တရုတ်နိုင်ငံ၏ ကမ္ဘာတဝှမ်းလုံးကို လွှမ်းမိုးရန် ရည်ရွယ်သည့် စီးပွားရေးပတ်လမ်းကြောင်း One Belt One Road သို့မဟုတ် Belt and Road Initiative ကို အကောင်အထည်ဖေါ်ရာတွင် လမ်းကြောင်းဖြတ်သန်းသည့်နိုင်ငံများ၊ ဆက်နွယ်နေသည့် နိုင်ငံများကို အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စများ တိုးတက်ဆောက်လုပ်ရေး ချေးငွေများ အများအပြား ထုတ်ချေးခဲ့သည်။
အမေရိကန်သုတေသနလုပ်ငန်း AidData က တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ၂၀၀၀ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ဖွံ့ဖြိုးဆဲနိုင်ငံများသို့ Belt and Road Initiative – BRI ကိစ္စနှင့် စပ်လျဉ်း၍ ချေးငွေ ကန်ဒေါ်လာ ၁.၃၄ ထရီလျံ အထိ ထုတ်ချေးခဲ့သည်ဟု ပါရှိသည်။
ဘေဂျင်းအစိုးရသည် ၎င်းတို့ စီးပွားရေးပတ်လမ်းစီမံကိန်းအတွက် ပါဝင်ပတ်သက်ရန် သဘောတူညီသည့် နိုင်ငံ ၁၅၀ အထိ ရှိနေပြီး ဥရုဂွေးနိုင်ငံမှသည် သီရိလင်္ကာအထိ ပါဝင်သည်ဟု ကြေညာထားသည်။
ယင်းတို့ထဲတွင် ဇမ်ဘီယာကဲ့သို့ အာဖရိကနိုင်ငံများနှင့် အာရှမှ သီရိလင်္ကာကဲ့သို့ တရုတ် ကြွေးမြီများအား ပြန်ဆပ်နိုင်ချေမရှိတော့သည်အထိ ကြွေးနစ်ခဲ့သည့် နိုင်ငံများလည်း ရှိလာသောကြောင့် အနောက်နိုင်ငံများက တရုတ်အစိုးရကို ချေးငွေကို အသုံးပြုကာ ဩဇာလွှမ်းမိုးရန် ကြံစည်နေသည်ဟု စွပ်စွဲလျက်ရှိသည်။
တရုတ်ဘဏ္ဍာရေး အဖွဲ့အစည်းများသည် အခြားနိုင်ငံများ၏ မြီရှင်များ ဖြစ်လာသလို တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) သည် ချေးငွေစုစုပေါင်း၏ ထက်ဝက်ကျော်ကို ထုတ်ချေးထားသည့် အစိုးရပိုင် လုပ်ငန်းလည်း ဖြစ်လာသည်။
ကန်ဒေါ်လာ ၁.၃၄ ထရီလျံ (၁၃၄၀ ဘီလျံကျော်) ထဲမှ ထက်ဝက်ကျော်ပမာဏသည် ယခုအချိန်တွင် ပြန်လည် ပေးဆပ်ရမည့် သက်တမ်းသို့ ရောက်ရှိနေသည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် အဆိုပါချေးငွေများနှင့် လည်ပတ်နေသည့် စီမံကိန်းပေါင်း ၂၁,၀၀၀ နီးပါး ရှိပြီး ဘေဂျင်းအစိုးရက နှစ်စဉ် အတိုး ဒေါ်လာ ၈၀ ဘီလျံ ခန့် ရရှိနေသည်ဟု ဆိုသည်။
AidData ၏ အဆိုအရ တရုတ်အစိုးရက အတိုးငွေ ရရှိနေသည့် နိုင်ငံများကို အခြားတဖက်၌ အထွေထွေ ထောက်ပံ့ရေးကိစ္စများကြောင့် အမေရိကန်အစိုးရက နှစ်စဉ် ဒေါ်လာ ၆၀ ဘီလျံ ခန့် ထောက်ပံ့နေရသည်ဟု ဆိုသည်။
BRI စီးပွားရေးပတ်လမ်းသည် သယံဇာတရင်းမြစ်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့ကို ကမ္ဘာ့တောင်ပိုင်း – တရုတ်လွှမ်းမိုးရာနယ်ပယ်သို့ သယ်ဆောင်သွားဖွယ်ရှိနေသော်လည်း ဝေဖန်သူများက တရုတ်ချေးငွေနှင့် ပတ်သက်သော စီမံကိန်းများမှာ (မလေးရှားနှင့် မြန်မာတို့တွင်) ပွင့်လင်းမြင်သာမှု မရှိဟု ပြောဆိုလျက်ရှိသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Yahoo Finance, Reuters Business, Aid Data, Green – BRI Org
Image: Arab News