လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်ကစလို့ ကျွန်မတို့နေထိုင်ရာကမ္ဘာကြီးပေါ်မှာ ပြောင်းလဲတိုးတက်မှုတွေ အဆက်မပြတ်ဖြစ် ပေါ်နေပါတယ်။ နှစ်တွေကြာလာလေ လူတွေကတယောက်နဲ့တယောက် ပိုမိုဆက်သွယ်မှုတွေရှိလာလေ၊ မယုံကြည်နိုင် လောက်အောင်ပြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာလေပါပဲ။ ဟိုးတချိန်တုန်းက လူတယောက်ဟာ သူ့ရွက်သူလွှင့်၊ သူ့မြင်းသူဆွဲ၊ သူ့ကလောင်သူကိုင်ကာ သူသိသမျှမှတ်တမ်းတင်ခဲ့တဲ့သူ၊ နောက်ပြီး ယနေ့ကျွန်မတို့ကမ္ဘာပေါ်မှာ ဖြစ်ပျက်ပြောင်းလဲမှုတွေရဲ့ အခြေခံသဘောတရားဖြစ်တဲ့ ဈေးကွက်ဆိုတဲ့အဓိပ္ပါယ်ကို စတင်ထုတ်ဖော်ခဲ့သူတယောက်ရှိခဲ့ပါတယ်။ သူကတော့ ကမ္ဘာပထမဦးဆုံးစီးပွာရေးပညာရှင်၊ အတွေးအခေါ်ပညာရှင်စကော့်ရှ်လူမျိုး Adam Smith အဒမ်စမစ်ဖြစ်ပါတယ်။ သူဟာကမ္ဘာပေါ်မှာအထင်ရှားဆုံးစာအုပ်၂အုပ်ဖြစ်တဲ့ The Theory of Moral Sentiments နဲ့The Wealth of Nations ဆိုတဲ့စာအုပ်၂အုပ်ကို မှတ်တမ်းတင်ရေးသားခဲ့သူလဲဖြစ်ပါတယ်။ Smith ရဲ့ အထင်ရှားဆုံးအတွေးအခေါ်တွေထဲကမှ “Invisible Hand” မမြင်ရသောလက်များဆိုတဲ့ concept ဟာအထင်ရှားဆုံးဖြစ်ပါတယ်။ ဒါဟာဘာကိုဆိုလိုသလဲဆိုတာ အခုဆွေးနွေးတင်ပြမှာဖြစ်ပါတယ်။
Adam Smith ကို 1723 ခုနှစ်၊ Kirkcaldy ရဲ့ ပင်လယ်ကမ်းစပ်မြို့ငယ်လေးတခုမှာမွေးဖွားခဲ့ပါတယ်။ အဲမြို့လေးမှာပဲ ရှိတဲ့ ဈေးသည်တွေနဲ့ အင်မတန်စည်ကားလှတဲ့ ဈေးသေးသေးလေးကနေ သူဟာစီးပွားရေးနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေကိုသင်ယူခဲ့တယ်။ Glasgow University မှာပညာသင်ကြားခဲ့ပြီးနောက် ထိပ်တန်းအုပ်ချုပ်သူတယောက်ဖြစ်လာခဲ့ပါတယ်။ Scotland နိုင်ငံရဲ့မြို့တော် Edinburgh မှာပဲနေထိုင်ပြီး၊ စီးပွားရေးနဲ့အတွေးအခေါ်ပညာရပ်တွေကို သင်ကြားပြသပေးတယ်။ ထို့နောက် ယနေ့ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးနဲ့ ထင်ရှားတဲ့ လူမှုစီးပွားရေးအတွေးအခေါ်ဖြစ်တဲ့ ဈေးကွက်ဆိုတဲ့အရာကို စတင်ရှင်းပြစေတဲ့Invisible Hand ဆိုတဲ့ စကားရပ်တခုကိုတီထွင်ခဲ့ပါတယ်။ အဲစကားလုံးဟာစီးပွားရေးအကြောင်းကို အခြေခံထားတဲ့ အဓိကလူ၂မျိုး၂စားဖြစ်တဲ့ ရောင်းသူနဲ့ဝယ်သူဆိုတာကိုရှင်းပြထားပါတယ်။
Smith က ရောင်းသူတွေဟာ ဝယ်သူရဲ့စိတ်နှလုံးသားကိုပိုင်ဆိုင်သွားတဲ့အခါ အကောင်းဆုံးအလုပ်လုပ်တယ်လို့ဆိုပါတယ်။ နောက်ပြီးကျွန်တော်တို့က တယောက်ကိုတယောက် အကျိုးရှိမဲ့ Partner အဖြစ်မြင်ကြတယ်၊ လုပ်ဖော်ကိုင်ဖက်တွေလို့မြင်ကြတယ်၊ သင်ကငါ့အတွက်အခွင့်အရေးတခုပဲ ရန်သူမဟုတ်ဘူး။ ဒါကိုကြည့်ပြီး Smith က ရောင်းသူတွေဟာ ကုန်ပစ္စည်းတွေကို ကမ္ဘာတဖက်ခြမ်းက လိုချင်တဲ့သူတွေဆီရောက်အောင် ပြုလုပ်ကြတာကိုနားလည်သဘောပေါက်ခဲ့တယ်။ ဒါဟာ သိပ်ရိုးဆင်းတဲ့ အကြောင်းအရာဖြစ်ပေမဲ့ တခါတလေအစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ အလွန်ရှုပ်ထွေးတဲ့အကြောင်းအရာပါ။ ဒါပေမဲ့သူကဒါကိုလွတ်လပ်တဲ့ ဈေးကွက်ရဲ့သဘောသဘာဝတခုဆိုတာ သဘောပေါက်ခဲ့တယ်။ လွတ်လပ်တဲ့ဈေးကွက် “free market” နဲ့ပတ်သက်ပြီး အရေးပါတဲ့အချက်တခုက မတူညီတဲ့လူတွေဟာ မတူညီတဲ့အလဲအလှယ်တွေကြားပြုလုပ်တဲ့ voluntary trade ဆိုတာပဲဖြစ်ပါတယ်။ နောက်ပြီး ဘယ်လိုလူမျိုးက ဘယ်အချိန်မှာ ဘယ်အရာကိုလိုအပ်နေတယ်ဆိုတာကို သဘောပေါက်တဲ့ရောင်းချသူတွေက လူတွေကိုပေးနိုင်ဖို့ကြိုးစားကြတယ်။ ဥပမာမိုးတွေရွာတဲ့အခါထီးရောင်းတဲ့သူတွေ ဒါမှမဟုတ ပင်လယ်ကမ်းခြေမှာ နေကာမျက်မှန်ရောင်းတဲ့သူတွေကို သင်သတိပြုမိဖူးမှာပါ။ Adam Smith ကဒီလိုဘာကြောင့်ဖြစ်လာလဲဆိုတာ ယခုလိုပြောပြခဲ့ပါတယ်။ ကျွန်တော့်ညစာအတွက် ဈေးကဝယ်လိုက်ပြီး ချက်ပြုတ်ထားတဲ့ အသားကင်၊ ပေါင်မုန့်တချပ်နဲ့ ဝိုင်တခွက်ရှိပါတယ်။
ဒီလိုညစာကောင်းကောင်းစားရဖို့ သားသတ်သမားတွေ၊ အရက်ချက်သူတွေ၊ ပေါင်မုန့်ဖုတ်သူတွေက စေတနာကောင်းလို့ မုန့်တွေပြုလုပ်ပေးနေတာမဟုတ်ဘူး။ သူတို့ကသူတို့အကျိုးစီးပွားကြောင့်လုပ်နေတာ။ ကျွန်တော်တို့ လူသားဆန်စွာနဲ့ ကိုယ်ကိုယ်ကိုယ်ချစ်လို့ ကိုယ့်အကျိုးကိုယ်ကြည့်တာ၊ သူများအကျိုး ကုသိုလ်ရေးလုပ်နေတာမဟုတ်ကြပါဘူးလို့ပြောခဲ့တယ်။ Adam က ကိုယ့်ကိုယ်ကိုယ်ချစ်တယ်ဆိုတာ မုန့်ဖုန်သမားက သူ့ရဲ့ဝမ်းရေးအတွက်နဲ့ သူ့မိသားစုက ကျွေးမွေးဖို့ပြုလုပ်တာကိုပြောတာပါ။ အဲလိုလုပ်ဖို့အတွက် သူတို့က တခြားသူတွေဝယ်မယ်လို့ တွက်ထားတဲ့ပေါင်မုန့်တွေလုပ်တယ်။ ဘယ်သူကမှပေါင်မုန့်လုပ်ပါလို့မပြောဘူး။ သူ့ဘာသာသူ့အကျိုးစီးပွားကြောင့်လုပ်တာဖြစ်ပါတယ်။ Smith တွေ့ခဲ့တဲ့အရာက အပြန်အလှန်တကိုယ်ကောင်းဆန်မှုမဟုတ်ပါဘူး။ သူတွေ့တာ လူ့ကျင့်ဝတ်နဲ့သက်ဆိုင်တဲ့ အပြန်အလှန်လေးစားမှုပါ။
နောက်ပြီးပေါင်မုန့်တလုံးကို ဘယ်လောက်ပေးချေသင့်သလဲဆိုတာကို ဘယ်သူကသတ်မှတ်တာလဲဆိုတဲ့အချက်ကို smith ကဒီလိုရှင်းပြထားပါတယ်။ ဥပမာ ကျွန်တော်တို့အားလုံးပေါင်မုန့်လိုချင်တယ်။ ဒါပေမဲ့ပေါင်မုန့်ဖုတ်သမားက အရည်အတွက်အတိုင်းအတာတခုထိပဲ ဖုတ်နိုင်တယ်။ အဲဒီအခါ မုန့်ဖုတ်သမားကဈေးကိုတိုးလိုက်တယ်။ ဘာကြောင့်လဲဆိုဈေးကွက်ရဲ့ ဝယ်လိုအားနဲ့ရောင်းလိုအားအခြေအနေကို သိတာကြောင့်မိုလို့။ အဲဒီအချိန်မှာပဲ အခြားမုန့်ဖုတ်သမားရောက်လာတယ်။ ပေါင်မုန့်လိုချင်သူတွေက သူ့ဆီကိုရောက်သွားကြတယ်။ လယ်သမားတွေကလဲမုန့်ဖုတ်သမားတွေက ဂျုံလိုအပ်တာကို သိလို့ဂျုံကိုပိုတိုးစိုက်ကြတယ်။ ကုန်ပို့သူတွေက ဂျုံကိုလယ်သမားဆီကနေ မုန့်ဖုတ်သမားတွေထိရောက်အောင် ပို့ဆောင်ပေးပြီးပိုက်ဆံရှာလို့ရမှန်းသဘောပေါက်လာကြတယ်။ ဒါကြောင့်ကုန်တင်ကားတွေဝယ် ကားမောင်းသမားတွေ ခန့်ပစ်လိုက်ကြတယ်။
ကျွန်မတို့အားလုံး ကိုယ့်ကိုစိတ်ကျေနပ်စေမဲ့ကုန်ပစ္စည်းတွေဝယ်ဖို့ ပိုက်ဆံအိတ်တွေကို အလိုတူဖွင့်ပေးလိုက်ကြတယ်။ ဘယ်သူကမှလုပ်ပါပြောလို့ လုပ်ကြတာမဟုတ်ဘူး။ ကိုယ့်သဘောနဲ့ကိုယ်လုပ်ကြတာ။ အဲဒီလိုရောင်းဝယ်မှုပြုလုပ်တိုင်းမှာ message တွေလဲပို့လွှတ်ကြတယ်။ ဈေးကွက်ထဲမှာsupply မြင့်လာတဲ့အခါပြိုင်ဆိုင်မှုအရ ပစ္စည်းဈေးနှုံးတွေကျလာတယ်။ လူတွေဟာ ပစ္စည်းချင်းတူရင် ဈေးသက်သာတဲ့ဆီကိုရောက်အောင်သွားကြတာကြောင့်ပါ။
ဈေးသည်တွေဟာ ဈေးကွက်ဝယ်လိုအားကိုချိန်ညှိပြီး အလိုအလျောက်ရောင်းလိုအားတွေတိုးမြှင့်လာတယ်။ တခြားတဖက်မှာလဲ ပေါင်မုန့်ဝယ်လို့ရတဲ့နေရာက လာချင်စဖွယ်ဖြစ်အောင် နွေးထွေးပြူငှာဖော်ရွေအောင်ပြုလုပ်ထားတယ်။ ဈေးနှုံးထက်ပိုတဲ့ပြိုင်ဆိုင်မှုတွေရှိလာတယ်။ ဒါတွေအားလုံးဟာ အစိုးရရဲ့စိုးမိုးချယ်လှယ်မှုတခုမှမပါဘဲ သူ့ဘာသာသူဖြစ်လာတာဖြစ်တယ်။ ဒါကို Smith ကလုပ်ငန်းခွင်ရဲ့ invisible hand လို့တင်စားခဲ့တာဖြစ်တယ်။ ဈေးကွက်သဘောအရ ကုန်ပစ္စည်းတန်ဖိုးဟာ တဖြည်းဖြည်း ကျလာပြီး အရည်အသွေးနဲ့ဝန်ဆောင်မှုတွေ ပိုမိုကောင်းမွန်လာကြတယ်။ ဒီသဘာတရားဟာ မုန့်ဖုတ်သမားကစလို့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးတွေထိ သက်ရောက်နေတာဖြစ်ပြီး ဒီလိုဖြစ်လာအောင် ဘယ်သူကမှ plan ချပြီးစီစဉ်ထားတာမဟုတ်ပဲ Invisible Hand ကြောင့်သာဖြစ်တယ်။
ဒီသဘောကိုဆန့်ကျင်တဲ့အခြေအနေတရပ်ကတော့ လောဘကြီးတဲ့စီးပွားရေးသမားတွေက လူတွေကိုလှည့်စားပြီး လက်ဝါးကြီးအုပ်ဖို့ကြိုးစားကြခြင်းပါပဲ။ ဒါကြောင့် Smith ကလွတ်လပ်တဲ့ပြိုင်ဆိုင်မှု free competition နဲ့free trade ဖြစ်ပေါ်လာတယ်လို့ဆိုပါတယ်။ ဒါကြောင့် Smith ကအစိုးရအနေနဲ့ ကြားကနေ pro business မလုပ်သင့်ဘူး။ pro-market ပဲဖြစ်သင့်တယ်လို့ပြောပါတယ်။ တစုံတယောက်က လက်ဝါးကြီးအုပ်ဖို့ကြိုးစားနေပြီဆိုရင် အစိုးရအနေနဲ့ ဒီအခြေအနေကို ကာကွယ်နိုင်တဲ့အခွင့်အလမ်းတွေ ဖန်တီးပေးရပါတယ်။ ဥပမာလောဘကြီးတဲ့စီးပွားရေးသမားတွေက ကုန်ပစ္စည်းဈေးနှုံးတွေမြှင့်ပြီးဒါမှမဟုတ် ပစ္စည်းအရည်အသွေးကိုလျှော့ချပြီး လူတွေဆီကနေဓါးပြတိုက်ယူတဲ့အခါ လူတွေအတွက် အခြားရွေးချယ်စရာတွေဆီရောက်သွားတာမျိုး။
ဒါပေမဲ့ဈေးကွက်တခုက ရောင်းသူဝယ်သူရဲ့ အကျိုးတခုထဲကိုပဲကြည့်ပြီး အစိုးရရဲ့ချုပ်ကိုင်ချယ်လှယ်မှုမပါပဲ တကယ်ရောအလုပ်ဖြစ်ရဲ့လား။ အဖြေက Smith ရဲ့အဆိုကိုမွမ်းမံပြီးပြောရရင်တော့ yes ဖြစ်နိုင်ပါတယ်။ ဒီအဖြစ်ကဥပမာသင်ကမြို့လည်ကောင်တနေရာကနေအခြားတနေရာကိုသွားချင်တဲ့အခါ taxiသို့မဟုတ်ကားငှားဖို့စောင့်မယ်။ ဒါပေမဲ့အခုအခါမှာတော့ Uber နဲ့ Lyft ကဲ့သို့သော app တွေသုံးလာကြပြီ။ အရာအားလုံးက လုံးဝပြောင်းလဲသွားပြီ။ ဒီနေ့ခေတ်မှာ လူတွေက သူတို့နဲ့မသိကျွမ်းဖူးတဲ့ သူစိမ်းရဲ့ကားကိုတက်စီးပြီး (ဒါမှမဟုတ်) သူတို့နဲ့လုံးဝမခင်တဲ့သူစိမ်းအိမ် airbnb မှာတက်အိပ်နေကြပြီ။ ဒါဟာအင်တာနက်စွမ်းအားကြောင့် ပေါက်ကွဲပြောင်းလဲလာတဲ့social trend တွေထဲက သေးငယ်တဲ့အစိတ်အပိုင်းလေးတခုပဲ ရှိပါသေးတယ်။ ဒါတွေအားလုံးရဲ့ဘိုးအေကြီးကတော့ ebay ပါပဲ။
နိုင်ငံတိုင်းလိုလိုမှာ eBay ဆိုတဲ့အွန်လိုင်းဈေးကွက်ပေါ်မှာ ရောင်းသူဝယ်သူတွေ တွေ့ဆုံပြီးရောင်းဝယ်ဖောက်ကားကြတယ်။ Devin Wenig , CEO of eBay Marketplace က“eBay ကလွတ်လပ်တဲ့ဈေးကွက် တနည်းအားဖြင့် market democracy ရဲ့ founder ကြီးပါပဲ” လို့ဆိုပါတယ်။ ကျွန်တော်တို့ဟာ တယောက်နဲ့တယောက်တခါမှ မတွေ့ဆုံဖူးပေမဲ့ ယုံကြည်လို့ရတဲ့ မျှတတဲ့ရောင်းဝယ်မှုတွေပြုလုပ်နိုင်တယ်။ eBay ကို၁၉၅၅မှာ Pierre Omidyar ကတည်ထောင်ခဲ့တာပါ။ Pierre က free market ရဲ့အလားအလာကို အသေအချာတွက်ဆခဲ့သလို Smith ရဲ့ principles ကိုလဲယုံကြည်သူတယောက်ပါ။ ပြီးတော့ economic democracy ဆိုတာ ကောင်းမွန်တဲ့စီးပွားရေးစနစ်တခုသာမဟုတ်၊ ကမ္ဘာတဝန်းက ကုန်ပစ္စည်းတွေကို အကန့်အသတ်မရှိ လွတ်လပ်စွာကုန်သွယ်နိုင်တယ်။ eBay မှာ ကမ္ဘာတလွှားက ရောင်းသူအသေးလေးတွေကနေ အကြီးကြီးတွေထိ ထောင်သောင်းမကရှိတယ်။ ပြီးတော့ တဝက်ကျော်လောက်က သူတို့နိုင်ငံရဲ့နယ်နိမိတ်ကိုကျော်လွန်ပြီး အင်တာနက်ကနေရောင်းဝယ်မှုပြုလုပ်နေကြတယ်။
eBay ဟာကျွန်မတို့မဖြစ်နိုင်လောက်ဘူးထင်တဲ့ ဈေးကွက်ကြီးကိုဖွင့်ပေးခဲ့တယ်။ Marketplace ရဲ့အကောင်းဆုံးအချက်တခုက ကုန်ပစ္စည်းဈေးနှုံးတွေကိုရှာဖွေသိရှိနိုင်တာပါ။ ဥပမာ သင်ကရှားပါးအကြွေစေ့ ဒါမှမဟုတ် ရှေးဟောင်းကားတစီးကို အင်တာနက်ကနေရှာလိုက်ရင် eBay မှာသူ့ဈေးနဲ့သူ များစွာသော ရောင်းချသူတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။ Smith ပြောသလိုဆို invisible hand က eBay ကတဆင့်ကမ္ဘာတလွှားက seller တွေကို guide လုပ်ထားသလိုပါပဲ။ ပစ္စည်းရှားရင်ဈေးနှုံးတွေကလဲမြင့်မှာပဲ။ ရှားပါးပစ္စည်းကိုဝယ်ယူလိုသူများရင် အဲ့ပစ္စည်းတန်ဖိုးက အလိုလိုမြင့်တက်လာပြီး ဝယ်လိုအားကျရင်ဈေးလဲကျလာမယ်။
သင့်မျက်စိရှေ့မှာရှိနေတဲ့ SCREEN ကြီးဟာ OPEN MARKETPLACE ကြီးပါပဲ။ပြီးတော့အဲ့ screen တွေဟာ ကမ္ဘာဈေးကွက်ကြီးနဲ့ချိတ်ဆက်ထားတယ်။ တနည်းဆိုရသော် အဲဒီဈေးကွက်ကြီးက ကမ္ဘာ့ကုန်ပစ္စည်းတွေအားလုံး သိုလှောင်ရာဂိုထောင်ကြီး။ ပြီးတော့သင်ကြိုက်တဲ့ပစ္စည်းကိုတန်ရာဈေးနှုံးနဲ့click လေးတချက်ခေါက်ပြီးဝယ်ယူလိုက်ရုံပါပဲ။ စက္ကန့်တိုင်းမိနစ်တိုင်းမှာ အတားအဆီးတွေမရှိပဲ တယောက်နဲ့တယောက်မသိကွျှမ်းပေမဲ့ ဝေးလံတဲ့နိုင်ငံနယ်နိမိတ်ကိုဖြတ်ကျော်ပြီး မီလျံနဲ့ချီတဲ့အရောင်းအဝယ်တွေဖြစ်ပေါ်နေပါတယ်။ ဒါဟာယုံကြည်မှုဆိုတဲ့အချက်တခုတည်းပေါ် လုံးဝဥသုံအခြေခံတဲ့ဧရာမစီးပွားရေးလုပ်ငန်း system ကြီးပဲဖြစ်ပါတယ်။ အင်တာနက်ပေါ်ကနေ ရောင်းသူရောဝယ်သူပါ အချင်းချင်းအပြန်အလှန်ဘယ်သူက အကောင်းဆုံးလဲဆိုတာကိုရှာဖွေအကဲဖြတ်မှုတွေပြုလုပ်ကြတယ်။ ဒါကြောင့် eBay ရဲ့feedback system ကြီးဆိုတာကြီးဖြစ်ပေါ်လာတယ်။
ဒီ System ကြီးဘယ်လို အလုပ်လုပ်သလဲဆိုရင် အင်တာနက်ပေါ်ကလူတယောက်ကသင့်ဆီကပစ္စည်းတခုဝယ်ယူလိုက်ပြီးရင် ပစ္စည်းဘယ်လောက်ကောင်းမကောင်း rate ပေးနိုင်တယ်။ အဲဒီ rate က record အနေနဲ့ဝင်သွားပြီး အခြားလူတွေကပါမြင်ရတယ်။ အရောင်းအဝယ်ဝန်ဆောင်မှုတွေဟာ သူတို့ရဲ့သတင်းလူတွေဆီပျံနှံ့ရောက်ရှိသွားတဲ့အခါ အကောင်းဆုံးဖြစ်အောင်ကြိုးစားကြတော့တာပဲ။ ဘာကြောင့်လဲဆိုကောင်းမွန်တဲ့ review တွေကပြိုင်ဖက်အများအပြားကြားမှာ ထိပ်ဆုံးကရပ်တည်အောင်ဖန်တီပေးလို့ပါပဲ။ ဒါပေမဲ့ဒီလိုဖြစ်အောင် သင့်ပစ္စည်းဟာ သင်ကတိပေးထားတဲ့အတိုင်းဒါမှမဟုတ် customer တွေမျှော်လင့်ထားတာထက်ပိုအောင်ပေးစွမ်းနိုင်မှသာ သင်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ Free market ဆိုတာကြိုက်သလို ဈေးတွေမြှင့်လူတွေကိုဓါးပြတိုက်လက်ဝါးကြီးအုပ်ပြီးလှည့်စားလို့ရတဲ့နေရာမဟုတ်ပါဘူး။ လူတွေနဲ့cooperateပူးပေါင်းလုပ်ဆောင်ရတဲ့နေရာပါ။ သင်က သင်ကတိပေးထားတဲ့အတိုင်းသင်ကြော်ငြာထားတဲ့အတိုင်း customer တွေကိုပေးနိုင်ရင်သူတို့က သင့်အပေါ်ယုံကြည်မှုရှိလာပြီးရောင်းဝယ်မှုတွေပြုလုပ်လာကြမှာပါ။ သင်က သူတို့အပေါ်လိမ်လည်လှည့်ဖျားမယ်ဆိုရင်တော့တခါစားတော့ရမှာပါ။ ဒါပေမဲ့နောက်ထပ်တခါတော့သင့်ဆီ ဘယ်သူမှ လာတော့မှာဟုတ်ပါဘူး။ အဲဒီကတိဝတ္တရားလို့ဆိုရာမှာနည်းပညာကနေ တဆင့်မျှတမှု၊ ပွင့်လင်းမြင်သာမှု၊ ယုံကြည်မှုနဲ့မြန်ဆန်မှုတွေပဲ ဖြစ်ပါတယ်။
eBay မှာတရက်ကို၃မီလျံ search ပြုလုပ်နေကြပါတယ်။ လူတွေ၊ system တွေ computer တွေအကုန်ပေါင်းစည်းပြီး ၂၄နာရီလုံးလုံး မရပ်နားအောင်ပြုလုပ်ထားပါတယ်။ eBay မှာ မိသားစုပိုင် အသေးစားလုပ်ငန်းငယ်လေးတွေ၊ အိမ်ကနေတနိုင်တပိုင်လုပ်တဲ့ ကိုယ်ပိုင်လုပ်ငန်းတွေအများကြီးရှိပါတယ်။ အချုပ်အားဆိုရသော်အစိုးရရဲ့ regulations တွေပါပါ မပါပါ၊ eBay ရဲ့ကြီးမားတဲ့စွမ်းဆောင်အားပါပါ မပါပါ ဒါဟာသူ့အလိုအလျောက်ဖြစ်လာတဲ့အံ့သြဖွယ် community ကြီးတခုပဲဖြစ်ပါတယ်။ Free market ဆိုတာ ကမ္ဘာပေါ်ကကြီးမားတဲ့စွမ်းအားတွေထဲက တခုဖြစ်ပါတယ်။ ဒါကိုကျွန်မတို့စီးပွားရေးလုပ်ငန်းတွေကတဆင့်မြင်နေရပါတယ်။ ဒေါ်လာထြီလျံနဲ့ချီတဲ့ ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးကို လူ၂မျိုး၂စားနဲ့ဖွဲ့စည်းထားတာပါ။ Buyer ဆိုတဲ့တစုံတခုကိုဝယ်ယူဖို့ရှာဖွေနေသူရယ်၊ လူတွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ ကြိုးစားနေကြတဲ့ seller ဆိုသူရယ်ပါပဲ။ ဒါတွေအားလုံးဟာပေါင်မုန့်တချပ်ဝိုင်တခွက်ကစတင်ခဲ့တယ်ဆိုလဲမမှားလောက်ပါဘူး။
ကူးယူဖော်ပြခွင့်မပြုပါ။