Travel

Travel Category

Air India နှင့် Vistara လေကြောင်းလိုင်းတို့ ပူးပေါင်းရန် Tata နှင့် စင်္ကာပူလေကြောင်းလိုင်း သဘောတူ

Vistara လေကြောင်းလိုင်းသည် အိန္ဒိယ Tata ကုမ္ပဏီနှင့် စင်္ကာပူလေကြောင်းလိုင်း (SAI) တို့ ပူးတွဲပိုင်ဆိုင်သည့် လေကြောင်းလိုင်းဖြစ်ပြီး Air India မှာမူ Tata မှ အလုံးစုံပိုင်ဆိုင်ထားခြင်းဖြစ်ရာ ယခုပေါင်းစည်းမှုကြောင့် အိန္ဒိယ လေကြောင်းပို့ဆောင်မှုတွင် Tata ၏ အခန်းကဏ္ဍမှာ ပိုမိုကြီးမားလာတော့မည်ဖြစ်သည်။

ကားမှစ၍ သံမဏိအပါအဝင် နယ်ပယ်စုံတွင် ရင်းနှီးမြှပ်နှံထားသည့် အိန္ဒိယ၏ Tata စီးပွားရေး လုပ်ငန်းစုကြီးသည် ယခုပေါင်းစည်းမှုတွင် ရှယ်ယာ ၇၄.၉ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး စင်္ကာပူလေကြောင်းလိုင်းက ၂၅.၁ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုသဘောတူညီချက်တွင် အပြန်အလှန်အားဖြင့် စင်္ကာပူလေကြောင်းလိုင်း (SIA) က Air India တွင် ဒေါ်လာ သန်း ၂၅၀ ပြန်လည်ရင်းနှီးမြှပ်နှံမည်ဖြစ်ပြီး အိန္ဒိယလေကြောင်း အာဏာပိုင်အဖွဲ့အစည်း၊ ဗဟိုဘဏ်နှင့် စီးပွားရေးလက်ဝါးကြီးအုပ်မှု တိုက်ဖျက်ရေးအဖွဲ့တို့၏ ခွင့်ပြုချက် ချထားပေးမှုအပေါ် မူတည်ကာ ပေါင်းစည်းမှုသည် ၂၀၂၄ တွင် အပြီးသတ်နိုင်မည်ဟု မျှော်မှန်းထားကြသည်။

Tata လုပ်ငန်းစုကြီး၏ ဥက္ကဋ္ဌဖြစ်သူ အန် ချန်ဒရာဆီခရန်က ယခုပေါင်းစည်းမှုသည် Air India ကို ကမ္ဘာ့ထိပ်တန်း လေကြောင်းလိုင်းတစ်ခုအဖြစ် ပြန်လည်ဆွဲတင်ပေးနိုင်မည့် မှတ်တိုင်တစ်ခုအဖြစ် မှတ်ချက်ပြုသည်။

Air India သည် စတင်တည်ထောင်စဉ်က ၎င်းတို့၏ မဟာရာဇာပုံ လာဘ်ကောင်လေးနှင့် လေယာဉ်အတွင်းပိုင်း အပြင်အဆင်များကြောင့် လူသိများခဲ့သော်လည်း ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် လေယာဉ်အတွင်းခန်း ယိုယွင်းမှုများ၊ ဝန်ဆောင်မှု ညံ့ဖျင်းမှုများကြောင့် နာမည်ပြန်လည် ကျဆင်းသွားခဲ့ရသည်။

အဆိုပါ လေကြောင်းလိုင်းကို Tata လုပ်ငန်းစုကြီး၏ ကနဦး တည်ထောင်သူဖြစ်သော သူဌေးကြီး JRD Tata က ၁၉၃၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၁၉၅၃ ခုနှစ်တွင် အိန္ဒိယ အစိုးရပိုင်အဖြစ် ပြောင်းလဲခဲ့ကာ နှစ်ပေါင်းများစွာ ကြာပြီးနောက် Tata လုပ်ငန်းစု၏ လက်ထဲသို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ယခုပေါင်းစည်းမှုကြောင့် လက်ရှိ အိန္ဒိယလေကြောင်းကဏ္ဍတွင် ဦးဆောင်သူဖြစ်သော IndiGo လေကြောင်းလိုင်းကို ပခုံးခြင်းယှဉ်ပြိုင်လာနိုင်မည်ဖြစ်ကာ အိန္ဒိယပြည်တွင်းတွင် ဈေးကွက်နည်းပါးနေသေးသော SIA အတွက်လည်း ခြေကုပ်ကောင်းကောင်း ရရှိသွားမည်ဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: The Online Citizen Asia

တရုတ်ထုတ်လေယာဉ် အော်ဒါအစီးရေ ၃၃၀ လက်ခံရရှိ

တရုတ်အစိုးရပိုင် လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းဖြစ်သော ကောမက် – Comac (The Commercial Aircraft Corporation of China, Ltd) သည် လေယာဉ်အငှားကုမ္ပဏီအများအပြားထံမှ လေယာဉ် အစီးရေစုစုပေါင်း ၃၃၀ စီး မှာယူမှုကို လက်ခံရရှိခဲ့သည်ဟု တရုတ်ပြည်တွင်းသတင်းဌာန ရိခိုင် – Yicai က ဖေါ်ပြခဲ့သည်။

ကျူးဟိုင်တွင် အင်္ဂါနေ့က တရုတ်ပြည်၏အကြီးဆုံး လေကြောင်းပြပွဲပြုလုပ်ခဲ့ရာ COMAC ကုမ္ပဏီက အဆိုပါအော်ဒါများ ရရှိခြင်းကို ပြောကြားခဲ့ခြင်းဖြစ်ပြီး အစီးရေ ၃၀၀ မှာ ကိုယ်ထည်သေးသွယ်သော ဂျက်လေယာဉ်မော်ဒယ် C919s များ ဖြစ်ပြီး အခြား အစီး ၃၀ မှာ ARJ21 ပြည်တွင်းသုံး ဂျက်လေယာဉ်များဟု ဆိုသည်။

COMAC သည် လာမည့် ဒီဇင်ဘာလတွင် ၎င်းတို့၏ ပထမဆုံး C919 လေယာဉ်အား ဖေါက်သည် လေကြောင်းလိုင်း China Eastern သို့ ပေးပို့တော့မည်ဖြစ်သည်။

လေကြောင်းပြပွဲတွင် တရုတ်လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီသည် အခြားအကျိုးအမြတ် ၁ ခု အနေဖြင့် ကမ္ဘာကျော် ဘိုးရင်းလေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် လေကြောင်းသုတေသနလုပ်ငန်းများ ပူးပေါင်းလုပ်ဆောင်သွားရန်လည်း သဘောတူညီမှုရရှိခဲ့သည်ဟု ဥရောပသတင်းဌာန EuroNews က ဖေါ်ပြခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: EuroNews, Reuters, COMAC CC, Air Data News
Image: Airline Geeks

ကမ္ဘာ့ဖလားအတွက် ကာတာလေကြောင်း ဝန်ထမ်း ၁၀,၀၀၀ ခန့်မည်

ဒိုဟာအခြေစိုက်လေကြောင်းလိုင်းဖြစ်သော Qatar Airways သည် လက်ရှိတွင် ဝန်ထမ်းဦးရေ ၄၅,၀၀၀ ခန့်ဖြင့် လည်ပတ်နေပြီး လုပ်သားအင်အားကို ၅၅,၀၀၀ ကျော် ထပ်မံဖြည့်တင်းသွားမည်ဟု အမည်မဖေါ်လိုသူ ဝန်ထမ်း ၁ ဦးက ပြောကြားခဲ့သည်။
ကာတာလေကြောင်း – Qatar Airways သည် နိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပမည့်အချိန်၌ စုပြုံဝင်လာကြမည့် ခရီးသည်များအပေါ် ဝန်ဆောင်မှုပေးနိုင်ရန် ဝန်ထမ်းသစ် ၁ သောင်း ခန့်အပ်လိုနေခြင်းဖြစ်ကြောင်း ရိုက်တာက ဖေါ်ပြခဲ့သည်။

လေကြောင်းကုမ္ပဏီက အလုပ်နေရာ မည်မျှသည် အမြဲတမ်းခန့် ဝန်ထမ်းဖြစ်လာမည်ဆိုသည်ကိုမူ ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ကပ်ဘေးအတွင်းက လေကြောင်းလိုင်းသည် ဝန်ထမ်းအရေအတွက် ၃၇,၀၀၀ အထိသာ ခန့်ထားခဲ့ပြီး ဝန်ထမ်းဦးရေ သောင်းဂဏန်းခန့် လျှော့ချခဲ့ဖူးသည်။

ကပ်ဘေးမတိုင်မီက ကမ္ဘာအရပ်ရပ်သို့ နေရာပေါင်း ၁၅၀ သို့ ပျံသန်းပြေးဆွဲခဲ့သော်လည်း ၂၀၂၀ တွင် မြို့ပေါင်း ၃၃ မြို့သို့သာ လျှော့ချ ပြေးဆွဲခဲ့သည်။

ကာတာနိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကမ္ဘာ့ဖလားကို လက်ခံကျင်းပခွင့်ရသော ပထမဆုံး နိုင်ငံလည်း ဖြစ်လာမည်ဖြစ်သည်။
Qatar Airways သည် လွန်ခဲ့သောလက အာဖရိကအတွင်း လူ့စွမ်းအားအရင်းအမြစ်တိုးတက်စေရေးအတွက် လေကြောင်းကဏ္ဍကို အဓိကကျ ဖွံ့ဖြိုးစေကာ အလုပ်အကိုင်များ ဖန်တီးပေးသွားမည်ဟုလည်း ထုတ်ပြန်ခဲ့ဖူးသည်။

Source: Economic Times: India Times, Reuters Business, Simple Flying, Gulf Times
Image: Vacations & Travel

ခရီးသွားကဏ္ဍမြှင့်တင်ရန် လေယာဉ်လက်မှတ်အစောင်ရေ ၅သိန်း အခမဲ့ဖြန့်ဝေမည့် ဟောင်ကောင်

ကိုဗစ်ကြောင့် အထိနာထားသော ခရီးသွားကဏ္ဍကို မြှင့်တင်ရန်အတွက် ဟောင်ကောင်သည် တန်ကြေး အမေရိကန်ဒေါ်လာ ၂၅၄.၈ သန်း (ဟောင်ကောင် ဒေါ်လာ ၂ ဘီလီယံခန့်) ရှိသော လေယာဉ်လက်မှတ် အစောင်ရေ ၅သိန်းကို မဲဖောက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရက ကိုဗစ်ကန့်သတ်ချက်တွေ ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ကြေငြာသည်နှင့် အခမဲ့ လေယာဉ်လက်မှတ်များ ဖြန့်ဝေမည့် ကြော်ငြာများကို စတင်အသက်သွင်းရန် ဟောင်ကောင် လေကြောင်းအာဏာပိုင်များနှင့် လေကြောင်းလိုင်းများက သဘောတူထားပြီးဖြစ်ကြောင်း ဟောင်ကောင် ခရီးသွားဘုတ်အဖွဲ့၏ လက်ထောက်ဒါရိုက်တာက မစ္စတာချန်းက ဆိုသည်။

ဆက်လက်၍ မစ္စတာချန်းက အဆိုပါလေယာဉ်လက်မှတ်များကို ကိုဗစ်ကြောင့် အထိနာခဲ့သည့် ဟောင်ကောင်လေကြောင်းလိုင်းများထံမှ ဝယ်ယူသွားမည်ဖြစ်ပြီး နိုင်ငံအတွင်း လာရောက်လည်ပတ်မည့် နိုင်ငံတကာ ခရီးသွားများသာမက နိုင်ငံခြားထွက်လည်မည့် နိုင်ငံသားများကိုပါ မဲနှိုက်ပေးသွားမည်ဟု ဆက်လက်ပြောကြားခဲ့သည်။

ဟောင်ကောင်အာဏာပိုင်များက ထိုကဲ့သို့ ကြိုးပမ်းနေသော်လည်း နိုင်ငံတကာ လေကြောင်းလိုင်းများမှာမူ ဟောင်ကောင်တွင် ကိုဗစ်မတိုင်ခင် အခြေအနေကဲ့သို့ ပြန်လည် ရောက်ရှိရန် ရုန်းကန်နေရပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှာပင် ဗြိတိန်လေကြောင်းလိုင်း Virgin Atlantic သည် ဟောင်ကောင်သို့ ပြေးဆွဲခြင်းကို ရပ်နားတော့မည် ဖြစ်ကြောင်း ကြေငြာခဲ့သေးသည်။

ဘီလီယံနာသူဌေး ရစ်ချတ်ဘရန်ဆန်ပိုင်ဆိုသည့် အဆိုပါ Virgin Atlantic သည် လန်ဒန်နှင့် ဟောင်ကောင်ကို ပြေးဆွဲခဲ့သည်မှ အနှစ် ၃၀ ရှိပြီဖြစ်ပြီး ယခုအခါ ကိုဗစ်အပြင် ရုရှား-ယူကရိန်းအရေးကြောင့် ပြေးဆွဲရန် ပိုမိုခက်ခဲကာ ရပ်နားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်သို့ ဥရောပမှ လာမည့်လေယာဉ်များသည် ရုရှား-ယူကရိန်းအရေးကြောင့် ယခင်ကကဲ့သို့ ရုရှားလေပိုင်နက်ကို ဖြတ်ကျော်ရန် မလွယ်ကူတော့ဘဲ ခရီးရှည်ပတ်မောင်းရသောကြောင့် အချိန်နှင့် လောင်စာများပိုမို ကုန်ကျကာ လေကြောင်းလိုင်းများကို စရိတ်စက တက်စေခဲ့ခြင်းဖြစ်သည်။

ဟောင်ကောင်သည် လက်ရှိအချိန်တွင် တရုတ်၏ ဇီးရိုးပေါ်လစီကဲ့သို့ တင်းကြပ်သည့် ကိုဗစ်စည်းမျဉ်းရှိနေသေးသော်လည်း ဆိုက်ရောက် ခရီးသည်များ ဟော်တယ်ကွာရန်တင်းဝင်ရန် စည်းမျဉ်းနှင့် ဟောင်ကောင်မှ ထွက်ခွာမည့်သူများ လေယာဉ်ပေါ်မတက်မီ ကိုဗစ်မရှိကြောင်း စစ်ဆေးရမည့် စည်းမျဉ်းများကို ဖျက်သိမ်းပေးခဲ့သည်။

အဆိုပါ ဥပဒေ ပြင်ဆင်ပြီးနောက်ပိုင်း လေယာဉ်လက်မှတ်များ ပြန်အဝယ်လိုက်လာခဲ့ပြီး ယခုကဲ့သို့ ခရီးသွားဘုတ်အဖွဲ့၏ လေယာဉ်လက်မှတ် အခမဲ့ဖြန့်ဝေမည့် အစီအစဉ်ကြောင့်လည်း ယခင်က ကမ္ဘာလှည့်ခရီးသွားများ၏ အထင်ကရနေရာဖြစ်ခဲ့သည့် ဟောင်ကောင်ခရီးသွားကဏ္ဍကို ပြန်လည်ဦးမော့စေမည်ဟု ဈေးကွက်သုတေသနကုမ္ပဏီ Euromonitor က ဆိုသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, SMCP, CNN
Photo: DIP

နိုင်ဂျီးရီးယားလေကြောင်းလိုင်းသစ်အတွက် တရုတ်ဂျက်လေယာဉ်များကိုစဉ်းစားနေ

နိုင်ဂျီးရီးယားအစိုးရ၏ လေကြောင်းဆိုင်ရာဝန်ကြီး ဟာဒီ ဆီရီကာ (Hadi Sirika) က ၎င်းတို့နိုင်ငံ၏ လေကြောင်းလိုင်းသစ်အတွက် တရုတ်နိုင်ငံမှ ထုတ်လုပ်ပြီး ခွင့်ပြုချက်ရထားသည်မှာ မကြာသေးသော C919 ခရီးသည်တင် ဂျက်လေယာဉ်များကို အသုံးပြုသွားရန်စဉ်းစားနေကြောင်း စနေနေ့က ပြောကြားခဲ့သည်။

သို့သော်လည်း တရုတ်ကြီးကြပ်သူများက ပျံသန်းရန် ခွင့်ပြုချက်ပေးခဲ့သော အဆိုပါ C919 Jets များ၏ အခြေအနေများကို နိုင်ဂျီးရီးယားဝန်ကြီးက လုံးဝ မကြည့်ရသေးပဲ စဉ်းစားမည်ဟု ပြောခဲ့ခြင်းလည်းဖြစ်သည်။
“ကျွန်တော်တို့ C919 ကို မကြည့်ရသေးပါဘူး။ ဒါပေမယ့် တခြားလေယာဉ်တွေလိုပဲ သူကလည်း ကောင်းနေရင် ဘာလို့မသုံးရမှာလဲ” ဟု ရိုက်တာသို့ ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယား၏ လေကြောင်းလိုင်းအသစ်တွင် နာမည်ကျော် ဘိုးရင်း (Boeing) နှင့် အဲဘတ်စ် (Airbus) များကို မျှမျှတတာ အချိုးကြ ဝယ်ယူထည့်သုံးသွားမည်ဟု မူလက သိထားကြသည်။
လက်ရှိတွင် တရုတ်ထုတ် C919 ကို အမေရိကန်ပြည်ထောင်စု နှင့် ဥရောပမှ လေကြောင်းထိန်းသိမ်းရေးအဖွဲ့အစည်းများက ခွင့်ပြုချက် ပေးမည် မပေးမည် မသေချာသေးချေ။

နိုင်ဂျီးရီးယားလေကြောင်းဝန်ကြီး ဟာဒီ ဆီရီကာက ၎င်းတို့နှင့် တရုတ်နိုင်ငံမှာ ၂ ဦး ၂ ဘက်အတွက် အကျိုးရှိသော ရင်းနှီးသည့် ဆက်ဆံရေးရှိနေသည်ဟု ဆိုသည်။

နိုင်ဂျီးရီးယားလေကြောင်းသစ်မှာ နိုင်ဂျီးရီးယား Sovereign Fund မှ ၄၆% ၊ အီသီယိုးပီးယားမှ Ethiopian Airlines လေကြောင်းက ၄၉% နှင့် ကျန် ၅% ကို နိုင်ဂျီးရီးယားပြည်ထောင်စုအစိုးရကလည်းကောင်း အသီးသီး ပိုင်ဆိုင်ထိန်းချုပ်လည်ပတ်မည်ဖြစ်သည်။

တရုတ်ထုတ် ဂျက်လေယာဉ် C919 မှာ ပြီးခဲ့သည့် လ ၁၃ ရက်နေ့မှ စမ်းသပ်ပျံသန်းခွင့် ပြုလုပ်ခဲ့ပြီး စက်တင်ဘာကုန်ခါနီး ၂၉ ရက်နေ့တွင်မှ တရုတ်အစိုးရက စီးပွားရေးအတွက် အသုံးပြုခွင့်၊ ရောင်းချခွင့်၊ ပျံသန်းခွင့် ပေးခဲ့ခြင်းလည်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Money US News, Airport Technology, EURACTIV, South China Morning Post
Image: China C919

၂ နှစ်ကျော်ကြာပိတ်ထားခဲ့သည့် ဂျပန်ခရီးသွားလုပ်ငန်းပြန်ဖွင့်

ဂျပန်နိုင်ငံသည် ကိုဗစ်စည်းမျဉ်းများစတင်ချမှတ်ခဲ့သည့် ၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်ဖြေလျှော့ကာ ခရီးသွားလုပ်ငန်းများ ပြန်ဖွင့်ပေးလိုက်ပြီဖြစ်သည်။

ကာကွယ်ဆေးထိုးနှံပြီးသော တစ်ဦးချင်းအလည်အပတ် နိုင်ငံခြားသားခရီးသွားများနှင့် ခရီးသွားဗီဇာများကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြန်ထုတ်ပေးတော့မည်ဖြစ်သည်။ နိုင်ငံတဝှမ်းတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ပတ်ခွင့်ပြုခဲ့ပြီး ၊ လည်ပတ်ခွင့်ပြုပေးထားသော နိုင်ငံများတွင် သြစတြေးလျနိုင်ငံလည်းပါဝင်ကြောင်း ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကကြေညာခဲ့သည်။

လက်ရှိအချိန်တွင် ဂျပန်နိုင်ငံသို့နေ့စဉ်ခရီးသွားဝင်ရောက်နှုန်း ၅၀,၀၀၀ ရှိပြီး ဟိုတယ်၊ မိုတယ်များ၌ mask ဝတ်ဆင်ထားခြင်းမရှိသည့် ဧည့်သည်များကို တည်းခိုခွင့် ငြင်းဆန်ရန် တောင်းဆိုထားသည်။

ဂျပန်နိုင်ငံသည် ၂ နှစ်ကျော်ကြာ ကာလအထိ ခရီးသွားဝင်ရောက်မှုပိတ်ဆို့ထားခဲ့ရာ ဇွန်လမှစ၍ တဖြေးဖြေး ဖြေလျှော့ပေးလာခဲ့ခြင်းဖြစ်သည်။ ယခင်က နိုင်ငံတကာခရီးသွားလုပ်ငန်းသာမက ပြည်တွင်းခရီးသွားနှုန်းပါ ကျဆင်းလာသောကြောင့် နိုင်ငံ၏စီးပွားရေးတိုးတက်မှုအပေါ်ပါ ရိုက်ခတ်လာခဲ့သည်။

ဂျပန်ငွေကြေးသည် အမေရိကန်ဒေါ်လာနှင့်ယှဉ်လျှင် ၁၄၅ ယန်းအထိ တန်ဖိုးကျဆင်းလာသောကြောင့် ဆယ်စုနှစ်အတွင်း ပြည်တွင်း နိုင်ငံခြားခရီးသွားနှင့် ကုန်ပစ္စည်းများ ဈေးအသက်သာဆုံးဖြစ်စေခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia
Photo: Getty Images

Royal Caribean က အင်တာနက်အတွက် SpaceX နှင့်ပူးပေါင်းမည်

ကမ္ဘာ့အကြီးဆုံးအပျော်စီးသင်္ဘောကြီးများကို ပိုင်ဆိုင်သည့် မိုင်ယာမီအခြေစိုက် Royal Caribean Group သည် ၎င်းတို့သင်္ဘောပေါ်ရှိ မူလအသုံးပြုနေသော အင်တာနက်လိုင်းများ နှေးကွေးလာသောကြောင့် ဘီလျံနာ အီလွန်မက်ခ်စ် ၏ SpaceX နှင့်ပူးပေါင်းတော့မည်ဟု သိရသည်။
SpaceX ထုတ် Low Earth Orbit (LEO) စနစ်ဆက်သွယ်ရေးကို အသုံးပြုထားသည့် Starlink ဂြိုလ်တုချိတ်ဆက် အင်တာနက်ကွန်ယက်မှာ အပျော်စီးသင်္ဘောများ၏ ဝန်ဆောင်မှု အသစ်အဖြစ် ရောက်ရှိလာတော့မည်ဖြစ်သည်။

ခရီးသည်များသည် သင်္ဘောပေါ်တွင် အင်တာနက်အသုံးပြုရန် အခကြေးငွေထပ်မံပေးဆောင်ရသော်လည်း သမိုင်းတလျှောက် အဆိုးဆုံးအင်တာနက်နှေးကွေးမှုများကို ကြုံလာရပြီးနောက် ဝေဖန်မှုများအကြား ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

အပျော်စီးသင်္ဘောကုမ္ပဏီကြီး၏ ဥက္ကဌနှင့် အမှုဆောင်ချုပ်ဖြစ်သူ ဂျေဆင် လီဘာတီ (Jason Liberty) က ယခု တပ်ဆင်မည့် အင်တာနက်နည်းပညာက သင်္ဘောပေါ်ရှိ ခရီးသည်များ၊ သင်္ဘောသားဝန်ထမ်းများအတွက် အတွေ့အကြုံကောင်းများကို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ၎င်းတို့ အပျော်စီးယာဉ်များအတွက် အင်တာနက်ဆက်သွယ်ရေးကဏ္ဍ အကြီးအကျယ် ပြောင်းလဲမှု ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။

Starlink (စတားလင့်ခ်) ဂြိုလ်တုအင်တာနက်တပ်ဆင်မှုများကို ချက်ချင်းဆောင်ရွက်သွားမည်ဟု သိရပြီး တပ်ဆင်မှုအားလုံးပြီးဆုံးနိုင်မှုမှာ လာမည့် ၂၀၂၃ ပထမ ၃ လပတ် အပြီးဟု သိရသည်။
၎င်းတို့အဆင့်မြှင့်မှုအတွက် သူဌေးအီလွန်မက်စ်သည်လည်း ဝင်ငွေ တိုးလာဖွယ်ရှိနေပြီး သင်္ဘော ၁ စီးလျှင် ၁ လ ဒေါ်လာ ၅၀၀၀ ခန့် ဝန်ဆောင်ခ ရနိုင်ခြင်း၊ လိုင်းဖမ်းယူနိုင်သော Antennas ၂ တိုင် (၁ စုံ) အတွက် ဒေါ်လာ ၁၀,၀၀၀ စသည်တို့အပြင် ၎င်းတို့ကုမ္ပဏီကြီး ၂ ခု အကြား စာချုပ်သစ်များကြောင့် ရှယ်ယာတန်ဖိုးလည်း တိုးလာဖွယ်ရှိနေသည်။
အီလွန်မက်စ်၏ SpaceX – starlink က ပင်လယ်ထဲတွင် ဒေါင်းလုဒ် ပြုလုပ်သည့် အမြန်နှုန်း ၃၅၀ မီဂါဘစ်/စက္ကန့် ရနိုင်မည်ဟု အာမခံ ထားသည်။

လက်ရှိတွင် Caribean Cruises Group တွင် အပျော်စီး သင်္ဘောကြီးပေါင်း ၂၈ စီး ပိုင်ဆိုင်ထားပြီး ၎င်းတို့ထဲမှာ Wonder of The Seas နှင့် ODYSSEY of The Seas တို့မှာ အကြီးဆုံးသင်္ဘောကြီးများအဖြစ် နောက်ဆုံး ထပ်မံဖြည့်ဆည်းထားခြင်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Royal Caribean, BBC Business, Smart Maritime Network, CNBC Business
Image: Royal Caribean Group

ထိုင်းတွင်အဆောက်အအုံအတွင်းနှင့်ပြင်ပတွင်ပါ Mask တပ်ဆင်မှုကင်းလွတ်ခွင့်ပြု

ထိုင်းအစိုးရသည် နိုင်ငံအတွင်း COVID-19 အခြေအနေ တိုးတက်ကောင်းမွန်လာသောကြောင့် မဖြစ်မနေ Mask တပ်ဆင်ရသည့် စည်းကမ်းကိုရုတ်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် ပရာရွန်ချန်အိုချာ လက်မှတ်ရေးထိုးသည့် ကြေညာချက်ကို ဇွန်လ ၂၃ ရက်နေ့ကထုတ်ပြန်ခဲ့သည်။

အဆောက်အအုံအတွင်းနှင့် ပြင်ပတွင်ပါ Mask တပ်ဆင်ရန်မလိုတော့ဟု ကျန်းမာရေးဝန်ကြီးဌာနက CNA သတင်းဌာနသို့ပြောကြားခဲ့သည်။ သို့သော် social distancing ပြုလုပ်၍ မရသည့် လူစုလူဝေးအလွန်ထူထပ်သောနေရာများ၊ လေဝင်လေထွက်မကောင်းမွန်သောနေရာများ၌ Mask တပ်ဆင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနက ပြည်သူများအား တိုက်တွန်းထားသည်။

အသက် ၆၀အထက်ရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်၊ ကင်ဆာ၊ဆီးချို၊ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် နာတာရှည်ရောဂါသည်များကဲ့သို့ COVID-19 ကူးဆက်ခံရနိုင်ချေ အလွန်မြင့်သူများအား တတ်နိုင်သမျှ Mask ဆက်လက်တပ်ဆင်ရန် အကြုံပြုထားသည်။

ထိုင်းအစိုးရသည် Mask တပ်ဆင်မှုဖြေလျှော့ပေးခဲ့သည့်အပြင် ဖျော်ဖြေရေးနေရာများ၊ ဘားနှင့် အရက်ဆိုင်၊ စားသောက်ဆိုင်များကိုလည်း ဥပဒေနဲ့အညီ ရောဂါကာကွယ်ရေးအစီအမံများ လိုက်နာဆောင်ရွက်စေရန် စီမံပေးထားသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ထိုင်းနိုင်ငံတွင် COVID-19 အခြေအနေ တိုးတက်ကောင်းမွန်လာပြီး ကူးစက်ခံရသူများနှင့် သေဆုံးသူ အရေအတွက် ကျဆင်းသွားကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် အများပြည်သူဆိုင်ရာနေရာများ၊ စီးပွားရေးဆိုင်ရာ လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နိုင်စေရန်အတွက် ကန့်သတ်ချက်အမျိုးမျိုးကို ဖြေလျှော့ပေးခဲ့သည်။

သောကြာနေ့တွင် နိုင်ငံ၏ရောဂါထိန်းချုပ်ရေးဌာနက COVID-19 ကူးစက်မှုအသစ် ၂၃၁၃ ခုနှင့် သေဆုံးသူ ၁၆ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။ ထိုင်းနိုင်ငံတွင် ဇန်နဝါရီ ၁ ရက်မှစပြီး COVID-19 ကြောင့် သေဆုံးသူ 8,861 ဦးရှိခဲ့သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNA
Photo:

Qantas လေကြောင်းက ပြည်တွင်းဝန်ဆောင်မှုများကို လျှော့ချမည်

ဩစတေးလျလေကြောင်း Qantas သည် မြင့်တက်လာသော လေယာဉ်လောင်စာဆီဈေးများနှင့် ဝန်ထမ်းပြဿနာများကြောင့် ပြည်တွင်းရှိဝန်ဆောင်မှုပေးနိုင်သော ပမာဏအား လာမည့် ၂၀၂၃ မတ်လ အထိ လျှော့ချသွားမည်ဟု ယနေ့ သောကြာနေ့တွင် ကြေညာခဲ့သည်။
ကုမ္ပဏီသည် ဇူလိုင်လ ၁ ရက်နေ့တွင် စတင်သည့် လာမည့် ဘဏ္ဍာရေးနှစ်တိုင် အမြတ်ရရှိနေမှု အနေအထားကို ထိန်းသိမ်းသွားမည်ဟု ဆိုသည်။

Qantas သည် ပေးရန်ရှိသည့် ကြွေးငွေများကို ကပ်ဘေးမတိုင်မီကာလကထက် ပိုမိုလျော့နည်းသည့် ဩစတေးလျဒေါ်လာ ၁.၅ ဘီလျံ (USD 1.04 ဘီလျံ) သို့ လျှော့ချနိုင်ခဲ့ပြီး ကုမ္ပဏီ၏ အခြေအနေတိုးတက်လာသဖြင့် လွန်ခဲ့သည့် ၆ လအတွင်း ကြွေးများ လျော့ကျလာခဲ့ခြင်းဖြစ်သည်။

ပြည်တွင်းအတွက် ပျံသန်းမှုနှင့် ခရီးသည်ခုံအရေအတွက်များအပါအဝင် ဝန်ဆောင်ပေးနိုင်မှုအား လာမည့် ဇူလိုင် မှ ဩဂုတ်အထိ ၅% မှ ၁၀% အထိ လျှော့ချသွားမည်ဖြစ်သည်။
၁၅% အထိ လျှော့ချမှုကို စက်တင်ဘာလ အထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး အောက်တိုဘာမှ လာမည့် ၂၀၂၃ မတ်လအထိ ၁၀% လျှော့ချမည်ဟု ကြေညာခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, The Guardian, Legacy – Trade – Gov
Image: Reuters

ဗြိတိန်တွင် လေကြောင်းပို့ဆောင်ရေး ဝန်ထမ်းများ အရေးတကြီးလိုအပ်

ဗြိတိန်တွင် လွန်ခဲ့သည့် ရက်သတ္တပတ်က ဘုရင်မကြီး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အားလပ်ရက်များ ရှိလေရာ ပြည်သူအများအပြား ခရီးသွားရန် ပြင်ဆင်ခဲ့ကြသော်လည်း လေကြောင်း ခရီးစဉ်များစွာ ဖျက်သိမ်းမှု၊ ရွေ့ဆိုင်းမှုများကြောင့် ခရီးသွားမည့်သူများ ကမောက်ကမဖြစ်ခဲ့ရသည်။

ထိုစဉ်က လေကြောင်းခရီးစဉ် ဖျက်သိမ်းမှုများ အပြင်၊ လေဆိပ်များတွင်လည်း ဝန်ထမ်း မလုံလောက်မှုများကြောင့် ထောင်နှင့်ချီသော ခရီးသွား ပြည်သူများသည် လေဆပ်များတွင် စုပြုံတန်းစီကာ ၎င်းတို့၏ ဆုံးရှုံးသွားတော့မည့် အားလပ်ရက်ခရီးစဉ်များအတွက် စိတ်ပျက်လက်ပျက်ဖြစ်ကြရသည်။

ဗြိတိန်လေကြောင်းလိုင်းများ မှတ်ပုံတင်လက်ခံရာ အစိုးရအဖွဲ့အစည်းဖြစ်သည့် Airlines UK ၏ အဆိုအရ နိုင်ငံ၏ လေကြောင်းခရီးသွားကဏ္ဍတွင် ၂၀၁၉ ခုနှစ်က ဝန်ထမ်းပေါင်း ၇၄၀၀၀ ထိ ရှိခဲ့သော်လည်း ကိုဗစ်ကာလအတွင်း ဝန်ထမ်း ၃၀၀၀၀ ခန့် အလုပ်အကိုင်ဆုံးရှုံသွားခဲ့ရကြောင်း သိရသည်။

သည့်အပြင် UK ရှိ လေဆိပ်များကို တာဝန်ယူလည်ပတ်နေသည့် Swissport ကုမ္ပဏီသည်လည်း ယခင်က လေဆိပ်လုံခြုံရေးနှင့် ခရီးဆောင်အိတ်များ စီမံခန့်ခွဲရန် ဝန်ထမ်းပေါင်း ၈၅၀၀ ခန့်ရှိသော်လည်း ကိုဗစ်ကာလတွင် ဝန်ထမ်းအင်အား တစ်ဝက်ခန့် လျှော့ချခဲ့ရသည်။

၎င်းတို့သည် ပြီးခဲ့သည့် ဇန်နဝါရီမှ စတင်၍ ဝန်ထမ်းအသစ်ဦးရေ ၂၈၀၀ ခန့် ပြန်လည်ခေါ်ယူခဲ့သော်လည်း ၁၂၀၀ ခန့်မှာ ယခုအချိန်အထိ နောက်ခံရာဇဝင် ပြစ်မှု ကင်းရှင်းကြောင်း စစ်ဆေးမှု မပြီးဆုံးသေးသဖြင့် တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိသေးဟု သိရသည်။

ယခုကဲ့သို့ ကမောက်ကမဖြစ်မှုများ အပြီးတွင် UK ရှိ အလုပ်သမားသမဂ္ဂ၊ Swissport ၏ UK တာဝန်ရှိသူများနှင့် အစိုးရပိုင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း လေကြောင်းကဏ္ဍအတွက် ဝန်ထမ်းရှားပါးမှုသည့် နောက် တစ်လအထိ ကြာမြင့်နိုင်ကြောင်းသာ ကောက်ချက်ထွက်လာခဲ့သည်။

EasyJet, British Airways နှင့် Tui လေကြောင်းလိုင်းတို့က ခရီးစဉ် ဖျက်သိမ်းခဲ့ရမှုကြောင့် ခရီးသွားများ စိတ်အနှောက်အယှက်ဖြစ်ရသည့်အတွက် အလွန်စိတ်မကောင်းဖြစ်ကြောင်း ကြေငြာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။

၎င်းတို့တွင် ဘတ်ဂျက်လေကြောင်းလိုင်းဖြစ်သော EasyJet သည် ခရီးစဉ်ပေါင်း ၁၀၀ ကျော်ဖျက်သိမ်းခဲ့ရပြီး လေကြောင်းလိုင်း၏ ဘဏ္ဍာရေး အရာရှိချုပ်ဖြစ်သူ ဆိုဖီးဒက်ကာက မိမိတို့အနေဖြင့် ခရီးသွား ပြည်သူများအတွက် အကောင်းဆုံး ကြိုးစားနေသော်လည်း ဝန်ထမ်းသစ်ရရှိရန် မလွယ်ကူခြင်းနှင့် ဝန်ထမ်းရရှိလျှင်လည်း လုံခြုံရေးအရ နောက်ကြောင်းစစ်ဆေးသည့် အချိန်သည် ၁၄ ပတ်ခန့်ကြာမြင့်ခြင်းက အဓိက အတားအဆီးဖြစ်နေသည်ဟု ငြီးတွားခဲ့သည်။

လက်ရှိတွင် ဗြိတိန်သည် ကိုဗစ်ကြောင့်သာမက ဥရောပသမဂ္ဂမှ ထွက်ခဲ့ခြင်းကြောင့် ပြည်ပလုပ်သား ရှားပါးမှု ဒဏ်ခံနေရသလို ကိုဗစ်ကြောင့် ၂နှစ်ခန့် ခရီးမသွားခဲ့ရသဖြင့် ပြည်သူအများသည် ခရီးသွားရန်သာ စိတ်အားထက်သန်နေသဖြင့် ဝန်ထမ်းလိုအပ်ချက်မှာ ကဏ္ဍတိုင်းလိုလိုပင်ဖြစ်နေခဲ့လေသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC Business, Indenpent
Photo: BBC