0

Christmas Deadweight Loss

Share

Christmas နဲ့new year မှာသင့် မိသားစုနဲ့ မိတ်ဆွေတွေကိုလက်ဆောင် ပေးဖို့အဆင်သင့် ဖြစ်နေကြပြီလား။ ဘာလက်ဆောင် ပေးဖို့ရော စဉ်းစားထားသလဲ၊ ဒါမှမဟုတ် စဉ်းစားပြီးပြီ ဆိုရင်လဲ ဘာလို့ဒါပေးမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာလဲ။ သင့်လက်ဆောင်က ပိုက်ဆံ ဖြုန်းခြင်း သက်သက်ပဲ၊ သင့်လက်ဆောင်က လက်ခံတဲ့သူဆီ ရောက်သွားတဲ့အခါ ပစ္စည်းတန်ဖိုး ပိုလျှော့ကျသွားတယ် ဒါမှမဟုတ် အလေအလွင့် ဖြစ်သွား လိမ့်မယ်လို့ ပြောရင် သင်ယုံနိုင်ပါ့မလား။ သင်က တသိန်းတန် လက်ဆောင် ပစ္စည်း အသစ်ကလေးဝယ်ပြီး ပေးပေမဲ့ ပစ္စည်း လက်ခံရတဲ့ သူလက်ထဲ ရောက်သွားရင် တသိန်း မတန်တော့ပဲ ၇ သောင်း၊ ၈ သောင်းတန် လောက် ဖြစ်သွားတယ်လို့ ပြောရင် သင်လက်ခံ ပါ့မလား။

အမေရိကန်နိုင်ငံမှာ ခရစ်စမတ် လက်ဆောင်ပေးဖို့ နှစ်စဉ်နှစ်တိုင်း အမေရိကန်ဒေါ်လာ ဘီလျံ၁၀၀ ခန့်သုံးစွဲနေတယ်။ ဒါပေမဲ့ တနှစ်ကို ၁၈ ဘီလျံကနေ ၂၀ ဘီလျံထိ အလေအလွင့်ဖြစ်နေတယ်။ တခြားနိုင်ငံတွေမှာလဲ အတူတူပဲ။ ဒါဟာ ဘာကြောင့်လဲ။

ကျွန်မတို့ဟာ ကိုယ့်အတွက် ကိုယ်တိုင် ပစ္စည်းဝယ်တဲ့အခါ ပစ္စည်းရဲ့တန်ဖိုးကို မြှင့်တင်ပေးပါတယ်။ ဒီနေရာမှာ ပြောတဲ့ ပစ္စည်းတန်ဖိုး ဆိုတာ ဈေးနှုံး တခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ ပစ္စည်းအသုံးဝင်မှုကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျွန်မတို့ ကိုယ့်အတွက် ကိုယ်တိုင် ပစ္စည်းဝယ်တဲ့အခါ ဘယ်နေရာမှာ အသုံးလိုတာဘ ာကိုလိုချင်တယ် ဆိုတာ တိတိကျကျသေချာ သိပါတယ်။ ဒါကြောင့် ကိုယ် တကယ် အသုံးလိုနေတဲ့ နေရာမှာသုံးမှာမိုလို့ ပစ္စည်း တန်ရာတန်ကြေးထက်တောင် ကျွန်မတို့က ပိုတန်ဖိုးထားကြပါတယ်။ နောက်ပြီး ကိုယ်အရမ်းလိုချင်နေတဲ့အရာကို လက်ဆောင်အဖြစ်ရရှိတဲ့အခါမှာလဲ အများကြီး တန်ဖိုးထားကြပါတယ်။

လက်ဆောင် ပေးခြင်းဟာလည်း တခါတရံ လက်ဆောင်ပစ္စည်းတန်ဖိုးကို ပိုမြှင့်တင် ပေးတတ်ပါတယ်။ ဥပမာ သင်ကစီးပွားရေးစာအုပ်တွေ ဖတ်ရတာ ကိုကြိုက်မှန်း ကျွန်မက သိတယ်။ ဒါကြောင့် စီးပွားရေးဆိုင်ရာ စာအုပ်ကောင်း တအုပ် ကျွန်မဖတ်ဖြစ်တဲ့အခါ သင့်ကို လက်ဆင့်ကမ်းပေးလိုက်တယ်။ စာအုပ်တန်ဖိုးက ငါးထောင်ကျပ်သာဖြစ်ချင်ဖြစ်မယ်။ ဒါပေမဲ့ ဒီစာအုပ်ကိုအမြတ်တနိုး နှစ်နှစ်သက်သက်ဖတ်သူက နှစ်ဦးမိုလို့ ဒီစာအုပ်ရဲ့တန်ဖိုးက ပိုမြင့်သွားပါတယ်။ နောက်ပြီး အဲလို လက်ဆောင်ပေးတာဟာ တကယ်လိုချင်နေတဲ့သူကလိုချင်တဲ့ ပစ္စည်းကို တကူးတက အချိန်ကုန် ငွေကုန်ခံလိုက်ရှာရာမှာကုန်တဲ့ ကုန်ကျစရိတ် (search cost) ကိုလည်း လျှော့ချပေးပါတယ်။
ဒါပေမဲ့ လူတွေကသူတို့ မလိုချင်တဲ့ ပစ္စည်းမျိုး ရရှိတဲ့အခါ Negative trade (အကျိုးမရှိသော ကုန်ဖလှယ်မှု) အဖြစ် အဲဒီပစ္စည်းတန်ဖိုးကိုလျှော့ချပစ်လိုက်ကြပါတယ်။

လက်ဆောင် ပေးခြင်းမှာ ပြဿနာ ၂ မျိုး ရှိတယ်လို့ စီးပွားရေးပညာရှင်တဦး ဖြစ်တဲ့ Joel Waldfogel က ဆွေးနွေးထားပါတယ်။
1. The incentive problem
2. The knowledge problem ပါ။

လူတွေက သူတို့ကိုယ်တိုင် အတွက်ပစ္စည်းဝယ်တဲ့အခါ ကောင်းမွန်တဲ့ incentives ရအောင် ဂရုတစိုက် ရွေးချယ်ဝယ်ယူလေ့ ရှိပါတယ်။ ပြီးတော့ သူတို့ကိုယ်တိုင် ဘာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာသေသေချာချာ သဘောပေါက်နေပါတယ်။ ဒါပေမဲ့ အခြားတစုံတယောက်အတွက် ဝယ်တဲ့အခါမှာသူများဘာကြိုက်တယ် မကြိုက်ဘူးဆိုတာကို သေချာမသိကြတော့ဘူး။ ဒါကြောင့် ကိုယ့်အတွက်လောက် သေချာဂရုစိုက်ရွေးဝယ်လေ့ မရှိတော့ပဲ အဆင်ပြေရာကို ရွေးဝယ်လိုက်ပါတယ်။

Joel Waldfogel က သူလေ့လာဖူးတဲ့ အကြောင်းအရာတခုမှာ “လက်ဆောင်ပေးသူက ဒေါ်လာ ၅၀ တန် ပစ္စည်း ပေးလိုက်ပေမဲ့ ပျမ်းမျှခြင်းအားဖြင့် လက်ခံသူကဒေါ်လာ ၄၀ သာသာပဲ ရရှိလေ့ရှိတယ်” လို့ဆိုပါတယ်။ ကျွန်မအပေါ်မှာ ပြောခဲ့သလို နှစ်စဉ် အမေရိကန်မှာဒေါ်လာဘီလျံ ၁၀၀ လောက်သုံးနေပေမဲ့ ၁၈ မှ ၂၀ ဘီလျံထိ ပြုန်းတီးနေတယ် ဆိုတာပေ့ါ။ အကယ်၍ သင်က မှန်ကန်တဲ့ လက်ဆောင်မျိုးပေးမိတောင် များသောအားဖြင့် လက်ဆောင်တွေက အသုံးမဝင်ပဲအလေအလွင့်တွေဖြ စ်နေတုန်းပါ။

ဒါဆိုဒီပြသနာကိုဘယ်လိုဖြေရှင်းကြမလဲ ?

မကြာသေးခင်က ကျွန်မfacebook friends အချို့ share နေကြတဲ့ မင်္ဂလာ လက်ဖွဲ့နဲ့ ပတ်သက်တဲ့ post လေးတခုကို ပြေးသတိရမိပါတယ်။ မင်္ဂလာမောင်နှံက သူတို့ကိုလက်ဖွဲပေးတဲ့အခါ ငွေသားလက်ဖွဲ့ဆို ပိုကျေးဇူးတင်မိတဲ့ အကြောင်း စာအိတ် ကလေးကိုပါ ဖိတ်စာနဲ့အတူထည့်ပေးထားတဲ့ အကြောင်းပါ။ မကြာခဏ ကျွန်မ news feed မှာမြင်နေရတာကြောင့်ဒီ idea လေးကို လူတွေ အတော်သဘောကျပုံပါပဲ ။
ဆိုတော့… ပြသနာအဖြေကငွေသားလို့ဆိုရမလားပဲ။ Gift cards တွေက ဒီနေရာမှ ာငွေသားလိုပဲ အစားထိုးစရာအကောင်းဆုံးပစ္စည်းတခုပါ။ ဒါပေမဲ့လေ့လာတွေ့ရှိချက်အရ Gift Cards လက်ဆောင်ရရှိတဲ့ ၁၀% သောလူဦးရေဟာ Gift card တွေကိုတကယ်အသုံးမပြုဖြစ်ကြပါဘူးတဲ့။ Redeem လုပ်ဖို့မေ့လျော့နေတတ်ပြီး expiry ဖြစ်သွားကြပါတယ်။

နောက်ပြီး ပေးလိုက်တဲ့ ပစ္စည်းတွေ အသုံးမဝင်ဆုံး အလေအလွင့် အများဆုံး ဖြစ်တဲ့ နေရာတခု ရှိပါတယ်။ အဲဒါ က Charity တွေပါပဲ။ ရေဘေးလို သဘာဝဘေးအန္တရာယ် ကျရောက်တုန်းက ကျွန်မတို့ အဝတ်ဟောင်းတွေ အသည်းအသန် လှူလိုက်ကြပါသေးတယ်။ ဒါပေမဲ့ တကယ် သွားကြည့်တော့ ကျွန်မတို့လှူထားတဲ့ အဝတ်ပုံကြီးဟာသူတို့အတွက် တကယ်အသုံးမဝင်ပဲ အမှိုက်ပုံကြီးတောင် ဖြစ်နေတယ်။ သူတို့ တကယ်လိုတာ ဆန်တွေ ဆီတွေဖြစ်ချင်ဖြစ်မယ၊် လှေတစင်းဒါမှမဟုတ် ရေသန့်၊ ဆေးတွေဖြစ်ချင်ဖြစ်မယ်။ ကျွန်မတို့ကသူတို့ဘာလိုအပ်တယ် ဆိုတာ သေချာမလေ့လာပဲ ကိုယ်ပေးချင်တာ ပေးပစ်တော့ အလေအလွင့်တွေ ဖြစ်ကုန်ရော။ နောက်ပြီး အဲဒီလိုအသုံးမဝင်တဲ့ အဝတ်အစားတွေကို ရေဘေးနေရာဆီ အရောက်ပို့ဖို့ သယ်ပို့စရိတ်တွေကလဲ ကြီးပါသေးတယ်။ အဲဒီပြသနာကို ဖြေရှင်းနိုင်တဲ့ အလှူခံအဖွဲ့အစည်းအချို့ ပေါ်ပေါက်လာပါတယ်။ သူတို့က လှူငွေတွေလက်ခံပြီးတကယ် လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ပြန်လှူဒါန်းပေးတာပါ။ ဒါဟာအတော်ထိရောက်တဲ့ ပေးကမ်းခြင်းပါပဲ။

ဒီနေရာမှာ လက်ခံမဲ့သူ ဘာလိုချင်တယ် ဆိုတာကို သေချာသဘောမပေါက်သ၍ ကျွန်မတို့ပေးသမျှ လက်ဆောင် ပစ္စည်းတွေဟာလုံးဝ waste တွေပါပဲ။ ဒါဆို ငွေသားက အဖြေလား ?

သင်ကညစာစားပွဲကြီး တခုကျင်းပတယ် ဆိုပါစို့။သင့်မိတ်ဆွေတွေကဘာကြိုက်မှန်း မသိလို့ သင်က စေတနာနဲ့ လူတိုင်းကို ပိုက်ဆံလိုက်ပေးပြီး စားချင်တာ ဝယ်စားကြပါလို့ ပြောရင် သေချာပေါက် သင်အရိုက်ခံရနိုင်ပါတယ်။ဘာကြောင့်လဲ ?

Psychologist တဦးဖြစ်သူ Don Arielyကတော့ Real Issue is Friendship လို့ဆိုပါတယ်။ လက်ဆောင်ပေးတယ် ဆိုတာ စီးပွားရေးတွက်ခြေကိုက်တဲ့ ကုန်ပစ္စည်းဖလှယ်မှု သက်သက်ပဲ မဟုတ်ပါဘူး။ လူတွေ တဦးအပေါ်တဦး ထားရှိတဲ့ ချစ်ခင်လေးစားမှု ပါပဲ။ တခါတလေလက်ဆောင်ပေးတယ်ဆိုတာ ပေးလိုက်တဲ့ ပစ္စည်းကအသုံးဝင်ခြင်းမဝင်ခြင်းထက် ပေးလိုက်တယ်ဆိုတဲ့ အသိအမှတ်ပြုခံရခြင်းကိုလိုချင်ကြပါတယ်။ ကျွန်မတို့ဟာ ချစ်ခြင်းမေတ္တာကို မက်မောကြတဲ့လူသားတွေဖြစ်နေသ၍ ချစ်ခြင်းမေတ္တာနဲ့ စေတနာကို ပစ္စည်းနဲ့ငွေသားထက် ပိုတန်ဖိုးထားလို့ပါပဲ။

ပိုက်ဆံဟာ လုပ်ငန်းခွင်တိုင်း မှာလဲ အဖြေမဟုတ်ကြောင်း လုပ်ငန်းခွင်ထဲက လေ့လာတွေ့ရှိချက် တခုကို ပြောပြပါရစေ။ သူဌေးတဦးဟာ သူ့ဝန်ထမ်းတွေကို motivation ကျတတ်တဲ့ တင်္နလာနေ့မှာ performance တက်အောင် မတူညီတဲ့ bonus (၃) မျိုးကိုတလှည့်စီပေးလေ့ ရှိပါတယ်။ ပထမတမျိုးက ဝန်ထမ်းတွေကို Pizza ကျွေးတယ်၊ ဒုတိယတခုက ပိုက်ဆံ ချီးမြှင့်တယ်။ တတိယတခုက သူဌေးကအသိအမှတ်ပြုတဲ့ text message လေးတွေ ပို့ပေးပါတယ်။ ဒါပေမဲ့ ပြသနာက ပိုက်ဆံချီးမြှင့်တဲ့ အပတ်မှာဆို နောက်တရက် အင်္ဂါနေ့မှာဝန်ထမ်းတွေရဲ့ performance က သိသိသာသာ ကျဆင်းသွားတာပါပဲ။ Pizza အတူစားကြတဲ့ နေ့တွေနဲ့ သူဌေးဆီက ချီးကျူးစကား လက်ခံရရှိတဲ့အပတ်ရဲ ့အင်္ဂါနေ့တွေ မှာတော့ သူတို့ performance ကအရမ်း ကျဆင်းတာမျိုး မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အရမ်းလိုချင်တဲ့ပိုက်ဆံ bonus မရတော့ဘူး ဆိုတာ သဘောပေါက်လို့ပါပဲ။ ပီဇာမစားရတော့လို့ သူဌေးဆီက ချီးမွန်းစကား မကြားရတော့မှာမိုလို့ performance ကျသွားမှ ာမဟုတ်ပေမဲ့ ပိုက်ဆံ မရတော့ဘူးဆိုတဲ့ အသိက performance ကိုသိသိသာသာ ကျဆင်းစေပါတယ်။ Don Ariely က ငွေကြေးထက် အခြားဆုလက်ဆောင်ပေးဖို့ အကြံပြုထားပါတယ်။

ငွေကြေးဟာ နေရာတိုင်းမှ ာအဖြေတခု မဟုတ်နေပြန်ပါဘူး။ တဖက်မှာလဲ မှားယွင်းတဲ့ လက်ဆောင် ပေးမိပြန်ရင်လဲ ပေးတဲ့သူအတွက်လဲဆုံးရှုံးတယ်၊ လက်ခံတဲ့သူ ဖက်ကလဲ နစ်နာတယ်။ ဘယ်လိုအဖြေကအကောင်းဆုံး ဖြစ်မလဲဆိုတာက ကျွန်မတို့ ချစ်တဲ့သူတွေကိုလက်ဆောင် ပေးတဲ့အခါ သူတို့ တကယ် ဘာလိုအပ်နေသလဲ ဆိုတာသိရှိဖို့ လိုပါတယ်။ ဒါမှသာ လက်ဆောင်ရတဲ့ သူကအဲဒီ ပစ္စည်းကိုအသုံးပြုတဲ့ အခါတိုင် းဒါမှမဟုတ် မြင်တဲ့ အခါတိုင် းပေးတဲ့သူကိုသတိတရ ရှိစေပြီး ထိရောက်တဲ့ လက်ဆောင် ပေးခြင်းမျိုး ဖြစ်မှာပါ။ စာဖတ်သူတို့ရော ကိုယ်မလိုချင်တဲ့ လက်ဆောင် ရဖူးသလား။ အမှတ်တရ ဖြစ်နေတဲ့ လက်ဆောင်မျိုး ရောရှိသလား ဆိုတာ comment မှာဆွေးနွေးပေးသွားပါဦး။ ပျော်ရွှင်စရာ နှစ်သစ်မှာ လိုချင်နေတဲ့ လက်ဆောင်တွေ ရရှိကြပါစေ။

ကူးယူဖေါ်ပြခြင်း ခွင့်မပြုပါ။

Written by Aye Chan Myint

%d bloggers like this: