာပြီး ထပ်တိုးလာတဲ့ Marginal Utility တွေဟာ ပထမဆုံးလောက် စိတ်ကျေနပ်မှု မရှိတော့တာကိုတော့ Diminishing Marginal Utility လို့ခေါ်တာပါပဲ။
       မာလာရှမ်းကောနဲ့ ပြန်ပြောရရင်တော့ ပထမဆုံးပွဲအတွက် Marginal Utility က ၂သောင်းပေးရလည်း စိတ်ကျေနပ်နေသေးတာပါ။ ဒါပေမဲ့ ၅ပွဲမြောက်အတွက် Marginal Utility ကြတော့ ၁သောင်းလောက်ပဲ ပေးချင်တော့တယ်ဆိုပြီး ဖြစ်လာတယ်။ နောက်ဆုံးပွဲအတွက်ကြတော့ ပရိုမိုးရှင်းရှိလို့ ၅ထောင်နဲ့ရောင်းပေးရင်တောင် ဝယ်ယူစားသုံးချင်တဲ့ စိတ်ကျေနပ်မှု မရှိတော့တာမျိုးကို ဆိုလိုတာပါ။ ဒါမျိုးကို ဂရပ်ဖ်ပေါ်မှာတင်လိုက်မယ်ဆိုရင် ပထမအမှတ်က ၂သောင်း၊ ၅ပွဲမြောက်မှာဆို ၁သောင်းနဲ့ နောက်ဆုံး ၁၀ပွဲမြောက်ဆိုရင် ၅ထောင်ဆိုပြီးတော့ မျဉ်းကြောင်းလေးက ဇောက်ထိုးဆင်းသွာတာ တွေ့ရမှဖြစ်ပါတယ်။
       ဒီနေရာမှာ ကုန်ပစ္စည်း တစ်ခုနဲ့ တစ်ခု Marginal Utility ကျသွားတာ ခြင်းတော့ မတူညီနိုင်ပါဘူး။ အနောက်နိုင်ငံတွေမှာဆိုရင် လက်ထပ်ခွင့်တောင်းတဲ့အချိန်ဆို စိန်လက်စွပ်မပါမဖြစ်ဆိုတော့ ပထမဆုံးစိန်လက်စွပ်တစ်ကွင်းရဲ့ Marginal Utility တန်ဖိုးက အရမ်းမြင့်ပါတယ်။ ဥပမာ ၁၀သိန်းဆိုလည်း သတို့သားလောင်းတွေက ဝယ်ပေးကြမှာပဲ။ ဘာလို့လဲ ဆိုတော့ သူတို့အတွက် အရမ်းအဓိပ္ပါယ်ရှိတယ်လို့ ထင်တာကိုး။ ဒါပေမဲ့ လက်ထပ်ပြီးလို့ နောက်ထပ်စိန်လက်စွပ်ကို ဝယ်မယ်ဆို သူ့Marginal Utility ကအရမ်းကျသွားမှာပါ။ ဘာလို့လဲဆိုတော့ ဒီဇိုင်းအသစ်အဆန်းဖြစ်သွားတာကလွဲရင် အဓိပ္ပါယ်မယ်မယ်ရရမရှိတော့လို့ပါ။ ဒီအခါဆို သကောင့်သားတွေကို သွားမေးကြည့်ပါ။ ၅သိန်းမပြောနဲ့ ၂သိန်းလောက်ဆိုရင်တောင် အင်တင်တင်ဖြစ်နေမှာပါ။ ဒါဆို စိန်လက်စွပ်ရဲ့ Marginal Utility တွေကို ဂရပ်ဖ်ပေါ်ချကြည့်ရင် မာလာရှမ်းကောထပ်တောင် ဇောက်ထိုးဖြစ်နေမှာပါ။ ဒါကြောင့်မို့လို့ စိန်လက်စွပ်တွေ ကြော်ငြာမယ်ဆိုရင် Marginal Utility မြင့်တဲ့ လူပျိုတွေကို ပစ်မှတ်ထားပြီး ကြော်ငြာလေ့ရှိပါတယ်။
       နောက်တစ်မျိုးကတော့ Marginal Utility ကျဆင်းမသွားတဲ့ ကုန်ပစ္စည်းတွေလည်း ရှိတတ်ပါတယ်။ ဥပမာပြောရရင် ရေသန့်ဘူးလို ပစ္စည်းတွေပါ။ ကျွန်တော်တို့ ပထမဆုံးဝယ်သောက်ခဲ့တဲ့ ရေသန့်ဘူးကစလို့ ဒီနေ့ထိ ရေသန့်ဘူးတစ်ဘူးအပါ်မှာရှိတဲ့ Marginal Utility ကကျမသွားပါဘူး။ အရင်တုန်းက ၃၀၀နဲ့ ဝယ်သောက်ရင် နောက်လည်း ခုလည်း ၃၀၀ပေးပြီး သောက်နေဦးမှာဖြစ်သလို နောက်လည်း ၃၀၀ပေးပြီး ဆက်သောက်နေဦးမှာပါ။ ဒါကြောင့် သူ့ကို ဂရပ်ဖ်ပေါ်တင်ကြည့်ရင် ရေပြင်ညီမျဉ်း တစ်ဖြောင့်တည်း ဖြစ်နေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ သီဝရီသက်သက်ဥပမာတွေဖြစ်လို့ လက်တွေ့နဲ့တော့ မတူညီနိုင်ပါဘူး။ တကယ်အပြင်မှာ ပစ္စည်းတစ်ခုဝယ်တော့မယ်ဆိုရင် လွှမ်းမိုးနေတဲ့အချက်အလက်တွေအများကြီးကို ကျော်ဖြတ်ပြီးမှ စားသုံးသူတွေက ဝယ်ယူကြတာဖြစ်လို့ပါ။ ဘယ်သူမှလည် ငါဒီပစ္စည်းကို ဝယ်လိုက်လို့ Utility ဘယ်လောက်ရှိမှာတို့ဘာတို့ တွေးနေမှာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ဒီထဲမှာပါတဲ့ ဥပမာတွေဟာ Marginal Utility ကိုရှင်းပြလို့ လွယ်ကူအောင်ယူသုံးထားတာလို့ နားလည်ပေးကြရင်း စီပွားရေးဒဿနစာစုလေးကို နိဂုံးချုပ်လိုက်ပါရစေ။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source: Cracking Economics/ A little History of Economics
Photo: Economics-Weebly/ Britannica/ businessandfinance.expertcolumn.com

%d bloggers like this: