နယူးယောက်မြို့တွင်း တစ်နေရာ၊ ဂျူးလူမျိုးအများအပြား ပိုင်ဆိုင်တဲ့ ရွှေဆိုင်တန်းတွေကြားထဲက ဆိုင်တစ်ဆိုင်မှာ မိန်းမငယ်တစ်သိုက် ဆိုင်ရှင် ဂျူးဦးလေးကြီးနဲ့ အချီအချ ဈေးဆစ်ရင်း ငြင်းခုံနေကြပါတယ်။ သူတို့ဝယ်ချင်တဲ့ အခေါက်ရွှေ(၁)အောင်စအတွက် အဲဒီနေ့ရဲ့ပေါက်ဈေး ဒေါ်လာ(၄၀၀)ကို ထပ်လျှော့ပေးဖို့ အကြိတ်အနယ် ဈေးဆစ်နေကြတာပါ။ အားနာတတ်ပုံရတဲ့ ဂျူးဆိုင်ရှင်ကြီးကလည်း မချိပြုံးပြုံးရင်း မချောတွေကို (၃)ဒေါ်လာပဲလျှော့ပေးနိုင်မဲ့ အကြောင်းကို ခေါင်းလေးကုတ်ပြီး ပြန်ရှင်းပြနေပါတယ်။
သူတို့နဲ့ တချိန်တည်းမှာပဲ ယောက်ျားလေးတစ်ဖွဲ့ကလည်း ခုနနေရာနဲ့ ၅ဘလောက်အကွာ အိန္ဒိယလူမျိုးတွေ ကြီးစိုးထားတဲ့ ရွှေဈေးကွက်ထဲက ကောင်တာတစ်ခုမှာ ရွှေ(၁)အောင်စအတွက် ဈေးမေးနေကြပါတယ်။ ဒီဆိုင်က အပ္ပနားကတော့ မျက်နှာထားတင်းတင်းနဲ့ ပေါက်ဈေး ဒေါ်လာ(၄၀၀)ထက် (၁)ဒေါ်လာပဲလျှော့ပေးနိုင်မဲ့အကြောင်း ဘူးခံနေပါတယ်။ ဒီတစ်ခါခေါင်းကုတ်ရတာတော့ လာဝယ်တဲ့ ဆရာသမားတွေဖြစ်ပြီး ကောင်တာက အပ္ပနားကတော့ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ၊ (၁)ဒေါ်လာထက် မလျှော့နိုင်ဘူးဆိုတဲ့ မျက်နှာထားနဲ့ပါ။
မကြာခင်မှာတော့ မိန်းမငယ်တစ်သိုက်ကို ဂျူးဆိုင်ရှင်ကြီးက အခေါက်ရွှေ(၁)အောင်စအတွက် ၁၀ဒေါ်လာလျှော့ပေးပြီး ဒေါ်လာ(၃၉၀)နဲ့ ရောင်းပေးလိုက်ပါတယ်။ ယောက်ျားလေးအဖွဲ့ကတော့ အပ္ပနားတို့ ဆိုင်ကနေ (၃၉၉)ဒေါ်လာနဲ့ ဝယ်ခဲ့ပြီး (၁)ဒေါ်လာပဲသက်သာခဲ့ပါတယ်။ ပြီးတာနဲ့ မိန်းကလေးအဖွဲ့က သူတို့ဝယ်ရမဲ့စာရင်းထဲမှာပါတဲ့ ဂေါက်တံဝယ်ဖို့အတွက် ဆက်ထွက်သွားကြပြီး ယောက်ျားလေးတွေကလည်း သူတို့ဝယ်ရမဲ့ ဆေးပြင်းလိပ်ကြီးတွေ ရောင်းမဲ့နေရာကို ဆက်ချီတက်သွားကြပါတယ်။
ဒါကတော့ အခု အမေရိကန်သမ္မတဖြစ်နေတဲ့ ဒေါ်နယ်ထရမ့် ထုတ်လုပ်သူအဖြစ်ရော၊ အစီအစဉ်တင်ဆက်သူအဖြစ်ပါ ပါဝင်ထားတဲ့ The Apprentice – TV Show ထဲက အပိုင်းတစ်ပိုင်းဖြစ်ပါတယ်။ ဒီ TV Show ကကြည့်ဖူးသူတွေတော့ သိမှာပါ။ ဒေါ်နယ်ထရမ့်က (၁)ပတ် တစ်ခါ စီးပွားရေးနဲ့ ပတ်သတ်တဲ့ Task တွေကိုချပေးပြီး ပြိုင်ပွဲဝင် ယောက်ျားလေး (၇) ယောက်၊ မိန်းကလေး (၇) ယောက်က အဖွဲ့ (၂)ဖွဲ့ ခွဲပြီးပြိုင်ရတာပါ။ ပြိုင်ပွဲပြီးရင် ရှူံးတဲ့အဖွဲ့ထဲက စွမ်းဆောင်ရည်အညံ့ဆုံး (၁)ယောက်ကို ထုတ်ပါတယ်။ ခုမြန်မာအိုင်ဒေါ လိုပဲပေါ့။ ပြိုင်ပွဲဝင်တွေ ထုတ်သွားရင်း၊ ထုတ်သွားရင်းနဲ့ နောက်ဆုံးကျန်တဲ့ (၁)ယောက်က အနိုင်ရတာမျိုးပါ။
အပေါ်ကပြောသွားတဲ့ အပိုင်းမှာဆိုရင် ထရမ့်က အဖွဲ့(၂)ဖွဲ့ကို ဝယ်ရမဲ့ ပစ္စည်းစာရင်းတစ်ခုရယ်၊ ပိုက်ဆံရယ်ပေးပြီး စာရင်းထဲက ပစ္စည်းတွေကို တတ်နိုင်သလောက် ညှိနှိုင်းဈေးဆစ်ပြီး ဝယ်ခဲ့ရမှာပါ။ အချိန်က (၁)ရက်ပဲပေးထားတယ်။ ညနေစာရင်းချုပ်လို့ ဈေးအသက်သာဆုံးဝယ်နိုင်တဲ့ အဖွဲ့က အနိုင်ရမှာပါ။ ဒီလိုနဲ့ အပေါ်မှာ ရေးခဲ့သလိုပါပဲ။ ကိုယ်ဝယ်ရမဲ့ ပစ္စည်းရနိုင်မဲ့နေရာတွေ အသည်းအသန် စုံစမ်းကြ၊ ပြီးတာနဲ့ ဆိုင်နေရာရောက်အောင် အပြေးအလွှားသွား၊ တစ်ခါဆိုင်ရောက်ပြန်တော့ ဈေးမရရအောင်ဆစ်၊ မရရင် နောက်တစ်ဆိုင်ပြောင်းနဲ့ တစ်နေ့လုံး ဖတ်ဖတ်မောအောင် ကြိုးစားကြရပါတယ်။ နောက်ဆုံးတော့ ဒီပွဲမှာ မိန်းကလေးတွေက ပိုကောင်းတဲ့ Negotiation Skill ကိုပြနိုင်ခဲ့ပြီး ယောကျ်ားလေးအဖွဲ့ထက် ပိုသက်သာအောင် ဝယ်ပြနိုင်ခဲ့တာပါ။ ဒါတောင် ယောက်ျားလေး ပြိုင်ပွဲဝင်တွေထဲမှာ ပွဲစားလုပ်ဖူးတဲ့သူတွေ (၃)ယောက်လောက် ပါပါသေးတယ်။ ဒါပေမဲ့လည်း ဈေးဆစ်တဲ့နေရာမှာတော့ သကောင့်သားတွေလည်း မချောတို့အဖွဲ့ကို လက်မြှောက်ခဲ့ရတာပါပဲ။
ဒီတော့ ကျွန်တော်တို့ ဒီနေ့ တင်ပြမဲ့အကြောင်းကို နည်းနည်းတော့ ရိပ်မိလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် ခင်ဗျား။ ဒီနေ့ကျွန်တော်တို့ Orio Econ က တင်ဆက်ပေးမဲ့ ခေါင်းစဉ်က Negotiation ဆိုတဲ့ “စေ့စပ်ညှိနှိုင်းခြင်း” အကြောင်းပဲဖြစ်ပါတယ်။
တကယ်တော့ Negotiation ဆိုတဲ့ စေ့စပ်ညှိနှိုင်းခြင်းဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ တစ်နည်းမဟုတ်၊ တစ်နည်း အမြဲလိုလိုပတ်သတ် ဆက်နွယ်နေတတ်ပါတယ်။ အစပိုင်းမှာ ပြောခဲ့သလိုပဲ ကျွန်တော်တို့ ပစ္စည်းဝယ်ရင် ဈေးဆစ်ဖို့ ညှိနှိုင်းကြတယ်၊ တက်စီငှါးရင် ဈေးညှိကြတယ်၊ အလုပ်လျှောက်ရင် လစာအတွက် ညှိနှိုင်းကြတယ်၊ နောက်ပြီး အိမ်ထောင်သည်တွေ ဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် နှစ်ယောက်တစ်ဘ၀ ထူထောင်ကြတဲ့အခါ သူ့ဘက်၊ ကိုယ့်ဘက် အဆင်မပြေတာတွေ အမြဲညှိနှိုင်းနေရတယ်။ စသည်ဖြင့် စသည့်ဖြင့် ဒီလိုနေ့စဉ်ဘ၀ ညှိနှိုင်းမှုတွေက စလို့ စီးပွါရေးလုပ်ငန်းတွေဆိုရင်လည်း တစ်ခုနဲ့ တစ်ခုပူးပေါင်းလုပ်တော့မယ်၊ စာချုပ်ချုပ်တော့မယ်ဆိုရင် လိုတိုး ပိုလျှော့ ညှိရတာတွေရှိမယ်။ နိုင်ငံအလိုက်ဆိုရင်လည်း နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ကြမယ်ဆိုရင် အကြေအလည်ညှိရတာတွေ ရှိလာမယ်။ နောက်ဆုံး အထူးရဲတပ်ဖွဲ့တွေမှာဆိုရင် ဓါးစာခံကယ်တင်ရေး ညှိနှိုင်းသူတွေ တသီးတသန့် သင်တန်းပေး ခန့်ထားရတဲ့အထိကို ဒီ စေ့စပ်ညှိနှိုင်းမှု အတတ်ပညာက နယ်ပယ်စုံ၊ လူတန်းစားအစုံမှာ သူ့နည်းသူ့ဟန်နဲ့ အသုံးချနေကြပါတယ်။
ဒါပေမဲ့ ဒီနေ့တော့ Orio Econ ရဲ့ထုံးစံအတိုင်း Business Negotiation ကိုဇောင်းပေးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ Business Negotiation ရဲ့ ဝိသေသလက္ခဏာတွေ၊ နောက်သူ့ရဲ့ အစနဲ့ အဆုံးရယ်၊ ကြားထဲက ဆင့်ကဲဖြစ်စဉ်တွေရယ်၊ ညှိနှိုင်းသူတွေကြားထဲက စိတ်ဓါတ်ရေးရာ အားပြိုင်မှုတွေ၊ နည်းဗျူဟာတွေ၊ Negotiation တစ်ခုအပေါ် လွှမ်းမိုးနေတဲ့ Factor တွေ၊ ဒါတွေအားလုံးကို တတ်နိုင်သလောက် ခြုံငုံမိအောင် အောက်မှာဆက်ပြောပြသွားမှာပါ။
ဝိသေသလက္ခဏာ
ခု ကျွန်တော်တင်ပြမဲ့ Business Negotiation တစ်ခုကို အဓိပ္ပါယ်ဖွင့်ရမယ်ဆိုရင် စေ့စပ်ညှိနှိုင်းမဲ့ အဖွဲ့ (Parties or Groups) အနည်းဆုံး ၂ခု၊ ဒါမှမဟုတ် ၂ခုထက်ပိုတဲ့ အဖွဲ့တွေ ပါဝင်ရပါမယ်။ နောက် သူတို့တွေ ဆွေးနွေးညှိနှိုင်းရမဲ့ အကြောင်းအရာတစ်ခု ရှိရမှာဖြစ်ပြီး အဖွဲ့တွေဟာ မျက်နှာစုံညီပေါ့၊ ပြောရရင် နဖူးတိုက်ဒူးတိုက် (Face to Face) ဆွေးနွေးညှိနှိုင်းခြင်းမျိုးကို ဆိုလိုပါတယ်။ တင်ဒါပြိုင်တာတို့၊ Quotation တင်ပြီးပြိုင်တာတို့၊ ဖုန်း၊ မေးလ် တို့နဲ့ဆက်သွယ်ညှိုနှိုင်းတာမျိုးကို ဒီခေါင်းစဉ်အောက်မှာ မထည့်သွင်းထားပါဘူး။ ဒီတော့ Business Negotiation တစ်ခုကို သွားတော့မယ်ဆိုရင် ဘာတွေ ကြိုတင်ပြင်ဆင် သွားသင့်တယ်ဆိုတာ အောက်မှာဆက်ကြည့်ရအောင်ပါ။
Preparation is Key
(၁)နေရာ
သူတင်ကိုယ်တင်ညှိရတဲ့ ဆွေးနွေးပွဲတွေမှာ နေရာကတော်တော် စကားပြောပါတယ်။ ကိုယ့်ရုံးခန်း၊ ကိုယ့်ကွင်းဖြစ်နေရင် စိတ်ဓါတ်ပိုင်းဆိုင်ရာမှာ ချိန်ခွင်လျှာအလေးသာမှု ပိုရှိတတ်ကြပါတယ်။ ဒီလိုမှမဟုတ်ဘဲ သူများနေရာကို သွားတွေ့ရတာမျိုး ဆိုရင်တော့ လိုအပ်လာနိုင်တဲ့ အချက်အလက် စာရွက်စာတမ်းတွေ၊ ပစ္စည်းနမူနာတွေကို စုံစုံလင်လင်ယူသွားဖို့ မမေ့ပါနဲ့။ အရေးပေါ်မှ ဟိုဆွဲဒီဆွဲ၊ ဟိုဟာရှာမရ၊ ဒီဟာရှာမရ ဖြစ်တတ်လို့ပါ။ အိမ်ကွင်းလဲ မဟုတ် အဝေးကွင်းလဲ မဟုတ် ကြားနေရာတစ်ခုမှာ ဆုံကြမယ်ဆိုရင်တော့ သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေမဲ့နေရာ ရွေးသင့်တယ်ဆိုတာကိုတော့ အထူးတလည်ပြောမနေတော့ပါဘူး။
(၂)အချိန်
တွေ့ဆုံဖို့အတွက်ကတော့ နှစ်ဦးနှစ်ဘက် အဆင်ပြေမဲ့အချိန် ရွေးပြီးတာနဲ့ ဆွေးနွေးပွဲကြာချိန်ကို အကြမ်းဖျင်း ကြိုညှိထားသင့်ပါတယ်။ ဘာလိုလဲဆိုတော့ မမျှော်လင့်ဘဲနဲ့ အပြီးသတ်သဘောတူညီမှုချဖို့ လိပ်ခဲတည်းတည်း အခြေအနေတွေဖြစ်နေပြီဆိုရင် Plan-B တွေ Plan-C တွေချိန်းဖို့အတွက် လုံလောက်တဲ့ အချိန်ရှိနေအောင်ပါ။
(၃)တခြားအဖွဲ့ရဲ့ စိတ်နေသဘောထားနဲ့ သဘာဝ
ကိုယ်သွားဆွေးနွေးမဲ့ အဖွဲ့ရဲ့ စိတ်နေသဘာဝကို ကြိုသိထားရင် တကယ့်တကယ် ဆွေးနွေးတဲ့နေရာမှာ တစ်ကွက်သာစေပါတယ်။ ကိုယ်နဲ့သိထားဖူးပြီးသား လူဆိုရင်တော့ကိစ္စမရှိပါဘူး။ ခုမှစတွေ့မဲ့သူလည်းဖြစ်မယ်၊ Project ကလည်းကြီးတယ်ဆိုရင် အဲ့လူနဲ့အရင်တွေ့ဖူးပြီးသား သူတွေဆီကနေ စုံစမ်းလို့ရပါတယ်။ ဒါမှလည်း သူ့ပုံစံကိုလိုက်ပြီး ထိရောက်တဲ့ ဗျူဟာကို ချနိုင်မှာပါ။ အရင်ထဲကသိပြီးသားလူပဲ၊ ဒါပေမဲ့ ကျောင်းတော်က ရန်စလေးတွေရှိတယ်ဆိုရင်တော့ ကိုယ်နင်းရမဲ့ အကွက် ကိုယ့်ဟာကိုယ် ခင်းထားပေါ့နော်။
(၄)ပွဲမဝင်ခင် ပြင်ကကျင်းပ
ဒါကတော့ ဆွေးနွေးပွဲမသွားခင် ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ဗျူဟာတွေကို ကြိုတင်စဉ်းစားထားဖို့ပါ။ တကယ့် Negotiator တွေဆိုရင် ဖြစ်လာနိုင်တဲ့ အခြေအနေတွေအားလုံးကို စိတ်ကူးယဉ် စဉ်းစားထားလေ့ရှိပါတယ်။ ပြီးရင် အဲဒါတွေကို စာရွက်ပေါ် ချရေးထားပြီး အခြေအနေတစ်ခုစီ အတွက် Solution တစ်ခုစီကို ကြိုထုတ်ထားကြပါတယ်။ ဒါမှ ဟိုကွေ့ရောက် ဟိုတက်နဲ့လှော်၊ ဒီကွေ့ရောက် ဒီတက်နဲ့လှော် လုပ်လို့ရမှာပါ။
Solution တွေကလည်း အမျိုးမျိုးဖြစ်နိုင်ပါတယ်။ တချို့ လုပ်ငန်းအကြီးကြီးတွေ ညှိကြပြီဆိုရင် ငွေကြေးတစ်ခုတည်းတင် မဟုတ်တော့ဘဲ လုပ်ပိုင်ခွင့်တွေ၊ အခွင့်အလမ်းတွေကိုပါ ထည့်ဆွေးနွေးတတ်ကြပါတယ်။ ဒါကို Deal-Structuring Technique မှာတော့ “Condition” တွေထည့်ပြီး ဆွေးနွေးတယ်လို့ ပြောကြပါတယ်။ ဥပမာပြောရရင် ဖော်မြူလာဝမ်း ကားပြိုင်ပွဲက အသင်းသေးလေးတစ်ခုဟာ သူတို့အသင်းရဲ့ ဝက်ဘ်ဆိုက်အတွက် ဒီဇိုင်နာကိုအပ်ပါတယ်။ ဒါပေမဲ့ ဒီဇိုင်းအဖွဲ့က တောင်းတဲ့ဈေးကို ပေးဖို့ ငွေလုံးငွေရင်း မရှိတဲ့အခါမှာ ဒီဇိုင်းခတွေကို တစ်ဝက်က ငွေသား၊ တစ်ဝက်ကို ဖော်မြူလာဝမ်းပြိုင်ပွဲ လက်မှတ်တွေနဲ့ ပေးချေဖို့ ကမ်းလှမ်းပါတယ်။ ဒီဇိုင်းအဖွဲ့ကလည်း လက်ခံတဲ့ အတွက် အောင်အောင်မြင်မြင်ပဲ သဘောတူစာချုပ် ချုပ်နိုင်ခဲ့ပါတယ်။
ခုထိပြောသွားတာတွေက ကမ်းလှမ်းမဲ့သူတွေဘက်က၊ Marketing သမားတွေဘက်က စဉ်းစားပုံဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က ဝယ်သူနေရာက ပြင်ဆင်မယ်ဆိုရင် ကိုယ်ကိုလာပြမဲ့ ပစ္စည်းအကြောင်းကို ဖြစ်နိုင်သလောက် အူမချေးခါးမကျန် သိထားသင့်ပါတယ်။ ဒါမှ ဟိုဘက်က နှပ်ချတာတွေကို ကာနိုင်မှာပါ။ လိုအပ်ရင် ထောက်မေးခွန်းတွေ မေးဖို့ ကြိုတင်ချရေးထားတာတွေ ဘာတွေ လုပ်ထားပေါ့။ အကောင်းဆုံးကတော့ ကိုယ်လိုချင်တဲ့ ပစ္စည်းအရည်အသွေး၊ target quality ကို စိတ်ထဲ ခိုင်ခိုင်မာမာ ချထားနိုင်ဖို့ပါပဲ။ ဘာလို့လဲဆိုတော့ ဟိုဘက်က ဆရာသမားတွေက specification တွေကို အရောရောအထွးထွေး ဖြစ်အောင် shuffle လုပ်ပြီး အာရုံထွေပြားအောင် လုပ်မှာမို့ပါ။
In game Tactics & Strategy
တကယ့်တကယ် ဆွေးနွေးပွဲတွေကြရင် လူအမျိုးအစားပေါ်လိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။ တချို့တွေက စကားကောင်းတယ်၊ တစ်ဘက်လူကျအောင် ပြောတဲ့နေရာမှာ နှစ်ယောက်မရှိ ဆိုတဲ့သူတွေရှိသလို၊ ငြင်းရခုံရတဲ့ အချိန်မှာ စိတ်မရှည်ဘဲ ဒေါသထွက်လွယ်တဲ့ သူတွေလဲပါပါတယ်။ တချို့တွေကြပြန်တော့လဲ အရှက်အကြောက်ကြီးပြီး ခပ်ရွံ့ရွံ့ဖြစ်နေတဲ့သူတွေ တွေ့ရမှာဖြစ်သလို ခေါင်းမာတဲ့သူတွေကိုလည်း ကြုံဖူးကြမှာပါ။ ကျွန်တော်ကတော့ ယေဘုယျအားဖြင့် အားလုံးကိုခြုံမိအောင်ရယ်၊ Negotiation အတွေ့အကြုံ သိပ်မရှိသေးတဲ့သူတွေ အသုံးချနိုင်အောင်ရယ် ရည်ရွယ်ပြီး နည်းဗျူဟာ Tips လေးတွေကို ပြောပြပေးပါမယ်။
“ဒီဈေးရရင်ယူမယ်၊ မရရင် မယူတော့ဘူး” ဆိုပြီး ကျစ်တာပါ။ အဲအခါကြရင် “လူကြီးမင်း ပေးတဲ့ဈေးဆိုရင် ဈေးကွက်ထဲမှာ တခြားတံဆိပ်ရနိုင်ပါတယ်၊ အရည်အသွေးကတော့ ကွာပါတယ်၊ ကျွန်တော်တို့ ပစ္စည်းကတော့ ဒီအရည်အသွေးဟာ ဒီဈေးနဲ့က များတာမဟုတ်ပါဘူး” စသည်ဖြင့် လိုအပ်ရင် လိုအပ်သလို အချက်အလက်ကို ယှဉ်ပြပြီး Make-or-Break Question နဲ့ ချောင်ပိတ်တာကို ပြန်လည် ရှောင်ထွက်နိုင်ပါတယ်။
Negotiator တွေ၊ Mediator တွေ အမြဲပြောလေ့ရှိတဲ့ အခြေခံ စေ့စပ်ညှိနှိုင်းရေး စည်းမျဉ်းတစ်ခုရှိပါတယ်။ ဘယ်လို Negotiation မျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို လူမျိုးနဲ့ဖြစ်ဖြစ် ဒီစည်းမျဉ်းဟာ တော်တော်လေး အကျုံးဝင်ပြီး အသုံးတည့်ပါတယ်တဲ့။ အဲဒါကတော့ ကိုယ့်ရဲ့ “ပထမဆုံး ကမ်းလှမ်းချက်” (First Offer) ကို အကောင်းဆုံး ပြင်ဆင်ဖို့ပါ။ ဘာလို့လဲဆိုတော့ စစခြင်းဖွင့်တဲ့ စစ်မျက်နှာမှာ အခြေမလှရင် နောက် Planတွေ ကိုမဆက်နိုင်ဘဲ တန်းဂွမ်းသွားနိုင်လို့ပါ။ ဒါကြောင့် အပေါ်မှာပြောခဲ့သလို မသွားခင်ကတည်းက အဘက်ဘက် သုံးသပ်ပြီး ကိုယ့်ရဲ့ First Offer ကို အကောင်းဆုံး ပြင်ဆင်သွားပါ။ တေ့တေ့ဆိုင်ဆိုင် စပြောရပြီဆိုတာနဲ့ ကိုယ့်ကမ်းလှမ်းချက် အပေါ် ယုံကြည်ချက်ရှိရှိ မာန်ပါပါနဲ့ နင်းပြောဖို့လည်း မမေ့ပါနဲ့။ နောက်ပြီး အပေါ်က ပြောခဲ့တဲ့ Plan-A တွေ၊ Plan-B တွေကလည်း ဒီကမ်းလှမ်းချက်ပေါ် မူတည်ပြီး ဆက်စဉ်းစားရတာမို့ပါ။
ဒီပထမဆုံး အချက်ကို လုပ်ဆောင်နိုင်ရင် အတွေ့အကြုံနုသေးတဲ့သူတွေဆို ဖြစ်တတ်တဲ့ စိုးရွံ့ကြောက်ရွံ့စိတ်တွေလည်း အတော်အတန်တော့ နည်းသွားစေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခါတစ်ရံ ဖြစ်တတ်ပါတယ်၊ တစ်ဘက်ကသူတွေထဲမှာ အရမ်းစမတ်ဖြစ်တဲ့လူတွေ၊ စကားပြောနပ်တဲ့သူတွေ၊ နောက် ကျွန်တော်တို့နိုင်ငံမှာဆို Connection အရမ်းကောင်းတဲ့သူတွေ၊ ကျောထောက်နောက်ခံကောင်းတဲ့ သူတွေနဲ့ ကြုံချင်ကြုံရနိုင်ပါတယ်။ ဒီအခါမှာ ကိုယ့်ဘက်က ရှိန်ပြီး အောက်မရောက်သွားစေဖို့ပါ။
ဒုတိယ အခြေခံကျတဲ့ အချက်တစ်ခုကတော့ Body Language တွေကိုဖတ်တတ်ဖို့ပါ။ အရမ်းတော်တဲ့ စေ့စပ်ညှိနှိုင်းရေးသမားတွေဟာ တဘက်လူရဲ့ အခြေအနေကို အကဲခတ်ရာမှာ အရမ်းတော်ကြပါတယ်။ ဖဲဝိုင်းထဲက ဖဲသမားတွေ မျက်နှာကဲခတ် သလိုပါပဲ။ ဒါမှလည်း Customer က တကယ် ဈေးမတတ်နိုင်တာလား၊ ဈေးအစ်နေတာလား၊ ဈေးပြိုင်နေတာလား ခန့်မှန်းပြီး တိုးသင့်ရင်တိုး၊ ဆုတ်သင့်ရင်ဆုတ် လုပ်နိုင်မှာပါ။ တချို့အခြေအနေတွေမှာ သောင်မတင်ရေမကျ အီလည်လည် ဖြစ်နေတတ်တာမျိုး ရှိလာနိုင်ပါတယ်။ Body Language ကိုကြည့်တာပဲဖြစ်ဖြစ်၊ သူတို့အချင်းချင်း ပုံစံကိုကြည့်တာပဲဖြစ်ဖြစ်ပေါ့။ ဆရာသမားတွေတော့ ဆုံးဖြတ်ရခက်နေကြပြီ၊ ရွာပတ်နေကြပြီ စသည်ဖြင့် ဒီလိုအခြေအနေတွေဆိုရင် ဆေးွနွေးတာကို ခပ်မြန်မြန်ရပ်ပြီး နောက်တခေါက်ပြန်ချိန်းဖို့၊ Customer ကိုစဉ်းစားချိန်ပေးလိုက်ဖို့ အကြံပြုကြပါသေးတယ်။
နောက်တစ်ခု ပြောပြချင်တာက Customer ဘက်က ပြန်လာနိုင်တဲ့ Counter Offer တွေပါ။ ပြောရမယ်ဆိုရင်တော့ ဈေးပြန်ဆစ်တာပေါ့လေ။ တကယ်တော့ ကိုယ်က Offer တစ်ခုပေးလိုက်ပြီဆိုရင် လက်ခံလား၊ လက်မခံဘူးလား၊ ဒါမှမဟုတ် ခုနပြောခဲ့တဲ့ Counter Offer ပြန်လာမလား ဒါပဲရှိပါတယ်။ Counter Offer ပြန်ပေးတယ်ဆိုရင် ဒါလုံး၀ ငြင်းတာတော့ မဟုတ်သေးဘူး၊ Customer ဘက်က ညှိလို့ရမလား ကမ်းလှမ်းတဲ့သဘောပါ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ Negotiator တွေကတော့ Counter Offer တွေဘက်ကို ဘယ်တော့မှ မျောမပါသွားဖို့ အဆိုပြုထားပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ပညာသဘောအရကို Counter Offer အတော်များများက ရင်လောက်မှန်းမှ ဒူးလောက်ကျဆိုသလိုပဲ ဈေးကိုဆွဲချထားတတ်ကြတာ၊ ဒါမှမဟုတ် Condition တွေကို ခပ်များများတောင်းထား တတ်လို့ပါ။
ဒီနေရာမှာ အပေါ်ကပြောခဲ့တဲ့ ကြိုတင်ပြင်ဆင်မှုက အရေးပါလာပါပြီ။ ဥပမာပြောရရင် Customer ဘက်က ဈေးနှုန်းကို လျှော့ပေးဖို့ သုံးလေ့ရှိတဲ့ ဗျူဟာတစ်ခုရှိပါတယ်။ Make-or-Break Question မေးတော့တာပါ။ “ဒီဈေးရရင်ယူမယ်၊ မရရင် မယူတော့ဘူး” ဆိုပြီး ကျစ်တာပါ။ အဲအခါကြရင် “လူကြီးမင်း ပေးတဲ့ဈေးဆိုရင် ဈေးကွက်ထဲမှာ တခြားတံဆိပ်ရနိုင်ပါတယ်၊ အရည်အသွေးကတော့ ကွာပါတယ်၊ ကျွန်တော်တို့ ပစ္စည်းကတော့ ဒီအရည်အသွေးဟာ ဒီဈေးနဲ့က များတာမဟုတ်ပါဘူး” စသည်ဖြင့် လိုအပ်ရင် လိုအပ်သလို အချက်အလက်ကို ယှဉ်ပြပြီး Make-or-Break Question နဲ့ ချောင်ပိတ်တာကို ပြန်လည် ရှောင်ထွက်နိုင်ပါတယ်။
နောက်တစ်ချက် ပြောပြချင်တာကတော့ စေ့စပ်ညှိနှိုင်းမှု စလုပ်ပြီဆိုကတည်းက နှစ်ဦးနှစ်ဘက် စိတ်ကျေနပ်တဲ့ သဘောတူညီမှုမျိုး ရအောင်လုပ်မယ်ဆိုတဲ့ စိတ်မျိုး အမြဲထားပါတဲ့။ Win-Win Saturation ပေါ့။ ကိုယ့်ဘက်ကလည်း အောင့်သက်သက်နဲ့ သဘောတူလိုက်ရတာမျိုး မဖြစ်သင့်သလို၊ တစ်ဘက်ကို တအားနင်းပြီး မတတ်သာလို့ သဘောတူပေးလိုက်ရတဲ့ အခြေအနေမျိုး မဖန်တီးပါနဲ့တဲ့။ အမြဲလက်တွဲလို့ရတဲ့ ဆက်ဆံရေးမျိုးဖြစ်အောင်၊ တစ်ခါဆက်ဆံ ဆယ်ခါလန် မဖြစ်ရအောင်ကြိူးစားပါ။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ်နဲ့ဆွေးနွေးတဲ့ သူတွေက သဘောတူညီချက်ကို ဆုံးဖြတ်ပေးနိုင်မဲ့ ရာထူးဟုတ်မဟုတ် သေချာအောင်လုပ်ဖို့ပါပဲ။ ကိုယ်ကတော့ အားကြိုးမာန်တက် Offer တွေပေး၊ Presentation တွေလုပ်၊ ဗျူဟာတွေခင်းပြီး၊ တဘက်က ယောင်တောင်တောင် မျက်လုံးလေး ကလည်ကလည်နဲ့ ပြီးတော့မှ အထက်လူကြီးကို ပြန်ပြောလိုက်ပါမယ်နော် ဆိုရင် လုပ်ခဲ့သမျှ ထင်သလောက် အရာမရောက်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဒီတော့ ကိုယ်တွေ့မဲ့သူဟာ လုပ်ပိုင်ခွင့် အပြည့်ရှိတဲ့သူ မဟုတ်တောင်၊ တစိတ်တပိုင်း လုပ်ပိုင်ခွင့်ရှိတဲ့သူ ဖြစ်သင့်ပါတယ်။ အပြန်အလှန် အနေနဲ့လည်း ကိုယ်က အခြေအနေအရ Offer တွေကို Plan-A, Plan-B ပြောင်းမယ်ဆိုရင် ကိုယ်ဟာ ဒီလိုလုပ်ဖို့အတွက် လုပ်ပိုင်ခွင့်အပြည့်ရှိတဲ့သူ၊ ဒါမှမဟုတ် ကိုယ့်ကုမ္ပဏီက လုပ်ပိုင်ခွင့် အပြည့်ပေးထားတဲ့သူ ဖြစ်ကြောင်း တစ်ဘက်ကိုလည်း ပြောပြထားဖို့လိုပါတယ်။
နိဂုံး
ဟုတ်ကဲ့။ ခုကျွန်တော် တင်ပြသွားတာကတော့ Business Negotiation အတွက် အသုံးတည့်မဲ့ အခြေခံ နည်းနာ၊ ဗျူဟာလေးတွေပဲ ဖြစ်ပါတယ် ခင်ဗျား။ အထူးသဖြင့် စီးပွားရေးလုပ်ငန်း တစ်ခုနဲ့ တစ်ခုကြား ဆက်ဆံရေးအတွက်ပါ။ အစိုးရရုံးတွေ၊ ဝန်ကြီးဌာန လူကြီးတွေနဲ့ တွေ့ဆုံဆွေနွေးရေးကတော့ သပ်သပ်ကြီး ရှိပါတယ်။ မြန်မာနည်း မြန်မာ့ဟန် ဆိုလားပါပဲ။ ဒီလို Government နဲ့ စေ့စပ်ညှိနှိုင်းတာကတော့ ကျွန်တော် မပြောပြတော့ပါဘူး။ စာဖတ်သူတွေကပဲ Comment မှာ ပြန်ရေးပေးခဲ့ကြပေါ့၊ နော်။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ် ခင်ဗျား။
contributed by Thaw Htet
ကူးယူဖော်ပြခွင့် မပြုပါ။