0

မျိုးဆက်သစ်တို့ အရွေးမခက်ကြဖို့ (How to overcome the Paradox of Choice)

Share

          Big Bag Wolf စာအုပ်ပွဲတော်တုန်းက တော်တော်များများရောက်ဖြစ်ကြမယ်ထင်တယ်။ စာအုပ်တွေ အများကြီးပင်လယ်ကိုဝေနေတာပဲလေ။ ကဏ္ဍတွေကလည်း အစုံမှ အစုံပါပဲ။ တစ်ယောက်ကို ဘယ်နှစ်အုပ်လောက်များဝယ်ဖြစ်ခဲ့ကြလဲဗျ။ စာအုပ်တန်းတွေကြားထဲ ခေါက်တုံ့ခေါက်ပြန်ပြေးလွှားရင်း သဘောကျတဲ့စာအုပ်တွေ ခြင်းထဲကိုလှိမ့်ပစ်ထည့်ခဲ့ကြတယ် မဟုတ်လား။ အားလုံးရွေးပြီးလို့ကောင်တာမှာ ငွေရှင်းကာနီးကြတော့ ဘတ်ဂျက်အခြေအနေအရ ၂အုပ် ၃အုပ်လောက် ထားခဲ့ရမဲ့ အခြေအနေကောဖြစ်ခဲ့သေးလား။ ကျွန်တော်ကတော့ ကြုံခဲ့ရသေးတယ်။
          အဲဒီတုန်းက ထားခဲ့မဲ့စာအုပ်လေးတွေကို ပဏာမရွေးထုတ်တယ်ပေါ့။ ပြီးတော့ သူ့နေရာသွားပြန်ထား။ ခြေလှမ်း ၂လှမ်း၊ ၃လှမ်းပဲလှမ်းရသေးတယ် စိတ်က မပြတ်တော့ဘူး။ နေရာကိုပြန်သွား။ စာအုပ်လေးကိုပြန်ကိုင်။ လှည်းထဲကစာအုပ်တွေ နဲ့ပြန်ယှဉ်ကြည့်။ တစ်ခါ ဒီကောင်လေးတော့ယူသွားပါမယ်လေ တခြားတစ်အုပ်ထားခဲ့မယ်လို့ပြန်ဆုံးဖြတ်။ တခြားတစ်အုပ်ကိုထားခဲ့လို့မှ တစ်မိနစ်မပြည့်သေးဘူး။ ရင်ထဲမှာ ယားကျိယားကျိ ဖြစ်လာပြန်ရော။ နောက်ဆုံး Google ခေါက်ကြည့်တော့လည်း rating တွေကသိပ်မကွာပြန်။ အပြင်မှာငွေရှင်းပြီးလို့ ရောက်နှင့်နေတဲ့ သူငယ်ချင်းတွေကလည်း ဖုန်းတဂွမ်ဂွမ်ဆက်။ လှည်းထဲကြည့်ပြန်တော့လည်း စာအုပ်တွေက ငါတို့ကိုဒီတစ်ခါမှမဝယ်ရင် နောက်တစ်ခေါက်ဆိုတာ မသေချာဘူးနော်လို့ ပြောနေသယောင်ယောင်။ ဒီလိုနဲ့ပဲ ချီတုံချတုံဖြစ်ရင်း အဲဒီနေ့က စာအုပ်ပွဲတော်ထဲမှာတော်တော်ကြာခဲ့ပါတယ်။
          ဒါက ကျွန်တော်ကြုံခဲ့ရတာနဲ့ပတ်သက်ပြီး နိဒါန်းပျိုးအနေနဲ့ပြောပြတာပါ။ တခြားဥပမာတွေလည်း အများကြီးရှိပါသေးတယ်။ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ သူတို့တွေ shopping mall တွေမှာ ပွဲနေပွဲထိုင်တစ်ခုအတွက် အဝတ်အစားဝယ်တယ်ပဲဆိုပါစို့။ ပထမဆိုင်ကတော့ အဆင်လေးကိုကြိုက်တယ်။ နောက်တစ်ဆိုင်ကကြတော့ အရောင်ပိုလှနေပြန်ရော။ နောက်တစ်ဆိုင်ကဟာလေးက ကိုယ်နဲ့fit ဖြစ်နေတယ်လို့ခံစားရပြန်တယ်။ ဒီလိုနဲ့ပဲ ဟိုဘက်ဆိုင်ပြန်ကြည့်လိုက် ဒီဘက်ဆိုင်ပြန်ကြည့်လိုက်နဲ့ ဝေခွဲမရတွေဖြစ်။ နောက်ကလိုက်တဲ့သူငယ်ချင်းတွေလည်း ခြေတို။ ဒါမျိုးရော ကြုံခဲ့ဖူးလား ခင်ဗျ။ ကြုံခဲ့ဖူးတယ်ဆိုရင်တော့ ဒီလိုရွေးရခက်တဲ့ပြဿနာတွေ ဘာကြောင့်၊ ဘယ်လိုဖြစ်တယ်ဆိုတာ ကျွန်တော်တို့ အောက်မှာဆက်ကြည့်ရအောင်ဗျာ။

ရွေးရခက်ခြင်းပြဿနာ (choice overload)
          ရွေးရခက်ခြင်း (choice overload) ဆိုတဲ့စကားလုံးကို အယ်ဗင်တော်ဖလာ (Alvin Toffler) က ၁၉၇၀ခုနှစ်မှာထွက်ခဲ့တဲ့ သူ့ရဲ့ အနာဂတ်ကိုသွေးလန့်ခြင်း (Future Shock) စာအုပ်မှာ စတင်သုံးနှုံးခဲ့ပါတယ်။ အနာဂတ်ကိုသွေးလန့်ခြင်း စာအုပ်က ၁၉၇၀ မှာထွက်ရှိခဲ့ပြီး ၂၁ရာစုမှာဖြစ်လာနိုင်တဲ့ လူမှုရေး ပဋိပက္ခတွေရယ် နည်းပညာတွေရဲ့ရိုက်ခတ်မှုတွေကို သုံးသပ်ပြထားတာပါ။ သူ့ရဲ့သုံးသပ်ချက်တွေကြောင့် နိုင်ငံတော်တော်များများ ရှော့ခ်ဖြစ်သွားခဲ့ရပြီး အုတ်အော်သောင်းနင်း ဝယ်ယူအားပေးမှုတွေကြောင့် နိုင်ငံတကာမှာလည်း အရောင်းရဆုံးစာရင်းတွေမှာ အချိန်အတော်ကြာ နံပါတ်(၁)ချိတ်ခဲ့ပါတယ်။ စာအုပ်ရဲ့ အကျဉ်းချုံးအဓိပ္ပါယ်အနေနဲ့ကတော့ “မျက်စိတမှိတ် လျှပ်တပြတ်အတွင်းမှာ အရှိန်အဟုန်နဲ့ပြောင်းလဲနေတဲ့ခေတ်ကြီးအကြောင်း” လို့ ပြောစမှတ်ပြုကြပါတယ်။
          တော်ဖလာက အနာဂတ်မှာ လိုတာထက်ပိုပြီး ဖောခြင်းသောခြင်းဖြစ်လာမဲ့ ကုန်ပစ္စည်းတံဆိပ်အမျိုးမျိုး၊ အမယ်အမျိုးမျိုးကြောင့် လူမှုအဖွဲ့အစည်းအတွင်း ရွေးရခက်ခြင်း (choice overload) ပြဿနာ ခံစားလာရနိုင်ကြောင်း သူ့စာအုပ်ထဲမှာ ဆွေးနွေးခဲ့တာပါ။ ရွေးရခက်ခြင်း (choice overload) ပြဿနာကို ခြုံငုံပြီးပြောပြရမယ်ဆိုရင်-

၁) အရည်အသွေးခပ်ဆင်ဆင်၊ တန်ဖိုးကလည်း မတိမ်းမယိမ်း၊ နှိုင်းယှဉ်စရာ တခြားအချက်တွေမှာလည်း သိပ်မကွာတဲ့ ရွေးချယ်မှုတွေကိုလုပ်ရတဲ့အခါ ဒီပြဿနာဟာ အဖြစ်များပါတယ်တဲ့။
၂)ရွေးစရာအနည်းအများပမာဏနဲ့ လူတွေရဲ့စိတ်ကျေနပ်မှုကိန်းညွန်းက ဂရပ်ဖ်ပေါ်မှာဆိုရင် “U ဇောက်ထိုး“
ပုံစံရှိပါတယ်လို့ဆိုပါတယ်။
၃)ဆိုလိုတာကတော့ လူတွေရဲ့စိတ်ဟာ ရွေးစရာနည်းနည်းပဲရှိရင် စိတ်တိုင်းမကျဘူး။ ရွေးစရာတွေပိုလိုချင်တယ်။ ရွေးစရာတွေများလာလေ ပိုကျေနပ်လေဆိုပေမဲ့ ထိပ်ဆုံး peak point ရောက်တဲ့အခါမှာတော့ ရပ်သွားပါတော့တယ်။
၄)အဲဒီအမှတ်ကနေ ရှေ့ဆက်သွားမယ်ဆိုရင်တော့ ရွေးစရာများလာလေ ပိုစဉ်းစားရကြပ်လေ၊ ပိုပြီး ဝေခွဲမရဖြစ်လေ၊ ပိုစိတ်ရှုပ်လေဖြစ်တော့မှာပါ။
၅)အကယ်၍ အရဲစွန့်ပြီး အများကြီးထဲက ရွေးချယ်မှုတွေလုပ်ခဲ့ရင်တောင် ကိုယ့်ရွေးချယ်မှုအပေါ် နောင်တရနိုင်ခြေကိန်းညွန်းက ရွေးစရာနည်းနည်းပဲရှိတာထက် ပိုများပါတယ်။
၆)နောက်ပြီး အချိန်ကိုလည်း ဒီပြဿနာအတွက် သက်ရောက်မှုတစ်ခုအဖြစ်ထည့်သွင်းထားပါတယ်။ ဒါကတော့ရှင်းပါတယ်။ ရွေးစရာတွေများနေပေမဲ့ စဉ်းစားချိန်ကောင်းကောင်းရရင် ခေါင်းအေးအေးထားပြီး ဆုံးဖြတ်နိုင်ပါဦးမယ်။ ရွေးစရာတွေကများ စဉ်းစားချိန်ကနည်းဆိုရင်တာ့ သေချာပါတယ် စိတ်ဖိစီးမှုတွေတက်လာပြီး သွက်ချာပါဒလိုက်တော့မှာပါ။ ကျွန်တော်စာအုပ်ပွဲတော်မှာ ဖြစ်ခဲ့သလိုပေါ့။

ရွေးစရာတွေကများ စဉ်းစားချိန်ကနည်းဆိုရင်တာ့ သေချာပါတယ် စိတ်ဖိစီးမှုတွေတက်လာပြီး သွက်ချာပါဒလိုက်တော့မှာပါ။ ကျွန်တော်စာအုပ်ပွဲတော်မှာ ဖြစ်ခဲ့သလိုပေါ့။

          ဒါကတော့ ၁၉၇၀လောက်က တော်ဖလာနဲ့ သူ့မဟေသီတို့နှစ်ယောက် ၂၁ရာစုအတွက် လှမ်းပြီးမီးမောင်းထိုးပြခဲ့တာကို အကြမ်းဖျင်းတင်ပြထားတာပါ။ ဒီပြဿနာဟာ ရောင်းသူ ဝယ်သူအသံတူရမယ့် စီးပွားရေးနယ်ပယ်တင်မကပါဘူး။ တက္ကသိုလ်ရွေးချယ်မှုတွေ၊ အလုပ်အကိုင်ရွေးချယ်မှုတွေအပြင် အိမ်ထောင်ဘက်ရွေးချယ်မှုနယ်ပယ်ထိပါ ရိုက်ခတ်နိုင်ကြောင်း တော်ဖလာက သတိပေးထားပါသေးတယ်။
          တော်ဖလာရဲ့နောက် ၂၀၀၄ခုနှစ်မှာတော့ ဒီရွေးရခက်ခြင်းပြဿနာတွေကို ကျမ်းတစ်စောင် ပေတစ်ဖွဲ့ ဆွေးနွေးတင်ပြခဲ့တဲ့သူတစ်ယောက် ထပ်ပေါ်လာပါတယ်။ သူ့အကြာင်းကိုတော့ နောက်တစ်ပိုဒ်မှာ ဆက်လက်တင်ပြသွားမှာပါ။
(တော်ဖလာကို South End Press က အင်တာဗျူးပြီး Preview & Premises ဆိုတဲ့စာအုပ်ထွက်ခဲ့ပါတယ်။ ဒီစာအုပ်ကို ဆရာကျော်ဝင်းက “တော်ဖလာနှင့်စကားစမြည်” ဆိုပြီး ဘာသာပြန်ထားတာရှိပါတယ်။ Future Shock ကို “အနာဂတ်ကိုသွေးလန့်ခြင်း” ဆိုပြီး ဆရာဘာသာပြန်ထားတာ သဘောကျလို့ ဒီစာစုမှာ ယူသုံးလိုက်တာပါ။)

Paradox of Choice – ရွေးချယ်မှု ဝိရောဓိ

Paradox of Choice ဆိုတဲ့ ဒီစကားလုံးက အမေရိကန်စိတ်ပညာရှင် ဘယ်ရီ ရှဝေါ့ဇ် (Berrry Schwartz) ၂၀၀၄ခုနှစ်မှာရေးသားထုတ်ဝေခဲ့တဲ့ စာအုပ်ရဲ့နာမည်ပါ။ ရှဝေါ့ဇ်က ဒီစာအုပ်မှာ-
• လူတွေရဲ့ စိတ်ကျေနပ်မှု ပျော်ရွှင်မှုဟာ ရွေးချယ်စရာအနည်းအများပေါ်လိုက်ပြီး ဘယ်လိုပြောင်းလဲသလဲ၊
• ရွေးချယ်မှုလုပ်နေချိန်မှာရော တစ်ယောက်နဲ့တစ်ယောက်စဉ်းစားပုံဘယ်လိုကွာခြားလဲ၊
• ရွေးချယ်ပြီးချိန်မှာရော ကိုယ့်ရွေးချယ်မှုအပေါ်ဘယ်လောက်ကျေနပ်လဲ၊
• အကောင်းဆုံးရွေးချယ်မှုနည်းလမ်းကရော ဘာဖြစ်မလဲ၊
• ရောင်းသူတွေအနေနဲ့ကရော ဒီပြဿနာတွေကို ကျော်လွှားဖို့ ဘယ်လိုအခင်းအကျင်းတွေ ပြင်ဆင်သင့်သလဲ စသည်ဖြင့် စသည်ဖြင့် အိတ်သွန်ဖာမှောက် ဆွေးနွေးတင်ပြထားခဲ့တာပါ။ ဒါကြောင့်လဲ သူ့ရဲ့ “Paradox of Choice” ဆိုတဲ့စကားလုံးဟာ အတော်တွင်ကျယ်သွားခဲ့ပြီး website တွေ၊ Youtube ဗီဒီယိုတွေအပြင် Management Courseတွေမှာပါ ရည်ညွှန်းစာသားအနေနဲ့ အများဆုံးယူသုံးခြင်းခံရပါတယ်။

          ရှဝေါ့ဇ်ကိုယ်တိုင် TED Talk မှာ The Paradox of Choice ဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောထားတဲ့ ဗီဒီယိုကိုလည်း You Tube မှာရှာကြည့်လို့ရပါတယ်။ သူကတော့ စိတ်ပညာရှင်ဖြစ်တဲ့အတွက် ဘယ်နယ်ပယ်အတွက်ရယ်လို့ မခွဲခြားဘဲ အကျယ်အပြန့်ဆွေးနွေးပြထားတာပေါ့။ ကျွှန်တော်တို့ Orio Economics ကတော့ ရောင်းရေးဝယ်တာတွေမှာ ရောင်းသူတွေအနေနဲ့ ဒီပြဿနာကို ဘယ်လိုပါးပါးနပ်နပ်နဲ့ ကိုင်တွယ်မယ်ဆိုတာရယ်၊ ရွေးချယ်ဝယ်သူတွေအနေနဲ့ ဘယ်လိုအလေးထားစဉ်းစားပြီး ရွေးသင့်တယ်ဆိုတာကိုပဲ highlight လုပ်ပြီးတင်ပြသွားမှာပါ။

ဈေးဗန်းခင်းကြသည်ဆိုရာဝယ်
          ခေါင်းရွက်ဗျက်ထိုးဈေးသည်လေးတွေကစလို့ Hyper-Market ကြီးတွေအထိ ကုန်ပစ္စည်းခင်းကျင်းတွေဟာ ဝယ်သူကိုဆွဲဆောင်တဲ့နေရာမှာတော်တော်စကားပြောပါတယ်။ ဒီတော့ အဲ့အကြောင်းနဲ့ပတ်သတ်ပြီး မပြောမဖြစ်တဲ့ သုတေသနစမ်းသပ်ချက်တစ်ခုကို ပြောပြချင်ပါတယ်။ ဒါကတော့ The JAM Study လို့ခေါ်တဲ့ ယိုပုလင်းတွေနဲ့လုပ်ခဲ့တဲ့ စမ်းသပ်ချက်ပါ။
          ၂၀၀၀ခုနှစ်က The Journal of Consumer Psychology မှာတင်ပြခဲ့တာဖြစ်ပြီး မတူညီတဲ့ Supermarket ၂ခုမှာ ယိုအမြည်းစားဖို့နေရာလေးတွေလုပ်ထားတာပါ။ ပထမတစ်နေရာမှာ ယိုနမူနာ (၂၄)မျိုးပြထားပြီးတော့ နောက်တစ်နေရာမှာတော့ ယို(၆)မျိုးပဲ ခင်းပြထားပါတယ်။ စင်တာပိတ်ကာနီး စာရင်းချုပ်လိုက်တဲ့ အခါမှာတော့ ထုံးစံအတိုင်း ယိုအများကြီးခင်းထားတဲ့နေရာကို လူအများကြီးလာမြည်းကြပါတယ်တဲ့။ ယိုနည်းနည်းလေးရှိတဲ့နေရာကတော့ စိတ်ဝင်စားတဲ့သူခပ်ကျဲကျဲပါပဲ။ ဒါပေသိ လာမြည်းတဲ့သူနဲ့ အမှန်တကယ်ဝယ်သွားတဲ့သူရာနှုန်းကိုကြည့်တဲ့အခါမှာတော့ ယို၂၄ မျိုးရှိတဲ့ဘက်မှာ လာတဲ့သူရဲ့ ၃% ပဲ ဝယ်သွားကြပြီး ဒီဘက်မှာတော့ ၃၀%က အားပေးသွားကြပါတယ်။

          အဲဒီကနေစပြီး “Less is More” –(နည်းနည်းလေးက ပိုထိရောက်တယ်) ဆိုတဲ့စကားလုံးဟာ ဈေးကွက်အကြံပေးပညာရှင်တွေရဲ့ လက်သုံးစကားဖြစ်လာပါတော့တယ်။ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ ဒီစကားလုံးက အရမ်းကို အားပြင်းပါတယ်။ Head & Shoulder ခေါင်းလျှော်ရည်ဟာ ဒီတွေ့ရှိချက်တွေနောက်မှာ သူတို့ရဲ့ ခေါင်းလျှော်ရည်ထုတ်လုပ်မှုကို ၂၆ မျိုးကနေ ၁၅မျိုးအထိလျှော့ချခဲ့ပြီး ရောင်းအား ၁၀ရာခိုင်နှုန်းတက်လာခဲ့ပါတယ်။ ဒါတင်မကသေးပါဘူး။ ထုတ်လုပ်မှုရပ်နားလိုက်တဲ့ အမျိုးအစားတွေအတွက် သုံးစွဲရတဲ့ကုန်ထုတ်စရိတ်လည်း အများကြီးသက်သာသွားပါတယ်။ နှစ်သီးစားအကျိုးရှိတဲ့ ဗျူဟာပါပဲ။
          ဒီနေရာမှာ ရောင်းတဲ့သူတွေဘက်က မေးစရာရှိလာပါတယ်။ ပစ္စည်းတွေအများကြီးမတင်ဘဲ လျှော့ချတာတော့ ဟုတ်ပါပြီ။ ဘယ်လောက်နည်းနည်းထိလျော့တာ အကောင်းဆုံးဖြစ်မလဲ။ အရမ်းနည်းလွန်းသွားရင်လဲ ဝယ်သူတွေက စိတ်တိုင်းမကျကြဘူးဆိုတော့လေ။ ပြီးတော့ အပေါ်က JAM Study မှာဆိုရင် ယို(၂၄)မျိုးပြထားတဲ့နေရာကို ဝယ်တာမဝယ်တာ အပထား လူအများကြီးက စိတ်ဝင်တစားလာကြည့်ကြတယ်မဟုတ်လား။ ဒီတော့ ကိုယ့်ဆိုင်ကို လူအများကြီးလဲ ဝင်စေချင်တယ်၊ ရောင်းအားလဲ တက်ချင်တယ်။ ၂ခုစလုံးအဆင်ပြေတာမရှိဘူးလားဆိုပြီး မေးခွန်းထုတ်ကြပါတော့တယ်။

အဲဒီကနေစပြီး “Less is More” –(နည်းနည်းလေးက ပိုထိရောက်တယ်) ဆိုတဲ့စကားလုံးဟာ ဈေးကွက်အကြံပေးပညာရှင်တွေရဲ့ လက်သုံးစကားဖြစ်လာပါတော့တယ်။ရိုးရိုးရှင်းရှင်းလေးဆိုပေမဲ့ ဒီစကားလုံးက အရမ်းကို အားပြင်းပါတယ်။

          ဒါ့အတွက်အဖြေကတော့ ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပြီးသားပါ။ စာအုပ်ဆိုင်တွေကိုသွားရင် အရောင်းရဆုံးစာအုပ်ကောင်တာလေး သပ်သပ်ခွဲထားတာ သတိထားမိကြမှာပေါ့။ နောက် ဘီယာဆိုင်တွေမှာဆိုရင် ကျောက်သင်ပုန်းလေးနဲ့ Today Special ဆိုတာကိုရော။ အဲဒါအပြင် ဖက်ရှင်ဆိုင်တွေကိုသွားရင် “ဒီဇိုင်းတွေကတော့ အများကြီးပဲ၊ အေးဆေးရွေးနော်၊ ဒီအဆင်လေးကတော့ ခုတလောလူကြိုက်များတယ်၊ ကြည့်ကြည့်ပါလား” စသည်ဖြင့် ပြောတာတွေလဲ ကြုံဖူးကြမှာပေါ့။ ဟုတ်ပါတယ်။ ဒါတွေကတော့ ဈေးကွက်ပညာရှင်တွေ အမြဲလိုလို အကြံပေးလေ့ရှိတဲ့ အခင်းအကျင်း ဗျူဟာပါ။ ပုံမှန်ရောင်းကုန်တွေကို အများကြီးမလျှော့ချလိုက်ဘဲနဲ့ သူတို့ထဲကမှ လက်ရွေးစင်တွေကို သပ်သပ်ခွဲထုတ်ပြီးခင်းကျင်းစေတဲ့နည်းပါ။ ကိုယ့်ရောင်းကုန်အပေါ်မူတည်ပြီးတော့ တစ်ခုနဲ့တစ်ခုပုံစံမတူနိုင်ပါဘူး။ Best Seller တို့၊ New Relese တို့၊ နောက် ဝိုင်တန်းတွေမှာဆို “Recommended for this season by wine expert.” ဆိုတာမျိုးတွေပေါ့။
ဒီဗျူဟာကို သူတို့အခေါ်ကတော့ “အများထဲက အနည်း၊ အနည်းထဲက အများ” ပါတဲ့။
          နောက်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ ကိုယ့်ရောင်းကုန်တွေကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာပြီး ခင်းကျင်းဖို့၊ ဒါမှမဟုတ် website တွေ၊ Page တွေမှာဆိုရင်လည်း ကုန်ပစ္စည်းအကြောင်းကို ရှင်းရှင်းလင်းလင်း ရေးပြထားဖို့အကြံပေးကြပါတယ်။ ဒါဟာဝယ်သူတွေကို စဉ်းစားချိန်နည်းနည်းနဲ့ ရွေးချယ်စေနိုင်ပြီး ရောင်းအားတက်စေတဲ့အတွက်ပါ။ ဒီအတွက် အကောင်းဆုံးဥပမာအဖြစ်ကတော့ Amazon website ရဲ့တည်ဆောက်ထားပုံကိုညွှန်ပြလေ့ရှိပါတယ်။ ကိုယ်လိုချင်တဲ့ပစ္စည်းပုံစံအလိုက် ခေါင်းစဉ်၊ ခေါင်းစဉ်ကွဲတွေအောက်မှာ အနီးစပ်ဆုံးတူအောင် ရှာဖွေနိုင်လို့ပါတဲ့။ ကုန်ပစ္စည်းရဲ့ အသေးစိတ်အချက်အလက်တွေ လွယ်လွယ်ကူကူသိနိုင်တာလဲပါတာပေါ့။
          ဒါကတော့ ဝယ်သူတွေ ရွေးချယ်မှုဝိရောဓိမဖြစ်စေဖို့ ရောင်းသူတွေဘက်က လိုက်နာသင့်တဲ့ အကြံပြုချက်တွေပါ။ တခြားအချက်တွေ အများအပြားကျန်သေးပေမဲ့ စာရှည်မှာစိုးလို့ ချန်ထားခဲ့လိုက်ပါတယ်။ ပိုပြီးသိချင်သူများကတော့ websit တွေပေါ်မှာဆက်လက်လေ့လာလို့ရပါတယ်။ ဒါပြီးရင်တော့ ဝယ်သူတွေဘက်ကရော ဘယ်လိုရွေးချယ်ကြမလဲဆိုတာ အောက်မှာကျွန်တော်ဆက်ပြောပြပါမယ်။

ရွေးချယ်ခြင်း အနုပညာ

          ကျွန်တော်တို့ နေ့စဉ်ဘဝမှာ တစ်နေ့ပြီးတစ်နေ့ မရိုးနိုင်အောင် ရွေးချယ်မှုတွေ လုပ်နေရလေ့ရှိပါတယ်။ ဥပမာ- ဒီနေ့မနက် ရုံးကို ဘာဝတ်သွားမှာလည်း၊ နေ့လည်စာထမင်းချိုင့်အတွက် ဘာချက်ရမလဲ၊ ညနေရုံးဆင်းရင် ဟော့ပေါ့သွားစားရမလား၊ မာလာရှမ်းကောစားရမလား စသည်ဖြင့် ရွေးချယ်မှု အသေးလေးတွေအပြင်၊ ရုံးပိတ်ရက်မှာ သင်တန်းတက်ဖို့ ဘယ်သင်တန်းကိုရွေးရမလဲ၊ လစာကောင်းဖို့ ဘယ်အလုပ်ကို ကူးပြောင်းရမလဲ စတဲ့ ရွေးချယ်မှုကြီးကြီးမားမားတွေအထိ အမြဲလိုလို ရွေးချယ်မှုတွေက ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာနေမှာပါ။
          ဒီတော့ ရွေးစရာရှိတာတွေရွေးပြီးမှ နောင်တရနေတာ၊ စိတ်တိုင်းမကျဖြစ်ရတာတွေ မရှိရအောင် ပါမောက္ခ ရှဝေါ့ဇ် သူ့ရဲ့ The Paradox of Choice စာအုပ်ထဲမှာ ပြောပြခဲ့တာကိုပြန်မျှဝေပေးပါပါရစေ။ ရှဝေါ့ဇ်က လူတွေရဲ့ ရွေးချယ်မှုလုပ်တဲ့ ပုံစံတွေကို လေ့လာကြည့်ရင် ပုံစံ (၂)မျိုးတွေ့ပါမယ်တဲ့။


          ပထမပုံစံကတော့ “The Maximizers or Prefectionist” (ကိုပြည့်စုံများ) အဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့ပုံစံမှာ ပါတဲ့သူတွေဟာဆိုရင် နည်းနည်းဇီဇာကြောင်တယ်လို့ပြောရမလားပဲ။ သူတို့ဟာ ရွေးချယ်မှုမလုပ်ခင် ရနိုင်သမျှအချက်အလက်တွေကို အပြန်ပြန်အလှန်လှန်သုံးသပ်၊ အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်လေ့ရှိပါတယ်။ဒါပေမဲ့ သူတို့ရွေးချယ်မှုအပေါ် ကိုယ်တိုင်စိတ်ကျေနပ်မှုကတော့ သိပ်ပြီးအားရစရာမရှိဘူးလို့ ပါမောက္ခ ရှဝေါ့ဇ်ကတော့ သုံးသပ်ထားပါတယ်။ ဘာလို့လဲဆိုတော့ ရွေးရမဲ့ option တွေအားလုံးကို သုံးသပ်ထားတော့ ပယ်လိုက်တဲ့ option တွေထဲက ကောင်းကွက်လေးတွေကိုပြန်တွေးပြီး တနုံ့နုံ့ဖြစ်နေတတ်လို့ပါတဲ့။
          ဒုတိယပုံစံကတော့ “The Satisficers” (ကိုရေအေး) တို့အဖွဲ့ဖြစ်ပါတယ်။ သူတို့ကတော့ ဘောင်တစ်ခု၊ စည်းတစ်ခုသတ်မှတ်လိုက်ပြီးတော့ အဲဒီမှာ အကြုံးဝင်တဲ့ထဲက အဆင်ပြေဆုံးကိုပဲရွေးလိုက်ကြတဲ့ သူတွေပါ။ Satisficer တွေထဲမှာ ထင်ထင်ရှားရှား လက်ညှိုးထိုးပြရမဲ့သူကတော့ ကိုကြီးဇူကာဘက်ပါပဲ။ တီရှပ်တစ်ပုံစံထဲကို ထည်လဲဝတ်ပြီး အဝတ်အစားရွေးချယ်မှုအတွက် ပေးရမဲ့အချိန်တွေကို ပယ်ဖြစ်ခဲ့တဲ့သူပါ။
          ဒီတော့ ကိုယ်ကိုယ်တိုင်ရော ဘယ်အုပ်စုတွင်းမှာ အကြုံးဝင်နေပါသလဲ။ ပါမောက္ခ ရှဝေါ့ဇ်ကတော့ လူတိုင်းဟာ အခြေအနေပေါ်လိုက်ပြီး ပုံစံနှစ်မျိုးစလုံး ပြုမူတတ်ပါတယ်တဲ့။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်တောင်မသိလိုက်ဘဲ အမှုမဲ့ အမှတ်မဲ့ လုပ်မိတာတွေများပါတယ်။ တကယ်နောင်တကင်းစေမဲ့ ရွေးချယ်မှုတွေဖြစ်ဖို့ဆိုရင်တော့ ဒီလိုအကြံပေးထားပါတယ်။
ဘဝအတွက် အလှည့်အပြောင်းဖြစ်စေမဲ့ ရွေးချယ်မှုတွေလုပ်တဲ့အခါမှာတော့ “Maxizers” တွေလို စဉ်းစားဆုံးဖြတ်ပါတဲ့။ ဥပမာ- တက္ကသိုလ်ရွေးချယ်မှူ၊ အလုပ်အကိုင်ရွေးချယ်မှု၊ အိမ်ထောင်ဘက်ရွေးချယ်မှု စသည်ဖြင့်ပေါ့။ ဒါမှမဟုတ်ဘဲ နေ့စဉ်ဘဝရဲ့ရွေးချယ်စရာတွေကိုတော့ “Satisficers” တွေလို ရိုးရိုးလေးပဲ တွေးဖို့ပြောထားပါတယ်။ နမူနာအားဖြင့် ရုံးကိုဘာဝတ်သွားရမယ်၊ TGIF ဘယ်ဆိုင်ကိုသွားရမယ် ဒါမျိုးတွေပေါ့လေ။ အချိန်အများကြီး လိုတာထက်ပိုမသုံးဘဲ ကိုယ့်ရွေးချယ်မှုအပေါ်ရောင့်ရဲခိုင်းတာပါ။ သူနောက်ဆုံး အပိတ်အနေနဲ့ ပြောသွားတဲ့ စကားစုလေးရှိပါတယ်။ အဲဒါလေးကတော့ ဒီလိုပါ။
Satisficing is, in fact, that Maximizing strategy” ပါတဲ့ခင်ဗျာ။

Contributed by Thaw Htet
ကူးယူဖော်ပြခွင့် မပြုပါ။

%d bloggers like this: