0

ဒေါ်လာဈေး အတက်၊ အကျကို ဘယ်သူတွေက ဖြစ်စေတာလဲ

Share

          ပြီးခဲ့တဲ့ New Year မတိုင်ခင်တုန်းက အမေရိကန်ဒေါ်လာဈေးဟာ ၁၅၀၀ အောက်ကို တအိအိနဲ့ ကျသွားခဲ့ပါတယ်။ ၂၀၁၈ ဇူလိုင်လတုန်းက ၁၄၄၀ လောက်ထိ ကျသွားပြီးနောက်ပိုင်း အခု ၂၀၁၉ အကုန်နားမှာ ၁၅၀၀ အောက်ကို ၁ခါပြန်ကျတာဖြစ်ပါတယ်။ ဒေါ်လာနဲ့ လခရတဲ့ သူတွေကတော့ တော်တော်လေး နဝေတိမ်တောင် ဖြစ်ခဲ့ကြမှာပါ။ ပိတ်ရက်မှာ သွားဖို့ လာဖို့ ပိုက်ဆံကုန်စရာကရှိ၊ ဒေါ်လာဈေးကကျ၊ ရောင်းလိုက်ရင် ကောင်းမလား၊ ဆက်ထားရမှာလား ဝေခွဲမရတွေဖြစ်၊ ဗိုလ်ချုပ် ပိုက်ဆံထွက်လာရင် ပြန်တက်မှာလို့ ပြောတဲ့သူကပြော၊ သိမ်းထားမနေနဲ့တော့ ရောင်းပစ်လိုက်လို့ အကြံပေးသူကပေးနဲ့ တော်တော် စိတ်ရှုပ်ခဲ့မှာပေါ့။
          ခု ဖေဖော်ဝါရီလလယ် လောက်ထိကိုလည်း တက်ရိပ်ပြလိုက် ပြန်ကျသွားလိုက်နဲ့ ဖြစ်နေတုန်းပါပဲ။ ဒီလိုမျိုး ဒေါ်လာဈေး အတက်၊အကျဟာ ဒေါ်လာစားတွေ အတွက် စိတ်ရှုပ်စရာ အခြေအနေ ဖြစ်ပေမဲ့ နိုင်ငံရဲ့ ပို့ကုန်၊ သွင်းကုန် ကဏ္ဍကိုတော့ အတော်လေး ရိုက်ခတ်မှုရှိပါတယ်။ ခုအခြေအနေဆိုရင် ပို့ကုန်သမားတွေ ဈေးအရနည်းလို့ စိတ်ညစ်ရပြီး သွင်းကုန်သမားတွေကတော့ အသက်ရှုချောင်တဲ့ အချိန်လို့ပြောလို့ရပါတယ်။ တချို့ ပို့ကုန်သမားတွေဆို မိအေး နှစ်ခါနာမဲ့ အကွက်တွေတောင်ရှိနိုင်ပါတယ်။ ဥပမာ- ကိုယ်ကုန်ကြမ်း ဝယ်တုန်းက ဒေါ်လာဈေးတက်နေတဲ့ အချိန်နဲ့တိုးပြီး ဈေးကြီးပေးခဲ့ရ၊ နောက် ကုန်ချောပြန်ပို့မယ်လဲဆိုရော ဈေးကကျနေရော။ အဲတော့ ဒီလိုမျိုးခံရတဲ့ သူတွေဆို လုပ်ငန်းကြီးရင် ကြီးသလောက် အများကြီး ခံရပါတယ်။
          ဒီတစ်ခေါက် ဒေါ်လာဈေး ကျတာကို ထင်ကြေးတွေ အမျိုးမျိုးပေးကြပေမဲ့ ပညာရှင်တွေကတော့ ဒီတစ်ခေါက်က သွေးရိုးသားရိုး စီးပွားရေး သဘောတရားကြောင့် ကျတာလို့ပဲ ပြောကြပါတယ်။ ဒါဆို သွေးရိုးသားရိုး မဟုတ်ဘဲ ပယောဂ ဝင်ပြီး ကျတာတွေကော ရှိလို့လားလို့ မေးချင်မေးနိုင်ပါတယ်။ တခါတလေ နိုင်ငံခြားငွေလဲဈေးကွက်မှာ ဈေးဝင်ကစားသူတွေကြောင့် အတက်ကြမ်း၊ အကျကြမ်းတာတွေ ဖြစ်ခဲ့ဖူးလို့ပါ။ ဒါပေမဲ့ ဒီတခါကတော့ ဖြည်းဖြည်းပဲ တအိအိနဲ့ ဆင်းသွားတာမို့ ကမ္ဘာ့ဈေးကွက်မှာ အမေရိကန်ဒေါ်လာ အားပျော့လာတဲ့ ဖြစ်စဉ် လာရိုက်ခတ်တယ်လို့ပဲ သုံးသပ်ကြပါတယ်။


          ဒီတော့ ကျွန်တော်တို့ Orio Econ ကနေ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေလဲလှယ်ရေး ဈေးကွက်မှာ နိုင်ငံတကာ ငွေကြေးတွေရဲ့ ဈေးအတက် အကျကို ဘာတွေက လွှမ်းမိုးနေလဲ၊ ဘာတွေက ချုပ်ကိုင် ချယ်လှယ်နေတယ်၊ ဘယ် Factor တွေကတော့ဖြင့် ငွေဈေး အတက်အကျကို ဖြစ်စေမဲ့ ရှေ့ပြေးနိမိတ်တွေလဲ ဆိုတာကို အခြေခံကျကျ ပြောပြပေးသွားမှာပါ။ ဆိုတော့ကာ ကိုယ့်အကောင့်ထဲမှာ ဒေါ်လာတွေကျန်သေးရင် စိတ်ကို ခဏထိန်းလိုက်ပါဦး။ ဒီစာလေးကို အရင်ပြီးအောင်ဖတ်။ ပြီးမှ ရောင်းသင့် မရောင်းသင့် ဆုံးဖြတ်ပေါ့။ တက်ဈေးမိလိုက်လို့ မာလာရှမ်းကော တစ်ပွဲစာရလဲ မနည်းပါဘူးနော်။

နိုင်ငံခြားငွေ လဲလှယ်ရေးစနစ်များ (Currency Exchange Rate System)
          အရင်ဆုံး စာပြန်နွေးတဲ့ အနေနဲ့ ကမ္ဘာပေါ်က Exchange Rate System တွေ အကြောင်းကို ပြန်ပြောပြပါမယ်။ Exchange Rate System တွေကတော့ အားလုံး သိတော်မူကြတဲ့ အတိုင်း အဓိက စနစ်ကြီး (၂)ခု ရှိပါတယ်။Fixed Exchange Rate System (နှုန်းသေငွေလဲ စနစ်)ရယ်၊ Floate Exchange Rate System (နှုန်းရှင်ငွေလဲ စနစ်) ရယ်ပါ။
          အရင် န.အ.ဖ ခေတ် ဘကြီးတော်တို့ လက်ထက်တုန်းက မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေး ဖြစ်ချင်သလောက်ဖြစ်၊ ဗဟိုဘဏ်က ခပ်တည်တည်နဲ့ ဒေါ်လာဈေး တစ်ခုတည်း သတ်မှတ်ထားတာဟာ Fixed Exchange Rate System ပါ။ နှုန်းသေဆိုတဲ့ အတိုင်း ငွေလဲနှုန်းတစ်ခုတည်းကိုပဲ အသေသတ်မှတ်ထားပြီး ငွေကြေးဖောင်းပွမှုတွေ မဖြစ်စေရအောင် အရေးကြုံလာရင် ဗဟိုဘဏ်က သူ့မှာထားထားတဲ့ နိုင်ငံခြားအရံငွေနဲ့ ဝင်ရောက်ထိန်းချုပ်ရတဲ့ ပုံစံမျိုးပါ။ ဒီနေ့ခေတ် ကမ္ဘာပေါ်မှာ Fix Exchange Rate System ကိုသုံးတဲ့နိုင်ငံတော်တော် နည်းနေပါပြီ။ ပြီးတော့ Fixed Exchange Rate System စစ်စစ်ရယ်လို့လဲ မဟုတ်တော့ဘဲ ကိုယ့်နိုင်ငံနဲ့ကိုယ် အဆင်ပြေသလို Hybrid ပုံစံတွေဖြစ်ကြပါတယ်။
          Float Exchange Rate System မှာတော့ အဓိက ပုံစံ(၂)ခု ထပ်ကွဲသွားပါသေးတယ်။ Managed Float Exchange Rate System (ထိန်းချုပ် နှုန်းရှင် ငွေလဲစနစ်) ရယ်၊ Free Float Exchange Rate System (ဈေးကွက်သဘော နှုန်းရှင် ငွေလဲစနစ်) ရယ်ဆိုပြီးတော့ပါ။ 

            ကျွန်တော်တို့ နိုင်ငံကတော့ ဦးသိန်းစိန် အစိုးလက်ထက် ၂၀၁၂ခုနှစ်မှာ နှုန်းသေ ငွေလဲစနစ်ကနေ Manage Float Exchange Rate System (ထိန်းချုပ် နှုန်းရှင် ငွေလဲစနစ်) ကိုပြောင်းလဲခဲ့ပါတယ်။ ဒီ Manage Float စနစ်က Free Float နဲ့ဘာကွာလဲဆိုတော့ ဈေးကွက်သဘောအရ ရောင်းလိုအား ဝယ်လိုအား အပေါ်မူတည်ပြီး ဒေါ်လာဈေး အတက်အကျဖြစ်စေမယ်၊ ဒါပေမဲ့ ဗဟိုဘဏ်ကတော့ အနိမ့်ဆုံးဈေးနဲ့ အမြင့်ဆုံးဈေးကိုတော့ အမြဲကြည့်နေမယ်။ ဒီ အနိမ့်ဆုံးဈေးနဲ့ အမြင့်ဆုံးဈေး အပြင်ဘက် ထွက်သွားတော့မယ်ဆို ဗဟိုဘဏ်က သူ့ရဲ့ အရံငွေနဲ့ ဝင်ရောက်ထိန်းချုပ်ကွပ်ကဲမှာပါ။ မလိုလားအပ်တဲ့ ငွေဈေးကစားမှုတွေ မဖြစ်ရအောင် အနိမ့်ဆုံးဈေးနဲ့ အမြင့်ဆုံးဈေး တန်ဖိုးတွေကို ဘယ်တော့မှ လူထုကြားထဲ အသိပေးလေ့မရှိပါဘူး။

အရင် န.အ.ဖ ခေတ် ဘကြီးတော်တို့ လက်ထက်တုန်းက မှောင်ခိုဈေးကွက်မှာ ဒေါ်လာဈေး ဖြစ်ချင်သလောက်ဖြစ်၊ ဗဟိုဘဏ်က ခပ်တည်တည်နဲ့ ဒေါ်လာဈေး တစ်ခုတည်း သတ်မှတ်ထားတာဟာ Fixed Exchange Rate System ပါ။

          ပြီးခဲ့တဲ့ ဒီဇင်ဘာမှာ ဗဟိုဘဏ်က ဒေါ်လာသန်း (၃၀)လောက် ဈေးကွက်ထဲ ဝင်ဝယ်ပေးတာ အပေါ်က ပြောခဲ့တဲ့ သဘောတရားပါပဲ။ ဗဟိုဘဏ်က ဝင်ဝယ်လိုက်လို့ ဈေးတော့ အများကြီးပြန်တက်မသွားပေမဲ့ ဆက်လဲ မကျသွားတော့ဘဲ ခုတော့ တန့်နေပါတယ်။ တခြားစနစ်ဖြစ်တဲ့ Free Float မှာတော့ ဒီလိုမဟုတ်ပါဘူး။ ဗဟိုဘဏ်က ဘာမှ ဝင်မစွက်ဖက်တော့ဘဲ ဈေးကွက်ကပဲ သူ့ဟာသူ ထိန်းချုပ်နေတာပါ။
          ကမ္ဘာပေါ်မှာ Free Float စနစ်သုံးတယ်ဆိုပြီး ကြွေးကြော်တဲ့ နိုင်ငံတွေကတော့ စီးပွးရေး အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်၊ United Kingdom၊ ကနေဒါ၊ ဂျပန်တို့ဖြစ်ကြပါတယ်။ ဒါပေမဲ့ သီဝရီထဲကလို အစိုးရက လုံး၀ ဝင်မစွက်တော့ဘူးလား မေးရင်တော့ မဟုတ်ဘူးလို့ပဲ ဖြေရမှာပါ။ ဘာလို့လဲဆိုတော့ တခါတရံမှာ အခြေအနေ အကြောင်းကြောင်းကြောင့် ဝင်စွက်ဖက်ခဲ့ရတဲ့ သာဓကတွေရှိပါတယ်။ ဒါပေမဲ့ ဒါတွေက ၂နှစ်၊ ၃နှစ်နေမှ တစ်ခါလောက်ဖြစ်လို့ မပြောပလောက်ဘူးလို့ ဆိုချင်ဆိုနိုင်ပါတယ်။ ခုလောက်ဆို Exchange Rate System တွေအကြောင်း အတော်လေး ခြုံငုံမိပြီလို့ထင်ပါတယ်။ အောက်မှာတော့ Exchange Rate အတက်အကျကို လွှမ်းမိုးနေတဲ့ Factor တွေအကြေင်း ဆက်တင်ပြပေးပါမယ်။

နိုင်ငံခြားငွေလဲနှုန်းကို အတက်အကျဖြစ်စေသော အရာများ
(၁) ငွေကြေးဖောင်းပွမှုနှုန်း (Inflation Rate)
          ငွေကြေးဖောင်းပွမှုအကြောင်း ပြောခဲ့တုန်းက နိုင်ငံတစ်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းကို တွက်ကြပြီဆိုရင် ငွေလဲနှုန်းကို ထည့်ပြီးစဉ်းစားတယ်လို့ ကျွန်တော်တို့ ပြောခဲ့ပါတယ်။ ခုတစ်ခါ ငွေလဲနှုန်း အတက်အကျ ဖြစ်စေတဲ့ အချက်တွေကို ပြောပြန်တော့ ငွေကြေးဖောင်းပွမှုက ပါလာပြန်ရော။ တကယ်လဲ ဒီနှစ်ကောင်ဟာ နိုင်ငံရဲ့ စီပွားရေး ပြဒါးတိုင်တွေဖြစ်ကြတော့ တစ်ခုအကြောင်းပြောရင် နောက်တစ်ခုက မပါမဖြစ် ဖြစ်နေတော့တာပါပဲ။
          ငွေကြေးဖောင်းပွမှုနှုန်းရဲ့သက်ရောက်မှုက ရှည်ရှည်ဝေးဝေး ရှင်းပြနေဖို့လိုမယ်တော့ မထင်ပါဘူး။ ကိုယ့်နိုင်ငံဟာ ငွေကြေးဖောင်းပွမှုနှုန်းများပြီး ကိုယ့်ပိုက်ဆံတွေရဲ့ ဝယ်နိုင်စွမ်းအား (Purchasing Power) ကျနေပြီဆိုရင် ငွေလဲနှုန်းမှာလဲ တန်ဖိုးကျတော့တာပါပဲ။ ဒါဆို ခုတစ်ခေါက် ဒေါ်လာဈေးကျတာ ငွေကြေးဖောင်းပွတာနဲ့ ဆိုင်လားလို့ မေးစရာရှိပါတယ်။ အဖြေကိုပြောရရင်တော့ ဒီတစ်ခေါက် ဒေါ်လာဈေးကျတာ ငွေကြေးဖောင်းပွတာကြောင့် မဟုတ်ဘူးလို့ ဖြေရမှာပါ။
          ဘာလို့လဲဆိုတော့ အရင် ငွေကြေးဖောင်းပွမှုအကြာင်းမှာ ပြောခဲ့သလို ကျွန်တော်တို့ နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု ရာခိုင်နှုန်းက တက်နေပါတယ်။ သီဝရီသဘောအရ ဆိုရင် ခုချိန်ခါမှာ ဒေါ်လာဈေးတွေ စွတ်တက်ပြီး မြန်မာငွေ တန်ဖိုးကျနေရမှာပါ။ ဒါပေမဲ့ ခုခါမှာ ဒါနဲ့ပြောင်းပြန် ဒေါ်လာဈေးကျသွားတာ ဖြစ်တဲ့အတွက် ပညာရှင်တွေက ကမ္ဘာ့ဒေါ်လာဈေးကျမှုဖြစ်စဉ် လာရိုက်ခတ်တယ်လို့ ပြောကြတာပါ။ ငွေကြေးဖောင်းပွမှုနှုန်းက မကျတဲ့အတွက် ဒေါ်လာဈေး ကျပေမဲ့ အခြေခံစားသောက်ကုန် ဈေးနှုန်းက လိုက်မကျဘဲ ကျန်နေခဲ့တာပါ။ နည်းနည်းရှုပ်သွားရင်တော့ ခဏလောက် အချိန်ပေးပြီး ပြန်စဉ်းစားကြည့်ပေါ့။ ထပ်ရှင်းရင် ထပ်ရှုပ်ကုန်မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတယ်။

(၂)ဘဏ်အတိုးနှုန်း (Interest Rate)
          ဒီအချက်က ကျွန်တော်တို့ နိုင်ငံနဲ့တော့ သိပ်မဆိုင်ပေမဲ့ တခြားနိုင်ငံကြီးတွေမှာတော့ နိုင်ငံခြားငွေလဲနှုန်းကို ကြီးကြီးမားမား ပြောင်းလဲစေတဲ့ အတွက် ထည့်ထားရတာပါ။ ဒီ ဘဏ်အတိုးနှုန်းက နိုင်ငံခြားငွေလဲနှုန်းကို ဘယ်လိုရိုက်ခတ်စေနိုင်လဲ ဆိုတာကို ဥပမာနဲ့ ကျွန်တော် ပြောပြပါမယ်။ ဆိုပါတော့ အမေရိကန်နိုင်ငံက ဘဏ်တွေက သူတို့ရဲ့ဘဏ်တိုး နှုန်းကို မြင့်လိုက်တယ်ပေါ့။ အဲဒီမှာ တခြားဥရောပနိုင်ငံက သူဌေးတွေက သူတို့နိုင်ငံက ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေကို အတိုးနှုန်းမြင့်တဲ့ အမေရိကန်ကို ရွေ့ချင်လာပါပြီ။ ဒါပေမဲ့ လက်ရှိ သူတို့အပ်ထားတဲ့ ငွေတွေက ပေါင်စတာလင်နဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ ယူရိုအနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ အဲဒီငွေတွေကို အမေရိကန် သွားအပ်ဖို့အတွက် မဖြစ်မနေ ဒေါ်လာအနေနဲ့ လဲပြီး အပ်မှရမှာပါ။ ဒီတော့ ငွေအပ်ချင်တဲ့ သူများရင် များသလောက် အမေရိကန်ဒေါ်လာဟာ ဈေးကွက်မှာ အဝယ်လိုက်လာပြီး ဈေးတွေ တရိပ်ရိပ်တက်လာပါတော့တယ်။ ဒါဟာ ဘဏ်တိုးနှုန်းကို ကစားလိုက်ရင် နိုင်ငံခြားငွေလဲနှုန်းကို လာရိုက်ခတ်စေတဲ့ ဥပမာ ပဲဖြစ်ပါတယ် ခင်ဗျား။ ဒါပေမဲ့ ခုဒေါ်လာဈေး ကျနေတဲ့ မြန်မာနိုင်ငံကြီး နဲ့တော့ ဒီအချက်က ဘာမှမဆိုင်ပါဘူး။

(၃)ဗဟိုဘဏ်မှ ဝင်ရောက်ထိန်းချုပ်ကွပ်ကဲမှု (Government Intervention)
          ဗဟိုဘဏ်က နိုင်ငံရဲ့ စီးပွားရေး ရေချိန်ကို ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို သူ့ရဲ့ နိုင်ငံခြား အရန်ငွေနဲ့ ဈေးကွက်ထဲဝင်ရောက် ထိန်းချုပ်တာမျိုးကို ဆိုလိုတာပါ။ အပေါ်မှာ ပြောခဲ့သလိုပဲ လက်ရှိ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံခြားငွေ လဲလှယ်ရေး စနစ်အရ ဗဟိုဘဏ်က ဒေါ်လာဈေး အတက်အကျ ကြမ်းတာတွေ၊ ဈေးကစားတာတွေ ကာကွယ်ဖို့ ဒေါ်လာဝင်ဝယ်တာတို့၊ ဒေါ်လာတွေ ပြန်ရောင်းတာတို့ လုပ်ပြီး ငွေလဲဈေးငြိမ်အောင် ထိန်းချုပ်ပေးတာ ဒီသဘောပါပဲ။
          ခုတစ်ခေါက်လဲ ဈေးကျကျခြင်း ဒီဇင်ဘာလထဲမှာ ဒေါ်လာ သန်း(၃၀)ဖိုး ဝင်ဝယ်ပြီး ထိန်းပေးပါတယ်။ ၁၄၀၀ အောက်ရောက် မသွားပေမဲ့ ပြန်လဲတက်မလာပါဘူး။ ဇန်နဝါရီလထဲမှာဆိုရင် သန်း(၅၀) ဖိုးနီးပါး ထပ်ဝယ်ပါသေးတယ်။ ဒါပေမဲ့ ခုထိလဲ ဈေးက ၁၄၀၀ ကျော် ပတ်ဝန်းကျင်မှာပဲ တက်လိုက်ဆင်းလိုက်လုပ်ရင် လူတွေကို ကလူသလိုလို၊ မြူသလိုလိုနဲ့ လုပ်နေတုန်းပါ။ ဒီအချက်ကတော့ ကျွန်တော်တို့နဲ့ တိုက်ရိုက်ဆိုင်တော့ ဒေါ်လာဈေးရဲ့ အလားအလာကို သိချင်ရင် ဗဟိုဘဏ်ရဲ့ လှုပ်ရှားမှုတွေကို မျက်ခြည်မပြတ်ကြဖို့ သတိပေးလိုက်ပါတယ်။
         နောက် ထူးထူးခြားခြားပြောစရာ အနေနဲ့ကတော့ တရုတ်နိုင်ငံပါ။ တရုတ်က ပို့ကုန်အများဆုံး ထုတ်နေတဲ့ နိုင်ငံဆိုတော့ သူနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေ အမြတ်ရအောင် သူ့ငွေကြေးတန်ဖိုးကို အမြဲဆွဲချပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကျွန်တော်တို့ video အနေနဲ့ ပြောပြဖို့ စီစဉ်ထားလို့ ဒီမှာတော့ ဘာမှ ထွေထွေထူးထူး မပြောတော့ပါဘူး။ မကြာမီ လာမည်၊ မျှော်ပေါ့။

တရုတ်က ပို့ကုန်အများဆုံး ထုတ်နေတဲ့ နိုင်ငံဆိုတော့ သူနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်တွေ အမြတ်ရအောင် သူ့ငွေကြေးတန်ဖိုးကို အမြဲဆွဲချပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ကျွန်တော်တို့ video အနေနဲ့ ပြောပြဖို့ စီစဉ်ထားလို့ ဒီမှာတော့ ဘာမှ ထွေထွေထူးထူး မပြောတော့ပါဘူး။

(၄)ကုန်သွယ်မှုလိုငွေ ပြနေခြင်း (Current Accont Deficits)
          ကုန်သွယ်မှု လိုငွေပြနေခြင်း ဆိုတာကတော့ သူ့အဓိပ္ပါယ် အတိုင်းအတည့် ပြောရမှာပါပဲ။ နိုင်ငံတစ်နိုင်ငံဟာ သူ့အတိုင်းရပ်တည်နေလို့ မရတဲ့အတွက် ကုန်စည်တွေကို တခြားနိုင်ငံတွေနဲ့ အမြဲဖလှယ်နေရပါတယ်။ ဒီအခါမှာ ပို့ကုန်၊ သွင်းကုန် ကရတဲ့ ငွေကြေးတွေကို အသားတင် အမြတ်ငွေတွက်ကြည့်လိုက်ရင် ကိုယ်မြတ်နေလား၊ ရှုံးနေလား၊ တနည်းပြောရရင်တော့ လိုငွေပြနေလားဆိုပြီး တစ်နှစ်တစ်ခါပြန်ဆန်းစစ် ကြရပါတယ်။ ကျွန်တော်တို့ နိုင်ငံဆို အရမ်းသိသာပါတယ်။ ပို့ကုန်က လောက်လောက်လားလား၊ ကြီးကြီးမားမား မရှိတဲ့အပြင် ပစ္စည်းတော်တော်များများကလည်း တရုတ်အပြင် တခြား အာဆီယံ၊ အာရှနိုင်ငံတွေအပေါ် အားထားနေရတာပါ။ ဒီတော့ ကုန်သွယ်မှု လိုငွေ အမြဲပြပါတယ်။

တနည်းပြောရရင် နိုင်ငံထဲကို စီးဝင်လာတာက သန်း၂၀ဖြစ်ပြီး ပြန်စီးထွက်သွားရမှာက ဒေါ်လာ သန်း၄ဝဖြစ်ပါတယ်။ ဒီတော့ လိုနေတဲ့ သန်း၂၀အတွက်ကို ကုန်သည်တွေက နိုင်ငံခြား ငွေလဲဈေးကွက်မှာ ဝယ်ပြီးဖြည့်ပေးလိုက်ရတဲ့ သဘောဖြစ်ပါတယ်။

          ကုန်သွယ်မှုလိုငွေ ပြတာက ငွေလဲနှုန်းအပေါ် ဘယ်လိုရိုက်ခတ်သလဲ ဆိုတာကိုတော့ ထုံးစံအတိုင်း ဥပမာ ဆောင်ပြပါဦးမယ်။ ထားပါတော့ ကျွန်တော်တို့နိုင်ငံက ဒီနှစ်အတွက် ပို့ကုန်ကနေ ဒေါ်လာသန်း ၂၀ ရတယ်ဆိုပါစို့။ ဒါပေမဲ့ သွင်းကုန်ကနေ ဒေါ်လာ သန်း၄၀ဖိုးလောက် ပြန်ပေးနေလိုက်ရတယ်ဆိုရင် ကုန်သွယ်မှုလိုငွေက ဒေါ်လာ သန်း၂ဝဖြစ်သွားပါပြီ။ တနည်းပြောရရင် နိုင်ငံထဲကို စီးဝင်လာတာက သန်း၂၀ဖြစ်ပြီး ပြန်စီးထွက်သွားရမှာက ဒေါ်လာ သန်း၄ဝဖြစ်ပါတယ်။ ဒီတော့ လိုနေတဲ့ သန်း၂၀အတွက်ကို ကုန်သည်တွေက နိုင်ငံခြား ငွေလဲဈေးကွက်မှာ ဝယ်ပြီးဖြည့်ပေးလိုက်ရတဲ့ သဘောဖြစ်ပါတယ်။ ဒါဆို ဈေးကွက် သဘောတရားအရ ဒေါ်လာ အဝယ်လိုက်လာပြီဆို ဒေါ်လာဈေးတက်မယ်၊ မြန်မာငွေတန်ဖိုးကျမယ်၊ ငွေကြေးဖောင်းပွမှုတွေ ဆက်ဖြစ်မယ်၊ စသည်ဖြင့်၊ စသည်ဖြင့် ဆက်စပ်သွားတာပါ။
          ဒီအချက်ကတော့ တစ်နှစ်ပတ်လုံးကုန်သွယ်မှု အပေါ်မူတည်ပြီး ရိုက်ခတ်တာဆိုတော့ ဒီတစ်ခေါက်ကိစ္စနဲ့တော့ သိပ်မပတ်သတ်ပါဘူး။ အဓိက ကတော့ စီးပွားရေးပညာရှင်တွေနဲ့ ပေါ်လစီချမှတ်မဲ့ သူတွေသာ မသိမဖြစ် သိထားသင့်တာပါ။

(၅)ငွေဈေး ကစားခြင်း (Speculation)
          တကယ်တမ်း ကျွန်တော်တို့ ကြောက်ရမှာက ဒီလို ငွေဈေး ကစားတဲ့သူ (Speculators) တွေကိုပါ။ မြန်မာနိုင်ငံမှာလဲ ဒေါ်လာဈေးကစားတဲ့ လက်ကြီးသမားတွေ ရှိကောင်းရှိမှာပါ။ ကျွန်တော့ရဲ့ လေ့လာမှု အားနည်းချက်ကြောင့် ခုတော့ မတင်ပြနိုင်သေးပါဘူး။ နိုင်ငံတကာမှာတော့ ဒီလိုလူတွေ အများကြီးပါ။ လူရိုသေ ရှင်ရိုသေ ခေါ်ကြမယ်ဆိုရင်တော့ (Currency Traders) တွေပေါ့။ သူတို့ လုပ်တာက လောင်းကစားဆန်တယ်လို့ ထင်ရပေမဲ့ တကယ် ကျွမ်းကျင်တဲ့ သူတွေကတော့ အချက်အလက်တွေ ပေါင်းစုံကို ခွဲခြမ်းစိတ်ဖြာ တွက်ချက်ပြီးမှ အကွက်ရွေ့ကြတာပါ။ တစ်ခါတစ်ရံမှာ သူတို့လိုချင်တဲ့ အကွက်ရဖို့ လူထုထဲကို ကောလာဟလ လွှင့်ပြီး လုပ်တဲ့ အကွက်တွေလဲ ရှိပါတယ်။ လူတွေ ရုတ်ရုတ်သဲသဲ ဒေါ်လာတွေ ပြေးဝယ်ချင်လာအောင်ပဲဖြစ်ဖြစ်၊ ပြေးရောင်းချင်စိတ်ပေါ်လာအောင်ပဲဖြစ်ဖြစ်ပေ့ါ၊

          ဥပမာ ပြောရရင် ဒါနဲ့ပတ်သတ်ပြီး သမိုင်းမှာ နာမည်ကြီးတာကတော့ မြန်မာနိုင်ငံနဲ့ မကင်းရာ မကင်းကြောင်းရှိနေတဲ့ သူဌေးကြီး ဂျော့ဆိုးရော့စ်ပါပဲ။ ဒီဖြစ်ရပ်ကို Black Wednesday လို့လူသိများပြီး ၁၉၉၂ စက်တင်ဘာလမှာ ဖြစ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက UK ဟာ ERM လို့ခေါ်တဲ့ European Exchange Rate Mechanism အဖွဲ့ဝင် နိုင်ငံအဖြစ်ရှိနေပြီး နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်ရေး စည်းမျဉ်းစည်းကမ်းတွေကို ERM ကချမှတ်ထားတဲ့အတိုင်း လိုက်နာနေရပါတယ်။ ဒါကို ငွေကစားတဲ့ ကုန်သည်ကြီးတွေက မနှစ်မြို့ကြတော့တဲ့အတွက် ERM ကနေ မထွက်ထွက်အောင် ဝိုင်းဝန်းထိုးနှက်ကြပါတော့တယ်။


          သူတို့လုပ်ပုံကရှင်းပါတယ်။ ERM ထဲမှာနေမယ်ဆိုရင် ကိုယ့်ငွေကြေးတန်ဖိုးကို သူတို့သတ်မှတ်ထားတဲ့ Range အတွင်းဝင်အောင် ထိန်းချုပ်ထားနိုင်ရမှာပါ။ ဒီတော့ ဆရာသမားတွေ လုပ်စရာအနေနဲ့က ကိုယ့်နိုင်ငံရဲ့ ပေါင်စတာလင်ကို တန်းဖိုးမကျကျ အောင်ချဖို့ဖြစ်လာပါတော့တယ်။ တကယ်လည်း သူတို့ဟာ ဈေးကွက်ထဲကို ပေါင်စတာလင်တွေ အလုံးအရင်းနဲ့ ရောက်အောင်လုပ်၊ ဈေးမကျကျအောင်ချကြပြီး နောက်ဆုံးမှာ ဗြိတိန်ဟာ ERM ကသတ်မှတ်ထားတဲ့ အနိမ့်ဆုံး ငွေတန်ဖိုးအောက် ရောက်သွားတဲ့အတွက် ERM ကနေနှုတ်ထွက်လိုက်ရပါတော့တယ်။ ဂျော့ဆိုးရော့စ်ကတော့ ဒီလို ကသောင်းကနင်း အခြေအနေကြီးမှာ ဒေါ်လာ (၁)ဘီလီယံလောက် အသားတင် ပိုက်မိသွားအောင် အကွက်ရွေ့သွားနိုင်ပါသတဲ့ဗျာ။

ဒေါ်လာဈေးဆက်ကျနေဦးမလား
          ဒီအဖြေကို မပြောခင် Forex Trading ဆိုတာလေး ကြားဖြတ်ပြောပြပါမယ်။ ဒါကဘာလဲဆိုတော့ စတာ့ရှယ်ယာ ကစားသလိုပဲ ကမ္ဘာ့ရွှေဈေးနဲ့၊ ဒေါ်လာဈေးကို အွန်လိုင်းမှာ အကောင့်ဖွင့်ပြီး ကစားရတာပါ။ တကယ်မဟုတ်တဲ့ Virtual ဝက်ဆိုဒ်တွေမှာ လေ့ကျင့်ခန်း အနေနဲ့ ကစားလို့ ရသလို နောက်ကျွမ်းကျင်သွားရင် တကယ်ငွေသွင်းပြီး အရောင်းအဝယ်လုပ် ကစားရတာပါ။ မြန်မာနိုင်ငံမှာ ဒီလိုကစားဖို့ သင်တန်းပေးနေတဲ့ ကုမ္ပဏီတွေ၊ သင်တန်းတွေလည်းရှိပါတယ်။ ဆိုလိုချင်တာကတော့ဗျာ သူတို့လို ကစားတဲ့သူတွေကြတော့ ဒေါ်လာစားတွေလို လကုန်ကာနီးမှ ဒေါ်လာဈေးကို စိတ်ဝင်စားရတာမဟုတ်ဘဲ နေ့စဉ်နဲ့ အမျှ မျက်ခြည် မပြတ်အောင် သတင်းတွေကို အနံခံ၊ နားစွင့်ပြီး လှုပ်ရှားရတာပါ။ ဒီလိုသူတွေအတွက် Forecast လုပ်ပေးနေတဲ့ ဝက်ဆိုဒ်တွေရှိပါတယ်။ ဥပမာပြောရရင် tradingeconomics.com တို့၊ walletinvestor.com တို့ပါ။

မေလလောက်ဆိုရင်တော့ ၁၅၀၀နားကို ပြန်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ ဒီဆိုဒ်တွေကိုလည်း အရမ်းကြီး အတည်ယူလို့တော့ မရပါဘူး။

          အဲတော့ ဒီဝက်ဆိုဒ်တွေရဲ့ လောလောဆယ် ခန့်မှန်းထားချက်တွေကို ပြောပြပါမယ်။ သူတို့ခန့်မှန်းထားတာကတော့ မတ်လ အလယ်လောက်အထိတော့ ဒေါ်လာဈေးဟာ ၁၄၀၀ ပတ်ဝန်းကျင်မှာပဲ ဆက်ရှိနေဦးမှာပါ။ မေလလောက်ဆိုရင်တော့ ၁၅၀၀နားကို ပြန်ရောက်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒါပေမဲ့ ဒီဆိုဒ်တွေကိုလည်း အရမ်းကြီး အတည်ယူလို့တော့ မရပါဘူး။ မထင်မှတ်ထားတဲ့ နိုင်ငံရေး၊ စီးပွားရေး အလှည့်အပြောင်းတွေကြောင့် ခန့်မှန်းချက်တွေကလည်း အချိန်နဲ့ အမျှ ပြန်ပြန်ပြောင်းနေလို့ပါ။ Facebook မှာ စီးပွားရေး အကြောင်း ရေးပေးနေတဲ့ ပညာရှင်တွေရဲ့ အကောင့်ကိုလည်း ဝင်ဖတ်ကြဖို့ မမေ့နဲ့ပေါ့ဗျာ။ လူပြောသူပြောတွေ နားထောင်ပြီး သိမ်းရမလား၊ ရောင်းရမလား ဝေခွဲမရဖြစ်နေတာထပ်စာရင် ပညာရှင်တွေ ပြောတာကို နားစွင့်ထားတာက ပိုကောင်းပါတယ်။
          ခုတင်ပြခဲ့တာကတော့ ဒေါ်လာစား ကိုကို၊ မမ တွေရယ်၊ သင်္ဘောသားတွေရယ်၊ နောက် ဒီဘက် နိုင်ငံခြားငွေကြေး လဲလှယ်ရေး ဈေးကွက်ကြီးနဲ့ အလှမ်းဝေးသူတွေ အတွက်ပါ။ ပို့ကုန်၊ သွင်းကုန်သမားတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ ကတော့ ဒေါ်လာဈေး၊ ရွှေဈေးက သူတို့ အတွက် အသက်ဆိုတော့ သိထားပြီးသားဖြစ်ကြမှာပါ။ အဆုံးထိဖတ် ရှုပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျား။

ကူးယူဖော်ပြခွင့်မပြုပါ။

 

%d bloggers like this: