သြစတေးလျ ရွှေ့ပြောင်းစီးပွားရေး လုပ်ငန်းများအတွက် ထိပ်သီး အကြံပေးကုမ္ပဏီဖြစ်သော Phoenix Business Advisory က ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နောက်ပိုင်း အချက်အလက်များ အရ သြစတေးလျသည် ယခု ကပ်ဘေးကြီး ပြီးသွားလျှင် လူအများ စီးပွားရေး လာရောက်လုပ်ကိုင်ရန် အကြိုက်ဆုံးနေရာဖြစ်လာနိုင်သည်ဟု ထုတ်ပြန်သွားခဲ့သည်။
မကြာသေးမီက လုပ်ငန်းရွှေ့ပြောင်းမှုများအပေါ် လေ့လာထားချက်များအရ သြစတေးလျသို့ ၂၀၁၈ ခုနှစ်မှ စ၍ မီလျံနာပေါင်း ၁ သောင်း ၂ ထောင်ကျော် ရွှေ့ပြောင်း အခြေချလာခဲ့ပြီး ယင်းပမာဏမှာ အမေရိကသို့ ရွှေ့ပြောင်းလာသည့် မီလျံနာ ၁ သောင်းနှင့် ကနေဒါသို့ ၄ ထောင်ခန့် ရွှေ့ပြောင်းလာမှုများနှင့်ယှဉ်လျှင် ပိုမိုများပြားနေခဲ့သည်။
အခြား တဖက်တွင်လည်း ယေဘုယျအားဖြင့် သြစတေးလျသား တဦး၏ ကြွယ်ဝချမ်းသာမှုသည် အမေရိကန်နိုင်ငံသားတဦးထက် သိသိသာသာ ပိုမိုနေခဲ့သည်။
ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း သြစတေးလျ၏ အလုံးစုံ ကြွယ်ဝချမ်းသာမှုသည် ၈၃% တိုးတက်လာပြီး အမေရိကန်ပြည်ထောင်စုမှာ ၂၀% သာ တိုးတက်လာသည်ဟု ကုမ္ပဏီက ဆိုသည်။
၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်သော Global Review ၏ အချက်အလက်များအရ သြစတေးလျသည် အမျိုးသမီးများအတွက် အလုံခြုံဆုံး နိုင်ငံဖြစ်ပြီး ထို့သို့ ဖြစ်လာမှု၏ ၉၂% သော အကြောင်းရင်းတို့မှာ နိုင်ငံချမ်းသာလာမှုနှင့် ဆက်စပ်နေသည်။
ပြီးခဲ့သည့် ၁ နှစ်ခွဲ ကာလအတွင်း အမေရိကန်-တရုတ် စီးပွားရေး စစ်ပွဲများ၊ တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်အကြားပဋိပက္ခများ ဖြစ်ပွားနေခြင်း စသည်တို့ကြောင့် ကမ္ဘာ့ စီးပွားရေး ကျဆင်းလာနေခဲ့ပြီး ယခုအခါ ကိုရိုနာကူးစက်ကပ်ဘေးလည်း ထပ်မံဖြစ်ပွားလာရာ ကမ္ဘာတဝှမ်းရှိ အလုပ်အကိုင်နေရာများလည်း ဆုံးရှုံးလာလျက်ရှိသည်။
ကမ္ဘာကိုမောင်းနှင်းနေသော အဓိက စီးပွားရေးလုပ်ငန်းကြီးများ အကြီးအကျယ်ထိခိုက်လျက်ရှိပြီး အိန္ဒိယ လူဦးရေ၏ ရာခိုင်နှုန်းအတော်များများကို အခြား နေရာဒေသများသို့ လုပ်ငန်းပြောင်းရွှေ့အခြေချစေမှုများ ဖြစ်နေစေသည်ဟု သိရသည်။
ယခုကဲ့သို့ မတည်ငြိမ်မှုများ ဖြစ်ပွားနေစဉ်တွင် စီးပွားရေးအရ ပုံမှန်တည်ငြိမ်လျက်ရှိပြီး မတူကွဲပြားသော စားသုံးသူများအကြား ဟန်ချက်ညီလျက်ရှိသည်မှာ သြစတေးလျတစ်နိုင်ငံသာ ဖြစ်သည်။
သြစတေးလျသည် ပြီးခဲ့သည့် ဆယ်စုနှစ် ၃ ခု စလုံး တည်ငြိမ်သော စီးပွားရေးကို ပြသနိုင်ခဲ့ပြီး စီးပွားရေး တိုးတက်မှုမှာလည်း ၂၈ နှစ် ဆက်တိုက် ဖြစ်လာခဲ့ပြီဖြစ်သည်။
နိုင်ငံ၏ စီမံခန့်ခွဲရေး၊ ကြီးကြပ်ရေး ဌာနအသီးသီး၏ လုပ်ဆောင်မှုများကြောင့် ကမ္ဘာ့စီးပွားရေး အဆင့် ၁၄ အဖြစ်ရပ်တည်နိုင်နေပြီး လာမည့် ၅ နှစ်ဆက်တိုက် GDP တိုးတက်နှုန်းမှာ ၂.၇% ဖြစ်မည်ဟု ခန့်မှန်းထားသည်။
သြစတေးလျသို့ ရွှေ့ပြောင်းအခြေချသူများ အရေအတွက်မှာ ၂၀၁၈ တွင် ၇.၃ သန်းဖြစ်လာခဲ့သည်။
ဗြိတိန်နွယ်ဖွားတို့သည် ၄% ခန့်ဖြင့် ပြောင်းရွှေ့နေထိုင်သူအများဆုံး အုပ်စု ဖြစ်၍ ဒုတိယ တရုတ်လူမျိုး ၂.၆% နှင့် တတိယ အိန္ဒိယ လူမျိုးစု ၂.၄% အသီးသီးရှိကြသည်။
အခြား အများဆုံး အုပ်စုအနေဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ တောင်အာဖရိက၊ အီတလီ၊ မလေးရှား၊ စကော့တလန်တို့ ဖြစ်ကြောင်း သိရသည်။
အိန္ဒိယမှ ရွှေ့ပြောင်းနေထိုင်သူများသည် ၆ သိန်းကျော်ဖြင့် တတိယအများဆုံး ရွှေ့ပြောင်းနေထိုင်သူများ အုပ်စု ဖြစ်လာသည်။
သြစတေးလျ အစိုးရမှလည်း ယခု ကိုရိုနာကူးစက်မှုကြောင့် ဖြစ်လာသော ထိခိုက်မှုများအတွက် ကူညီထောက်ပံ့မှုများ ပေးနေခဲ့ပြီး အိန္ဒိယနိုင်ငံသားတို့အတွက် ပြောင်းရွှေ့ရန် စိတ်အကူးမိဆုံး နေရာဖြစ်လာသည်။
အာရှ နှင့် သမုဒ္ဒရာပိုင်းဇုန်များအတွက် ကုန်သွယ်မှု လွတ်လပ်ခွင့်သဘောတူညီချက်များ ရယူထားနိုင်ခဲ့ပြီး နိုင်ငံမှ ပို့ကုန်အများဆုံး ကုန်သွယ်နေသော နိုင်ငံ ၁၂ နိုင်ငံတွင် အာရှမှ ၁၀ နိုင်ငံ ပါဝင်သည်။
၂၀၁၇ ခုနှစ်တွင် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်း သြစတေးလျ ဒေါ်လာ ၃.၆ ထရီလျံသို့ ရောက်ရှိလာခဲ့သည်။
သြစတေးလျသည် ဒစ်ဂျစ်တယ်ငွေကြေး BLOCKCHAIN စနစ်များ၊ Quantum Computing များအတွက် အလားအလာအရှိဆုံး နေရာ ဖြစ်လာနေသည်ဟု Phoenix က ဆိုသည်။
သြစတေးလျသား ၃.၂ သန်းခန့်သည် အာရှဒေသ စကားကို ပြောဆိုနိုင်ပြီး ၁.၄ သန်းခန့်သည် ဥရောပမှ ဘာသာစကားများ ပြောဆိုနေကြသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: PR News Wire, Phoenix Advisory, Y Axis, Photo: pexels