Health

ရှန်ဟိုင်း Disney ပန်းခြံ ကိုဗစ်ကြောင့် ရုတ်တရက် ပိတ်ချ၊ ခရီးသွားများ အထဲတွင် ပိတ်မိ

ယမန်နေ့ တနင်္လာနေ့တွင် ရှန်ဟိုင်းရှိ Disney ပန်းခြံကို ကိုဗစ် ကာကွယ်ရေး စီမံချက်အရ ရုတ်တရက် ပိတ်ချလိုက်ပြီး ကြေငြာချက် ထုတ်ပြန်သည့်အချိန် အထဲတွင် ရှိနေသည့် လာရောက်လည်ပတ်သူများကို ကိုဗစ်မရှိကြောင်း စစ်ဆေးပြီးမှ ပြန်လည်ထွက်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

ပန်းခြံကို ပိတ်ချလိုက်သည့် အချိန်သည် တရုတ်စံတော်ချိန် နေ့လည် ၁၁း၃၉ တွင်ဖြစ်ပြီး ပန်းခြံနှင့် ကစားကွင်းသာမက အနီးနာ ဧရိယာရှိ ပွဲဈေးတန်းများပါ lock down ချသည့် အထဲတွင် ပါဝင်သွားကြောင်း သိရသည်။

ရှန်ဟိုင်း အုပ်ချုပ်ရေးအဖွဲ့၏ WeChat တွင်တော့ လတ်တလောတွင် ပန်းခြံထဲသို့ အဝင်အထွက် ပြုလုပ်ထားခြင်းကို ယာယီဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် လာရောက်လည်ပတ်သူများအနေဖြင့် ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးပြီးချိန်အထိ အထဲတွင် စောင့်ဆိုင်းကြရန် ကြေငြာချက်ထုတ်ပြန်ထားသည်။

အဆိုပါ WeChat ကြေငြာချက်တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စ၍ ယမန်နေ့အထိ လာရောက် လည်ပတ်ခဲ့သူများအနေဖြင့်လည်း ကိုဗစ်ကင်းရှင်းကြောင်းကို တစ်ရက်လျှင် တစ်ကြိမ်နှုန်းဖြင့် သုံးရက်တိတိ စစ်ဆေးရမည်ဖြစ်ကြောင်း ပါရှိသည်။

Disney ပန်းခြံ၏ ပြောရေးဆိုခွင့်ရှိသူက အထဲတွင် ပိတ်မိသူများအတွက် ကစားကွင်းနှင့် စီးစရာများကို အကန့်အသတ်ဖြင့် လည်ပတ်ပေးနေဦးမည်ဖြစ်ပြီး အစိုးရက ချမှတ်ထားသည့် စည်းမျဉ်းများနှင့်အညီ ပန်းခြံထဲတွင် ဝန်ဆောင်မှုပေးနေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှန်ဟိုင်း Disney ပန်းခြံသည် ယခုနှစ်အစောပိုင်းတွင်လည်း ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းကြောင့် ၃လခန့် ရပ်နားခဲ့ရဖူးပြီး ယမန်နှစ် နိုဝင်ဘာတွင်လည်း ယခုကဲ့သို့ ရုတ်တရက် ပိတ်ချခဲ့မှုကြောင့် လာရောက်လည်ပတ်သူ ၃သောင်းခန့်သည် ပန်းခြံထဲတွင် နှစ်ရက်ခန့် ပိတ်မိနေခဲ့သေးသည်။

ယမန်နေ့က ဖြစ်ရပ်တွင် ကြေငြာချက်ကို သိရှိချိန်၌ ပိတ်ထားသည့် ပန်းခြံဂိတ်တံခါးဆီသို့ ပြေးလွှားနေသည့် လူအုပ်ကြီးကို တရုတ်လူမှုကွန်ရက်ဖြစ်သည့် Weibo တွင် တွေ့မြင်ခဲ့ရပြီး ပန်းခြံတာဝန်ရှိသူများတော့ အထဲတွင် ပိတ်မိနေသည့် လူဦးရေ အတိအကျကို မသိရှိသေးကြောင်း ပြောကြားခဲ့သည်။

တရုတ်တာဝန်ရှိသူများအတွက်မူ ယခုကဲ့သို့ ကိုဗစ်ကာကွယ်ရေး စည်းမျဉ်းကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်မှုသည် အထူးအဆန်းမဟုတ်ဘဲ နိုင်ငံ၏ ဇီးရိုးကိုဗစ် ပေါ်လစီအရ ကိုဗစ်ဖြစ်ပွားမှု သတင်းရသည်နှင့် တပြိုင်နက် အလွန်အကြူးထိန်းချုပ်မှုကို ပြုလုပ်နေကြဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, BBC
Photo: The Economic Times

အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေးကြောင့် ဂမ်ဘီယာတွင် ကလေးငယ် ၇၀ ခန့် သေဆုံးမှုဖြစ်ပွား

အိန္ဒိယရှိ Maiden Pharmaceuticals မှ ထုတ်လုပ်သည့် ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် ၄မျိုးခန့်သည် ဂမ်ဘီယာတွင် ကလေးငယ် အယောက် ၇၀ ခန့် သေဆုံးရသည့် ဖြစ်စဉ်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) နှင့် အိန္ဒိယအစိုးရတို့က ပူးပေါင်းစစ်ဆေးလျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က အဆိုပါ ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် (၄)မျိုးကို မသုံးစွဲကြရန် သတိပေးချက် ထုတ်ပြန်ထားခဲ့ပြီး ကုမ္ပဏီအနေဖြင့် စုံစမ်းမှုများ မပြီးမခြင်း ထုတ်လုပ်မှု လုပ်ငန်းများကို ရပ်တန့်ထားရန် အိန္ဒိယအစိုးရက အမိန့်ထုတ်ပြန်ထားသည်။

ဓါတ်ခွဲစစ်ဆေးချက်များအရ အဆိုပါချောင်းဆိုးပျောက်ဆေးများတွင် ဒိုင်အီသိုင်လင်း ဂလိုင်ကော (Diethylene glycol) နှင့် အီသိုင်လင်း ဂလိုင်ကော (Ethylene glycol) ပစ္စည်းများသည် သတ်မှတ်ထားသည့် ပမာဏထက် များပြားနေသည်ဟု WHO ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အိန္ဒိယအစိုးရက ကုမ္ပဏီသည် ကုန်ထုတ်လုပ်မှု အဆင့်ဆင့်တွင် လုပ်ဆောင်ရမည့် စစ်ဆေးချက်များကို လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကောက်ချက်ချထားပြီး အဆိုပါ ချောင်းဆိုးပျောက်ဆေးများသည် ဂမ်ဘီယာတစ်နိုင်ငံတည်းသို့သာ တင်ပို့ထားကြောင့် ကုမ္ပဏီနှင့် အိန္ဒိယအစိုးရက အတည်ပြုထားသည်။

သို့သော်လည်း WHO ၏ ထုတ်ပြန်ချက်တွင်တော့ ဂမ်ဘီယာနှင့် နီးစပ်သည့် ဧရိယာများတွင် တရားမဝင်ဈေးကွက်များမှတဆင့် အဆိုပါ ချောင်းဆိုးပျောက်ဆေးများ ပြန့်နှံ့နေနိုင်သဖြင့် နီးစပ်ရာဒေသများကိုလည်း သတိပေးချက် ထုတ်ပြန်ထားကြောင်း သိရသည်။

Maiden ကုမ္ပဏီကတော့ ၎င်းတို့အနေဖြင့် မီဒီယာများတွင် ပါရှိလာသည့် သတင်းများကြောင့် တုန်လှုပ်မိကြောင်းနှင့် ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အတူဝမ်းနည်းမိကြောင်း ထုတ်ပြန်ခဲ့သလို မိမိတို့အနေဖြင့် နိုင်ငံတကာ စံချိန်စံညွှန်းများကို အမြဲလိုက်နာကျင့်သုံးကြောင်း ဆင်ခြေကန်ထားသည်။

သို့သော်လည်း ၎င်းတို့ကုမ္ပဏီသည် ပြည်တွင်းမှာပင် မှတ်တမ်းဆိုးများပိုင်ဆိုင်ထားပြီး
-၂၀၁၁ ခုနှစ်တွင် ဒေသန္တရ စံချိန်စံညွှန်းများနှင့် မညီသော ဆေးဝါးများ ရောင်းချမှုဖြင့် ဘီဟာပြည်နယ်တွင် အမည်ပျက်စာရင်း ထည့်သွင်းခံရခြင်း၊
-၂၀၁၈ တွင် အရည်အသွေးစစ်ဆေးချက်များ ကောင်းမွန်စွာ မလုပ်ဆောင်မှုကြောင့် အိန္ဒိယ ဆေးဝါးကွပ်ကဲမှုဌာန၏ အရေးယူခံရခြင်းနှင့်
-၂၀၂၀ နှင့် ၂၀၂၂ ခုနှစ်များတွင် ဂျမ္မူးပြည်နယ်၊ ကတ်ရှ်မီးယားပြည်နယ်နှင့် ကီရာလာပြည်နယ်တို့တွင် အရေးအသွေး စစ်ဆေးချက် မအောင်မြင်ခြင်းတို့ဖြစ်ကြသည်။

သည့်အပြင် ၎င်းတို့ကုမ္ပဏီသည် ဗီယက်နမ်အစိုးရ၏ နာမည်ပျက်စာရင်း ထည့်သွင်းခြင်းခံရသော အိန္ဒိယ ဆေးဝါးကုမ္ပဏီ အခု ၄၀ တွင် တစ်ခုအပါအဝင်ဖြစ်ကြောင်းလည်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNA
Photo: SCMP

၂၀၂၃ တွင် Talcum ဘေဘီပေါင်ဒါ ထုတ်လုပ်ခြင်းကို ရပ်နားတော့မည့် Johnson & Johnson

ကလေးပေါင်ဒါ အမှတ်တံဆိပ်များတွင် နာမည်ကျော် အမှတ်တံဆိပ်တစ်ခုဖြစ်သော Johnson & Johnson (J&J) ကုမ္ပဏီသည် ၂၀၂၃ ခုနှစ်မှ စတင်၍ Talcum ဘေဘီပေါင်ဒါ ထုတ်လုပ်ခြင်းကို ရပ်နားတော့မည်ဖြစ်ကာ ၎င်းတို့ နေရာတွင် ပြောင်းကော် (Cornstarch) သုံး ပေါင်ဒါများကို အစားထိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

J&J ဘေဘီပေါင်ဒါ ထုတ်လုပ်ရာတွင် အသုံးပြုသော Talcum တွင် အမျိုးသမီးများကို သားဥအိမ်ကင်ဆာဖြစ်စေသည့် ကျောက်ဂွမ်း (Asbestos) ဟုခေါ်သည့် ဖိုက်ဘာအမှုန်များ ပါဝင်သည်ဟုဆိုကာ အမေရိကန်တွင် လွန်ခဲ့သည့် နှစ်များက တရားစွဲဆိုမှုပေါင်း ၁၀၀၀ ကျော်ခန့် ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုကဲ့သို့ တရားစွဲဆိုမှုများဖြင့် ရင်ဆိုင်ရပြီးချိန်တွင် J&J သည် အမေရိကန်နှင့် ကနေဒါတို့၌ Talcum ဘေဘီပေါင်ဒါများကို ရောင်းချခြင်း မပြုတော့သည်မှာ ၂၀၂၀ ခုနှစ်မှ ယနေ့အချိန်အထိဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ရောင်းချမှု ရပ်တန့်ခြင်းကိုမူ ယခုမှ ထုတ်ပြန်ခြင်းဖြစ်သည်။

J&J အနေဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို စမ်းသပ်စစ်ဆေးမှုများ များစွာ ပြုလုပ်၍ အမှန်တကယ် ဘေးအန္တရာယ်ကင်းရှင်းကြောင်း အာမခံနိုင်သော်လည်း ကမ္ဘာတစ်ဝှမ်းပြုလုပ်ခဲ့သည့် စစ်တမ်းကောက်ယူမှုများ အပေါ်မူတည်၍ ယခုကဲ့သို့ Talcum ပေါင်ဒါများကို ရပ်တန့်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

J&J အနေဖြင့် ပေါင်ဒါဘူးများပေါ်တွင် သတိပေးစားများ ထည့်သွင်းထားသော်လည်း ၎င်းတို့၏ ထုတ်ကုန်မှာ အမှန်တကယ် ဘေးအန္တရာယ်ကင်းရှင်းသဖြင့် ထိုစာမှာ မလိုအပ်ကြောင်း အစဉ်တစိုက် ပြောကြားခဲ့သော်လည်း ပြင်ပလေ့လာမှု အချို့ကမူ J&J ဘေဘီပေါင်ဒါများကို မျိုးပွားအင်္ဂါတဝိုက် အသုံးပြုသည့် အမျိုးသမီးများသည် သားဥအိမ်ကင်ဆာ ရနိုင်ခြေရာခိုင်နှုန်းများ မြင့်တက်သည်ကို တွေ့ရှိရကြောင်း ဆိုထားသည်။

သည့်အပြင် ၂၀၁၈ခုနှစ်တွင် တင်ပြခဲ့သော ရိုက်တာ သတင်းဌာန၏ သတင်းတစ်ပုဒ်အရ J&J သည် ၎င်းတို့၏ ထုတ်ကုန်များတွင် ကျောက်ဂွမ်းများ ပါဝင်နေသည်ကို သိရှိနေခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာခဲ့ပြီဖြစ်သော်လည်း လူထုသို့ ထုတ်ပြန်ခြင်း မပြုခဲ့ဟု ဆိုထားသည်။

ရိုက်တာက ရရှိခဲ့သော ကုမ္ပဏီတွင်း မှတ်တမ်းများ၊ စစ်ဆေးချက် ရလဒ်များနှင့် အခြား သက်သေများအရ ၁၉၇၁ခုနှစ်မှ ၂၀၀၀ခုနှစ်အတွင်း J&J ၏ ပေါင်ဒါ ကုန်ကြမ်းများနှင့် ကုန်ချောများတွင် ကျောက်ဂွမ်းပါဝင်မှုရှိသည့် ရလဒ်များ မကြာခဏ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ မီဒီယာများ၏ ထုတ်ဖော်ချက်များ၊ အမေရိကန် ဥပဒေအရာရှိများ၏ တင်ပြချက်များနှင့် အခြား စစ်ဆေးချက် ရလဒ်များက J&J ပေါင်ဒါများတွင် ကျောက်ဂွမ်းပါရှိကြောင်း ညွှန်ပြနေသော်လည်း J&J သည် နောက်ဆုံးအချိန်အထိ ၎င်းတို့၏ ထုတ်ကုန်များတွင် ကျောက်ဂွမ်းလုံးဝမပါရှိကြောင်း အခိုင်အမာ ငြင်းဆိုနေဆဲဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNN, CNBC
Photo: Fortune

US တွင် သွေးထိန်းတောင့်နှင့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ ပြတ်လပ်မှုဖြစ်ပွား

အမေရိကန်တွင် ပြီးခဲ့သည့် လပိုင်းများက စတိုးဆိုင်နှင့် ဆူပါမားကတ်ကြီးများ၌ အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ရောင်းချသော စင်များတွင် ပစ္စည်းများ ပြတ်လပ်၍ နေရာလွတ်များ ဖြစ်နေခြင်း၊ အချို့သူများမှာ ၎င်းတို့ သုံးနေကြ တံဆိပ်များ လွယ်လွယ်ဝယ်မရခြင်းများ ဖြစ်ပေါ်ခဲ့ပါသည်။

သည့်နောက်တွင်တော့ Time မဂ္ဂဇင်းက “ ၂၀၂၂ ခုနှစ် သွေးထိန်းတောင့် ပြတ်လပ်မှုကြီး (သို့မဟုတ်) အမျိုးသမီးထု၏ အမေ့လျော့ခံ ပြဿနာ” ဟူ၍ ဆောင်းပါးတစ်ပုဒ်ကို ထည့်သွင်း ဖော်ပြခဲ့သောအခါ ပြည်သူများအကြား ဂယက်ရိုက်သွားခဲ့ပြီး မီဒီယာများ၏ အာရုံစိုက်မှုကိုပါ ရရှိခဲ့သည်။

အဆိုပါ ဆောင်းပါ၏ စာရေးသူ အယ်လန်နာ ဆင်မြူရယ်က သူ့အနေဖြင့် ပြီးခဲ့သည့် လပိုင်းများတွင် ခရီးသွားရသောအခါ နယူးယော့၊ မန်ဆာချူးဆက်နှင့် ကယ်လီဖိုးနီးယာအထိ အမေရိကန် နိုင်ငံနှင့် အဝှမ်း အမျိုးသမီးလစဉ်သုံး ပစ္စည်းများ ဝယ်ယူရန် ခက်ခဲနေသည်ကို ကြုံတွေ့ခဲ့ရကြောင်း ဇွန်လ ၇ရက်နေ့တွင် ပါရှိခဲ့သည့် ၎င်း၏ ဆောင်းပါးအတွင်း ရေးသားခဲ့သည်။

စတိုးဆိုင်နှင့် စင်တာများကလည်း ၎င်းတို့၏ ဂိုထောင်များတွင် ယခင်ကကဲ့သို့ အမျိုးသမီးလစဉ်သုံး ဂွမ်းထုပ်နှင့် သွေးထိန်းတောင့်များ လုံလုံလောက်လောက် မရှိသည်ကို ဝန်ခံသွားခဲ့ပြီး ဆောင်းပါးရေးသူ အယ်လန်နာကတော့ မိမိကို ပုံကြီးချဲ့သည်ဟု ထင်ကြမည်ဖြစ်သော်လည်း အကယ်၍ ဂွမ်းထုပ် (သို့မဟုတ်) သွေးထိန်းတောင့် ဝယ်မရပါက မည်မျှ ဒုက္ခရောက်မည်ကို စဉ်းစားကြစေလိုကြောင်း ရေးသားခဲ့သည်။

အဆိုပါ အရေးနှင့် အကျွမ်းဝင်သူများကတော့ ယခုပြဿနာသည် အချက်အလက် များစွာကြောင့် ဖြစ်လာရသည် ဖြစ်သော်လည်း ပထမဆုံး လက်ညှိုးထိုးရမည်မှာ ကိုဗစ်-၁၉ ကြောင့် ဖြစ်လာရသည့် Supply Chain အခက်အခဲကြောင့် ဖြစ်ကြောင်း ပြောပြသည်။

အမေရိကန်ရှိ အမျိုးသမီးလစဉ်သုံးပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီများသည် ၎င်းတို့၏ ကုန်ကြမ်းများဖြစ်သော ဝါဂွမ်းနှင့် Rayon ဟု ခေါ်သော ပိုးတု ချည်ထည်စများကို အာရှနှင့် ဥရောပမှ တင်သွင်းရလေ့ရှိပြီး ကိုဗစ်-၁၉က အဆိုပါ ကုန်ကြမ်းရယူမှု လမ်းကြောင်းကို စတင်ဒုက္ခပေးခဲ့ခြင်းဖြစ်သည်။

သည့်အပြင် အမေရိကန်တွင် လက်ရှိ ကြုံတွေ့နေရသော် ကုန်တင်ကား ယာဉ်မောင်းများ ပြတ်လပ်မှု ပြဿနာကြောင့် စက်ရုံမှ ထုတ်လုပ်သည့် လစဉ်သုံးပစ္စည်းများသည် စတိုးဆိုင်များသို့ အချိန်မီ မရောက်ရှိနိုင်ခြင်း၊ မကြာမီ နွေရာသီရောက်တော့မည်ဖြစ်ရာ ရေကူးရာတွင် သွေးထိန်းတောင့်များ လိုအပ်သောကြောင့် အပြိုင်အဆိုင် ဝယ်ယူစုဆောင်းကြခြင်း စသည့် အချက်အလက်များက ယခု ပြဿနာကို ပုံဖော်သွားခြင်း ဖြစ်ကြောင်း ကောက်ချက်ချကြသည်။

သွေးထိန်းတောင့် အမှတ်တံဆိပ် Tampax ကို ထုတ်လုပ်သော အမေရိကန် လူသုံးကုန် ကုမ္ပဏီကြီး Procter & Gamble ကတော့ လက်ရှိ ပြဿနာသည် ယာယီသာ ဖြစ်သည်ဟု ယူဆထားပြီး ၎င်းတို့ စက်ရုံများအနေဖြင့် ပြည်သူများ၏ ဝယ်လိုအားကို ဖြည့်စည်းနိုင်ရန် ၂၄နာရီ ၇ရက်ပတ်လုံး လည်ပတ်နေကြောင်း ဖြေကြားခဲ့သည်။

Playtex နှင့် Carefree, Stayfree စသည့် ဂွမ်းထုတ်နှင့် သွေးထိန်းတောင့်များ ထုတ်လုပ်သော Edgewell ကုမ္ပဏီကတော့ အိုမီခရွန်လှိုင်း နှစ်ခါဆက်တိုက် ခံစားခဲ့ရခြင်းက ဝန်ထမ်း အင်အားလျှော့ကျမှုကို ဖြစ်စေပြီး ထုတ်လုပ်မှုနှင့် ကနေဒါနိုင်ငံက ကုန်ကြမ်းရယူမှုကို သက်ရောက်စေခဲ့ကြောင်း ဝန်ခံသွားခဲ့သည်။

အမေရိကန် ပြည်သူများအနေဖြင့် ကိုဗစ်ကြောင့် ကုန်ပစ္စည်း ပြတ်လပ်မှုများ ခံစားရသည်မှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ဘဲ ယခင်ကလည်း အိမ်သာသုံး စက္ကူပြတ်လပ်မှုကို ခံခဲ့ရပြီး မကြာသေးမီကမူ ကလေးဖြည့်စွက် အာဟာရမှုန့်များ ပြတ်လပ်မှုလည်း ဖြစ်ခဲ့ရသေးသည်။

သမ္မတ ဘိုင်ဒန်သည် ကလေးဖြည့်စွက် အာဟာရမှုန့်များ ပြတ်လပ်မှုကို ယာယီဖြေရှင်းရန်အတွက် စစ်သုံးလေယာဉ်များ အသုံးပြု၍ ပြည်ပမှ အာဟာရမှုန့်များကို သယ်ယူပေးရန် ကာကွယ်ရေး ဌာကို အမိန့်ပေးခဲ့သော်လည်း အဆိုပါ ပြဿနာသည်လည်း အမေရိကန် ပြည်နယ်အချို့တွင် ဆက်လက်ဖြစ်ပွားနေသေးသည်ဟု သိရသည်။

ပြီးခဲ့သည့် အပတ် ကြာသပတေးတွင် အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ပုဂ္ဂိုလ် ကာရင်း ယန်ပီယေးအား သတင်းထောက်များက လက်ရှိဟော့နေသည့် သွေးထိန်းတောင့် ပြတ်လပ်မှုနှင့် ၎င်းတို့ ကဲ့သို့ အလားတူ အခြားလူသုံး ကုန်ပစ္စည်းများ ပြတ်လပ်မှုကို မည်သို့ ကိုင်တွယ်ရန် အစီအစဉ် ရှိပါသနည်းဟု မေးမြန်းခဲ့ပါသည်။

သူမက အစိုးရအဖွဲ့များအနေဖြင့် အာဟာရမှုန့် ပြဿနာကို ဖြေရှင်းရန် ကြိုးစားနေပြီး ကျန် ပစ္စည်းများ ပြတ်လပ်မှုကို ကိုင်တွယ်မည်လားဆိုသည်မှာ မသိရသေးကြောင်း၊ မိမိအနေဖြင့် အဖွဲ့များထံ ဆက်သွယ်ပြီးမှ အတည်ပြုနိုင်မည်ဖြစ်၍ လတ်တလော မဖြေနိုင်ကြောင်းသာ ပြန်လည် တုံ့ပြန်ခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Aljazeera, Bangkok Post
Photo: The Gurdian

ကိုဗစ်ကာကွယ်ဆေးကြောင့် Q1 တွင် ၇၇ ရာခိုင်နှုန်း ဝင်ငွေတိုးခဲ့သည့် Pfizer

အမေရိကန် ဆေးဝါးကုမ္ပဏီ Pfizer သည် ကိုဗစ်ကာကွယ်ဆေးများ၏ ရောင်းအားကြောင့် ပြီးခဲ့သည့် ပထမသုံးလပတ်တွင် ဝင်ငွေ ၇၇ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ပမာဏအားဖြင့် ဒေါ်လာ ၂၅.၇ ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဒေါ်လာ ၂၅.၇ ဘီလီယံတွင် ကိုဗစ်ကာကွယ်ဆေးများ၏ ရောင်းချမှုမှ ၁၃.၂ ဘီလီယံ ရရှိခဲ့ပြီး အသားတင် ဝင်ငွေမှာမူ ဒေါ်လာ ၇.၉ ဘီလီယံ ရရှိခဲ့ကာ ရာခိုင်နှုန်းအားဖြင့် ယမန်နှစ် ပထမသုံးလပတ်ထက် ၆၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု သိရသည်။

Pfizer သည် ကိုဗစ်ကာကွယ်ဆေးကို ထုတ်လုပ်အောင်မြင်ပြီးချိန်မှ စ၍ နိုင်ငံပေါင်း ၁၇၉ နိုင်ငံသို့ ကာကွယ်ဆေးအလုံးပေါင်း ၃.၄ ဘီလီယံ ရောင်းချနိုင်ခဲ့ပြီး လက်ရှိအချိန်တွင် အသက်အရွယ်အုပ်စု အတော်များများအတွက် သင့်လျော်ကြောင်း ခွင့်ပြုချက်များ ရရှိထားကာ အသက် ငါးနှစ်အောက် ကလေးငယ်များ ထိုးနှံရန် သင့်မသင့်ကိုမူ ဆက်လက်စမ်းသပ်နေဆဲဖြစ်သည်။

Pfizer ၏ Q1 အတွက်ထုတ်ပြန်ချက်တွင် နှစ်ပတ်လည် ဝင်ငွေခန့်မှန်းချက်လည်း ပါရှိပြီး အဆိုပါ ခန့်မှန်းချက်တွင် ၂၀၂၂ အတွက် ဝင်ငွေ တစ်ဝက်ကျော်ခန့်သည် ကိုဗစ်ကာကွယ်ဆေးများနှင့် အသစ်ထုတ်လုပ်အောင်မြင်ထားသော ကိုဗစ်သောက်ဆေးဖြစ်သည့် Paxlovid ဆေးပြားများ ရောင်းချမှုမှ ရရှိမည်ဟု မျှော်မှန်းထားသည်။

Pfizer သည် ယခု ပထမသုံးလပတ်၌ Paxlovid ကိုဗစ် သောက်ဆေးပြားများ ရောင်းချမှုမှ ဝင်ငွေ ၁.၅ ဘီလီယံ ရရှိခဲ့သော်လည်း ၎င်းတို့ ကုမ္ပဏီသည် ၂၀၂၂ တွင် Paxlovid ဆေးပြားရောင်းချမှုမှ ဝင်ငွေ ၂၂ ဘီလီယံ ရရှိရန် ရည်မှန်းထားပြီး ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးမှုတို့ကို အရှိန်မြှင့်လုပ်ဆောင်ရန် အစီအစဉ်ချမှတ်ထားသည်။

ကိုဗစ် ကူးစက်မှုများ ဖြည်းဖြည်းခြင်း မြင့်တက်နေသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် ဧပြီလကပင် အဆိုပါ Paxlovid ဆေးပြားပေါင်း ၇ သိန်းကို အမှာစာတင်ခဲ့ပြီး ထိုင်ဝမ် ကျန်းမာရေး ဝန်ကြီးကတော့ အဆိုပါ ဆေးပြားများသည် ပြင်းထန်စွာ ဖျားနာမှုကို ကာကွယ်ပေးပြီး ဆေးရုံတက်ရောက်ရမှုကို လျှော့ချပေးနိုင်သဖြင့် ကိုဗစ် ကာကွယ်ရေးတွင် ထိရောက်သည့် ဆေးဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သေးသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကလည်း အဆိုပါ သောက်ဆေးပြားများကို လိုလားစွာ ထောက်ခံချက် ပေးထားသော်လည်း ဝင်ငွေနည်းပါးသည့် နိုင်ငံငယ်များအနေဖြင့် အဆိုပါဆေးပြားများ ရရှိရန် ကြာရှည်စွာ စောင့်ဆိုင်းနေရခြင်း အပေါ် စိုးရိမ်လျက်ရှိသေးကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Jakarta Post
Photo: TODAY

ဥရောပတွင် ကလေးငယ်များ ချောကလက်မှ တဆင့် ဆယ်မိုနဲလားပိုး ကူးစက်ခံရမှုဖြစ်ပွား

ဥရောပနိုင်ငံ ၉နိုင်ငံတွင် ချောကလက်မှ တဆင့် ဆယ်မိုနဲလား ဘတ်တီးရီးယား ကူးစက်မှု (သို့မဟုတ်) သံသယဖြစ်ဖွယ်ရှိသော ကူးစက်မှုပေါင်း ဒါဇင်နှင့်ချီ၍ ထွက်ပေါ်လာပြီးနောက် ဥရောပသမဂ္ဂ၏ လက်အောက်ခံ ကျန်းမာရေး အေဂျင်စီက အဆိုပါ ဖြစ်ရပ်ကို စုံစမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

သတင်းဌာနများ၏ အဆိုအရ သံသယဖြစ်ဖွယ်ရှိသော ချောကလက်မှာ အီတလီ စားသောက်ကုန် ကုမ္ပဏီ Ferrero က ထုတ်လုပ်သည့် ကြက်ဥပုံ Kinder Surprise ချောကလက်များဖြစ်ပြီး ယခုအခါ Ferrero ကုမ္ပဏီသည် စပိန်၊ ဗြိတိန်နှင့် အိုင်ယာလန်ရှိ ၎င်းတို့၏ ချောကလက်များကို ပြန်လည်သိမ်းဆည်းနေကြောင်း သိရသည်။

Ferrero ကုမ္ပဏီကတော့ ၎င်းတို့အနေဖြင့် ကြိုတင်ကာကွယ်သည့် အနေဖြင့်သာ ၎င်းတို့၏ ထုတ်ကုန်များကို ပြန်လည်သိမ်းဆည်းနေခြင်းဖြစ်ပြီး လက်ရှိဈေးကွက်အတွင်း၌ ၎င်းတို့၏ ချောကလက်များမှ ဆယ်မိုနဲလားပိုးကို စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း သတင်းထုတ်ပြန်ထားသည်။

ဥရောပ ကူးစက်ရောဂါကာကွယ်တိုက်ဖျက်ရေး စင်တာ၏ ထုတ်ပြန်ချက်တွင် ယခု ပြန့်ပွားမှုတွင် ကလေးငယ် အများအပြား ဆေးရုံသို့ တက်ရောက်ရသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပြီး ကလေးငယ် အချို့တွင် ပြင်းထန်သည့် သွေးဝမ်းသွားသည့် လက္ခဏာများ ပြသကြောင်း ပါရှိသည်။

စင်တာအနေဖြင့် Ferroero သို့မဟုတ် အခြားကုမ္ပဏီတစ်ခုခုကို ယခုဖြစ်စဉ်အတွက် ခေါင်းစဉ်တပ်၍ ထုတ်ပြန်ခြင်းမျိုးမရှိသေးဘဲ သတိပေးကြေငြာချက်တွင် ယခုကူးစက်မှုသည် ၁၀နှစ်အောက် ကလေးငယ်များတွင် ပိုမိုအတွေ့များကြောင်း ထည့်သွင်းထားသည်။

ဆွစ်စားသောက်ကုန် ကုမ္ပဏီဖြစ်သည့် Nestle ကတော့ ယခုကိစ္စနှင့် ပတ်သတ်၍ မိမိတို့၏ ထုတ်ကုန်များ ပြန်ရုတ်သိမ်းသည့် ဖြစ်စဉ်မရှိသေးကြောင်း အတည်ပြုခဲ့ပြီး ၎င်း၏ ပြိုင်ဘက် Lindt & Sprunegli ကုမ္ပဏီကလည်း အလားတူပင် အတည်ပြုသွားခဲ့သည်။

ယခုဖြစ်စဉ်တွင် ဗြိတိန်သည် ဆယ်မိုနဲလား အတည်ပြုတွေ့ရှိမှုပေါင်း ၆၃ မှုဖြင့် အများဆုံး ဖြစ်ပြီး အခြားတွေ့ရှိရသည့် နိုင်ငံများမှာ ပြင်သစ်၊ အိုင်ယာလန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ ဆွီဒင်နှင့် နော်ဝေးတို့ဖြစ်သည်။

မကြာမီ အီစတာပွဲတော်ချိန် နီးကပ်လာတော့မည်ဖြစ်ရာ ကလေးငယ်များသည် အီစတာအထိမ်းအမှတ်အဖြစ် ကြက်ဥပုံ ချောကလက်များကို အများအပြားစားသုံးလေ့ရှိသဖြင့် ဥရောပ ကျန်းမာရေး အေဂျင်စီက အီစတာမတိုင်ခင် ကူးစက်ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် ကြိုးပမ်းလျက်ရှိသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: Morocco World News

ရေဒီယို သတ္တိကြွမှု အန္တရာယ်စိုးရိမ်သဖြင့် ပိုတက်ဆီယမ် အိုင်အိုဒိုက် ဆေးပြားများ အရောင်းသွက်

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း မတော်တဆသော်လည်းကောင်း၊ ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း နူကလီးယားဓါတ်အားပေး စက်ရုံများကို တိုက်ခိုက်ခြင်း၊ နူကလီးယား ဗုံးအသုံးပြုခြင်းများ ဖြစ်လာနိုင်ကာ ရေဒီယိုသတ္တိကြွမှု အန္တရာယ်ဖြစ်လာမည်ကို စိုးရိမ်သဖြင့် ပိုတက်ဆီယမ် အိုင်အိုဒိုက် (Potassium Iodide) ဆေးပြားများ ဝယ်လိုအားတက်လျက်ရှိကြောင်း သိရသည်။

အဏုမြုအန္တရာယ်ကာကွယ်ရေး စီမံချက် စာတမ်းများအရ အထက်ပါကဲ့သို့ နူးကလီးယား မတော်တဆမှုများတွင် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများသည် လေထုထဲသို့လည်းကောင်း၊ ရေထု၊ မြေထု၊ သစ်ပင်များနှင့် တိရစ္ဆာန်များကိုပါ ပျံ့နှံထိစပ်၍ ဓါတ်ရောင်ခြည်သင့်မှုကို ဖြစ်စေမည် ဖြစ်ပါသည်။

အထူးသဖြင့် လူ့ခန္ဓာကိုယ်သည် ဓါတ်ရောင်ခြည်သင့်မှု ဖြစ်ပွားပါက လည်ပင်းရှိ ဟော်မုန်းများ ထုတ်လုပ်ပေးနေသော သိုက်ရွိုက်ဂလင်းသည် ရေဒီယို သတ္တိကြွ အိုင်အိုဒင်းနှင့် ပုံမှန်အိုင်အိုဒင်းကို ခွဲခြားနိုင်စွမ်းမရှိတော့ဘဲ အိုင်အိုဒင်း နှစ်မျိုးစလုံးကို စုပ်ယူကြောင်း ဆေးပညာရှင်များက ဆိုသည်။

ထိုကဲ့သို့ ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများကို စုပ်ယူမှုများသွားပါက သိုက်ရွိုက်ကင်ဆာဖြစ်ပွားခြင်းကို ဦးတည်စေပြီး အထက်ပါ ပိုတက်ဆီယမ် အိုင်အိုဒိုက်ဆေးပြားများကို သောက်သုံးထားပါက သိုက်ရွိုက်ဂလင်းသည် လိုအပ်သည့် အိုင်အိုဒင်းပမာဏ ရရှိပြီဟုယူဆကာ ရေဒီယို သတ္တိကြွ အိုင်အိုဒင်းများကို စုပ်ယူခြင်း မပြုတော့ဘဲ ကာကွယ်ပြီးသား ဖြစ်မည်ဖြစ်သည်။

ယခုအခါ အမေရိကန်ရှိ ပိုတက်ဆီယမ် အိုင်အိုဒိုက်ထုတ်လုပ်သော ဆေးကုမ္ပဏီများသည် ရုရှား-ယူကရိန်း ပဋိပက္ခစတင်သည်နှင့် မရှေးမနှောင်းမှာပင် ဝယ်လိုအားများ ထိုးတက်သွားသည်ကို တွေ့နေရပြီး ဈေးကွက်တွင် ပစ္စည်းပြတ်လပ်သည်အထိ ရောင်းအားကောင်းနေကြောင်း သိရသည်။

IOSAT အမည်ဖြင့် ပိုတက်ဆီယမ် အိုင်အိုဒိုက်ဆေးပြားများ ထုတ်လုပ်နေသော Anbex ကုမ္ပဏီမှာ ၎င်းတို့၏ ဝဘ်ဆိုက်၌ မိမိတို့အနေဖြင့် ပိုတက်ဆီယမ် အိုင်အိုဒိုက် ၁၃၀ မီလီဂရမ်ဆေးပြားများနှင့် ၆၅ မီလီဂရမ်ဆေးပြားများပါ ပြတ်လပ်သွားပြီဖြစ်ကြောင်းနှင့် မတ်လအကုန် (သို့မဟုတ်) ဧပြီတွင်မှ ပြန်လည်ရရှိမည်ဖြစ်ကြောင်း ကြေငြာထားသည်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဌာန (CDC) ကတော့ ပိုတက်ဆီယမ် အိုင်အိုဒိုက်ဆေးပြား သောက်သုံးခြင်းသည် ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများကို ၁၀၀ ရာခိုင်နှုန်း ကာကွယ်ပေးခြင်း မပြုကြောင်း သတိပေးထားပြီး ပိုတက်ဆီယမ် အိုင်အိုဒိုက်ဆေးပြား တစ်ပြားသည် သောက်သုံးပြီးချိန်မှ ၂၄ နာရီအတွင်းသာ ကာကွယ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သည့်အပြင် မိမိသဘောအတိုင်း သောက်သုံးခြင်း မပြုရန်၊ ဆရာဝန်ညွှန်ကြားသည့်အတိုင်းသာ သောက်သုံးရန်နှင့် လိုအပ်သည့် ပမာဏထက် ကျော်လွန်သောက်သုံးမိပါက ပိုမိုကာကွယ်မှု ရမည်မဟုတ်ဘဲ ဆိုးဝါးသည့် ဘေးထွက်ဆိုးကျိုးများသာ ရရှိမည်ဖြစ်ကြောင်း CDC က သတိပေးထားသည်။

အထက်ပါ Anbex ကုမ္ပဏီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ထရွိုင် ဂျူံးစ်က ယခုကဲ့သို့ ပိုတက်ဆီယမ် အိုင်အိုဒိုက်ဆေးပြားများ အဝယ်လိုက်မှုသည် ကမ္ဘာ့အရေးအခင်းများတွင် နူကလီးယားအရေးနှင့် ပတ်သတ်၍ လှုပ်လှုပ်ခတ်ခတ်ဖြစ်တိုင်း ဖြစ်လေ့ရှိသည့် ကိစ္စဖြစ်ကြောင်း ဆိုသည်။

သူ၏ အဆိုအရ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် သမ္မတ ထရမ့်လက်ထက်တွင် မြောက်ကိုးရီးယားနှင့် တင်းမာမှု ဖြစ်ပွားခဲ့ပြီး ထရမ့်က မိမိတွင် ကင်ဂျုံအမ်ထက် ပိုမိုအင်အားကြီးမား၍ အရွယ်အစားအားဖြင့် ပိုမိုကြီးမားသော နူကလီးယားခလုပ်ရှိကြောင်း တွစ်တာတွင်တင်ခဲ့စဉ်က ယခုကဲ့သို့ ပိုတက်ဆီယမ် အိုင်အိုဒိုက်များ ရောင်းအားသွက်ခဲ့သေးကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN Business
Photo: Irish Mirror

တရုတ်တွင် ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်ပြီး ၂၀၂၀ခုနှစ်နောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်

တရုတ်ပြည်မကြီးတွင် ကိုဗစ်ကူးစက်မှုများ ပြန်လည်မြင့်တက်နေခဲ့ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်း ကူးစက်မှု အများဆုံး အခြေအနေဖြစ်ကာ အဓိက မြို့ကြီးများတွင် ကိုဗစ်ကာကွယ်ရေး စီမံချက်များ အပူတပြင်း လုပ်ဆောင်နေပြီဖြစ်သည်။

ဂွမ်ဒေါင်းပြည်နယ်ရှိ အကြီးဆုံး စက်မှုမြို့တော်ဖြစ်သော ရှန်ကျန်းတွင် ကုန်ထုတ်လုပ်မှု စက်ရုံများအနေဖြင့် မရှိမဖြစ်လိုအပ်သည့် စက်ရုံများမှလွဲ၍ ကျန်စက်ရုံ၊ အလုပ်ရုံများအားလုံး ရပ်တန့်ထားရန်နှင့် ဝန်ထမ်းများအနေဖြင့် အိမ်မှသာ အလုပ်လုပ်ကြရန် အုပ်ချုပ်ရေး အဖွဲ့က ညွှန်ကြားထားသည်။

သည့်အတွက်ကြောင့် အဆိုပါ စက်မှုမြို့တော်ရှိ Apple ၏ အဓိက ကုန်ထုတ်လုပ်သူဖြစ်သော Foxconn လည်း စက်ရုံရပ်နားထားရကြောင်း သိရပြီး ကုမ္ပဏီကတော့ အစိုးရ၏ နောက်ထပ် ညွှန်ကြားချက် မထုတ်ပြန်မခြင်း စက်ရုံကို ရပ်နားထားမည်ဖြစ်ကြောင်း စာထုတ်ပြန်ထားသည်။

ရှန်ကျန်းတွင် ဖေဖော်ဝါရီအကုန်မှ စတင်၍ ကိုဗစ် ကူးစက်ခံရသူပေါင်း အယောက် ၄၀၀ ခန့်ရှိပြီဖြစ်ပြီး လက်ရှိတွင် မြို့တွင်း လူထုပို့ဆောင်ရေး ကဏ္ဍများဖြစ်သည့် ဘတ်စ်များနှင့် ရထားများအားလုံးကို ရပ်နားထားကြောင်း သိရသည်။

တရုတ်တစ်နိုင်ငံလုံးအနေဖြင့် ကူးစက်ခံရမှုဦးရေသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက စိုးရိမ်စရာမရှိဟု ထင်ရသော်လည်း နေ့စဉ်နှင့် အမျှ ကိုဗစ်ကူးစက်မှု ဦးရေ တိုးတက်နေခြင်းက ဇီးရိုးကိုဗစ် ပေါ်လစီချမှတ်ထားသည့် တရုတ်အာဏာပိုင်များအတွက် ခြိမ်းခြောက်မှု တရပ်ဖြစ်လို့နေသည်။

နိုင်ငံတကာ ကုမ္ပဏီများနှင့် ဘဏ္ဍာရေး ကုမ္ပဏီများစွာ အခြေစိုက်ထားသည့် ရှန်ဟိုင်းတွင်တော့ ကျောင်းများပါ ပိတ်ထားခဲ့ပြီး အွန်လိုင်းစနစ်ဖြင့်သာ သင်ကြားရန် အမိန့်ထုတ်ပြန်ထားသလို သက်ဆိုင်ရာ မြို့နယ်အလိုက် ကိုဗစ်စစ်ဆေးခြင်းများ ပြုလုပ်နေပြီး Negative ပြသူများကိုသာ အပြင်ထွက်ခွင့် ပြုထားသည်။

ရှန်ဟိုင်းတွင် ဖေဖော်ဝါရီအကုန်မှ စ၍ ကိုဗစ်ကူးစက်ခံရသူပေါင်း ၆၀၀ ခန့်တွေ့ရှိထားပြီဖြစ်ပြီး ယခုအချိန်အထိတော့ Lockdown ချထားခြင်း မပြုသေးဘဲ မြို့နေပြည်သူများအနေဖြင့် မဖြစ်မနေကိစ္စမှလွဲ၍ မြို့မှ ထွက်ခွာခြင်း မပြုကြရန် အုပ်ချုပ်ရေးအဖွဲ့က ကြေငြာထားသည်။

တရုတ်တစ်နိုင်ငံလုံးအနေဖြင့်မူ ပြီးခဲ့သည့် တနင်္ဂနွေတစ်ရက်တည်းမှာပင် ကိုဗစ်ကူးစက်မှု ဦးရေ ၁၄၃၇ ဦးရှိခဲ့ပြီး စုစုပေါင်းအားဖြင့် ကိုဗစ်လူနာ ၈၅၀၀ ကျော်ရှိနေပြီဖြစ်ကာ ၎င်းတို့တွင် ပြည်ပမှ ပိုးတွေ့လူနာမှာ ၁၀၀ ခန့်သာ ပါဝင်၍ ကျန်လူနာများမှာ ပြည်တွင်ကူးစက်မှုမှ ဖြစ်သည်။

ရှန်ကျန်းနှင့် နယ်စပ်သာခြားသည့် ဟောင်ကောင်တွင်တော့ ကိုဗစ်ကူးစက်မှုသည် ဖေဖော်ဝါရီလထဲက ပြင်းထန်လျက်ရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရ ဟောင်ကောင်သည် ကူးစက်ခံရသူနှင့် သေဆုံးသူအချိုးအစား အမြင့်ဆုံးသော ဒေသတစ်ခုဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: New York Post

Pfizer က ၂၀၂၂ တွင် ကိုဗစ် ဆေးဝါး ဒေါ်လာ ၅၄ ဘီလျံဖိုးရောင်းနိုင်ရန်မျှော်လင့်

အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer က ယခုနှစ်တွင် ကိုဗစ်ကာကွယ်ဆေး ဒေါ်လာ ၃၂ ဘီလျံဖိုးနှင့် ကိုဗစ်ကိုကုသရာတွင်အသုံးပြုသောဆေး Paxlovid အား ဒေါ်လာ ၂၂ ဘီလျံဖိုး အသီးသီးရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။
အစိုးရစားသောက်ကုန်စိစစ်ရေးက ဒီဇင်ဘာလအတွင်း ခွင့်ပြုပေးခဲ့သည့် အရေးပေါ်ကိုဗစ်ကုသဆေး Paxlovid အား နှစ်မကုန်ခင်ကာလအတွင်း ဒေါ်လာ ၇၆ သန်းဖိုးရောင်းချခဲ့ရနိုင်ခဲ့သည်။
ကုမ္ပဏီ၏အမှုဆောင်ချုပ်ဖြစ်သူ အဲဘတ်ဘောင်လာ (Albert Bourla) က Paxlovid အရေးပေါ်ဆေးအရောင်းပမာဏသည် ကုမ္ပဏီက ညွှန်ကြားထားသည်ထက် ပိုမိုမြင့်မားနိုင်သည်ဟု ပြောကြားခဲ့ပြီး ခန့်မှန်းတွက်ချက်မှုများသည် လက်မှတ်ထိုးပြီးသား အရောင်းသဘောတူစာချုပ်များနှင့် လက်မှတ်ထိုးရန်နီးစပ်နေသည့်အရောင်းအခြေအနေတို့အပေါ် အခြေခံထားခြင်းဟု ဆိုသည်။

ဇီဝဆေးဝါးဆိုင်ရာဌာန၏ အကြီးအကဲဖြစ်သူ အန်ဂျလာဟွမ် (Angela Hwang) က Pfizer သည် လက်ရှိတွင် Paxlovid ဆေးအား နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ဆွေးနွေးနေသည်ဟု ပြောကြားခဲ့သည်။
Pfizer နှင့် ၎င်း၏လက်တွဲဖေါ်ကုမ္ပဏီတခုဖြစ်သော BioNTech တို့သည် အသက် ၅ နှစ်အောက်ကလေးများအား ထိုးနှံနိုင်မည့် ကိုဗစ်ကာကွယ်ဆေးကိုလည်း ဆေးဝါးနှင့်စားသောကုန်စိစစ်ရေး – FDA ထံမှ ခွင့်ပြုချက်ရယူနိုင်ရန် ယခုလအတွင်း ကြိုးစားနေကြသည်။
၎င်းတို့လုပ်ငန်း ၂ ခုက အသက် ၅ နှစ်အောက် ကလေးများကို ကာကွယ်ဆေးထိုးပါက ၃ ကြိမ်ထိုးနှံရမည်ဟု ယူဆထားပြီး ယခုကြိုးစားနေကြခြင်းမှာ ၂ ကြိမ်ထိုးနှံခွင့်ရှိသည်ဆိုသော FDA ၏ ခွင့်ပြုချက်ရရန်ဖြစ်သည်ဟု သိရသည်။

CEO ဖြစ်သူ Albert Bourla က ကိုဗစ်သည် ထိန်းချုပ်ရန် ခက်ခဲခြင်းနှင့် မကြာခဏ မျိုးဗီဇသစ်များ ဆင့်ကဲဖြစ်ပေါ်နေခြင်းကြောင့် အရှင်းပျောက်သွားရန် ဖြစ်နိုင်ဖွယ်မရှိဟုဆိုသည်။
ကိုဗစ်ကုသဆေး Paxlovid အား ယခုနှစ် ပထမ ၃ လပတ်တွင် အရေအတွက် ၆ သန်း ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပြီး နှစ်ကုန်တွင်မူ ဆေးပမာဏ သန်း ၁၂၀ ထုတ်လုပ်နိုင်မည်ဟုဆိုသည်။
အမေရိကန်အစိုးရက ကုမ္ပဏီထံမှ Paxlovid အား အလုံးရေ သန်း ၂၀ အော်ဒါတင်ထားပြီးဖြစ်သည်ဟု သိရပြီး ဇွန်လအမီ ၁၀ သန်း ရရှိမည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
Image: John Thys | Pool | Reuters

ကိုဗစ်-ဇီးရိုး ပေါ်လစီကြောင့် Supply Chain အကြပ်အတည်းနှင့် ဟောင်ကောင် ကြုံတွေ့နေရ

အိုမီခရွန် စတင်ပြန့်ပွားသည့် နိုင်ငံများတွင် အပါအဝင်ဖြစ်ခဲ့သည့် ဟောင်ကောင်သည် ယခုအခါ တင်းကြပ်သည့် ကိုဗစ်စည်းကမ်းများ ချမှတ်ထားခြင်းကြောင့် နာလန်ထစပြုနေသည့် စီးပွားရေး ရေချိန်သည် စိုးရိမ်ရေမှတ်သို့ ပြန်လည် ဆင်းသက်နေပြီဖြစ်သည်။

ပြီးခဲ့သည့် နှစ်ကုန်ကာနီးတွင် ပြန်လည်ဖြေလျှော့ကာ ဖွင့်လှစ်ခွင့်ရရှိခဲ့သည့် ကုန်စုံဆိုင်များနှင့် စားသောက်ဆိုင်များ အားလုံးနီးပါး ပြန်လည်ပိတ်သိမ်းထားရပြီး လေကြောင်းလိုင်း ကန့်သတ်ချက်များ ချမှတ်ခဲ့ခြင်းကြောင့် ပြည်ပမှ တင်သွင်းသည့် ကုန်ပစ္စည်းများပြတ်လပ်ပြီး ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ဟောင်ကောင်၏ အကြီးဆုံး လေကြောင်းလိုင်းဖြစ်သည့် Cathay Pacific Airway သည် လေကြောင်းခရီးစဉ် ရာချီ၍ ဖျက်သိမ်းခဲ့ရပြီး လေကြောင်း ကုန်စည်ပို့ဆောင်မှုမှာ ကိုဗစ်မဖြစ်ခင် အချိန်ကာလနှင့် နှိုင်းယှဉ်ပါက ငါးပုံ တစ်ပုံခန့်ကျဆင်းသွားခဲ့ရသည်။

Logistics Firm များ၏ အဆိုအရ ကုန်စည်ပို့ဆောင်ခနှုန်းထားများမှာ သုံးပတ်အတွင်း ၄၀ ရာခိုင်နှုန်းခန့် တက်သွားခဲ့ရပြီး သြစတြေးလျမှ တင်သွင်းသည့် ချယ်ရီသီးများဆိုလျှင် ဈေးနှုန်း ၁၀ရာခိုင်နှုန်းခန့် တက်သွားသည်ကို တွေ့နေရသည်။

ထိုကဲ့သို့ စားသောက်ကုန်များ ဈေးတက်ခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းများ တက်လာခဲ့သည့်အပြင် အချို့သော တင်သွင်း ကုန်စည်များဖြစ်သည့် ဘယ်ရီသီး၊ ဒိန်ချဉ်၊ အမဲသား၊ ပင်လယ်စာနှင့် ချိစ်များမှာ ရောက်သင့်သည့် အချိန်ထက်နောက်ကျနေသဖြင့် ဈေးကွက်တွင် ပြတ်လပ်သည့် အထိ ဖြစ်နေခဲ့သည်။

အထူးသဖြင့် ယခင်က လေကြောင်းဝန်ထမ်းများကို ခွင့်ပြုပေးထားခဲ့သော ကွာရန်တင်း ကင်းလွတ်ခွင့်ကို ဟောင်ကောင် အာဏာပိုင်များက ပြန်လည် ရုတ်သိမ်းခဲ့သဖြင့် Cathay ကဲ့သို့ လေကြောင်းလိုင်းများသည့် ဝန်ထမ်းအင်အား မလောက်ငှမှုနှင့် ရင်ဆိုင်နေရကာ လေကြောင်းခရီးစဉ်များ အပြည့်အ၀ မပြေးဆွဲနိုင်ခြင်းက ယခုကဲ့သို့ ကုန်စည် ပြတ်လပ်မှုကို ဦးတည်စေခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ဟောင်ကောင်၌ အိုမီခရွန် ကူးစက်မှုပေါင်း ရာဂဏန်းသို့ မရောက်သေးသော်လည်း အာဏာပိုင်များသည် အိုမီခရွန်ပျံ့နှံ့သည့် သီးခြား ကွင်းဆက် (၃) ခုကို အတည်ပြုထားနိုင်ပြီဖြစ်ပြီး နိုင်ငံတွင်း ကာကွယ်ဆေးထိုးနှံမှုနှုန်း အပြည့်အဝမဖြစ်ခြင်းက အာဏာပိုင်များကို အစိုးရိမ်လွန်စေခဲ့ခြင်းဖြစ်သည်။

မကြာမီတွင် တရုတ်နှစ်ကူးသို့ ရောက်ရှိတော့မည်ဖြစ်ရာ ပွဲတော်အချိန်တွင် ရောင်းအားကောင်းလေ့ရှိသည့် ယူကေနှင့် နယ်သာလန်တို့မှ ပန်းမန်များနှင့် သစ်သီးများသည် ဈေးကွက်အတွင်း နည်းပါးနေပြီး အချိန်မီ ကုန်ပစ္စည်းများ မဝင်နိုင်ပါက ပွဲတော်ချိန်တွင် ပစ္စည်းများ ပြတ်လပ်တော့မည့် အရေးကို ရင်ဆိုင်နေရပြီဖြစ်သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Aljazeera, Bloomberg, South China Morning Post
Photo: Aljazeera