0

နည်းပညာတိုးတက်မှုတွေနဲ့အတူ အလုပ်အကိုင်ဆုံးရှုံးမှုများလာမှာကို ကြောက်တာ ပုံမှန်ဖြစ်စဉ်တစ်ခုလား

Share

သည်နှစ်တွေ အတွင်းမှာ ကျွန်တော်တို့ဟာ AI လို့ ခေါ်တဲ့ လူတွေဖန်တီးထားတဲ့ အသိဉာဏ်စနစ် တစ်ခု Artificial Intelligence အကြောင်းကို မကြာခဏ ကြားလာရပါတယ်။ Tesla လျှပ်စစ်ကားတွေ၊ တည်ထောင်တာ နှစ်ပေါင်း ၂၀ နီးပါး ရှိတော့မယ့် Space X စတာတွေရဲ့ Creator ကြီး Elon Musk ကလည်း ပိုမိုဖွံ့ဖြိုးလာမယ့် AI အကြောင်း၊ AI ဟာ လူသားတွေ အတွက် အန္တရာယ်တစ်ခု ဖြစ်တဲ့ အကြောင်း မကြာမကြာ ပြောနေပြန်ပါတယ်။ တကယ်ရော လူသားတွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါသလား။ လူတွေကြောက်နေကြတာတွေက ဘာတွေများဖြစ်မလဲ။
ကျွန်တော်တို့ဟာ နည်းပညာတိုးတက်လာမှုတွေကို ခေတ်အဆက်ဆက် အံ့သြမင်သက်ခဲ့ရပြီး အကျိုးကျေးဇူးတွေလည်း အများကြီးခံစား လာခဲ့ပြီးပါပြီ။ ပြီးတော့ နည်းနည်း စိတ်ကူးတွေ လွန်သွားပြီး အတွေးလွန်ကြောက်ရွံ့မှုတွေလည်း ဖြစ်ကြပါတယ်။ သင်လည်း အဲ့လိုဖြစ်နေပြီဆိုရင်တော့ အဲ့တာ သင်တယောက်တည်း မဟုတ်ပါဘူး။ ဒီလိုမျိုးဖြစ်စဉ်ကို Luddite Fallacy လို့ ခေါ်ပါတယ်။ နည်းပညာတိုးတက်မှုအတွက် အတွေးလွန် ယုံကြည်မှုလွဲမှားနေတဲ့ ဖြစ်စဉ်တစ်ခုပေါ့။

Origin မူလအစ ပထမ
Luddite Fallacy က ၁၇၇၉ ခု လောက်မှာ စပြီး ပေါ်ပေါက်ခဲ့ပါတယ်။ မကြာသေးခင် နှစ်တွေက England Premier League ဖလားရယူသွားတဲ့ Leicester City အသင်းရှိရာ လက်စတာမြို့ကို အားလုံးသိကြမယ်လို့ ထင်ပါတယ်။ ပါးစပ်ရာဇဝင်လို့ ပြောရမလိုပါပဲ။ ဒီကိစ္စတွေ စပေါ်စေခဲ့တဲ့ လက်စတာမြို့ပြင်က Ned Ludd ဆိုတဲ့ လူတစ်ယောက်ရှိခဲ့ပါတယ်။ သူက မြို့က ရက်ကန်းစက်ရုံက အလုပ်သမားတစ်ဦးပါ။ အဲ့ဒီတုန်းက စက်ရုံက စက်တွေဟာ လုပ်ရကိုင်ရတာ ခက်ခဲပြီး ပင်ပန်းသလို၊ အဆင့်တွေလည်း အများကြီး လိုတာမို့ အလုပ်သမားတွေလည်း အများကြီး လိုအပ်ပါတယ်။ မကြာခင်မှာပဲ အလုပ်သမားတွေ အတွက် အဆင်မပြေစရာကိစ္စတွေ ပေါ်ပေါက်လာပါတယ်။
စက်ရုံပိုင်ရှင်တွေက ပိုမိုကောင်းမွန်ပြီး ဈေးကြီးတဲ့ စက်ကြီးတွေကို ဝယ်ယူ တပ်ဆင် အသုံးပြုလာကြပါတယ်။ ကျွန်တော်တို့အတွက် အခု ဆိုရင် ဒီကိစ္စဟာ လွယ်လွယ်ကူကူ တွက်ဆလို့ရတဲ့ အရာ တစ်ခုပေါ့။ ချည်ထည်တွေ ပိုပြီး မြန်မြန်ထွက်လာတယ်။ အချို့နေရာတွေမှာ အလုပ်သမားတွေ လျှော့လို့ရလာမယ်။ ဥပမာ စက်တပ်ဆင်ထားတဲ့ နေရာ တခုမှာ အလုပ်သမား ၁၀ ယောက်လောက်လိုတယ်ဆိုပါစို့။ နောက်ပိုင်းတပ်ထားတဲ့ စက်အကောင်းစားကြီးတွေက တစ်နေရာကို အလုပ်သမား ၅ ယောက်ပဲ လိုတော့တယ်ဖြစ်သွားတာမျိုးပေါ့။ အဲ့ဒီ့မှာတင် အလုပ်သမား ၁၀၀၀ လောက် လုပ်မှရမယ့် စက်ရုံကြီးဟာ အလုပ်သမားဦးရေ ၅၀၀ ပဲ လိုအပ်ပါတော့တယ်။ အလုပ်တွေ အများကြီး ဆုံးရှုံးသွားတာပေါ့။
ပြီးတော့ နောက်ထပ်တစ်ခုလည်း ရှိသေးတယ်ခင်ဗျ။ လူတွေသာ လျော့သွားပေမယ့် စက်တွေက အများကြီး ပိုကောင်းလာတာမို့ အလုပ်ပြီးမြောက်မှု ကတော့ ပိုမိုပြီး အားကောင်းလာပါတယ်။ ချည်ထည်တွေ တစ်နာရီထက် တစ်နာရီ ပိုပိုပြီး ထွက်လာတာပေါ့။ ကုန်ထုတ်လုပ်ငန်းတွေမှာ များများထုတ်လုပ်နိုင်လာလေ ထုတ်လုပ်တဲ့ စရိတ်တွေက ကျလာတတ်ပါတယ်။ စက်ရုံပိုင်ရှင်တွေက သေသေချာချာ တွက်ချက်ပြီး အလုပ်သမား လစာတွေကိုလည်း လျှော့ချနိုင်ခဲ့ပါတယ်။
ခုတော့ အလုပ်သမားတွေက နစ်နာတာ အနည်းဆုံး ၂ ခု ထိ ရှိလာပါပြီ။ အလုပ်တွေ ပြုတ်ကုန်တယ်။ လစာတွေ လျော့လာကြတယ်။ အဲ့ဒီမှာတင် သူတို့ဟာ စဉ်းစားလာကြတယ်။ နောက်ထပ်များ ဒီထက်ပိုကောင်းတဲ့ စက်တွေ တပ်ဆင်လာခဲ့မယ်ဆိုရင် အလုပ်တွေ ပိုရှားကုန်မယ်။ လစာတွေကလည်း စားဝတ်နေရေး အဆင်မပြေတော့ဘူး ဆိုတာတွေပေါ့။ တဖြည်းဖြည်းနဲ့ ဒါတွေရဲ့ တရားခံဟာ စက်တွေ၊ နည်းပညာတွေ တိုးတက်လာလို့ပဲလို့ သူတို့ ကောက်ချက်ချလိုက်ကြတယ်။ သူတို့တွေ ဆန္ဒပြကြမယ်လို့ တိုင်ပင်ကြပြီး စက်ရုံပိုင်ရှင်တွေဆီ လိုအပ်တာတွေ တောင်းဆိုထားတဲ့ စာတွေ ပို့ကြပါတယ်။ မျှော်လင့်ထားသလိုဖြစ်မလာတဲ့ နောက်ဆုံးတော့ သူတို့တွေ စက်ရုံကို ဝင်စီးလိုက်ကြပြီး ရက်ကန်းစင်တွေကို ဖျက်ဆီးတာ၊ အလုပ်ရုံထဲက ပစ္စည်းတွေကို ဖျက်ဆီးတာတွေ လုပ်ခဲ့ကြပါတယ်။ လက်ဒိုက်ဒ် ရဲ့ ဦးဆောင်မှုနောက်ကို လိုက်လုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။ အဲ့တာကြောင့်မို့ သူတို့ကို The Luddites တွေလို့ ခေါ်ခဲ့ကြပါတယ်။ ခုခေတ်မှာတော့ နည်းပညာတွေရဲ့ တိုးတက်မှုကို ကြောက်လို့ မကောင်းတဲ့ဘက်အခြမ်းကိုပဲ မြင်နေတဲ့သူတွေကို The Luddites တွေလို့ ခေါ်ဆိုကြပါတယ်။

ယုံကြည်မှုအမှား
ဒီလို ယုံကြည်နေတာက မှားယွင်းတဲ့ အယူအဆဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လည်း ဒီ အယူအဆကို Fallacy လို့ သတ်မှတ်ထားတာပါ။ နည်းပညာတွေ တိုးတက်လာရင် အလုပ်တွေ ဆုံးရှုံးမှုဖြစ်စေမှာတော့ မှန်ပါတယ်။ ဒါပေမယ့် ဒါက ယာယီသာဖြစ်ပါတယ်။ စီးပွားရေး ပညာရှင်တွေ အကုန်လုံးက ဒီလို အလုပ်အကိုင်ဆုံးရှုံးမှုတွေဟာ ယာယီကိစ္စသာဖြစ်ကြောင်း အချက်အလက်တွေနဲ့ ငြင်းဆိုပါတယ်။ World Economic Forum (WEF) မှာတော့ လာမယ့် ၂၀၂၂ မှာ နည်းပညာကြောင့် ဆုံးရှုံးရမယ့် အလုပ်အကိုင် အရေအတွက်ဟာ 75 Millions ၇၅ သန်းတောင်ရှိမှာဖြစ်ပြီး၊ နည်းပညာအသစ်တွေကြောင့် ပြန်ဖန်တီးပေးနိုင်မယ့် အလုပ်အကိုင်အရေအတွက်ကတော့ 133 Millions ( ၁၃၃ သန်း) အထိရှိနေမှာဖြစ်ကြောင်း အချက်အလက်တွေပေါ်မူတည်ပြီး ခန့်မှန်းပေးထားပါတယ်။
စီးပွားရေး ပညာရှင်တွေက လိုအပ်တာထက် ပိုမစိုးရိမ်ကြဖို့ ရှင်းပြလေ့ရှိပါတယ်။
ဥပမာဖြစ်စဉ်တွေကတော့ ဒီလိုပါခင်ဗျ။ အလိုအလျှောက် အလုပ်လုပ်မယ့် စက်တွေ (Automated Machines) ပေါ်လာတဲ့ အခါမှာ ကုန်ပစ္စည်းတွေ ထုတ်ရတာ ပိုလွယ်ကူလာပါတယ်။ အဲ့ဒီ့တော့ ကုန်ထုတ်စရိတ်တွေ ကျလာပါမယ်။ ပြီးတော့ ဈေးကွက် အရောက် ကုန်ပစ္စည်းဈေးပါ သက်သာလာပြီး ဝယ်သူ၊ ဖေါက်သည်တွေအတွက်လည်း အသုံးစရိတ်သက်သာလာပါတယ်။ စားသုံးသူတွေဟာ ငွေပိုငွေလျှံတွေ ရှိလာမှာဖြစ်ပြီး အဲ့ဒီ့ငွေတွေကို တခြားမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ်၊ အပန်းဖြေခရီးထွက်တာဖြစ်ဖြစ် လုပ်လာနိုင်ကြမှာပါ။
အဲ့တာက လူနေမှုအဆင့်အတန်း ပိုမိုမြင့်မားလာတာကို ဖြစ်စေမှာဖြစ်ပြီး တပြိုင်တည်းမှာပဲ အလုပ်အကိုင်အသစ်တွေ ဖန်တီးလာနိုင်မှာပါ။ ပထမအချက် ရင်းနှီးမြှုပ်နှံဖို့စဉ်းစားတယ်ဆိုပါစို့။ ငွေပိုငွေလျှံရှိတဲ့သူတွေ များလာတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ Wealth Manager, Hedge Fund Manager, Mutual Funding စတဲ့ ငွေပုံငွေရင်း အမြောက်အများကို စီမံခန့်ခွဲမှု သပ်သပ်လုပ်တဲ့ အလုပ်အကိုင်တွေရှိပါတယ်။ ဟိုးအရင် ရာစုနှစ်တွေတုန်းက မရှိခဲ့တဲ့ အလုပ်အကိုင်အသစ်တွေ ဖြစ်ပေါ်လာတာပါ။
ဒုတိယ အချက် အပန်းဖြေခရီး သွားမယ်လ ို့ဆုံးဖြတ်ထားတဲ့သူတွေ ရှိလာတဲ့အခါမှာလည်း ခရီးသွားလာရေးလုပ်ငန်းတွေ တိုးတက်လာပြီး၊ ဈေးကွက်အတွင်းပြိုင်ဆိုင်မှုတွေက တဆင့် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ စိတ်ချမ်းသာစရာအမှတ်တရတွေကို ဖန်တီးရင် ကောင်းမွန်တဲ့ လူနေမှုအဆင့်အတန်းကို ပိုမိုဖြစ်ပေါ်လာစေပါတယ်။
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင်လည်း အရင်က လယ်ဂျာစာအုပ်ကြီးတွေနဲ့ စာရင်းဌာနတွေဟာ Excel, Office Suite တွေ ပေါ်လာပြီးနောက်ပိုင်း လူ ၁၀ ဦးလောက် အလုပ်လုပ်ရာကနေ ၅ ဦးပဲ လိုတော့တယ်ဆိုပါစို့။ ယာယီအားဖြင့် အလုပ်တွေဆုံးရှုံးသွားရတာတော့ မှန်ပါတယ်။ ဒါပေမယ့် Google Sheets, Project Software, Social Media တွေကြောင့် အင်တာနက်ပေါ်ကနေပဲ အလုပ်လုပ်တဲ့ စာရင်းကိုင်တွေ၊ ဘဏ္ဏာရေး အမှုဆောင်တွေ၊ တပြိုင်တည်းမှာပဲ ကုမ္ပဏီ ၂ခု၊ ၃ ခု အတွက် ဝန်ဆောင်မှုပေးနေတာတွေ စတဲ့ အလုပ်အကိုင်အသစ်တွေ ဖြစ်လာစေပါတယ်။ ဒါက တိုက်ရိုက် ဆက်စပ်နေတဲ့ အလုပ်အကိုင်တွေဖြစ်ပြီးတော့ ကုမ္ပဏီက လျှော့ချလိုက်တဲ့ ဝန်ထမ်းနေရာတွေမှာ သက်သာတဲ့စရိတ်တွေကို အခြား နယ်ပယ်မတူတဲ့၊ လိုအပ်တဲ့ Public Relations, CSR Management စတာတွေ ဖန်တီးဖို့ပါ ဖြစ်လာစေပါတယ်။

အချုပ်
ကျွန်တော် ဒီတခါတော့ စာတွေကို အနည်းဆုံး ချုံ့ပြီး ရေးသားထားပါတယ်။ ကျွန်တော်တို့ ကြောက်နေကြတဲ့ အရာတွေကလည်း တခါတခါ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေက လာလေ့ရှိပါတယ်။ AI အကြောင်း ပြောတော့မယ်ဆိုရင် သိပ္ပံရုပ်ရှင်တွေထဲကအတိုင်း စက်ရုပ်တွေ ကမ္ဘာကြီးကို စိုးမိုးတော့မှာလား။ စမ်းသပ်တဲ့ အကြိမ်ရေ အလွန်အကျူးများနေတဲ့ ကိစ္စတွေကြောင့် ကမ္ဘာကြီး ပျက်စီးတော့မှာလား စတာတွေ ဖြစ်နေတတ်ပါတယ်။
Orio Economics မှာတော့ နည်းပညာနဲ့ပက်သက်ပြီး လူတွေကြောက်နေတာက အလုပ်အကိုင် ဆုံးရှုံးမှုတွေကိုသာဖြစ်ကြောင်း ပြောလိုခြင်းဖြစ်ပါတယ်။ ဒီလိုကြောက်နေဖို့လည်း မလိုပဲ နည်းပညာအသစ်တွေဟာ Higher Disposable Incomes အတွက်ဖြစ်ကြောင်း၊ Higher Living Standards တွေကို ဦးတည်နေကြောင်း ကျွန်တော်တို့ Orio Econ က ကမ္ဘာ့စီးပွားရေး ဖိုရမ်က ထုတ်ပြန်ချက်တွေနဲ့ အတူ ရပ်တည်နေပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျ။

Contributed by Min Thwe Kyaw
ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။

%d bloggers like this: