photo: pexels
အိန္ဒိယနိုင်ငံဟာ အတော်ဆုံးကွန်ပျူတာပညာရှင်တွေ၊ သင်္ချာပညာရှင်တွေ နဲ့ ဒုံးပျံယာဉ်တည်ဆောက်မှု၊ အာကာသသိပ္ပံပညာရှင်တွေ မကြာခဏမြင်တွေ့နေရတာကြောင့် အိန္ဒိယနဲ့ ပက်သက်ရင် မိရိုးဖလာစီးပွားရေးလုပ်ငန်းတွေကိုတောင် မီဒီယာထက်မှာ သိပ်မတွေ့ရတော့ပါဘူး။
မိုဘိုင်းဖုန်းကွန်ရက် ကုမ္ပဏီကြီးတွေ၊ ကားလုပ်ငန်းတွေ၊ လူကြိုက်များတဲ့ ဂျာဂွာ လင့်ရိုဗာဟာလည်း အိန္ဒိယလုပ်ငန်း တာတာ (TATA Motors) က ပိုင်ဆိုင်နေတာတွေကြောင့် အိန္ဒိယကို အခြေခံစီးပွားရေးလုပ်ငန်းတွေကနေ ခွဲထွက်နေပြီလားလို့ ထင်ချင်စရာပါ။
ဒါပေမယ့် စိုက်ပျိုးရေးနဲ့ ပက်သက်တဲ့ အချက်အလက်တွေအရတော့ အိန္ဒိယဟာ စိုက်ပျိုးရေးကဏ္ဍကို အလေးအနက်အထားဆုံးဆိုတာကို ပြသနေပါတယ်။ အဲ့တာကတော့
စိုက်ပျိုးရေးဟာ နိုင်ငံ ထုတ်ကုန်တန်ဖိုးစုစုပေါင်း ဂျီဒီပီ (GDP) ရဲ့ ၁၈ % ထိ ရှိနေတာပါပဲ။ ပြီးတော့ စိုက်ပျိုးရေးဟာ အလုပ်အကိုင်စုစုပေါင်းရဲ့ ၅၀% ကို ဖန်တီးပေးထားနိုင်တာတွေ့ရပါတယ်။ ဆန်စပါး၊ ဂျုံ၊ မဆလာ၊ ဟင်းခတ်ထုတ်ကုန်တွေ အများဆုံးထုတ်နေတဲ့ နိုင်ငံဖြစ်တာမို့ ဒီလောက်ထိ အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးထားနိုင်တာပါ။
အိန္ဒိယရဲ့ ပြည်နယ်အတော်များများမှာ လုပ်ငန်းမျိုးစုံကို အားကြိုးမာန်တက်လုပ်နေကြတာချည်းပါပဲ။ ဒါကြောင့်မို့လည်း မိသားစုပိုင်လုပ်ငန်းတွေကို အခြေခံတဲ့ အိန္ဒိယစီးပွားရေးဟာ ချမ်းသာလာပြီဆိုရင် ပိုင်ဆိုင်မှုအညွှန်းကိန်းတွေမှာ မိသားစုလိုက် ဖေါ်ပြကြတာကို တွေ့နိုင်ပါတယ်။ နယ်ပယ်စုံ လုပ်ကိုင်နေကြရင်း မိသားစုပိုင် မိရိုးဖလာလုပ်ငန်းတွေအားကောင်းလာတဲ့ အခါ အိမ်တွင်းကနေ အပြင်ထွက်၊ နည်းပညာကို အခြေခံတဲ့ စီးပွားရေးအဖြစ် အသွင်ပြောင်းလာကြကြောင်း စွန့်ဦးတီထွင် (Entrepreneur.com) ရဲ့ ဆောင်းပါးရှင် ကိုးမဲယ် နာသာနီကလည်း ပြောပါတယ်။ အိန္ဒိယက လုပ်ငန်းတွေက တဖြည်းဖြည်း ဖွံ့ဖြိုးလာတာဖြစ်ပြီး (အခြားနိုင်ငံတွေလိုမျိုးမဟုတ်ပဲ၊ အချိန်ကြာကြာယူတာကို ပြောချင်တာပါ။) မျိုးဆက်တစ်ခုကနေ နောက်တစ်ခုကိုတော့ ပိုပို စိတ်အားတက်လာစေတာချည်းပဲလို့ ဆိုပါတယ်။ ခရစ်တော် မပေါ်မီကရော၊ ခု ထိရောပါ ဆိုပါတော့။
အချို့လုပ်ငန်းတွေကိုလည်း ကြည့်ပါဦး။ တည်ထောင်လာတာ နှစ်တွေ ရာနဲ့ချီတောင် ရှိပါပြီ။ သူတို့ ရှင်သန်အောင် ဘယ်လောက်များ ကြိုးစားခဲ့ကြသလဲ။ ဥပမာ Jessop and Company, Bombay Dying, Dabur စတဲ့ လုပ်ငန်းကြီးတွေပေါ့။ အိန္ဒိယကို ကြည့်ရတာ သိပ်ပြီး အလျင်မလိုဘူးဗျ။ ဒါပေမယ့် နှစ်ရာနဲ့ချီအောင်၊ အောင်မြင်လာပြီးရင် ပြန်ပြုတ်မကျသွားအောင်တော့ သူတို့ ကောင်းကောင်းလုပ်နိုင်ခဲ့၊ လုပ်နေကြဆဲပါပဲ။
နာသာနီကလည်း အိန္ဒိယသွေးပါတာဆိုတော့ သူမက ပိုပိုသာသာလေးအကောင်းမြင်တယ်လို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် လူငယ်တယောက်ဖြစ်တဲ့ သူမက အိန္ဒိယရဲ့ သက်တမ်းအရှည်ဆုံး မိရိုးဖလာ လုပ်ငန်း ၅ ခုကို တိုးချဲ့လုပ်ဆောင်ဖို့ ထောက်ပြထားတာက စဉ်းစားကြည့်စရာကောင်းလို့ ကောက်နှုတ်ဖေါ်ပြထားပါတယ်။
(၁) အိုးလုပ်ငန်း
ဒီအိုးဖုတ်တဲ့ လုပ်ငန်းကြီးက အိန္ဒုတောင်ကြား လူ့ယဉ်ကျေးမှုဖွံ့ဖြိုးကတည်းက စလာ လိုက်တာ၊ တကယ့် ရှေးအကျဆုံးနဲ့ သက်တမ်းအရင့်ဆုံး ကျွမ်းကျင်မှုပြ လုပ်ငန်းပါပဲ။ ဒီနယ်ပယ်မှာ ခုထိ ဈေးကွက်ကို ထိုးဖေါက်မယ့် တံဆိပ်ကောင်းကောင်းရယ်လို့ မရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယက ရွာလေးတွေနဲ့ မြို့ငယ်လေးတွေက လူတော်တော်များများဟာ အိုးလှလှလေးတွေ လုပ်တတ်ကြပါတယ်။ ခုခေတ်အချိန် လက်လုပ်၊ စက်လုပ် အိုး ဒီဇိုင်းကောင်းကောင်းတွေနဲ့ နိုင်ငံခြားသားတွေ၊ ခရီးသွားတွေကို ဆွဲဆောင်နေတာကြာပြီဖြစ်လို့ ဒီလုပ်ငန်းကို စီးပွားဖြစ် တိုးချဲ့သင့်ပါတယ်။
(၂) Bangle Making (အိန္ဒိယ ရိုးရာ လက်ကောက်လုပ်ငန်း)
အိန္ဒိယအမျိုးသမီးတို့ရဲ့ အလှတစ်ခုဖြစ်တဲ့ ဒီရိုးရာ လက်ကောက်လုပ်ငန်းကို အခြား ဘယ်နိုင်ငံမှာမှ တွေ့ရမှာမဟုတ်ပါဘူး။ Uttar Pradesh ပြည်နယ်ရဲ့ ရှေးအကျဆုံး အနုပညာတစ်ခုပါပဲ။ ပြည်နယ်ထဲက Firozabad မြို့ဟာ ဒီလက်ကောက်တွေနဲ့ ပက်သက်လို့ နာမည်ကျော်ပါတယ်။ သိပ်အံ့သြစရာကောင်းတာပဲ။ ဖီရိုဇဘတ်မှာ ဒီလက်ကောက်လေးတွေ လုပ်လာတာ နှစ်ပေါင်း ၂၀၀ ကျော်တောင်ရှိပါပြီ။ အခြားနိုင်ငံက အမျိုးသမီးတွေလည်း ကြိုက်ကြမှာပါ။ ရိုးရာအငွေ့အသက်တွေပါတဲ့ ဒီလုပ်ငန်းကို နိုင်ငံရပ်ခြားထိ ထိုးဖေါက်ဖို့ စဉ်းစားသင့်ပါတယ်။
(၃) တောင်ယာလုပ်ကိုင်ခြင်းနှင့် သဘာဝ (Organic) သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း
အလုပ်လုပ်ရတာ သိပ်ပျော်စရာကောင်းတာတွေမရှိတဲ့လုပ်ငန်းကမှ တကယ့်အလုပ်လို့ သင်ထင်နေရင်တော့ မှားပါပြီ။ စိုက်ပျိုးရေးဟာ အိန္ဒိယသားတွေလုပ်တတ်တဲ့ ရှေးအကျဆုံးလုပ်ငန်းထဲမှာပါပါတယ်။ ခုခေတ်မှာ စိတ်ကူးကောင်းရင်ကောင်းသလို နည်းအသစ်တွေနဲ့ စိုက်ပျိုးမယ်၊ သီးနှံအမျိုးအစားအသစ်တွေ စမ်းကြည့်မယ်ဆိုရင် သင် ဝင်ငွေတိုးလာမှာပါပဲ။ ပြီးတော့ အိန္ဒိယဟာ အော်ဂဲနစ်လို့ခေါ်တဲ့ ဓါတုဆေးဝါးတွေမသုံးဘဲ သဘာဝမြေသြဇာတွေနဲ့ စိုက်ပျိုးပြီးရလာမယ့် အသီးအနှံထုတ်လုပ်ရေးဟာ တကယ့် စီးပွားရေးအကြံကောင်း၊ အကြီးဆုံးထုတ်လုပ်ရေးဖြစ်လာမှာဖြစ်တဲ့အကြောင်းပြောပါရစေ။
(၄) နို့ထွက်ပစ္စည်းထုတ်လုပ်ရေး
အိန္ဒိယသားတွေနဲ့ နွားနို့လုပ်ငန်းတွေကို သင်တွဲဖက်မြင်ကြည့်ဖူးလား။ ဟုတ်တယ်ဗျ။ နေ့ဓတူဝလုပ်ငန်းပဲ။ အားလုံးက နေ့စဉ် နွားနို့နဲ့ပက်သက်တာတွေ လုပ်ကိုင်နေကြပြီး ဈေးကွက်ထဲမှာလည်း အမြဲတမ်း ဝယ်လိုအားကောင်းတာပဲကြည့်တော့။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ နွားနို့လုပ်ငန်းလုပ်တဲ့သူတွေ ကံမကောင်းခဲ့ဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ပြည်တွင်းလိုအပ်ချက်က အမြဲတမ်းများနေတော့ သူတို့တွေ နိုင်ငံခြားကိုထိုးဖေါက်ဖို့ သေချာစဉ်းစားကြည့်သင့်တယ်လို့ ဆိုရမှာပဲ။ အိန္ဒိယမှာ နို့ထွက်ပစ္စည်းအကြီးဆုံးထုတ်လုပ်ရေးလုပ်ငန်းကြီးကတော့ Amul Company ဖြစ်ပါတယ်။
(၅) ချည်ထည်ထုတ်လုပ်ရေး
စက်လုပ်မဟုတ်ပဲ လက်လုပ်ချည်ထည်လုပ်ငန်းက အိန္ဒိယရဲ့ ပြည်နယ်တိုင်းမှာ တက်ကျွမ်းတဲ့ ကိစ္စတစ်ရပ်ပါ။ ချည်ထည်တွေနဲ့ ပက်သက်ပြီးတော့လည်း အလားအလာအရမ်းကောင်းတဲ့ ဈေးကွက်ကြီးရှိနေပါတယ်။ ခုလောလောဆယ် ချည်ထည်လုပ်ငန်းက ကြီးထွားဖို့ ရုန်းကန်နေရသယောင်ပါ။ နိုင်ငံခြားကိုတင်ပို့ဖို့ကိုတော့ ဒစ်ဂျစ်တယ်နည်းပညာနဲ့ ကြိုးစားနေကြပါတယ်။ အမြဲတမ်းဖွံ့ဖြိုးလာတဲ့ ဒီချည်ထည်လုပ်ငန်းကလည်း အိန္ဒိယရဲ့ ရှေးအကျဆုံး အလုပ်တစ်ခုပါပဲ။ လုပ်ငန်းသေး ၅ ခုမှာ ၂ခုက ချည်ထဲတွေနဲ့ ပက်သက်နေတယ်လို့တောင် ဆိုပါတယ်။
(Orio Economics မှာ လုပ်ငန်းများအကြောင်းကိုလည်း တင်ဆက်ပေးနေပါတယ်။ နည်းလမ်းတွေ၊ ဈေးကွက်တွေ၊ အခြားနိုင်ငံတွေရဲ့ ဈေးကွက်လိုအပ်ချက်တွေ သိရှိခြင်းအားဖြင့် မြန်မာနိုင်ငံ၏လုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်မည်ဟု ယုံကြည်ရင်း ရေးသားဖေါ်ပြလိုက်ရပါတယ်။)
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။