0

ပြီးပြည့်စုံသော လောကသစ် (ဒုတိယပိုင်း)

Share

       ပြီးခဲ့တဲ့ အပိုင်းမှာ ဖိုရီရေးက သူ့ရဲ့ Phalanstery ဆိုတဲ့ လူအဖွဲ့အစည်းငယ်လေးမှာ လူတွေရဲ့ စိတ်ကျေနပ်မှု၊ စိတ်တိမ်းညွတ်မှု (passion) ပေါ်မူတည်ပြီး စရိုက်တွေ အမျိုးမျိုးခွဲလိုက်တယ် ဆိုတာ ပြောခဲ့ပါတယ်။ ပြီးတာနဲ့ သူတို့ရဲ့ passion တွေအပေါ်ကိုမူတည်ပြီးတော့ အလုပ်လုပ်ရမဲ့ အဖွဲ့တွေကို သေချာဖွဲ့စည်းပေးလိုက်ပါတယ်။ လူတစ်ယောက်ဟာ နေ့တိုင်းနေ့တိုင်းမှာ မတူညီတဲ့ passion ရှိတဲ့ အဖွဲ့တွေမှာ အလုပ်ဝင်လုပ်ဖို့ တာဝန်ပေးခံရပါမယ်။ ဥပမာ- ကိုယ်ရဲ့ passion ရှိတဲ့အပေါ်မူတည်ပြီးတော့ ပထမနေ့ဆိုရင် နှင်းဆီစိုက်တဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်ရမယ်၊ နောက်နေ့ဆို ကြက်ပေါက်လေးတွေ မွေးမြုတဲ့ဆီမှာ သွားကူရမယ်၊ နောက်တနေ့ကြတော့ အော်ပရာပြဇာတ် ကချင်လည်းကနေရမယ် စသည်ဖြင့် လူတစ်ယောက်ဟာဆိုရင် သူ့ရဲ့ passion ရယ်၊ စရိုက်တွေရယ်အပေါ်မူတည်ကာ အဖွဲ့ ဆယ်ဖွဲ့၊ ဆယ့်ငါးဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတတ်ပြီး နေ့တိုင်း နေ့တိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တွေကို လှည့်ပြီး လုပ်နေရသလိုမျိုး ဖြစ်နေပါမယ်။ ဒီတော့ အရင်ပြောခဲ့တဲ့ အရင်းရှင်စနစ်က ပင်အပ်အလုပ်သမားတွေလို နိစ္စဒူ၀ ဒါပဲထပ်ခါတလဲလဲ စိတ်ပါပါ မပါပါ လုပ်နေရတာမျိုးမဟုတ်တော့ဘဲ ကိုယ်စိတ်ပါတာကို ကျေကျေနပ်နပ်နဲ့ လုပ်ခွင့်ရမှာလို့ ဖိုရီရေးက ရေးသားထားပါတယ်။ ဒါဆိုရင် သူတို့က ဝင်ငွေတွေ၊ နေထိုင်စားသောက်ဖို့တွေ ဘယ်ကရမလဲလို့ မေးစရာရှိလာပါတယ်။ ဒါကတော့ ဆိုရှယ်လစ်စနစ်တွေရဲ့ ထုံးစံအတိုင်း စုပေါင်းထုတ်လုပ်ထားတဲ့ အကျိုးအမြတ်ထဲက ကိုယ့်ဝေစုကို ရယူခံစားရမှာပဲဖြစ်ပါတယ်။
       ဖိုရီရေးဟာ ဒီစာအုပ်ကို ထုတ်ဝေပြီးနောက်မှာ သူ့ဆီတစ်ယောက်ယောက်လာပြီး သူ့စာအုပ်ထဲက Phanlansteries လိုမျိုး အဖွဲ့အစည်းတွေတည်ထောင်ဖို့ မတည်ငွေတွေလာပေးလိမ့်မလားရယ်လို့ နေ့တိုင်းနေ့တိုင်း ထိုင်စောင့်နေပါတော့တယ်။ ဒါပေမဲ့ သူဆီ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် ရောက်မလာခဲ့ပါဘူး။ သူ့ရဲ့ စိတ်ကူးထဲက လူ့အဖွဲ့အစည်းကြီးဟာလည်း စိတ်ကူးထဲမှာပဲ ဆက်ရှိနေခဲ့ပါတော့တယ်။ တကယ်တော့ အဓိကအကြောင်းက သူ့စာအုပ်ထဲက တချို့အကြောင်းအရာတွေကြောင့်ပဲဖြစ်ပါတယ်။ သူက သူ့စာအုပ်ထဲမှာ ဒီလိုမျိုး Phalansteries လူမှုအဖွဲ့အစည်းတွေ တည်ထောင်ပြီးပြီဆိုရင် ဒီထဲကလူတွေဟာ မျက်လုံးပါတဲ့ အမြီးတွေပေါက်လာမယ်၊ ကောင်းကင်မှာ လခြောက်စင်းပေါ်ထွက်မယ်၊ နောက် တောရိုင်းတိရစ္ဆာန်တွေနဲ့ လူတွေဟာ မြင်တာနဲ့ချက်ခြင်းကို ခင်မင်ကုန်ကြလိမ့်မယ်ဆိုပြီး နည်းနည်း ရူးကြောင်ကြောင်ဆန်တဲ့အရေးအသားတွေ ပါနေတဲ့ အတွက် လူတွေကတော့ သူ့ကို ယဉ်ယဉ်လေးရူးနေပြီးလို့ ထင်သွားကြလို့ပါ။ ဒါပေမဲ့ သူ့ထဲမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီခေတ်ကလူမှုအဖွဲ့အစည်းကို ကောင်းကောင်းကြီး ထိုးနှက်နေပါတယ်။ လူတွေဟာ စားစရာနဲ့နေစရာရှိနေပြီဆိုရင် ကိုယ့်စရိုက်နဲ့ကိုက်ညီမဲ့ အလုပ်မျိုးကို ဘယ်လိုရှာသင့်သလဲဆိုတာပါ။ ခုခေတ်မှာတော့ ကောလိပ်ပြီးတဲ့သူတွေကို လမ်းညွှန်ပေးနေတဲ့ အသက်မွေးဝမ်းကျောင်းအကြံပေးလုပ်ငန်းတွေဟာ သူ့မေးခွန်းရဲ့ အဖြေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
       မစ္စတာ ဖိုရီရေးနဲ့ မရှေးမနှောင်းမှာပဲ အင်္ဂလန်နိုင်ငံမှာ သူ့လို တွေးမိတဲ့ လူတစ်ယောက်ရှိနေပါတယ်။ သူကတော့ မစ္စတာ ရောဘတ်အိုဝင် (Robert Owen 1771-1858) ဆိုတဲ့ ဝေလပြည်နယ်က ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ သူကတော့ ဖိုရီရေးလို စာရေးမဟုတ်ဘဲ ကံကောင်းထောက်မစွာနဲ့အင်္ဂလန်နိုင်ငံရဲ့ စက်မှုတော်လှန်ရေးရေစီးကြောင်းအစမှာ စီးမျောနိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ချည်ရက်တဲ့ စက်ရုံတွေမှာဆိုရင် ရေနွေးငွေ့အင်ဂျင်စက်သံတွေ တညံညံနဲ့ နေ့နေ့ညည အရင်းရှင် စီးပွားရေးကြီးကို ထုဆစ်နေတာပါ။ နဂိုကတည်းက အရောင်းစာရေးဘဝကနေ စက်မှုလုပ်ငန်းပိုင်ရှင်ကြီးဖြစ်အောင် ကြိုးစားလာခဲ့သူဖြစ်လို့ အလုပ်သမားတွေကစပြီး နယ်စား၊ မြို့စားတွေအထိ လူတန်းစားအစုံနဲ့ တည့်အောင်ပေါင်းနိုင်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ အတွေးအခေါ်ကို စတင်ဖော်ထုတ်ခဲ့တာကတော့ “လူမှုအဖွဲ့အစည်းကို ရှုထောင့်သစ်မှ မြင်ကြည့်ခြင်း” – A New View of Society ဆိုတဲ့ အက်ဆေးမှာ ဖြစ်ပြီး အဲထဲမှာဆိုရင် သူဟာ လူတွေရဲ့ စရိုက်ကို ပုံဖော်နေတာဟာ သူတို့ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်ဆိုပြီး ယုံကြည်ကြောင်း ရေးသားထားတာပါ။ ဒါကြောင့် ကုပ်သွေးစုပ်တဲ့ အရင်းရှင်စီးပွားရေးစနစ်အစား ကောင်းမွန်မျှတတဲ့ အလုပ်ခွင်ဖန်တီးပေးနိုင်မယ်ဆိုရင် အလုပ်သမားတွေဟာ စွမ်းဆောင်ရည်တွေတက်ပြီး ပျော်ရွှင်လာကြလိမ့်မယ်လို့ သူကယူဆထားပါတယ်။ သူ့ရဲ့ သီဝရီကို စမ်းသပ်ကြည့်ဖို့အတွက် အကြံအစည်တစ်ခုလည်း သူ့မှာ ရှိနေပါတယ်။
       အဲဒါကတော့ အရင်လို လခနည်းနည်းနဲ့ ညစ်ပတ်နေတဲ့ လုပ်ငန်းခွင်အစား လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ အလုပ်ခွင်ပုံစံတမျိုးကို သူဟာ စကော့တလန်က နယူးလန်းနာ့ခ်ဒေသမှာ တည်ထောင်လိုက်တာပါ။ ဒီစက်ရုံမှာဆိုရင် အိုဝင်ဟာ အလုပ်ချိန်တွေကို ပုံမှန်ထက်လျှော့ချပေးခဲ့ပြီး ပိုတဲ့အချိန်တွေကို မိသားစုနဲ့အတူနေဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့၊ နောက်အမျိုးသားအလုပ်သမားတွေကို အရက်အရမ်းမသောက်ဖို့ သူကတိုက်တွန်းထားပါတယ်။ နောက်ပြီး အလုပ်သမားတစ်ယောက်ဆီတိုင်းရဲ့ရှေ့မှာ လျှို့ဝှက်အကဲဖြတ်ပုံစံမျိုးဖြစ်အောင် အရောင်ခြယ်ထားတဲ့ ကုဗတုံးလေးတွေချိတ်ထားပါသေးတယ်။ ကုဗတုံးမျက်နှာပြင်မှာ အရောင်လေးမျိုးရှိပြီးတော့ အဖြူဆိုရင် အရမ်းကောင်း၊ အဝါဆိုရင် ကောင်း၊ အပြာဆိုရင် သိပ်မကောင်းနဲ့ အနက်ဆိုရင်တော့ ညံ့ဆိုပြီး ခွဲခြားလိုက်တာပါ။ တကယ်လို့ အလုပ်သမားတစ်ယောက်က အရမ်းအပျင်းထူနေပြီဆိုရင် အလုပ်ကြပ်ကအရင်လို ဆူဆဲတာမလုပ်တော့ဘဲ အတုံးလေးကိုပဲ အနက်ရောင်ဘက် လှည့်သွားတာပါ။ ပြီးတာနဲ့ တစ်နေ့ပြီး တစ်နေ့ အရောင်တွေကို မှတ်တမ်းသွင်းပါတယ်။ အစမှာတော့ အလုပ်သမားတွေဟာ အပြာနဲ့ အနက်တွေချည်းများနေပေမဲ့ နောက်ပိုင်းမှာ အဝါနဲ့ အဖြူတွေပိုရလာကြပြီး အနက်ရောင်ဟာတော်တော်နည်းသွားခဲ့ပါတယ်။ သူ့ရဲ့ ဒီလိုစံပြစက်ရုံဖွဲ့စည်းပုံကို အဲဒီခေတ်က နိုင်ငံရေးသမားတွေ၊ အရေးကြီးပုဂ္ဂိုလ်တွေ လာပြီးလေ့လာခဲ့ကြလို့ သူဟာ သူ့လိုမျိုးစက်ရုံတွေ နေရာအနှံ့ပေါ်လာမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အဆုံးမှာတော့ သူ့မျှော်လင့်ချက်တွေဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။
(အပါ်ကပုံကတော့ သူတည်ထောင်ခဲ့တဲ့ နယူးလန်းနာ့ခ်က ချည်စက်ရုံတည်ခဲ့တဲ့ ရွာဖြစ်ပါတယ်။)
အပိုင်း (၃) ဆက်ရန်…
ကူးယူဖော်ပြခွင့်မပြုပါ။
Ref: A Little History of Economic: An Ideal World
Photo: The British Library

%d bloggers like this: