အိန္ဒိယနိုင်ငံ၏ နိုင်ငံခြားအရံငွေကြေးထားရှိမှုသည် ဇန်နဝါရီလ ၁၃ ရက်နေ့တွက်ချက်မှုများအရ ၅ လ အတွင်း အမြင့်ဆုံးပမာဏသို့ ရောက်ရှိကြောင်း အိန္ဒိယဗဟိုဘဏ် (Reserve Bank of India – RBI) က ယနေ့ သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။
စုစုပေါင်းနိုင်ငံခြားအရံငွေပမာဏမှာ ဒေါ်လာ ၅၇၂ ဘီလျံ အထိ ရှိလာခဲ့ပြီး ၂၀၂၂ ၊ ဩဂုတ်လ နောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်း ဖြစ်လာသည်။
အိန္ဒိယငွေကြေးဈေးကွက်အတွင်း ဗဟိုဘဏ်က ရံဖန်ရံခါ ဝင်ရောက်ထိန်းချုပ်မှုများ ပြုလုပ်ပြီး ရူပီးကို ကာကွယ်နေစဉ်တွင် ဗဟိုဘဏ် – RBI ၏ အကျိုးစီးပွားအတွက် အိန္ဒိယအစိုးရပိုင်ဘဏ်များက ဈေးကွက်အတွင်း ဒေါ်လာ ဝင်ရောက် ဝယ်ယူမှုများလည်းရှိနေသည်ဟု India Times က ဖေါ်ပြခဲ့သည်။
APEX Bank Data အချက်အလက်ထုတ်ပြန်ချက်များအရ ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ – IMF တွင် အိန္ဒိယ၏ အရံငွေထားရှိမှုသည်လည်း ဒေါ်လာ ၅.၂၂၇ ဘီလျံ သို့ရောက်ရှိခဲ့ကြောင်း သိရသည်။
၁၉၉၈ မှ လက်ရှိကာလအတွင်း အိန္ဒိယ၏ နိုင်ငံခြားအရံငွေထားရှိမှုအမြင့်ဆုံးကာလမှာ ၂၀၂၁ ၊ စက်တင်ဘာလက ဖြစ်ပြီး ပမာဏအားဖြင့် ဒေါ်လာ ၆၄၂.၄၅၃ ဘီလျံ အထိရှိခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Trading Economics, Reuters Business
Image: Mint