0

ဗြိတိန်ကိုကျော်ဖြတ်ကာ အိန္ဒိယက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ဖြစ်လာ

Share

လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကဆိုလျှင် အိန္ဒိယ၏ စီးပွားရေးသည် ကမ္ဘာ့အဆင့် ၁၁ ဖြစ်ခဲ့ပြီး ၎င်းတို့ကိုအုပ်ချုပ်ခဲ့ဖူးသော ဗြိတိန်က ထိုကတည်းက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ရှိ အင်အားကြီးနိုင်ငံဖြစ်ခဲ့သည်။
သို့သော်လည်း ယခုနှစ် ၂၀၂၂ ၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်အတွင်း အိန္ဒိယ၏စီးပွားရေးသည် ဗြိတိန်ကိုကျော်ဖြတ်ကာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် ဂျာမဏီတို့၏နောက်သို့ ရောက်ရှိခဲ့ပြီဟု နိုင်ငံတာငွေကြေးရံပုံငွေအဖွဲ့ IMF က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် ပြီးခဲ့သည့် ၈ နှစ်အတွင်း စီးပွားရေးတိုးချဲ့မှုများကို ကိန်းဂဏန်းအရ အလွန်များပြားသော ရည်မှန်းချက်များချကာ လုပ်ဆောင်လာခဲ့သည်။
ပြီးခဲ့သည့် ကပ်ဘေးအတွင်းတွင်ပင် ရထားဘူတာရုံ ၅၀၀ ကို ကုန်စည်စီးဆင်းမှုနှင့် ကွန်တိန်နာ – ကုန်စည်သေတ္တာများ တိုက်ရိုက်တင်ချလုပ်ဆောင်နိုင်သော Dry ports များအဖြစ် တည်ဆောက်သွားရန်ဟူသော စီမံကိန်းများလည်း လုပ်ဆောင်ခဲ့သည်။

ဗြိတိန်အနေဖြင့် နှစ် ၄၀ အတွင်း အမြန်ဆုံးနှုန်းဖြင့် တက်နေသော ငွေကြေးဖေါင်းပွမှုနှုန်းကို ရင်ဆိုင်နေရပြီး အင်္ဂလန်ဗဟိုဘဏ် – BOE က နိုင်ငံ့စီးပွားရေးကျဆင်းနေမှု – Recession ( ၃ လပတ်ကာလ စီးပွားရေးကျဆင်းမှု ၂ ခါဆက်တိုက်ဖြစ်မှု) က လာမည့် ၂၀၂၄ သို့တိုင် ဆက်သွားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စီးပွားရေးအညွန်းကိန်းတွက်ချက်မှုများကို အမေရိကန်ဒေါ်လာပေါ် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပြီး အိန္ဒိယ၏ နိုင်ငံ့စီးပွားရေးထုတ်လုပ်နိုင်စွမ်းအညွန်းကိန်း – GDP သည် လက်ရှိတွင် ဒေါ်လာ ၃.၅ ထရီလျံ ရှိလာကာ GDP ၃.၂ ထရီလျံရှိနေသော ဗြိတိန်ကို ဖြတ်ကျော်ခဲ့သည်။

ထို့ပြင် ဘလွန်းဘာ့ဂ်စီးပွားရေးသတင်း၏ ထုတ်ပြန်ချက်များအရ လာမည့် ၂၀၂၇ တွင် အိန္ဒိယ၏ စီးပွားရေးသည် ဗြိတိန်ထက် ၅ ပုံ ၁ ပုံ ပိုမိုကြီးမားနေမည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး အဆင့် ၅ နိုင်ငံအဖြစ် အိန္ဒိယရောက်ရှိလာမှုတွင် ရုရှား-ယူကရိန်း စစ်ပွဲနောက်ဆက်တွဲအဖြစ် ဂျုံနှင့် စားသောက်ကုန်များ၊ ရေနံနှင့် ဓါတ်ငွေ့များကို ရုရှားထံမှ ဈေးသက်သက်သာသာဖြင့် ဝယ်ယူကာ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေး၊ စွမ်းအင်ကဏ္ဍကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း အကြောင်းတရားတခုအနေဖြင့် ပါဝင်နေနိုင်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Bloomberg, The Hindu
Image: ABC News

%d bloggers like this: