နှစ်ကုန်တွင် အာဂျင်တီးနား၏ ငွေကြေးဖေါင်းပွနှုန်း ၁၀၀% သို့ရောက်ရှိနိုင်

တောင်အမေရိကနိုင်ငံ၊ အာဂျင်တီးနားအနေဖြင့် မြင့်တက်လာသော လောင်စာဆီဈေးများနှင့် စီးပွားရေးမူဝါဒအပြောင်းအလဲများကြောင့် နှစ် ၃၀ အတွင်း ငွေကြေးဖေါင်းပွမှုနှုန်းအမြင့်ဆုံးဒါဏ်ကို ခံစားနေကြရသည်။
၎င်းတို့ဗဟိုဘဏ်က လစဉ် စစ်တမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက် ရိုက်တာသတင်းဌာနကဖေါ်ပြခဲ့သော စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်တွင် ၂၀၂၂ နှစ်အကုန်၌ ငွေကြေးဖေါင်းပွနှုန်း ၉၅% သို့ ရောက်ရှိနိုင်သည်ဟု သိရပြီး မြို့တော် ဘွာနိုဆိုင်းရိစ် အခြေစိုက် EcoGo အကြံပေးကုမ္ပဏီကမူ ငွေကြေးဖေါင်းပွနှုန်းမှာ ၉၉.၆% ဖြင့် နှစ်ကုန်ကို ဖြတ်သန်းရဖွယ်ရှိနေပြီး လာမည့်နှစ် ပထမနှစ်ဝက်ကာလတွင်လည်း Inflation Rate ၁၀၀% ကျော်အဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ဆိုသည်။

အစိုးရက ကုန်ဈေးနှုန်းထိန်းချုပ်ထားသည့် ကဏ္ဍများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံကျောင်းများနှင့် ကုန်စည်ပို့ဆောင်ရေးများမှ ဈေးနှုန်းများသည်လည်း ဩဂုတ်လအတွင်း ထပ်မံမြင့်တက်ခဲ့သည်။
အာဂျင်တီးနား၏ စီးပွားရေးဝန်ကြီး ဆာဂျီယို မာဆာ (Sergio Massa) က ယခုသီတင်းပတ်တွင် ဝါရှင်တန်သို့ရောက်ရှိနေပြီး သူ့အနေဖြင့် အာဂျင်တီးနားနှင့် ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) အကြား သဘောတူထားသော ဒေါ်လာ ၄၄ ဘီလျံ ငွေကြေးအကူအညီကို အပြီးသတ်အကောင်အထည်ဖေါ်လိုနေသည်ဟု သိရသည်။

လာမည့် ၂၀၂၃ တွင် အာဂျင်တီးနား၏ ငွေကြေးဖေါင်းပွနှုန်းမှာ ၈၄% သို့ လည်းကောင်း၊ ၂၀၂၄ တွင် ငွေကြေးဖေါင်းပွနှုန်း ၆၃% သို့လည်းကောင်း ပြန်လည်ကျဆင်းမည်ဟုလည်း စစ်တမ်းများတွင် ခန့်မှန်းထားကြောင်း သိရှိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg News, St Kitts & Nevis Observer
Image: France 24

Share