0

INFLATION (ငွေကြေးဖောင်းပွခြင်း)

Share

          ကုန်ဈေးနှုန်းတွေတက်တဲ့အကြောင်း ဆရာမကြီး မစန္ဒာရေးဖူးတဲ့ ဝတ္ထုတိုတစ်ပုဒ်ရှိပါတယ်။ ဝတ္ထုထဲမှာ အိမ်ရှင်မအဒေါ်ကြီးတစ်ယောက် မနက်စောစော ဈေးခြင်းတောင်းလေးဆွဲပြီး ဈေးကိုပတ်တယ်ပေါ့။ အသား၊ငါးရောင်းတဲ့ အတန်းသွား၊ ဈေးတွေမေး၊ အကုန်လုံးနီးပါးကဈေးတွေတက်။ မွေးမြူစရိတ်တက်လို့၊ အစားစရိတ်တွေကြီးလို့တက်ရပါတယ်ပေါ့။ ဈေးသည်တွေကလည်းပြန်ရှင်းပြကြပါတယ်။ တစ်ခါ အသုံးအဆောင်ပစ္စည်းဆိုင်တွေဘက်ရောက်ပြန်တော့လည်း ထူးမခြားနားပါပဲ။ စက်သုံးဆီဈေးတက်တော့ သယ်ယူစရိတ်တွေ ပိုပေးရလို့ ဈေးတက်ရပါတယ၊် ဘာညာပေါ့။ ဒါနဲ့ အဒေါ်ကြီးလဲ စိတ်ညစ်ညစ်နဲ့ ဝယ်စရာရှိတာဝယ်ပြီး ပြန်ကာနီးကြတော့ အိမ်မှာခွေးပစ်ဖို့လောက်စာလုံးကုန်ပြီပဲဆိုပြီး လောက်စာလုံးရောင်းတဲ့ ကောင်လေးဆီသွား၊ ဈေးမေးကြည့်တော့ လောက်စာလုံးလဲ ဈေးတက်နေပြန်ရော။ ဒီတစ်ခါတော့ သူမအောင့်နိုင်တော့ဘူး၊ ကောင်လေးကိုစေ့စေ့ကြည့်ပြီး “ဟဲ့ သူများတွေက အရင်းတွေဈေးတက်လို့ သူတို့လည်းဈေးလိုက်တက်ရတာလေ၊ နင့်ရွှံ့က ချောင်းကမ်းပါးက အလကားရတဲ့ဟာ ဘယ်လိုလုပ်ဈေးတက်ကုန်ရတာလဲ သေနာလေးရဲ့” ဆိုပြီး အငေါ်တူးလိုက်ရော။ အဲဒီမှာ ဆရာသမားက “ အန်တီကလည်း အသုပ်တွေ၊ မုန့်ဟင်းခါးတွေက ဈေးတက်ကုန်ပြီဗျ၊ အရင်ဈေးနဲ့သာရောင်းနေရင် ဝယ်မစားနိုင်တော့ဘူး။ ဗိုက်ဆာရင် ဒီရွှံ့တွေထိုင်ဝါးနေလို့မှ မရတာ” ဆိုပြီး နှုတ်လှန်ထိုးပါလေရဲ့။ ဒီတော့မှ အဒေါ်ကြီးလဲ “အယ် ဟုတ်တယ်ဟ” ဆိုပြီး ပါးစပ်ပိတ်သွားရောလို့ ဆရာမကြီးက ဝတ္ထုကို အဆုံးသတ်ထားပါတယ်။
          ကုန်ဈေးနှုန်းတက်တာ၊ ငွေကြေးဖောင်းပွတာနဲ့ပတ်သတ်လို့ ဆရာမကြီးရေးခဲ့တဲ့ တခြားဝတ္ထုတိုတွေလည်း ရှိသေးပေမဲ့ ဒီဝတ္ထုလေးကတော့ အတော်လေးမြင်သာထင်သာရှိလို့ နမူနာပြောပြတာပါ။ ဒီဝတ္ထုလေးကိုရေးခဲ့တာ ၁၉၉၀လောက်က ဆိုပေမဲ့ ကုန်ဈေးနှုန်းတွေကတော့ ဒီနေ့အထိလည်းတက်နေဆဲပါ။ နေထိုင်စားသောက်စားရိတ်တွေကစလို့ အဝတ်အစားအသုံးအဆောင်၊ အလှပြင်ပစ္စည်းတွေ၊ ဆေးဝါးတွေအထိ အကုန်လုံးပါပဲ။ ဒါတွေအားလုံးရဲ့ အဓိကရင်းမြစ် လက်သည်ကို လိုက်ဆန်းစစ်လိုက်ရင်တော့ ဒီနေ့ ကျွန်တော်ခေါင်းစဉ်တက်ထားတဲ့ “INFLATION” ဆိုတဲ့ “ငွေကြေးဖောင်းပွမှု” ကိုသွားတွေ့ရမှာပါ။
          ဒီတော့ ငွေကြေးဖောင်းပွမှုဆိုတာ ဘယ်ကစဖြစ်လဲ၊ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေကို ဘယ်လိုရိုက်ခတ်နေလဲ၊ နိုင်ငံတစ်နိုင်ငံအပေါ်ကော ဘယ်လိုသက်ရောက်နေလဲ (ဥပမာ- ဇင်ဘာဘွေတို့၊ ဗင်နီဇွဲလားတို့မှာ ၁သန်းတန်ပိုက်ဆံတွေရိုက်ထုတ်နေရတဲ့အထိဖြစ်ခဲ့တဲ့ Hyperinflation တွေ)၊ ငွေကြေးဖောင်းပွမှုတွေ ကြားထဲမှာ ဘယ်လိုရှင်သန်နေထိုင်ရမယ်ဆိုတာတွေကို ကျွန်တော်တို့ Orio Ecconomic က အောက်မှာဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

What is INFLATION?
          INFLATION ဆိုတဲ့ ငွေကြေးဖောင်းပွမှုကို အဓိပ္ပါယ်ဖွင့်ရရင်တော့ ဈေးကွက်အတွင်းရှိ သတ်မှတ်ထားတဲ့ ကုန်ပစ္စည်းတစ်ဆွဲရဲ့ ပျမ်းမျှဈေးနှုန်းဟာ သတ်မှတ်ချိန် အတိုင်းအတာတစ်ခုအတွင်းမှာ ဘယ်လောက်မြင့်တက်လာသလဲဆိုတာကို တိုင်းတာတဲ့ နှုန်းတစ်ခုဖြစ်ပါတယ်။ ဖော်ပြတဲ့အခါမှာတော့ ရာခိုင်နှုန်းနဲ့ရေးသားဖော်ပြပါတယ်။ တစ်နည်းပြောရရင်တော့ ကုန်စည်ရဲ့ဈေးနှုန်းတက်လာတဲ့အတွက် ကိုယ့်လက်ထဲက ငွေကြေး (currency) ရဲ့ ဝယ်နိုင်စွမ်းအား (purchasing power) ကျဆင်းသွားရပါတယ်လို့လည်း ဆိုကြပါတယ်။ ဒါတွေက တကယ်တော့ အားလုံးလည်းသိထားပြီးသားတွေပါ။ ဒီတော့ အကျယ်ချဲ့မနေတာ့ဘဲ ငွေကြေးဖောင်းပွမှုကိုဖြစ်စေတဲ့ အခြေခံ အကြောင်းအရင်း (၃)မျိုးကို ဆက်ပြောပြပါမယ်။

 

(၁)Cost-Push Inflation (ကုန်ကျစရိတ်အတွန်း)
          ကုန်ထုတ်လုပ်ငန်းတွေမှာ အဓိကအင်အားစုတွေဖြစ်တဲ့ Factors of Production ဆိုတာတွေရှိပါတယ်။ သူတို့ထဲမှာပါတဲ့ Land (မြေသယံဇာတ)၊ Labour(လူစွမ်းအားအရင်းအမြစ်)၊ Capital (ငွေအရင်းအနှီး၊ပစ္စည်းအရင်းအနှီး) စတဲ့ အဓိက Input တွေအတွက် ကုန်ကျစရိတ်တက်လာရင် ထုတ်ကုန်တွေလည်း ဈေးလိုက်တက်ရပါတော့တယ်။ ဒီလို ငွေကြေးဖောင်းပွမှုမျိုးကိုတော့ ကုန်ကျစရိတ်အတွန်း-ငွေကြေးဖောင်းပွမှု (Cost- Push Inflation) လို့သမုတ်ကြပါတယ်။
          ဆိုရရင်တော့ အပေါ်က Factors တွေထဲမှာ Land-ဆိုတဲ့ မြေသယံဇာတဆိုရင် မြေကြီးထဲကထွက်သမျှ ကုန်ကြမ်းတွေဖြစ်တဲ့ ရေနံ၊ သံသတ္တုရိုင်း၊ ကျောက်မီးသွေး၊ သစ်သား စတာတွေအပြင် စိုက်ပျိုးမြေ၊ စက်မှုဇုံမြေ စတာတွေအကုန်အကြုံးဝင်ပါတယ်။ သူတို့ရဲ့တန်ဖိုးတွေ မတည်မငြိမ်ဖြစ်လေ ငွေကြေးဖောင်းပွမှုကို ထိခိုက်လေပါပဲ။ တခြား Factors တွေဖြစ်တဲ့ Labour ဆိုရင်လည်း အားလုံးသိတဲ့အတိုင်း လစာတိုးဖို့ ဆန္ဒတွေ တခြိမ်းခြိမ်းပြ၊ ဒို့အရေးတွေလုပ်။ ဒီတော့ ညှိကြနှိုင်းကြရင်း၊ လစာတိုးပေးရင်းနဲ့ နောက်ဆုံးတော့ ကုန်ကျစရိတ်တွေတက်ရောပေါ့။ Capital ဆိုလည်း ထိုနည်း၎င်းပါပဲ။ ဒီမှာကြုံလို့ပြောချင်တာကတော့ လျှပ်စစ်ဓါတ်အားကလည်း ကုန်ထုတ်လုပ်ငန်းတွေအတွက် အရေးကြီး Factor တစ်ခုပါ။ မီတာခတွေတက်တုန်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်က မီတာခတက်လို့ ဈေးတွေမတက်နိုင်ပါဘူးပြောသွားတာ မှတ်မိကြဦးမှာပါ။ သူဘယ်လိုစဉ်းစားပြီးပြောသွားတာလဲဆိုတာကိုတော့ ကျွန်တော်တော့ နားမလည်နိုင်သေးဘူးဗျ။ သူနဲ့တွေ့တဲ့အခါ မေးကြည့်ကြတာပေါ့။

(၂)Demand-Pull Inflation (ဝယ်လိုအားအဆွဲ)
          ဒုတိယတစ်ခုကိုဆက်ရရင်တော့ ဈေးကွက်သဘောတရားအရ Supply နဲ့ Demand ရှိရာမှာ Supply ကမူရင်းအတိုင်းရှိနေပေမဲ့ Demand ကပိုတက်လာတာ ဒါမှမဟုတ် Demand ကနဂိုအတိုင်းရှိနေပေမဲ့ Supply ကလိုသလောက်မထုတ်ပေးနိုင်တာ စတဲ့ Supply & Demand Gap ကျယ်ပြန့်သွားတဲ့ အခြေအနေမျိုးတွေရှိပါတယ်။ အဲ့အခါမှာ ဝယ်လိုအားအဆွဲ (Demand-Pull Inflation) ဆိုတဲ့ ငွေကြေးဖောင်းပွမှု ဖြစ်ရပါတော့တယ်။ ဒါနဲ့ပတ်သတ်ပြီး ဥပမာတွေကတော့ အများကြီးပါ။ အနီးဆုံးအဖြစ် သီတင်းကျွတ်ပိတ်ရက်တုန်းက အားလုံး အားလုံး ကိုယ်စီကိုယ်စီ ကိုယ့်နယ်ကို အုတ်အော်သောင်းတင်းပြန်ကြတုန်းက အဝေးပြေးကားလက်မှတ်တွေ နှစ်ဆ၊ သုံးဆတက်ကုန်ကြတဲ့အဖြစ်က Demand-Pull Effect ပါပဲဗျာ။                  က.ည.န ကတိုင်လို့ရတယ်ဆိုပေမဲ့ အဝေးပြေးတစ်ဝင်းလုံး ကြိတ်ကြိတ် ကြိတ်ကြိတ်နဲ့ ဈေးတက်နေကြတာရယ် ကိုယ်မပေးလဲ တောင်းသလောက်ပေးပြီးပြန်မဲ့လူတွေကများတော့ အောင့်သက်သက်နဲ့ ပေးခဲ့ရတာပဲမဟုတ်လား။ နယ်ပြန်လက်ဆောင်ဝယ်ရလို့ ပိုက်ဆံကုန်နေပါတယ်ဆိုမှလေ။ နိုင်ငံနဲ့ချီတဲ့ သာဓကဆိုရင်တော့ ရေနံထုတ်လုပ်တဲ့ OPEC အဖွဲ့ဝင်နိုင်ငံတွေပေါင်းပြီး တင်ပို့နေကြရေနံစိမ်းတန်ချိန်ကိုလျှော့ချကာ ရေနံဈေးတက်အောင်လုပ်တဲ့ အကွက်တွေဆိုရင်လဲ ဒီအမျိုးအစားထဲ ပါပါတယ်။ ဒါမျိုးဆို Supply ကိုလျှော့ချပြီး ဈေးကစားတဲ့ပုံစံပေါ့။ ခုနောက်ဆုံးတစ်ခုကို ဆက်သွားကြပါမယ်။

(၃)Built-in Inflation or Price/Wage Spiral ( လုပ်ခ/ဈေးနှုန်း ကြောင်လိမ်လှေကား)
          ဒီလုပ်ခ/ဈေးနှုန်း ကြောင်လိမ်လှေကားပုံစံကတော့ ဘဲဥအစရှာမရသလိုပဲ ဈေးနှုန်းတွေတက်လို့ လုပ်ခတွေတိုးတောင်း၊ လုပ်ခအတွက် ကုန်ကျစရိတ်များလာလို့ ဈေးနှုန်းတွေတက်နဲ့ ဘယ်ဟာကအရင်မှန်းကို ပြောလို့မရပါဘူး။ ဒါကြောင့် အစိုးရက ဝန်ထမ်းတွေအတွက် လစာတိုးပေးလိုက် ကုန်ဈေးနှုန်းကလိုက်တက်လိုက်နဲ့ သမင်မွေးရင်း ကျားစားရင်းဖြစ်နေတော့တာပါ။ ဒီငွေကြေးဖောင်းပွမှုပုံစံမှာ အဓိကဆိုလိုချင်တဲ့ သီဝရီက လစတိုးပေးလိုက်တဲ့အချိန်မှာ ဈေးကွက်ထဲကို ပိုက်ဆံငွေကြေးအမြောက်အများ စီးဆင်းသွားပြီးတော့ လူတွေရဲ့လက်ထဲက ငွေကြေးတွေဟာ ဝယ်နိုင်စွမ်းအား (purchasing power) တွေကျသွားတော့တာပါ။ တစ်ခါတစ်ရံမှာ အစိုးရနဲ့ ပုဂ္ဂလိက ဘဏ်တွေရဲ့ ဘဏ်အတိုးနှုန်း ပေါ်လစီအပြောင်းအလဲတွေဟာလည်း ဒီလို ငွေကြေးဖောင်းပွမှုကို ဖြစ်ပေါ်စေပါတယ်။ ဥပမာ ဘဏ်ကငွေချေးတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သက်သာအောင် ဘဏ်တိုးနှုန်းချလိုက်ပေမဲ့ ငွေအပ်တဲ့သူတွေကြတော့ အတိုးနှုန်းနည်းတယ်ဆိုပြီး ဘဏ်ထဲကငွေတွေ အလုအယက်ပြန်ထုတ်ကုန်ကြမှာပါ။ အဲ့အခါကြရင် ဈေးကွက်ထဲ ငွေကြေးတွေ လိုတာထက်အများကြီး ပိုလျှံကုန်လို့ ငွေကြေးဖောင်းပွမှုတွေဖြစ်၊ ဈေးတွေတက်နဲ့ ဇာတ်လမ်းတွေရှုပ်ကုန်တတ်ပါတယ်။

ခုလက်ရှိတော်တော်များများလက်ခံထားကြတဲ့ ဖီလော်ဆော်ဖီကတော့ အင်္ဂလန်နိုင်ငံက စီးပွားရေးပညာရှင်ဖြစ်တဲ့ ဂျွန်မေနတ်ကိန်း (John Maynard Keynes) ရဲ့ “A bit Inflation can grow the economy” ဆိုတဲ့ အဆိုအမိန့်ဖြစ်ပါတယ်။

Pros & Cons
          Everybody has his own taste ဆိုသလိုပဲ လူတစ်ကိုယ် အကြိုက်တစ်မျိုး၊ လူတစ်ကိုယ် အမြင်တစ်မျိုးစီပါ။ တချို့တွေကလည်း ငွေကြေးဖောင်းပွတာ ဘယ်လိုနည်းနဲ့မှ မကောင်းဘူးဆိုတဲ့သူတွေရှိသလို၊ ငွေကြေးဖောင်းပွတာ စီပွားရေးတိုးတက်မှုပြယုဂ်တမျိုးပဲ၊ အလွန်အမင်းဖြစ်တဲ့ (hyperinflation) ကသာကြောက်ဖို့ကောင်းတာဆိုတဲ့ သူတွေလည်းရှိပါတယ်။ ခုလက်ရှိတော်တော်များများလက်ခံထားကြတဲ့ ဖီလော်ဆော်ဖီကတော့ အင်္ဂလန်နိုင်ငံက စီးပွားရေးပညာရှင်ဖြစ်တဲ့ ဂျွန်မေနတ်ကိန်း (John Maynard Keynes) ရဲ့ “A bit Inflation can grow the economy” ဆိုတဲ့ အဆိုအမိန့်ဖြစ်ပါတယ်။ ဒါကြောင့်လဲ အမေရိကန်နိုင်ငံဆိုရင် သူရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို 2%ပတ်ဝန်းကျင်ဖြစ်အောင် အမြဲထိန်းထားနေတာပါ။
          ဒါဆိုကျွန်တော်တို့နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းကရောဗျာ။ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက မြန်မာစာရင်းအင်း သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း (MSIS) ၏ အဆိုအရ အမိမြန်မာနိုင်ငံကြီးရဲ့ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်း (Annual Inflation Rate) က 8.35% ရှိခဲ့ပြီး ဇန်နဝါရီလတုန်းက 5.02%ရှိနေ ခပ်သွက်သွက်ကလေး တက်လာတဲ့သဘောပါ။ MSIS ရဲ့အဆိုအရ ငွေကြေးဖောင်းပွမှုနှုန်းကိုတိုင်းတာတဲ့ စာသုံးသူ အညွှန်းကိန်း (Consumer Price Index) ဟာ NLD အစိုးရလက်ထက်အတွင်း အမြင့်ဆုံးအနေအထားရောက်ခဲ့ပြီး ၁၆၀နီးနီးဖြစ်လာပါတယ်။ ဒီအကြောင်း အကျယ်တဝင့်ကိုတော့ သတင်းစာ ဂျာနယ်တွေတော်တော်များများမှာ ရေးထားခဲ့ပြီးဖြစ်လို့ ရှာဖတ်ကြည့်နိုင်ပါတယ်ဗျာ။ လမ်းကြုံလို့ဆက်ပြောရရင် Asia Development Bank ရဲ့ခန့်မှန်းချက်အရ ၂၀၁၉အကုန်မှာ မြန်မာနိုင်ငံရဲ့ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Average Inflation Rate) ဟာ 6.8% လောက်ဖြစ်နိုင်ပြီး အာဆီယံမှာအမြင့်ဆုံးအဖြစ် ဗိုလ်ဆွဲနိုင်မှာပါတဲ့။ ဘာလို့လဲဆိုတော့ ဒုတိယကပ်လိုက်နေတဲ့ ဖိလစ်ပိုင်က 3.8% ပဲရှိနိုင်လို့ပါ။
          MSIS ရဲ့သုံးသပ်ချက်ကတော့ ဒီလိုငွေကြေးဖောင်းပွမှုနှုန်း အမြန်အဆန်တိုးတက်လာရတဲ့ အဓိကအကြောင်းအရင်း (၃)ခုကိုတွေ့ရတယ်လို့ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက ရာသီဥတုဖောက်ပြန်ပြီး ရေကြီးတာရယ်၊ ဒေါ်လာဈေးနဲ့ယှဉ်ရင် မြန်မာကျပ်ငွေတန်ဖိုးနိမ့်ကျနေတာရယ်၊ လောင်စာဆီဈေးနှုန်းတက်တာရယ်ကြောင့်လို့ စစ်တမ်းမှာဖော်ပြပါတယ်။ နောက်နှစ်တွေအတွက်ခန့်မှန်းရာမှာလည်း ဒီထက်ထပ်တက်ဖို့တော့ မရှိတော့ပေမဲ့ ကျရင်လည်း (၁)ရာခိုင်နှုန်း၊ (၂)ရာခိုင်နှုန်းလောက်ပဲ ကျဖို့ရှိပါတယ်။
          ဒီတော့ မိန်းမယူဖို့ ပိုက်ဆံစုနေတဲ့ ကိုကိုတွေ ယူမယ်ဆိုရင် ခုထဲကယူဖို့ အကြံပေးပါရစေ။ နို့မို့ စုထားတဲ့ပိုက်ဆံတွေရဲ့ ဘဏ်တိုးနှုန်းကို Inflation rate ကကျော်သွားလို့ ဟုတ်ပေ့ဖြစ်နေပါဦးမယ်။ ဒီကြားထဲ ယောက္ခမလောင်းတွေက စီပွားရေးပညာရှင်တွေဖြစ်ပြီး တင်တောင်းငွေကို Inflation rate နဲ့တွက်ပြီးထပ်တောင်းရင် ကိုယ့်လူတော့ပြီးရောပဲ။ FA တွေကတော့ သိပ်ပူစရာမရှိပါဘူး။ ကိုယ့်လစာက ၁နှစ်ကို အနည်းဆုံး ၁၀%လောက်တိုးနေရင် ငွေကြေးဖောင်းပွမှုနှုန်းကို ပြန်ကာနိုင်ပါတယ်။ အလုပ်တွေဘာတွေပြောင်းလို့ ၃၀%တွေ၊ ၄၀%တွေတိုးကုန်ရင်တော့ “Single is the Best”ဆိုပြီး ယပ်လေးခပ်နေယုံပဲဆိုတာတင်ပြရင်း Inflation အကြောင်း အခြေခံလေးကို အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။

contributed by Thaw Htet
ကူးယူဖော်ပြခွင့် မပြုပါ။

%d bloggers like this: