News

News Category

US ရှိမွေးမြူရေးလုပ်ငန်းလုပ်သားများကို ကာကွယ်ရန် ဘိုင်ဒင်အစိုးရစီစဉ်

အမေရိကန်အစိုးရ စိုက်ပျိုးမွေးမြူရေးဌာနသည် ကြက်ဝက်နှင့် အသားငါးမွေးမြူရေးလုပ်ငန်းများမှ လယ်သမားများကို မွေးမြူရေးကုမ္ပဏီကြီးများ၏ လက်စားချေလက်တုံ့ပြန်ခြင်းမှ ကာကွယ်ရန် စီစဉ်နေသည်။
မွေးမြူရေးလုပ်သားများနှင့် လယ်သမားများသည် အသားငါးဈေးနှုန်းများကို ကုမ္ပဏီကြီးများက ဈေးနှုန်းအသေ သတ်မှတ်ခြင်းမျိုးကဲ့သို့ ကိစ္စများကို ထုတ်ဖေါ်ပြောဆိုခဲ့ကြပြီး ကုမ္ပဏီများကို ထိုကိစ္စများကို မှတ်သား၍ ဆိုးရွားသည့် လက်တုံ့ပြန်မှုများကျူးလွန်ရန် စီစဉ်ခြင်း၊ အနိုင်ကျင့်ခြင်းများကို Company Retaliation ဟု ခေါ်သည်။

ဘိုင်ဒင်အစိုးရအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးဌာနမှ တဆင့် အစိုးရရှေ့နေများဖြင့် ယင်းကိစ္စများကို စုံစမ်းနေပြီး ဈေးကွက်အတွင်း ယှဉ်ပြိုင်မှုကိုမလိုလားသော အဆိုပါအပြုအမူများကို ငွေကြေးဖေါင်းပွနှုန်းကိုလည်း မြင့်တက်စေသည်ဟု ဆိုသည်။

ကြက်ဝက်မွေးမြူရေးနယ်ပယ်သည် အမေရိကန်ပြည်ထောင်စုတွင် ကုမ္ပဏီများ၊ လုပ်ငန်းများ ပြည့်ကြပ်နေပြီး ယင်းသို့ ကုမ္ပဏီများ၏ မလျော်ဩဇာသုံးကာ ဖိနှိပ်မှုများကိုသုံးခြင်းအား တိုက်ဖျက်သွားခြင်းဖြင့် ပြိုင်ဆိုင်မှုပြင်းထန်စေရန် ဘိုင်ဒင်အစိုးရအဖွဲ့ရည်ရွယ်သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
ှSource: Reuters Business, Indeed, UK Practical Law/Thomson Reuters
Image: Reuters

လောင်းကစားကုမ္ပဏီ ၁၇၅ ခုကို ဖျက်သိမ်း၍ တရုတ်နိုင်ငံသား လေးသောင်းကို နေရပ်ပြန်ပို့မည့် ဖိလစ်ပိုင်

ဖိလစ်ပိုင်တွင် တရုတ်နိုင်ငံသားများ လာရောက်ဖွင့်လှစ်၍ နာမည်ဆိုးဖြင့် ကျော်ကြားနေသော အွန်လိုင်းလောင်းကစား ကုမ္ပဏီများကို တိုက်ဖျက်ရန် စီမံချက်အရ လောင်းကစားကုမ္ပဏီ ၁၇၅ ခုကို ဖျက်သိမ်း၍ ၎င်းတို့တွင် အလုပ်လုပ်ကိုင်နေကြသော တရုတ်နိုင်ငံသား လေးသောင်းကို နေရပ်ပြန်ပို့သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင် တရားရေးဌာနက ပြီးခဲ့သည့် တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်မကြီးတွင် လောင်းကစားလုပ်ငန်းများကို တရားဝင် ခွင့်ပြုထားခြင်း မရှိသေးကြောင့် အဆိုပါ လောင်းကစားကုမ္ပဏီများသည် ဥပဒေအရ ချောင်ချိသော ဖိလစ်ပိုင်တွင် ၂၀၁၆ ခုနှစ်မှ စတင်အခြေချခဲ့ကြခြင်းဖြစ်ပြီး တဖြည်းဖြည်းကြီးထွားလာကာ ၎င်းတို့၏ သားကောင်အများစုမှာ ပြည်မကြီးမှ တရုတ်များ ဖြစ်ကြသည်။

၎င်းတို့ ခေတ်ကောင်းစဉ်ကာလတွင် အဆိုပါ ကဏ္ဍ၌ အလုပ်လုပ်ရန် ဖိလစ်ပိုင်သို့ ရောက်ရှိနေသော တရုတ်နိုင်ငံသားဦးရေမှာ ၃ သိန်းခန့်ရှိပြီး ကိုဗစ်-၁၉ ဖြစ်ပွားခဲ့ခြင်းနှင့် ဖိလစ်ပိုင် အစိုးရက အခွန်တိုးမြှင့်ကောက်ခံခြင်းတို့ကြောင့် ယခုအခါ ယခင်လောက် မများတော့ကြောင်း သိရသည်။

အဆိုအရ လောင်းကစားကုမ္ပဏီများရှိ တရုတ်များသည် လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် အခြား ပြည်မကြီး တရုတ်များအပေါ် လိမ်လည်မှုများ ပြုလုပ်နေကြောင်း တိုင်ကြားမှုများစွာ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ တိုက်ဖျက်ရေး စီမံချက် စတင်ခဲ့ခြင်းဖြစ်ကြောင်း ဖိလစ်ပိုင် တရားရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူကဆိုသည်။

ယခုဖျက်သိမ်းမှုတွင် ပါဝင်သည့် လောင်းကစားကုမ္ပဏီများတွင် လိုင်စင်သက်တမ်းကုန်နေသည့် ကုမ္ပဏီများ၊ အမှုအခင်းနှင့် ပတ်သတ်သည့် ကုမ္ပဏီများနှင့် အစိုးရကို သက်ဆိုင်ရာ အခွန်အခ ပေးဆောင်ခြင်း မရှိသည့် ကုမ္ပဏီများ ပါဝင်ပြီး တရုတ်နိုင်ငံသားများ ပြန်ပို့ခြင်းကိုမူ နောက်လတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

မနီလာရှိ တရုတ်သံရုံးကတော့ ယခုကဲ့သို့ ဖိလစ်ပိုင်အစိုးရ၏ လောင်းကစားကုမ္ပဏီများနှင့် ဆက်ဆိုင်သော အမှုအခင်းများကို တိုက်ဖျက်ခြင်းအတွက် ထောက်ခံကြောင်းနှင့် ယခင် မိမိတို့ပေါ်လစီအတိုင်း လောင်းကစားခြင်းကို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် ကြေငြာခဲ့သည်။

ဖိလစ်ပိုင်ရှိ အိမ်ခြံမြေ ကုမ္ပဏီတစ်ခုကတော့ အကယ်၍သာ တရုတ်လောင်းကစားကုမ္ပဏီများ အားလုံး ဖိလစ်ပိုင်မှ ထွက်ခွာသွားပါက ရုံးခန်းနေရာလွတ်ပေါင်း ၂၅၉ ဧကခန့် လစ်လပ်သွားမည်ဖြစ်ပြီး ရုံးခန်းငှားခ တစ်နှစ်လျှင် ၈.၉ ဘီလီယံ ပီဆို (ဒေါ်လာ ၁၅၁ သန်းခန့်) နစ်နာသွားမည်ဖြစ်ကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။

အဆိုပါ ကုမ္ပဏီ၏ အချက်အလက်များအရ တရုတ်လောင်းကစား ကုမ္ပဏီများသည် တစ်နှစ်လျှင် တရုတ်နိုင်ငံသား ၂ သိန်းခန့်နှင့် ဖိလစ်ပိုင် ၁ သိန်းခန့်ကို အလုပ်အကိုင် ပေးထားသည့် ကဏ္ဍဖြစ်ပြီး ဖိလစ်ပိုင် စီးပွားရေး ကဏ္ဍသို့ တစ်နှစ်လျှင် ပီဆို ဘီလီယံ ၁၉၀ (ဒေါ်လာ ၃.၂၂ ဘီလီယံခန့်) ရှာဖွေပေးနေသည့် ကဏ္ဍဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Bloomberg

MK Dons ဘောလုံးအသင်း စွမ်းအင်ကုန်ကျစရိတ်အတွက်ရုန်းကန်နေရ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်၏ ပရီးမီးယားလိဂ်နှင့် ချန်ပီယံရှစ်တို့အောက် တတိယတန်းအဆင့်ပြိုင်ပွဲဖြစ်သည့် လိဂ်ဝမ်း – League One ရှိ အမ်ကေဒွန်းစ် (MK Dons) ကဲ့သို့ ဘောလုံးအသင်းငယ်လေးသည်ပင် မြင့်တက်လာသည့် ကုန်ကျစရိတ်များအကြား ၁ နှစ်လျှင် လျှပ်စစ်၊ ဓါတ်ငွေ့ စွမ်းအင်တို့အတွက် ပေါင်စတာလင် ၂ သန်းမျှ ကုန်ကျနေသည်။

ကပ်ဘေးနောက်ဆက်တွဲ ငွေကြေးဖေါင်းပွမှုများ၊ ကုန်ဈေးနှုန်းအညွှန်းကိန်း – CPI တက်လာမှုနှင့် ရုရှားကျူးကျော်စစ်အပြီး ဈေးကွက်အခက်အခဲများကြောင့် ယခုနှစ်တွင် MK Dons အသင်းလည်ပတ်နိုင်ရန် ၁ ရက်လျှင် ပေါင် ၁ သောင်းအထိ ကုန်ကျလာဖွယ်ရှိသည်ဟု သိရသည်။
၎င်းတို့အနေဖြင့် ဓါတ်အားခများကို ချွေတာနိုင်ရန် ကွင်းအတွင်းရှိ LED မီးလုံးကြီးများကို ပိတ်ထားလိုက်ခြင်းမျိုးများအား လုပ်နေရသည်။

အသင်း၏ ဥက္ကဌဖြစ်သူ ပိထ် ဝင်ကယ်မန် (Pete Winkelman) က “ကျွန်တော်တို့ လုပ်နိုင်သမျှ အကုန်လုံး (အခြေခံချွေတာရေးကိစ္စအားလုံး) ကိုတော့ လုပ်နေတာပဲ။ ဘာလဲဆိုတော့ မီးမသုံးတာပေါ့။ အဲ့တော့ အကုန်လုံး (မီးသုံးရတဲ့ဟာတွေ) ကို ပိတ်ထားလိုက်တယ်” ဟု ပြောကြားခဲ့သည်။
သူက “ကျွန်တော်တို့ (အသင်း) ယက်ကန်ယက်ကန် မဖြစ်အောင် – င် ပြဲတဲ့အထိ အလုပ်လုပ်နေကြတဲ့ တကယ့်လူကောင်းတွေ ရှိနေပေလို့ပဲ။ ဒီလိုလုပ်ဖို့ ပျက်ကွက်တာတို့၊ ကစားသမား ၁ ယောက် အသင်းကို ဝင်လာဖို့စိတ်ပူနေရတာမျိုးတို့ဖြစ်လာရင် အဲ့တာက တကယ့်ပြဿနာ ဖြစ်လာတော့တာပဲ” ဟု ဆိုသည်။

အသင်း အနေဖြင့် အခြေအနေများ ကောင်းခဲ့ပါက ဒုတိယတန်းဖြစ်သည့် Championship သို့ တက်လှမ်းကစားနိုင်မည်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံသူအသစ်များဝင်လာနိုင်ရန် တံခါးဖွင့်ထားနိုင်မည်ဆိုစေကာမူ ထို Championship တွင်လည်း ဘီလျံနာ ၁၃ ယောက်ခန့် (ပိုင်ရှင်) ရှိသည့် အတန်းသို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းလည်း ဖြစ်နေသည်။

ဝင်ကယ်မန် က ၎င်းတို့အနေဖြင့် အဆိုပါ အကူအညီမျိုးကို လိုအပ်နေသည်ဟုပြောကြားခဲ့ပြီး (ရင်းနှီးမြှုပ်နှံသူ အသစ်များဝင်လာခြင်းကလည်း) ပဟေဠိဖြစ်နေဆဲဖြစ်သည်။
ဗြိတိန်အစိုးရမှာ လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စ၍ ဓါတ်အားနှင့် ဓါတ်ငွေ့စရိတ်များကို ပုံသေ ဈေးတန်းသတ်မှတ်မည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Fan Banter UK, Milton Keynes FM
Image: Milton Keynes

ဇင်ဘာဘွေရှိ တရုတ်ကုမ္ပဏီပိုင် သတ္တုတွင်းမှ နောက်နှစ်တွင် လစ်သီယမ်သတ္တုများ စတင်တင်ပို့နိုင်မည်

တရုတ်ရှိ အကြီးဆုံး ကိုဘော့သတ္တုထုတ်လုပ်ရေး ကုမ္ပဏီ ဟွာယူကိုဘော့ (Huayou Cobalt) က ဇင်ဘာဘွေတွင် ဦးစီးလည်ပတ်နေသည့် သတ္တုတွင်းမှနေ၍ လစ်သီယမ် သတ္တုများကို ကမ္ဘာ့ဈေးကွက်သို့ လာမည့်နှစ်တွင် စတင်တင်ပို့နိုင်တော့မည်ဖြစ်သည်။

ရှန်ဟိုင်းစတော့အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ဟွာယူကိုဘော့သည် ဇင်ဘာဘွေရှိ အာကေးဒီးယား လစ်သီယမ်သတ္တုတွင်းကို သြစတြေးလျကုမ္ပဏီ Prospect Resources ထံမှ ဒေါ်လာ ၄၂၂ သန်းဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာတွင် လက်လွှဲဝယ်ယူခဲ့ခြင်းဖြစ်သည်။

သတ္တုထုတ်လုပ်ရေးသာမက ဘတ္တရီထုတ်လုပ်ရေးကိုပါ စိတ်ဝင်စားနေသည့် ဟွာယူကိုဘော့သည် လျှပ်စစ်ကားများတွင် အသုံးပြုသည့် ဘတ္တရီများ ထုတ်လုပ်ရာတွင် မရှိမဖြစ်လိုအပ်သည့် လစ်သီယမ်သတ္တုကို တိုးမြှင့်ထုတ်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း၃၀၀ ခန့် ထပ်မံရင်းနှီးမြှပ်နှံထားကြောင်း သိရသည်။

လျှပ်စစ်ကားများ၏ ဘတ္တရီများနှင့် ဆိုလာပြားများ၏ ဘတ္တရီများတွင် အဓိက ပါဝင်သည့် လစ်သီယမ်သတ္တုကို နည်းလမ်းနှစ်မျိုးဖြင့် ထုတ်လုပ်နိုင်ပြီး တစ်မျိုးမှာ နေလှန်းဆားကဲ့သို့ လစ်သီယမ်ကွင်းများ ဖော်ဆောင်၍ ထုတ်လုပ်ခြင်းဖြစ်ပြီး နောက်တစ်မျိုးမှာ ကျောက်အမာကြောတွင် တည်ရှိသည့် လစ်သီယမ်ကို တူးဖော်ထုတ်လုပ်ခြင်းဖြစ်သည်။

ဇင်ဘာဘွေမြို့တော် ဟာရာရေး၏ အပြင်ဘက်တွင် တည်ရှိသည့် အဆိုပါ အာကေးဒီးယား လစ်သီယမ်သတ္တုတွင်းသည် ကျောက်အမာထဲတွင် တည်ရှိသည့် လစ်သီယမ် သတ္တုသိုက်များတွင် အကြီးဆုံးစာရင်းဝင်ဖြစ်သည်။

ဟွာယူကုမ္ပဏီအနေဖြင့် ဇင်ဘာဘွေအစိုးရထံမှ ကန်ထရိုက်ရရှိချိန်တွင် သဘောတူညီချက် တစ်ခုပါရှိခဲ့ပြီး ၎င်းမှာ ကုမ္ပဏီက လစ်သီယမ်သတ္တုများ ထုတ်လုပ်နိုင်ပြီဆိုလျှင် လစ်သီယမ်-အိုင်းရင်း ဘတ္တရီများကို ဇင်ဘာဘွေတွင် အခြေချ ထုတ်လုပ်ရန်ဖြစ်သည်။

သို့သော် လက်ရှိအခြေအနေအရမူ အာဖရိကနှင့် အထူးသဖြင့် ဇင်ဘာဘွေတွင် ဘတ္တရီစက်ရုံတစ်ခု တည်ဆောက်ရန်အတွက် လုံလောက်သည့် အခြေခံလိုအပ်ချက်များ မပြည့်စုံသေးသည်ဖြစ်ရာ လာမည့်နှစ်တွင် ကနဦးအနေဖြင့် လစ်သီယမ် သတ္တုများကိုသာ ထုတ်လုပ်တင်ပို့နိုင်ဦးမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဘာဘွေ အစိုးရအနေဖြင့် ယမန်နှစ်တွင် လစ်သီယမ်တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံရရှိခဲ့ပြီး ၎င်း၏ ရှေ့နှစ် ဝင်ငွေဖြစ်သော ၃.၂ ဘီလီယံထက် တိုးတက်လာခဲ့ကာ ၂၀၂၃ခုနှစ်တွင် သတ္တုတွင်းကဏ္ဍများမှ နေ၍ ဝင်ငွေ ဒေါ်လာ ၁၂ ဘီလီယံထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: African Mining Market

ရုရှား၌ကားထုတ်လုပ်မှုရပ်နားရန် Mazda စဉ်းစား

ဂျပန် Mazda Motor Corp က အရှေ့ရုရှား Vladivostok ရှိဖက်စပ်ကားစက်ရုံအား ပိတ်သိမ်းရန် စီစဉ်လျက်ရှိကြောင်း Nikkei သတင်းစာကဖော်ပြထားသည်။ Mazda သည် ရုရှား၌ပြီးခဲ့သည့်နှစ်က ကားအစီးရေ ၃၀,၀၀၀ ရောင်းချခဲ့ပြီး စက်ရုံသို့ကားပစ္စည်းအစိတ်အပိုင်း တင်ပို့မှုရပ်နားတော့မည်ဖြစ်ကာ ပစ္စည်းပြတ်တောက်သွားပါက ထုတ်လုပ်ရေးပါ ရပ်ဆိုင်းတော့မည်ဟုဆိုသည်။ အဆိုပါစက်ရုံသည် ရုရှားကားထုတ်လုပ်သူ Sollers ၏စက်ရုံနဲ့အတူ လည်ပတ်နေခြင်းဖြစ်သည်။

ရုရှားနိုင်ငံအတွင်း ကားရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများရပ်ဆိုင်းမှုကိုမူ Mazda က ဆုံးဖြတ်ချက်မချရသေးပေ။ Mazda ၏ပြိုင်ဖက် Toyota Motor Corp က ကားစ္စည်းတင်သွင်းမှု အခက်အခဲများကြောင့် ရုရှားနိုင်ငံတွင် ကားထုတ်လုပ်မှုရပ်ဆိုင်းရန်ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ပြီးခဲ့သည့်သောကြာနေ့က ပြောကြားခဲ့သည်။

ရုရှားအား အနောက်နိုင်ငံများက ဆန်ရှင်ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားရှိ နိုင်ငံခြားစက်ရုံပေါင်းများစွာ ရပ်နားရသည့်အခြေအနေနှင့် ကြုံတွေ့နေရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ၊
Source: Reuters/Business
Photo: Getty Images

၂ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ဂျပန်ခရီးသွားလုပ်ငန်းပြန်ဖွင့်

ဂျပန်နိုင်ငံသည် ကိုဗစ်စည်းမျဉ်းများစတင်ချမှတ်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်ဖြေလျှော့ကာ ခရီးသွားလုပ်ငန်းများ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပြီးသော တစ်ဦးချင်းအလည်အပတ် နိုင်ငံခြားသားခရီးသွားများနှင့် ခရီးသွားဗီဇာများကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြန်ထုတ်ပေးတော့မည်ဖြစ်သည်။ နိုင်ငံတဝှမ်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ပတ်ခွင့်ပြုခဲ့ပြီး ၊ လည်ပတ်ခွင့်ပြုပေးထားသော နိုင်ငံများတွင် သြစတြေးလျနိုင်ငံလည်းပါဝင်ကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသို့နေ့စဉ်ခရီးသွားဝင်ရောက်နှုန်း ၅၀,၀၀၀ ရှိပြီး ဟိုတယ်၊ မိုတယ်များ၌ mask ဝတ်ဆင်ထားခြင်းမရှိသည့် ဧည့်သည်များကို တည်းခိုခွင့် ငြင်းဆန်ရန် တောင်းဆိုထားသည်။

ဂျပန်နိုင်ငံသည် ၂ နှစ်ကျော်ကြာ ကာလအထိ ခရီးသွားဝင်ရောက်မှုပိတ်ဆို့ထားခဲ့ရာ ဇွန်လမှစ၍ တဖြေးဖြေး ဖြေလျှော့ပေးလာခဲ့ခြင်းဖြစ်သည်။ ယခင်က နိုင်ငံတကာခရီးသွားလုပ်ငန်းသာမက ပြည်တွင်းခရီးသွားနှုန်းပါ ကျဆင်းလာသောကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ်ပါ ရိုက်ခတ်လာခဲ့သည်။

ဂျပန်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ၁၄၅ ယန်းအထိ တန်ဖိုးကျဆင်းလာသောကြောင့် ဆယ်စုနှစ်အတွင်း ပြည်တွင်း နိုင်ငံခြားခရီးသွားနှင့် ကုန်ပစ္စည်းများ ဈေးအသက်သာဆုံးဖြစ်စေခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia
Photo: Getty Images

ထိုင်ဝမ်တင်းမာမှုအရေးကြောင့် semiconductor ချစ်ပ်များ ပြတ်လပ်မည်ကို ဥရောပ ကုမ္ပဏီများ ပူပန်

တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ကျွန်းတို့အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသဖြင့် ထိုင်ဝမ်၏ တပိုင်းလျှပ်ကူး ချစ်ပ်ပြား (Semiconductor chip) များအပေါ် မှီခိုနေရသည့် ဥရောပ ကုမ္ပဏီများသည် အခြား ထုတ်လုပ်မှု လမ်းကြောင်း သစ်များကို ရှာဖွေရန် တိုင်ပင်လျက်ရှိကြောင်း သိရသည်။

ဥရောပနိုင်ငံများတွင် အာရှနှင့် နှိုင်းယှဉ်ပါက ထိုင်ဝမ်ကဲ့သို့ ချစ်ပ်ပြားများနှင့် အိုင်စီကတ်ပြားများ အမြောက်အများ ထုတ်လုပ်နိုင်မှု မရှိခြင်းကြောင့် ဥရောပ စက်မှုနှင့် နည်းပညာ ကုမ္ပဏီများသည် ၎င်းတို့၏ ချစ်ပ်ပြားလိုအပ်ချက်များကို ထိုင်ဝမ်အပေါ် အဓိက မှီခိုနေရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် တရုတ်-ထိုင်ဝမ် တင်းမာမှုသည် ပြေလည်သွားခြင်း မရှိဘဲ ဆက်လက်ထိတွေ့မှုများ ရှိလာနိုင်သည်ဖြစ်ရာ ဥရောပရှိ ကုမ္ပဏီများသည် အဆိုပါ ပဋိပက္ခ၏ သားကောင်ဖြစ်လိုခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာနိုင်သော အကျိူးဆက်များကို တွက်ဆနေပြီး ဖြေရှင်းရန် နည်းလမ်းများကိုလည်း စဉ်းစားနေကြောင်း ဥရောပသမဂ္ဂ၏ တရုတ်ပြည်ဆိုင်ရာ ကုန်သည်ကြီးများ အသင်းက ဆိုသည်။

ကိုဗစ်ကာလအတွင်းတွင်လည်း ကုန်စည် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်မှုကြောင့် ကမ္ဘာ့ဈေးကွက်အတွင်း တစ်ပိုင်းလျှပ်ကူးပစ္စည်းသုံး ချစ်ပ်ပြားများ ပြတ်လပ်မှု ဖြစ်ပွားခဲ့သေးပြီး ယခုအခါတွင်လည် ပထဝီနိုင်ငံရေး အခြေအနေကြောင့် အလားတူ ပြဿနာမျိုး ထပ်မံဖြစ်ပွားရန် နီးကပ်လာသော အခြေအနေဖြစ်သည်။

ထိုင်ဝမ်သည် ကမ္ဘာ့ချစ်ပ်ပြား ထုတ်လုပ်မှု၏ ၆၀ ရာခိုင်နှုန်းကို ဈေးကွက်ဝေစုရယူထားခြင်းဖြစ်ပြီး အနောက်ကမ္ဘာနှင့် တရုတ်တို့အကြား အားပြိုင်မှုများတွင် ထိုင်ဝမ် ချစ်ပ်ပြားထုတ်လုပ်မှု ကုမ္ပဏီများသည် ပိုမိုကြားညှပ်လာနေသည့် အနေအထားဖြစ်လာခဲ့သည်။

ဥရောပအနေဖြင့်မူ ၎င်းတို့၏ စက်မှုနှင့် နည်းပညာကဏ္ဍများတွင် လိုအပ်သည့် ချစ်ပ်ပြားများ၏ ၈၀ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိကို ဥရောပအပြင်ဘက်ဖြစ်သော အာရှနိုင်ငံများထံမှ သွင်းယူနေရသည်ဖြစ်ရာ အဆိုပါ လမ်းကြောင်းပိတ်ဆို့သွားပါက မည်မျှအထိ ဆိုးကျိုးသက်ရောက်သွားမည်မှာ မခန့်မှန်းနိုင်ကြောင်း ဗြိတိန်အခြေစိုက် ဈေးကွက်သုတေသနကုမ္ပဏီတစ်ခုက ဆိုသည်။

စီးပွားရေး အကြံပေးပညာရှင်များကတော့ ဥရောပကုမ္ပဏီများအနေဖြင့် ထိုင်ဝမ်မဟုတ်သည့် အခြားနိုင်ငံများထံမှ လမ်းကြောင်းသစ်များ စတင်ဖော်ဆောင်ထားရန် အကြံပြုထားပြီး မလေးရှားနှင့် ဗီယက်နမ်တို့သည် ထိပ်ဆုံးမှ စာရင်းပေါက်သော နိုင်ငံများဖြစ်ကြသည်။

အထူးသဖြင့် မလေးရှားတွင် Samsung Electronics ၏ အီလက်ထရောနစ်နှင့် ချစ်ပ်ပြားစက်ရုံ တည်ရှိနေခြင်းနှင့် ဗီယက်နမ်တွင် ထိုင်ဝမ်အခြေစိုက် Foxconn Technology ၏ စက်ရုံခွဲရှိနေခြင်းက အဆိုပါ နိုင်ငံများကို ထိုင်ဝမ်နေရာတွင် အစားထိုးနိုင်မည့် နိုင်ငံများအဖြစ် မျက်စိကျစေခြင်းဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: History Computer

သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်း ၇၀% သို့ ရောက်ရှိ

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သည့် သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်နှင့် စာရင်းအင်းအချက်အလက်ဌာနမှ ထုတ်ပြန်ချက်များအရ သီရိလင်္ကာသည် ဩဂုတ်လအတွင်း ငွေကြေးဖေါင်းပွနှုန်း ၇၀.၂% သို့ ရောက်ရှိခဲ့သည်။
တောင်အာရှနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေရပြီး အရေးကြီးသွင်းကုန်များဖြစ်သော လောင်စာဆီ၊ ဓါတ်မြေဩဇာနှင့် ဆေးဝါးများအတွက် ငွေမချေနိုင်သည်မှာ ကြာမြင့်လာပြီဖြစ်သည်။

ကုန်ဈေးနှုန်းများမြင့်တက်ရာတွင် အစားအသောက်ဈေးနှုန်းများက ယခင်နှစ်ကထက် ၈၄.၆% ဈေးမြင့်လာပြီး အစားအသောက်မဟုတ်သည့် ကုန်များက ၅၇.၁% ဈေးမြင့်တက်လာသည်။
၎င်းတို့ဗဟိုဘဏ်က ငွေကြေးဖေါင်းပွသည့်နှုန်း ၇၀% မှာ အမြင့်ဆုံးအမှတ်ဖြစ်ပြီး ယင်းကပင် တိုင်းပြည်စီးပွားရေး နှေးကွေးနေမှုကို ပြန်လည် ထိန်းညှိသွားမည်ဟု ဆိုသည်။

ဇွန်လ ပါဝင်သည့် ဒုတိယ ၃ လပတ်ထဲတွင် သီရီလင်္ကာစီးပွားရေးမှာ ၈.၄% ကျုံ့သွားခဲ့ပြီး ထိုစဉ်က မြေဩဇာနှင့် လောင်စာဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေချိန်လည်း ဖြစ်သည်။

ယခုလ အစောပိုင်းက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာ ၂.၉ ဘီလျံ ရယူရန် ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး အဆိုပါ အကူအညီရမှသာ အကြွေးအချို့နှင့် နိုင်ငံအတွက်လိုအပ်သော သွင်းကုန်များအတွက် ပေးချေစရာ ဒေါ်လာများ ရရှိလာမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, BBC Business, Central Bank of Sri Lanka CBSL GOV LK
Image: BBC Business

GM က အငှားကားလုပ်ငန်း Hertz ထံ လျှပ်စစ်ကား ၂ သိန်း နီးပါးရောင်းချသွားမည်

အမေရိကန်ကားအငှားလုပ်ငန်း Hertz သည် ကားထုတ်လုပ်ရေးလုပ်ငန်း General Motors ထံမှ လာမည့် ၅ နှစ်အတွင်း လျှပ်စစ်ကားအစီးရေ ၁၇၅,၀၀၀ ဝယ်ယူသွားရန် သဘောတူညီမှုရရှိခဲ့ပြီး ကုမ္ပဏီ ၂ ခုက ၎င်းကိစ္စကို အင်္ဂါနေ့တွင် ကြေညာခဲ့သည်။

သဘောတူညီမှုတွင် ပါဝင်သည့် လျှပ်စစ်ကားမော်ဒယ်များမှာ Chevrolet Bolt EV, Bolt EUV များဖြစ်ပြီး နောက်ပိုင်းတွင် Chevrolet Blazer, Chevrolet Equinox စသည့် လျှပ်စစ်ကားများနှင့် GM ၏ အခြား အမှတ်တံဆိပ်များပါဝင်လာနိုင်သည်။
GM သည် လာမည့် ၂၀၂၅ အမီ မြောက်အမေရိကနှင့် တရုတ်စက်ရုံများမှ လျှပ်စစ်ကား အစီးရေ ၁ သန်း အထိ ထုတ်လုပ်နိုင်ရန် ရည်ရွယ်နေသည်။

ကားအငှားလုပ်ငန်း Hertz သည် လျှပ်စစ်ကားများ ဝယ်ယူမှုကို Tesla ၊ ဆွီဒင် Volvo ကျောထောက်နောက်ခံ Polestar လျှပ်စစ်ကားကုမ္ပဏီများဖြင့်လည်း သဘောတူညီမှုရရှိထားသည်။
လျှပ်စစ်ကား ဈေးကွက် ဦးဆောင်သူ Tesla ထံမှ အစီးရေ ၁ သိန်း ဝယ်ယူရန်နှင့် Polestar ထံမှ အစီးရေ ၆ သောင်းခွဲ အသီးသီးဝယ်ယူရန် သဘောတူညီချက်ရရှိထားခြင်းဖြစ်ပြီး GM က ၎င်းတို့ထဲတွင် အစီးရေအများဆုံးဖြစ်လာသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Hertz, CNBC Business, Reuters Business
Image: The Sun Daily

အိန္ဒိယက နိုင်ငံတကာကုန်သွယ်ရေးအတွက် ရူပီးကို စသုံးရန်ကြေညာ

အိန္ဒိယအစိုးရသည် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒကို ပြင်ဆင်ခဲ့ပြီး နိုင်ငံရှိ ပို့ကုန်၊ သွင်းကုန်သမားအားလုံးသည် အိန္ဒိယငွေကြေး ရူပီးဖြင့် ငွေပေးချေနိုင်ကြောင်း ဗဟိုဘဏ် (Reserve Bank of India RBI) ကတဆင့် ကြေညာခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာကုန်သွယ်မှု ငွေတောင်းလွှာများ၊ ငွေချေမှုများကို ပြည်တွင်းသုံးငွေကြေး ရူပီးဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်သည်။

ဗဟိုဘဏ်သည် အိန္ဒိယရှိခွင့်ပြုချက်ပေးထားသော ဘဏ်များတွင် စပါယ်ရှယ်ရူပီး Vostro အကောင့်များကို ဖွင့်ခွင့်ပေးထားပြီး အိန္ဒိယရှိ တင်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများသည် ပြည်ပမှတောင်းခံလာသော ပစ္စည်းဖိုး၊ ဝန်ဆောင်ခများအတွက် စပါယ်ရှယ်ရူပီးအကောင့်ထဲသို့ ရူပီးငွေသာ ထည့်သွင်းရတော့မည်ဟု သိရသည်။

ဘဏ္ဍာရေးဝန်ကြီး နီမာလာ ဆီသာမန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယခုကဲ့သို့ ရူပီးကိုသာသုံးစွဲရမည့် လုပ်ငန်းစဉ်အတွက် သုံးသပ်သည့် အစည်းအဝေးကျင်းပခဲ့ပြီး စပါယ်ရှယ်ရူပီး Vostro အကောင့်များ ဘဏ်များတွင် ဖွင့်နှုန်းအရှိန်မြင့်လာရန် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားသည်။
အိန္ဒိယကုန်သွယ်ရေးဌာနကလည်း ယခုလုပ်ငန်းစဉ်ကို ကုန်သည်များအနေဖြင့် လက်ခံကျင့်သုံးသွားရန် တိုက်တွန်းနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times
Image: Marine Insight