Technology

iPhone 14 ကို အိန္ဒိယတွင် ပိုမိုထုတ်လုပ်မည်ဖြစ်ကြောင်း Apple အရိပ်အမြွက်ပြောကြား

iPhone ထုတ်လုပ်ခြင်းကို တရုတ်အပေါ် မှီခိုနေရခြင်းအား လျှော့ချရန်အတွက် ယခုမော်ဒယ်အသစ်ဖြစ်သော iPhone 14 ကို အိန္ဒိယတွင် ပိုမိုထုတ်လုပ်ရန် စီစဉ်နေကြောင်း Apple က ပြီးခဲ့သည့် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်အထိ iPhone ထုတ်လုပ်မှု၏ အဓိကနေရာမှာ တရုတ်မှာပင် ရှိနေသေးသော်လည်း တရုတ်၏ ဇီရိုးကိုဗစ် ပေါ်လစီနှင့် ထိုင်ဝမ်အရေးအခင်းကြောင့် အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု မြင့်တက်နေခြင်းက Apple ကို စိုးရိမ်စိတ်မြင့်တက်စေခဲ့သည်။

Apple သည် iPhone 14 ရှေ့က မော်ဒယ်များကို အိန္ဒိတောင်ပိုင်း တမီလ်နာဒူတွင်ရှိသော ထိုင်ဝမ် ချစ်ပ်ပြားကုမ္ပဏီ Foxconn၏ စက်ရုံမှ အစိတ်အပိုင်းများဖြင့် ထုတ်လုပ်ခဲ့ဖူးပြီး ထိုစဉ်က တရုတ်တွင် မော်ဒယ်အသစ်ထုတ်လုပ်မှုများ စတင်ပြီး အတော်ကြာမှ ထုတ်လုပ်ခြင်းဖြစ်သည်။

သို့သော် ယခုကဲ့သို့ iPhone 14 ထွက်ရှိပြီး မကြာသေးခင် ကာလမှာပင် ကြေငြာချက် ထွက်ပေါ်လာခြင်းကြောင့် အိန္ဒိယတွင် iPhone 14 ထုတ်လုပ်မှု လုပ်ငန်းစဉ်သည် ယခင်မော်ဒယ်များထက်စောပြီး စတင်ဖွယ်ရှိကြောင်း ဈေးကွက်သုတေသီများက သုံးသပ်သည်။

ယမန်နှစ်က အိန္ဒိယတွင် iPhone အလုံးရေ ၇.၅ သန်း ထုတ်လုပ်နိုင်ခဲ့ပြီး တကမ္ဘာလုံးရှိ iPhone ထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိကာ ယခင်နှစ်များအတွင်း Apple ၏ ထုတ်လုပ်မှု လက်တံကို အိန္ဒိယသို့ ဖြန့်ထုတ်နိုင်ခဲ့ခြင်း၏ ရလဒ်ဖြစ်ကြောင်း လေ့လာသူများကဆိုသည်။

Apple ၏ အဆိုပါ ကြေငြာချက်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ “အိန္ဒိယတွင် ထုတ်လုပ်သည်” ဟု အမည်ပေးထားသော် မဟာဗျူဟာကို ပိုမိုအားပေးရာ ရောက်မည်ဖြစ်ပြီး မိုဒီသည် အဆိုပါ ပေါ်လစီအရ နိုင်ငံတကာရင်းနှီးမြှပ်နှံမှုများကို အိန္ဒိယသို့ ပိုမိုဝင်ရောက်လာရန် ဖိတ်ခေါ်ထားသည်။

Apple ၏ ပြောကြားချက်တွင်တော့ iPhone 14 ကို အိန္ဒိယတွင် စတင်ထုတ်လုပ်ရန် စိတ်လှုပ်ရှားနေပြီး ယခုနှစ်တွင် iPhone အလုံးရေ ၁၁ သန်း အထိ အိန္ဒိယတွင် တိုးမြှင့် ထုတ်လုပ်သွားရန် မျှော်မှန်းထားကြောင်း ပါရှိသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Jakarta Post, Aljazeera
Photo: Tribune India

ထိုင်ဝမ်တင်းမာမှုအရေးကြောင့် semiconductor ချစ်ပ်များ ပြတ်လပ်မည်ကို ဥရောပ ကုမ္ပဏီများ ပူပန်

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ထိုင်ဝမ်၏ တပိုင်းလျှပ်ကူး ချစ်ပ်ပြား (Semiconductor chip) များအပေါ် မှီခိုနေရသည့် ဥရောပ ကုမ္ပဏီများသည် အခြား ထုတ်လုပ်မှု လမ်းကြောင်း သစ်များကို ရှာဖွေရန် တိုင်ပင်လျက်ရှိကြောင်း သိရသည်။

ဥရောပနိုင်ငံများတွင် အာရှနှင့် နှိုင်းယှဉ်ပါက ထိုင်ဝမ်ကဲ့သို့ ချစ်ပ်ပြားများနှင့် အိုင်စီကတ်ပြားများ အမြောက်အများ ထုတ်လုပ်နိုင်မှု မရှိခြင်းကြောင့် ဥရောပ စက်မှုနှင့် နည်းပညာ ကုမ္ပဏီများသည် ၎င်းတို့၏ ချစ်ပ်ပြားလိုအပ်ချက်များကို ထိုင်ဝမ်အပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်-ထိုင်ဝမ် တင်းမာမှုသည် ပြေလည်သွားခြင်း မရှိဘဲ ဆက်လက်ထိတွေ့မှုများ ရှိလာနိုင်သည်ဖြစ်ရာ ဥရောပရှိ ကုမ္ပဏီများသည် အဆိုပါ ပဋိပက္ခ၏ သားကောင်ဖြစ်လိုခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိူးဆက်များကို တွက်ဆနေပြီး ဖြေရှင်းရန် နည်းလမ်းများကိုလည်း စဉ်းစားနေကြောင်း ဥရောပသမဂ္ဂ၏ တရုတ်ပြည်ဆိုင်ရာ ကုန်သည်ကြီးများ အသင်းက ဆိုသည်။

ကိုဗစ်ကာလအတွင်းတွင်လည်း ကုန်စည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်မှုကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းသုံး ချစ်ပ်ပြားများ ပြတ်လပ်မှု ဖြစ်ပွားခဲ့သေးပြီး ယခုအခါတွင်လည် ပထဝီနိုင်ငံရေး အခြေအနေကြောင့် အလားတူ ပြဿနာမျိုး ထပ်မံဖြစ်ပွားရန် နီးကပ်လာသော အခြေအနေဖြစ်သည်။

ထိုင်ဝမ်သည် ကမ္ဘာ့ချစ်ပ်ပြား ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကို ဈေးကွက်ဝေစုရယူထားခြင်းဖြစ်ပြီး အနောက်ကမ္ဘာနှင့် တရုတ်တို့အကြား အားပြိုင်မှုများတွင် ထိုင်ဝမ် ချစ်ပ်ပြားထုတ်လုပ်မှု ကုမ္ပဏီများသည် ပိုမိုကြားညှပ်လာနေသည့် အနေအထားဖြစ်လာခဲ့သည်။

ဥရောပအနေဖြင့်မူ ၎င်းတို့၏ စက်မှုနှင့် နည်းပညာကဏ္ဍများတွင် လိုအပ်သည့် ချစ်ပ်ပြားများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိကို ဥရောပအပြင်ဘက်ဖြစ်သော အာရှနိုင်ငံများထံမှ သွင်းယူနေရသည်ဖြစ်ရာ အဆိုပါ လမ်းကြောင်းပိတ်ဆို့သွားပါက မည်မျှအထိ ဆိုးကျိုးသက်ရောက်သွားမည်မှာ မခန့်မှန်းနိုင်ကြောင်း ဗြိတိန်အခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုက ဆိုသည်။

စီးပွားရေး အကြံပေးပညာရှင်များကတော့ ဥရောပကုမ္ပဏီများအနေဖြင့် ထိုင်ဝမ်မဟုတ်သည့် အခြားနိုင်ငံများထံမှ လမ်းကြောင်းသစ်များ စတင်ဖော်ဆောင်ထားရန် အကြံပြုထားပြီး မလေးရှားနှင့် ဗီယက်နမ်တို့သည် ထိပ်ဆုံးမှ စာရင်းပေါက်သော နိုင်ငံများဖြစ်ကြသည်။

အထူးသဖြင့် မလေးရှားတွင် Samsung Electronics ၏ အီလက်ထရောနစ်နှင့် ချစ်ပ်ပြားစက်ရုံ တည်ရှိနေခြင်းနှင့် ဗီယက်နမ်တွင် ထိုင်ဝမ်အခြေစိုက် Foxconn Technology ၏ စက်ရုံခွဲရှိနေခြင်းက အဆိုပါ နိုင်ငံများကို ထိုင်ဝမ်နေရာတွင် အစားထိုးနိုင်မည့် နိုင်ငံများအဖြစ် မျက်စိကျစေခြင်းဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: History Computer

Samsung U.S users အချို့၏ပုဂ္ဂိုလ်ရေးအချက်အလက်များပေါက်ကြား

Samsung Electronics Co သည် ဇူလိုင်လတွင် ဆိုက်ဘာလုံခြုံရေးကျိုးပေါက်သည့်ပြဿနာနှင့် ကြုံတွေ့ခဲ့ရပြီး အမေရိကန်ရှိ customers အချို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ပေါက်ကြားခဲ့ကြောင်း ကုမ္ပဏီကပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည်။

အချက်အလက်ပေါက်ကြားမှုထဲတွင် customers များ၏ ဆိုရှယ်လုံခြုံရေး ကုတ်နံပါတ်များနှင့် credit card နံပါတ်များ မပါဝင်ခဲ့သော်လည်း အမည်၊ ဖုန်းနံပါတ်၊ ကိုယ်ရေးအချက်အလက်၊ မွေးနေ့၊ ထုတ်ကုန်မှတ်ပုံတင်အချက်အလက်စသည်တို့ ပါဝင်ခဲ့သည်ဟု Samsung ကဆိုသည်။

Customers ဦးရေမည်မျှထိခိုက်ခဲ့သည်ကို Samsung ကအသေးစိတ်ဖြေကြားထားခြင်းမရှိပေ။

၂၀၂၂ ခုနှစ် ဇူလိုင်လနှောင်းပိုင်းတွင် တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် အဖွဲ့အစည်းတစ်ခုက Samsung ၏ U.S system မှ users ကိုယ်ရေးအချက်အလက်များကို ခိုးယူသွားခဲ့သည်ဟု ကုမ္ပဏီကထုတ်ပြန်ထားသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNA
Photo: Getty Images

Royal Caribean က အင်တာနက်အတွက် SpaceX နှင့်ပူးပေါင်းမည်

ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘောကြီးများကို ပိုင်ဆိုင်သည့် မိုင်ယာမီအခြေစိုက် Royal Caribean Group သည် ၎င်းတို့သင်္ဘောပေါ်ရှိ မူလအသုံးပြုနေသော အင်တာနက်လိုင်းများ နှေးကွေးလာသောကြောင့် ဘီလျံနာ အီလွန်မက်ခ်စ် ၏ SpaceX နှင့်ပူးပေါင်းတော့မည်ဟု သိရသည်။
SpaceX ထုတ် Low Earth Orbit (LEO) စနစ်ဆက်သွယ်ရေးကို အသုံးပြုထားသည့် Starlink ဂြိုလ်တုချိတ်ဆက် အင်တာနက်ကွန်ယက်မှာ အပျော်စီးသင်္ဘောများ၏ ဝန်ဆောင်မှု အသစ်အဖြစ် ရောက်ရှိလာတော့မည်ဖြစ်သည်။

ခရီးသည်များသည် သင်္ဘောပေါ်တွင် အင်တာနက်အသုံးပြုရန် အခကြေးငွေထပ်မံပေးဆောင်ရသော်လည်း သမိုင်းတလျှောက် အဆိုးဆုံးအင်တာနက်နှေးကွေးမှုများကို ကြုံလာရပြီးနောက် ဝေဖန်မှုများအကြား ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အပျော်စီးသင်္ဘောကုမ္ပဏီကြီး၏ ဥက္ကဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျေဆင် လီဘာတီ (Jason Liberty) က ယခု တပ်ဆင်မည့် အင်တာနက်နည်းပညာက သင်္ဘောပေါ်ရှိ ခရီးသည်များ၊ သင်္ဘောသားဝန်ထမ်းများအတွက် အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့ အပျော်စီးယာဉ်များအတွက် အင်တာနက်ဆက်သွယ်ရေးကဏ္ဍ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

Starlink (စတားလင့်ခ်) ဂြိုလ်တုအင်တာနက်တပ်ဆင်မှုများကို ချက်ချင်းဆောင်ရွက်သွားမည်ဟု သိရပြီး တပ်ဆင်မှုအားလုံးပြီးဆုံးနိုင်မှုမှာ လာမည့် ၂၀၂၃ ပထမ ၃ လပတ် အပြီးဟု သိရသည်။
၎င်းတို့အဆင့်မြှင့်မှုအတွက် သူဌေးအီလွန်မက်စ်သည်လည်း ဝင်ငွေ တိုးလာဖွယ်ရှိနေပြီး သင်္ဘော ၁ စီးလျှင် ၁ လ ဒေါ်လာ ၅၀၀၀ ခန့် ဝန်ဆောင်ခ ရနိုင်ခြင်း၊ လိုင်းဖမ်းယူနိုင်သော Antennas ၂ တိုင် (၁ စုံ) အတွက် ဒေါ်လာ ၁၀,၀၀၀ စသည်တို့အပြင် ၎င်းတို့ကုမ္ပဏီကြီး ၂ ခု အကြား စာချုပ်သစ်များကြောင့် ရှယ်ယာတန်ဖိုးလည်း တိုးလာဖွယ်ရှိနေသည်။
အီလွန်မက်စ်၏ SpaceX – starlink က ပင်လယ်ထဲတွင် ဒေါင်းလုဒ် ပြုလုပ်သည့် အမြန်နှုန်း ၃၅၀ မီဂါဘစ်/စက္ကန့် ရနိုင်မည်ဟု အာမခံ ထားသည်။

လက်ရှိတွင် Caribean Cruises Group တွင် အပျော်စီး သင်္ဘောကြီးပေါင်း ၂၈ စီး ပိုင်ဆိုင်ထားပြီး ၎င်းတို့ထဲမှာ Wonder of The Seas နှင့် ODYSSEY of The Seas တို့မှာ အကြီးဆုံးသင်္ဘောကြီးများအဖြစ် နောက်ဆုံး ထပ်မံဖြည့်ဆည်းထားခြင်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Royal Caribean, BBC Business, Smart Maritime Network, CNBC Business
Image: Royal Caribean Group

တန်ဖိုးနည်းနိုင်ငံခြားဖြစ်ဖုန်းများကို တင်းကြပ်ရန် အိန္ဒိယအစီအစဉ်မရှိ

အိန္ဒိယ၏ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသည် တန်ဖိုးငွေ ဒေါ်လာ ၁၅၀ အောက် ရှိသော နိုင်ငံခြားမှတင်သွင်းလာသည့် ဈေးချိုသည့် ဖုန်းအရောင်းများအပေါ် တင်းကြပ်သည့်ဥပဒေများ တင်သွင်းရန် အစီအစဉ်မရှိကြောင်း အငယ်တန်းဝန်ကြီးတဦးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

နယူးဒေလီအခြေစိုက်အစိုးရအနေဖြင့် ပြည်တွင်း ထုတ်လုပ်သူများအတွက် ဈေးကွက်မြှင့်တင်မှုများပြုလုပ်နိုင်သည်ဟု သတင်းများထွက်ပေါ်အပြီးတွင် ပြည်ပမှ တန်ဖိုးနည်းဖုန်းများအတွက် ယခုကဲ့သို့ ယူဆချက်များထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယထုတ် ဖုန်းများရှင်သန်ရေးအတွက် တရုတ်ထုတ်ဈေးပေါပေါ ဖုန်းရောင်းချမှုများအား ကန့်သတ်သွားရန် ရှိမရှိ မေးခွန်းများအကြား အငယ်တန်းဝန် ရာဂျစ် ချန်ဒရာဆယ်ခါ (Rajeev Chandrasekhar) က ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။
အိန္ဒိယရူပီး ၁၂,၀၀၀ (ကန်ဒေါ်လာ ၁၅၀) အောက် ပစ္စည်းများအတွက် တင်းကြပ်မှု ရှိမရှိ အများက သိလိုနေကြခြင်းလည်းဖြစ်သည်။

မစ္စတာ ရာဂျစ်က အိန္ဒိယအစိုးရအနေဖြင့် ဒေါ်လာ ၃၀၀ ဘီလျံ တန်ဖိုးရှိလာမည့် အီလက်ထရွန်းနစ်ထုတ်လုပ်ရေးဈေးကွက်သို့ သွားနေကြောင်းနှင့် လာမည့် ၂၀၃၅-၂၆ တွင် တင်ပို့ကုန်၌ electronics devices များက ဒေါ်လာ ၁၂၀ ဘီလျံ အထိရှိလာရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။
လက်ရှိထုတ်လုပ်ရေးဈေးကွက်တန်ဖိုးမှာ ဒေါ်လာ ၇၆ ဘီလျံ အထိ အိန္ဒိယ၌ ဖြစ်ထွန်းနေသည်။

၎င်းတို့ထုတ်ပြန်ထားသော စစ်တမ်းပါ အချက်အလက်များအရ လူဦးရေကဏ္ဍကိုကြည့်၍ တင်ပို့ကုန်ကဏ္ဍကို အားကောင်းမောင်းသန် တိုးချဲ့ရန်လိုနေသည်ဟု သူက ဆိုပြီး တင်ပို့ကုန်ကြောင့် ကုန်စည်ထုတ်လုပ်စီးဆင်းရာ Supply Chain တလျှောက် ရင်းနှီးမြှုပ်နှံမှုများမြင့်တက်ရန် ထပ်မံဖန်တီးပြီးသားဖြစ်မည်ဟု ပြောကြားခဲ့သည်။
ဩဂုတ်လထဲတွင် အိန္ဒိယက တရုတ်ထုတ် ဈေးပေါသည့် ဖုန်းများကို ကန့်သတ်ရန် ရည်ရွယ်နေကြောင်း အယ်ဂျာဇီယာ သတင်းဌာနအပါအဝင် သတင်းစာများက အကြိမ်ကြိမ် ရေးသားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News, Business Standard, Al Jazeera
Image: Taipei Times

ပင်နာဆိုးနစ်က US တွင် လျှပ်စစ်ကားဘက်ထရီစက်ရုံသစ် ထပ်ဆောက်မည်

Tesla လျှပ်စစ်ကားများကို ပစ္စည်းများသွင်းနေသည့် ဂျပန် Panasonic Holdings Corp ပင်နာဆိုးနစ်သည် ဒေါ်လာ ၄ ဘီလျံတန်ဖိုးရှိ လျှပ်စစ်ကားဘက်ထရီစက်ရုံကို ထပ်မံတိုးချဲ့တည်ဆောက်သွားမည်ဟု WSJ က သောကြာနေ့တွင်ဖေါ်ပြခဲ့သည်။
ပင်နာဆိုးနစ်သည် စက်ရုံသစ်မြေနေရာကို ဥက္ကလာဟိုးမားတွင် ရှာဖွေနေသည်ဟု သတင်းဌာနကဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပင်နာဆိုးနစ်သည် အမေရိကန်ပြည်ထောင်စု၊ ကန်းဆန်ပြည်နယ်တွင် ဒေါ်လာ ၄ ဘီလျံတန်စက်ရုံတည်ဆောက်မည်ဟု ရွေးချယ်ခဲ့ပြီး ယင်းအချက်ကြောင့် အလုပ်အကိုင် ၄,၀၀၀ အထိ ဖန်တီးပေးနိုင်မည်ဟု သိရသည်။

ယခု ထပ်မံရွေးချယ်ဖွယ်ရှိသော ဥက္ကလာဟိုးမားပြည်နယ်သည် တက္ကဆက်ပြည်နယ်နှင့် ကပ်လျက်ဖြစ်ပြီး တက္ကဆက်ပြည်နယ်သည် လျှပ်စစ်ကား Tesla များထုတ်လုပ်ရာ နေရာလည်းဖြစ်သည်။

ဂျပန်ကော်ပိုရိတ်လုပ်ငန်းကြီးအနေဖြင့် ၎င်းတို့သည် ကန်းဆက်၊ ဥက္ကလာဟိုးမားတို့တွင် စက်ရုံမြေနေရာပြုလုပ်ရန် အလားအလာရှိသည့် နေရာများကိုရှာဖွေနေသည်ဟုလည်း ထုတ်ပြောထားဖူးသည်။
ဂျပန် Panasonic – ပင်နာဆိုးနစ်နှင့် လျှပ်စစ်ကား Tesla တို့လက်တွဲလာကြသည်မှာ ဆယ်စုနှစ် ၁ ခုကျော်ကြာမြင့်လာပြီဖြစ်ကာ ယခင်က ကယ်လီဖိုးနီးယား၊ နီဗါးဒါးစက်ရုံမှ ဘက်ထရီများဖြင့် Tesla ကို ပံ့ပိုးနေခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Retuers Business, Wall Street Journal, Eletrek
Image: Auto Evolution

တရုတ်ကိုပြိုင်ဖို့ အမေရိကန်ချစ်ပ်ထုတ်လုပ်ရေးမြှင့်တင်မည့်ဥပဒေမူကြမ်း ဘိုင်ဒန်လက်မှတ်ရေးထိုး

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က တရုတ်၏သိပ္ပံနှင့်နည်းပညာအင်အားကို ယှဉ်ပြိုင်ရန် အမေရိကန်၏ semiconductor ထုတ်လုပ်မှုနှင့် သုတေသနများကို မြှင့်တင်ရေးအတွက် ဒေါ်လာ ၅၂.၇ ဘီလီယံသုံးစွဲခွင့်ကို ပြီးခဲ့သည့်အင်္ဂါနေ့က လက်မှတ်ရေးထိုးပေးခဲ့သည်။

အိမ်ဖြူတော်၌ ပြုလုပ်ခဲ့သည့်အဆိုပါလက်မှတ်ရေးထိုးပွဲသို့ ဘိုင်ဒန်နှင့်အတူ ရီပတ်ပလစ်ကန်အမတ်တချို့နှင့် Micron, Intel, Lockheed Martin, HP, Advanced Micro Devices စသည့်နည်းပညာကုမ္ပဏီကြီးများ၏ CEO များလဲတက်ရောက်ခဲ့ကြသည်။

ဘတ်ဂျက်သုံးစွဲခွင့်ပြုချက်သည် ချစ်ပ်ပြားအသစ်ထုတ်လုပ်ရေးအတွက် ကောင်းမွန်သောရင်းနှီးမြှုပ်နှံမှုဖြစ်သည်ဟု အိမ်ဖြူတော်ကဆိုသည်။ ထို့အပြင် Qualcomm က semiconductor ထုတ်လုပ်သူ GlobalFoundries ၏နယူးယော့ခ်စက်ရုံကို ဒေါ်လာ၄.၂ ဘီလီယံဖြင့် ဝယ်ယူရန်သဘောတူညီချက်ကိုလဲ ထည့်သွင်းပြောကြားခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters
Photo: Getty Images

တရုတ် Memory chip ထုတ်လုပ်သည့် ကုမ္ပဏီများကို ပိတ်ဆို့ရန် US စီစဉ်

ဈေးကွက်အတွင်းရှိ အမေရိကန် chip ထုတ်လုပ်ရေး ကုမ္ပဏီများ၏ အကျိုးစီးပွားကို ကာကွယ်ရန်အတွက် တရုတ် Memory chip ထုတ်လုပ်သည့် ကုမ္ပဏီများကို chip ထုတ်လုပ်သည့် စက်ကိရိယာများ ထပ်မံရောင်းချခြင်း မပြုတော့ဘဲကန့်သတ်ရန် အမေရိကန် အစိုးရက စီစဉ်နေကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ ရိုက်တာသတင်းဌာနက တင်ပြခဲ့သည်။

အဆိုပါ သတင်းသာ အတည်ဖြစ်ပါက တရုတ် chip ထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သော Yangtze Memory Technologies Co Ltd (YMTC) ကုမ္ပဏီမှာ အဓိက အထိနာမည်ဖြစ်ပြီး တရုတ်ကုမ္ပဏီများသာမက ကိုးရီးယား chip ထုတ်လုပ်ရေး ကုမ္ပဏီများပါ အထိနာနိုင်ကြောင်း အမည်မဖော်လိုသည့် အဆိုပါ သတင်းအရင်းအမြစ်က ဆိုသည်။

အကြောင်းမှာ ကိုးရီးယား ကော်ပိုရေးရှင်းကြီးဖြစ်သည့် Samsung သည် တရုတ်တွင် memory chip ထုတ်လုပ်သည့် စက်ရုံကြီးနှစ်ခုကို ဝယ်ယူလည်ပတ်နေပြီး အခြား ကိုးရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် SK Hynix မှာ ယခင် Intel Corp ပိုင် NAND memory chip ထုတ်လုပ်ရေး ကုမ္ပဏီကို တရုတ်တွင် ဦးစီးလည်ပတ်နေခြင်းဖြစ်သည်။

ယခုသတင်းသာ အတည်ဖြစ်ပါက စစ်ရေးနှင့် မသက်ဆိုင်သော တရုတ် chip ထုတ်လုပ်ရေးများကို အဓိကပစ်မှတ်ထား အရေးယူမည့် အမေရိကန်၏ ပထမဆုံးသော ပို့ကုန် ကန့်သတ်ချက်ဖြစ်လာမည်ဖြစ်ပြီး အမေရိကန် ကုမ္ပဏီများ၏ အမျိုးသားအကျိုးစီးပွား ကာကွယ်ရေးအတွက် ကျယ်ပြန့်သည် ဗျူဟာရွေ့ကွက်ဖြစ်လာမည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

လက်ရှိတွင် အမေရိကန်၌ memory chip ထုတ်လုပ်သည့် အဓိက ကုမ္ပဏီနှစ်ခုသာရှိပြီး Western Digital Corp (WD) နှင့် Micron Technology တို့ဖြစ်ကာ အဆိုပါ ကုမ္ပဏီနှစ်ခုပေါင်း၏ ကုန်ထုတ်စွမ်းအားသည် NAND memory chip ဈေးကွက်၏ လေးပုံတစ်ပုံရှိကြောင်း သိရသည်။

အဆိုပါ NAND memory chip သည် ယနေ့ခေတ် အသုံးပြုနေသော စမတ်ဖုန်း၊ လက်ပ်တော့များမှ စ၍ Amazon, Facebook နှင့် Google တို့၏ အချက်အလက်များ သိမ်းဆည်သော Data Center များအထိ မရှိမဖြစ်သော နည်းပညာဖြစ်၍ NAND chip များ၏ စွမ်းဆောင်ရည်နှင့် နည်းပညာပေါ်မူတည်ကာ ဈေးအမျိုးမျိုး၊ အသုံးချမှု အမျိုးမျိုးဖြစ်သွားသည်။

ရိုက်တာ၏ သတင်းအရင်းအမြစ်များကတော့ ယခုသတင်းသည် အမေရိကန် တာဝန်ရှိသူများအနေဖြင့် ကနဦး လျာထားချက်အဖြစ်သာ ရှိသေးကြောင်းနှင့် ဥပဒေမူကြမ်းများ ရေးဆွဲနေသည့် အဆင့်မဟုတ်သေးကြောင်း ထပ်လောင်း ပြောကြားသွားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: The Korea Economic Daily

PayPal ကိုပိတ်ထားရာမှ ယာယီ ပြန်ဖွင့်ပေးခဲ့သည့် အင်ဒိုအစိုးရ

အွန်လိုင်း ငွေပေးချေမှု စနစ်တစ်ခုဖြစ်သော PayPal ကို အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ အကောင့်ထဲရှိ ငွေကြေးများကို ပြန်လည် လွှဲပြောင်းထုတ်ယူနိုင်ရန်အတွက် ယခုကဲ့သို့ ယာယီပြန်ဖွင့်ပေးထားခြင်းဖြစ်ကြောင်း အင်ဒို ဆက်သွယ်ရေး ဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ဦးက ဆိုသည်။

အင်ဒိုအစိုးရသည် PayPal အပါအဝင် အွန်လိုင်းရှာဖွေရေး ဝက်ဆိုက်တစ်ခုဖြစ်သော Yahoo နှင့် အခြားနာမည်ကြီး အွန်လိုင်းဂိမ်းများဖြစ်သော Steam, Dota2, Counter-Strike နှင့် EpicGames တို့ကို ဆက်သွယ်ရေး လိုင်စင် ဥပဒေအသစ်တွင် မှတ်ပုံမတင်သည့် အတွက် ပြီးခဲ့သည့် စနေနေ့က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ဥပဒေအသစ်သည် ပြီးခဲ့သည့် ၂၀၂၀ခုနှစ် နိုဝင်ဘာတွင် စတင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဥပဒေအရ နည်းပညာကုမ္ပဏီများအနေဖြင့် အသုံးပြုသူများ၏ အချို့သော အချက်အလက်များကို အာဏာပိုင်များသို့ ဝေမျှရမည်ဟု ပါရှိသည်။

အထူးသဖြင့် လူထုအပေါ် ထိခိုက်စေသည့် ရေးသားမှုများ၊ ပြောဆိုမှုများ ရှိပါက အရေးကြီးလျှင် ၄နာရီအတွင်း၊ အရေးမကြီးလျှင် ၂၄ နာရီအတွင်း ဆက်သွယ်ရေး အာဏာပိုင်များက ပယ်ဖျက်နိုင်ရန်ဟု ဥပဒေအသစ်တွင် ဆိုထားပြီး လိုင်စင်မှတ်ပုံတင်ရမည့် နောက်ဆုံးရက်ကို သြဂုတ်လကုန်အဖြစ် သတ်မှတ်ထားသည်။

သည့်အတွက်ကြောင့်ပင် နာမည်ကျော် နည်းပညာ ကုမ္ပဏီများဖြစ်သည့် Alphabet Inc’s, Meta Platforms, Facebook, Instagram, WhatsApp နှင့် Amazon တို့သည် နောက်ဆုံးရက်မတိုင်မီ အပြေးအလွှားမှတ်ပုံတင်ခဲ့ကြသော်လည်း PayPal နှင့် Yahoo တို့မှာ မှတ်ပုံမတင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် အင်ဒိုအစိုးရက မှတ်ပုံမတင်သည့် ကုမ္ပဏီအားလုံးကို ပိတ်ပင်ခဲ့ကာ PayPal ကို အသုံးပြုကြသည့် အွန်လိုင်းဂိမ်းကစားသူများနှင့် Freelance ဝန်ထမ်းများက အစိုးရကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပြီး တွစ်တာတွင် “ဆက်သွယ်ရေးဝန်ကြီးဌာနကိုဘန်း” ဆိုသည့် စကားစုဖြင့် ဝေမျှသူများလည်း များပြားခဲ့သည်။

သည့်နောက်တွင် ယမန်နေ့ တနင်္ဂနွေနေ့၌ PayPal ကို ငါးရက်တာ ပြန်လည်ဖွင့်လှစ်ပေးမည့် အကြောင်း အစိုးရက ကြေငြာခဲ့ပြီး အဆိုပါ ငါးရက်အတွင် မိမိတို့၏ ငွေကြေးပြန်များကို ပြန်လည်ထုတ်ယူခြင်းနှင့် အခြားသော ဝန်ဆောင်မှုတစ်ခုသို့ ရွှေ့ပြောင်းခြင်းများ ပြုလုပ်ရန် တိုက်တွန်းထားသည်။

အစိုးရ အကြီးတန်းအရာရှိ တစ်ဦးကတော့ ကုမ္ပဏီများအနေဖြင့် အစိုးရတွင် မှတ်ပုံတင်ပါက ပိတ်ပင်ထားခြင်းကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ယခုဥပဒေသည် အင်တာနက်အသုံးပြုသူများ၏ အချက်အလက်များကို ကာကွယ်ရန်နှင့် လုံခြုံမှုပေးရန်ဖြစ်ကြောင်း ဆင်ခြေပေးသွားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Indonesia Posts Engllish

ကဒ်ဒီလက်က ဒေါ်လာ ၃ သိန်းတန် လျှပ်စစ်ကားကိုထုတ်ဖေါ်ပြသ

အမေရိကန်ကားထုတ်လုပ်ရေး GM ၏ အမှတ်တံဆိပ်တခုဖြစ်သော Cadillac သည် ၁ နှစ်ခန့် ပုံရိပ်များအဖြစ်သာ အမြည်းကျွေးလာခဲ့သော ၎င်းတို့၏ စူပါလျှပ်စစ်ကား ယနေ့တွင် The Celestiq ကို ထုတ်ဖေါ်ပြသခဲ့သည်။
Cadillac The Celestiq သည် ဒေါ်လာ ၃၀၀,၀၀၀ တန်ဖိုးရှိပြီး ကားဈေးကွက်၏ အမြင့်ဆုံးဈေးတန်းများတွင် ဦးဆောင်နေသော Rolls-Royce နှင့် Bentley အား ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်သည်ဟုဆိုသည်။

အဆိုပါကားတွင် ၅၅ လက်မ ရှည်လျားသော Digital Display ပါဝင်ပြီး GM ၏ နှစ်ပေါင်း ၁၂၀ သက်တမ်းရှိအမွေအနှစ်က ယခုကားအတွက်စိတ်ကူးစိတ်သန်းများ ဖြစ်ပေါ်လာစေခဲ့သည်ဟု ကြေညာထားသည်။
The Celestiq သည် GM ၏ အကောင်းမွန်ဆုံးသော နည်းပညာလက်ရာဖြစ်လာမည်ဖြစ်ပြီး ၁ နှစ်လျှင် အစီးရေ ၅၀၀ သာ ထုတ်လုပ်ရန် ရည်ရွယ်ထားသည်။

GM သည် ၎င်းတို့၏ စူပါလျှပ်စစ်ကားကို ယခုနှစ်နှောင်းပိုင်းတွင် အမြောက်အများစတင်ထုတ်လုပ်ဖွယ်ရှိပြီး ၂၀၂၃ တွင် အများပြည်သူသို့ ရောင်းချဖွယ်ရှိသည်။
The Celestiq သည် Porsche နှင့် Mercedes EQS လျှပ်စစ်ကားများထက် ဈေးနှုန်းပိုမိုမြင့်မားနေပြီး ဗြိတိန်ကား Bentley ကဲ့သို့ နှစ်စဉ်အစီးရေ ရာဂဏန်းခန့်သာ ထုတ်လုပ်ခြင်းက High-end EV Sedan ဇိမ်ခံကားဈေးတန်း အသစ်ကို ဖန်တီးလိုနေခြင်းဖြစ်နိုင်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, The Verge
Image: GM Cadillac The Celestiq