Economy

အမေရိကန်ပြည်ထောင်စုတွင် Hyperinflation ဖြစ်နိုင်ကြောင်း ဂျက်ဒေါ်စီ သတိပေး

လူမှုကွန်ယက်မီဒီယာ Twitter နှင့် ဘဏ္ဍာရေး၊ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းများဝန်ဆောင်မှုပေးသည့် Square Inc. ကို တည်ထောင်သူ ဂျက်ဒေါ်စီ (Jack Dorsey) က အမေရိကန်ပြည်ထောင်စုတွင် ငွေကြေးဖေါင်းပွနှုန်းအလွန်အမင်းမြင့်မားလာနိုင်သည့် Hyperinflation အခြေအနေရှိကြောင်း သောကြာနေ့က သတိပေးရေးသားခဲ့သည်။
” Hyperinflation က အရာရာကိုပြောင်းလဲသွားစေတော့မယ်။ ဖြစ်လည်းဖြစ်လာနေပြီ” ဟု သူက Twitter တွင်ရေးသားခဲ့ခြင်းဖြစ်သည်။
သူ၏ရေသားမှုကို ပြန်လည်မျှဝေသည့် Retweet အကြိမ်ရေ ၂သောင်းကျော်ရှိခဲ့ပြီးနောက် ဂျက်ဒေါ်စီက Hyperinflation သည် အမေရိကန်ပြည်ထောင်စုတွင်ဖြစ်ပွားလာတော့မည်ဖြစ်သလို တကမ္ဘာလုံးတွင်လည်း ဖြစ်လာတော့မည်ဟု ဆက်လက်ရေးသားခဲ့သည်။

ဂျက်ဒေါ်စီ၏ Tweet ပို့စ်သည် အမေရိကန်ပြည်ထောင်စုတွင် နှစ် ၃၀ အတွင်း စားသုံးကုန်ဈေးနှုန်းများအမြင့်ဆုံးအခြေအနေရောက်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
သောကြာနေ့တွင်ပင် အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဂျရုန်းပါဝဲလ် (Gerome Powell) က ငွေကြေးဖေါင်းပွနှုန်းနှင့် ပတ်သက်သော ဖိအားများသည် မျှော်လင့်ထားသည်ထက် ပိုမိုကြာရှည်နေကြောင်း ဝန်ခံပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံ့စီးပွားရေးအပေါ် အများကဝေဖန်နေကြသည့် ငွေကြေးဖေါင်းပွခြင်းနှင့်ပတ်သက်သောကိစ္စများ အဆင်ပြေလာစေရန် ဗဟိုဘဏ်အဖွဲ့သည် သာမန်ထက်ကျော်လွန်သော ဆောင်ရွက်မှုများ စတင်ရန် မျှော်လင့်ခန့်မှန်းထားသည်ဟု ဗဟိုဘဏ်ဥက္ကဌက ပြောခဲ့သည်။

Twitter ကိုလည်းဦးဆောင်နေပြီး ဘဏ္ဍာရေးထုတ်ကုန်များအားနည်းပညာအသုံးပြုဝန်ဆောင်မှုပေးနေသည့် Square ကိုပါ တပြိုင်တည်း လည်ပတ်စေနေသည့် ဂျက်ဒေါ်စီသည် ဒစ်ဂျစ်တယ်ငွေကြေးတခုဖြစ်သော Bitcoin အား ထောက်ခံသူလည်းဖြစ်သည်။
သူ့အနေဖြင့် Bitcoin ငွေကြေးအား ဒစ်ဂျစ်တယ်ပေးချေမှုများမှတဆင့်စာရင်းသွင်း တူးဖေါ်ရသည့် Mining လုပ်ငန်းစဉ်တခုကိုလည်း ၎င်းကိုယ်ပိုင်စဉ်းစားထားသော ပုံစံဖြင့် ဖန်တီးရန် ကြံဆနေသည်။
သူ၏ Fin-tech လုပ်ငန်း Square သည် Bitcoin များကို ကုမ္ပဏီကိုယ်တိုင်က ဝယ်ယူထားသလို အခြားသူများ အရောင်းအဝယ်လုပ်ရာတွင်လည်း အဆင်ပြေစေရန် ကူညီမှုများပေးနေသည်။

သို့သော်လည်း ဂျက်ဒေါ်စီ၏ ငွေကြေးဖေါင်းပွမှုနှုန်းအလွန်မြင့်မားလာဖွယ်ရှိခြင်းဆိုသော မှတ်ချက်ကို သဘောမတူကြသူများလည်း များစွာရှိနေသည်။
George Mason တက္ကသိုလ်မှ ငွေကြေးပေါ်လစီ – Monetary Policy အစီအစဉ်၏ မန်နေဂျာဖြစ်သူ ပက်ထရစ် ဟိုရန် (Patrick Horan) က လက်ရှိဖြစ်ပျက်နေသည်မှာ ငွေကြေးဖေါင်းပွနှုန်းမြင့်မားနေခြင်း – Higher အဆင့်သာ ဖြစ်ပြီး ဗင်နီဇွဲလားကဲ့သို့ Hyper – inflation အဆင့်မဟုတ်ကြောင်းကိုပြောဆိုခဲ့သည်။
Twitter ကိုယ်တိုင်က ၎င်းတို့ အမှုဆောင်အရာရှိချုပ်၏ Tweet အား ပြင်ဆင်ခြင်းမရှိပဲ ပို့စ်ပေးတင်ခဲ့ခြင်းက ဆိုးရွားသည်ဟု သူက ပြောကြားခဲ့သည်။

လက်ရှိတွင် အမေရိကန်ပြည်ထောင်စု၏ ငွေကြေးဖေါင်းပွနှုန်းမှာ ၅.၄% ခန့်ရှိနေသည်။
ငွေကြေးဖေါင်းပွနှုန်းအလွန်မြင့်မားသည်ဟူသော Hyperinflation သတ်မှတ်ချက်မှာ ငွေကြေးဖေါင်းပွနှုန်း ရာခိုင်နှုန်း ၅၀% ကျော် ရှိမှသာ သတ်မှတ်ခြင်းဖြစ်ရာ ဂျက်ဒေါ်စီ၏ မှတ်ချက်အသစ်မှာ အဆိုးမြင်လွန်းသည်ဟု ယူဆချက်များထွက်ပေါ်နေပါက အံ့အားသင့်ဖွယ်မဟုတ်ချေ။
ဂျက်ဒေါ်စီ၏ ပို့စ်နောက်ကွယ်တွင် ဒစ်ဂျစ်တယ်ငွေကြေးများ၏ အခန်းကဏ္ဍအား ပိုမိုပေါ်လွင်နေစေလိုခြင်းသာဖြစ်သည်ဟူသော ဝေဖန်မှုများလည်း ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Souce: CNBC Business, News Bitcoin, Business Insider, Trading Economics
Image: Getty Images/Joe Raedle

Gig Economy ဆိုတာဘာလဲ ?

စီးပွားရေးဈေးကွက်တွေအများကြီးထဲက Gig Economy ဆိုတာကတော့ ယာယီ၊ အချိန်ပိုင်းအလုပ်တွေ၊ Freelancers လို့ ခေါ်တဲ့ ရုံးတက်စရာမလိုဘဲ လွတ်လွတ်လပ်လပ်လုပ်လို့ရတဲ့ အလုပ်တွေ၊ ရာသီအလိုက် ပေါ်တဲ့ အချိန်အကန့်အသတ်အလုပ်နဲ့ စီမံကိန်း ၁ ခုစာ အပြီးသတ်မယ့်ကာလအတွင်းသာ လုပ်ရတဲ့ အလုပ်မျိုးတွေ အားလုံးရှိနေတဲ့ စီးပွားရေးရပ်ဝန်းပဲဖြစ်ပါတယ်။
Gig Economy ဟာ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ Advanced Economies လို့ခေါ်တဲ့ စီးပွားရေးအဆင့်အမြင့်ဆုံး လူတွေသက်သက်သာသာနဲ့ စီးပွားရှာနိုင်တဲ့ နိုင်ငံကြီးတွေမှာ အတွေ့ရများမှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလည်း အင်တာနက်အသုံးပြုမှု ကျယ်ပြန့်လာတာနဲ့ အမျှ Gig Economy ကို အနည်းနဲ့ အများထိတွေ့လာရပါတယ်။

မြန်မာနိုင်ငံမှာလည်း အချို့အလုပ်အမျိုးအစားတွေဟာ Gig Economy ထဲမှာ ပါဝင်နေတာကို တွေ့ရမှာပါ။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ကြီး တခုမှာ ရေမြောင်းစနစ်ကို ၆ လနဲ့ တည်ဆောက်တော့မယ်ဆိုပါစို့။ သင့်အနေနဲ့ အခြေခံအလုပ်သမားအဖြစ် အလုပ်ဆိုင်း – Shift တခုခုကို ၆ လဝင်လုပ်မယ်ဆိုရင် ဒါဟာ Gig Economy ရဲ့ အလုပ်အကိုင်တခုပဲဖြစ်ပါတယ်။
အခြားနိုင်ငံတွေမှာဆိုရင်တော့ ကော်ဖီဆိုင်အကူ၊ စားသောက်ဆိုင်အကူအလုပ်တွေ၊ အစားအသောက်နဲ့ ပစ္စည်းတွေ အချိန်ပိုင်းပို့တာ၊ အိမ်ခြံမြေအကျိုးဆောင်အနေနဲ့ အွန်လိုင်းကနေအလုပ်ရှာပြီး သက်ဆိုင်ရာရပ်ကွက်ပိုင်းအလိုက် အိမ်တွေလိုက်ပြပေးတာ စသဖြင့်ပေါ့။

မြန်မာနိုင်ငံရဲ့ ပြည်တွင်း Gig Economy ပိုင်းမှာ ပြီးခဲ့တဲ့ ၇ နှစ် ၈ နှစ်အတွင်း အင်တာနက်ကနေ အလွတ်တန်း – Freelance အလုပ်တွေ စတင်ပေါများခဲ့ပါတယ်။
အများဆုံးတွေ့ရတာကတော့ ဘာသာပြန်အလုပ်တွေဖြစ်ပြီး နိုင်ငံခြား ဝက်ဘ်ဆိုက်တွေကနေ Project တွေယူ အလုပ်လုပ်ရပါတယ်။
အင်္ဂလိပ်ဘာသာကနေ မြန်မာ၊ ဂျပန်၊ ပြင်သစ် ကနေ မြန်မာဘာသာကို ပြန်ဆိုရတာ စသဖြင့် ဖြစ်ပါတယ်။
အချို့သော ကမ္ဘာမှာ လူသုံးများတဲ့ ငွေပေးချေမှုတွေကို မြန်မာနိုင်ငံမှာ မရရှိသေးပေမယ့် မြန်မာနိုင်ငံက ပြည်တွင်းဘဏ်တွေအရောက် ချိတ်ဆက် ဝန်ဆောင်ခတွေပေးတာမျိုးတွေလည်း ရှိလာခဲ့ပါတယ်။
ဘာသာပြန်အလုပ်တွေသာမကပဲ အင်တာနက်ကနေ ဒီဇိုင်းဆွဲတာ၊ Android app – မိုဘိုင်းဖုန်းဆော့ဝဲလ်တွေ ရေးတာ၊ ကြော်ငြာ စာသားတွေရေးပေးရတာ၊ အွန်လိုင်းကနေ စာရင်းကိုင် – စာရင်းမှတ်လုပ်ပေးရတာတွေလည်း ရှိပါသေးတယ်။
နည်းနည်းထူးခြားတဲ့ အလုပ်တွေလည်း ရှိပါတယ်။ အချို့သော နိုင်ငံခြားကုမ္ပဏီတွေဟာ မြန်မာဘာသာစကား လိုအပ်တဲ့ နိုင်ငံခြားမှာ ဆေးရုံတက်သူတွေကို အွန်လိုင်းကနေ ဗီဒီယို Call နဲ့ စကားပြန်လုပ်ပေးရတာမျိုးတွေပေါ့။

 

Gig Economy မှာ အားသာချက်တွေရှိသလို မကောင်းတဲ့အချက်ကလေးတွေလည်း ရှိပါတယ်

အချိန်ပိုင်းလုပ်သူတွေ၊ ဝန်ထမ်းစာချုပ် Contract ရှည်ကြီးနဲ့ မလုပ်ချင်သူတွေဟာ မိမိစိတ်ဝင်စားရာ အခြားအရာတွေကို သင်ယူရင်း ဝင်ငွေရှာနိုင်တာက ကောင်းတဲ့အရာပါ။
ဒီလိုမှမဟုတ်ပဲ သင်ဟာ ဝယ်စရာပစ္စည်းတွေများများရှိမယ်ဆိုပါစို့။
သင့်အနေနဲ့ ၄ နာရီကြာအလုပ်မျိုးကို တခုပြီး နောက်တခု လုပ်နိုင်သလို၊ ကိုယ့်ရဲ့ကျွမ်းကျင်မှု အပေါ်မူတည်ပြီး Projects တွေကို မြန်မြန်ယူ မြန်မြန်အပ် အရှိန်မြှင့်လုပ်နိုင်တာမျိုးလဲ ပါပါတယ်။
အလုပ်ရှင်တွေဘက်ကလည်း လိုအပ်တဲ့အချိန်ကို နေ့ည မဆိုင်း လုပ်ပေးနိုင်မယ့် Gig Economy အလုပ်သမားတွေရှိတာကြောင့် အချိန်တွေကို ကောင်းကောင်းစီမံနိုင်ပါတယ်။

သမရိုးကျ အလုပ်ချိန် ၈ နာရီ တွေမှာ ဝန်ထမ်းတွေဟာ ခိုကပ်နေနိုင်ပါတယ်။
Gig Economy မှာကျတော့ အလုပ်အများစုက အချိန်ကြာတာကို ပေးတာထက် အလုပ်ပြီးမြောက်မှုကိုသာ အများအားဖြင့် အခြေခံလေ့ရှိကြပါတယ်။
ဒါက အလုပ်ရှင်ပဲဖြစ်ဖြစ်၊ အလုပ်သမားပဲဖြစ်ဖြစ် ချိန်ဆနိုင်တဲ့ အရာပဲပေါ့။

Gig Economy ရဲ့ ဆိုးကျိုးတွေကတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ခက်ခဲတာပါ။
ပြီးတော့ လုပ်ငန်းခွင်မှာ အသက်မွေးဝမ်းကျောင်း Career ကို ရေရှည်ကြိုးစားနေသူတွေအတွက်လည်း တခါတရံ ထိခိုက်နိုင်ပါတယ်။
ဥပမာ ၁ လကို ဒေါ်လာ ၅၀၀ ပေးရတဲ့ ဝန်ထမ်း ၁ နေရာအတွက် ၁၅ ရက်ကနေ ရက် ၂၀ အတွင်း အပြီး အောင်အောင်မြင်မြင်လုပ်ပေးသွားမယ့် Gig Economy အချိန်ပိုင်း တယောက်ကို သူဌေးက သုံးပစ်လိုက်တာမျိုးပေါ့။

အမေရိကန်ပြည်ထောင်စုရဲ့ Gig Economy က စိတ်ဝင်စားစရာအချက်အချို့ကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လုပ်သားအင်အား ၃၆% ဟာ Gig Economy မှာပဲ ပျော်မွေ့နေပါပြီ။ အိမ်ကနေပဲ အလုပ်လုပ်မယ်၊ အပြင်သွားရတယ်ဆိုလည်း ကိုယ်ကြိုက်တဲ့အချိန်ရွေးလုပ်မယ်ပေါ့။

ကပ်ဘေးအတွင်းမှာ Freelance – အလွတ်တန်းအလုပ်တွေ ၁၂% တိုးတက်လာပါတယ်။
ဒီနှုန်းအတိုင်းသာသွားမယ်ဆိုရင်တော့ ၂၀၂၇ မှာ အချိန်ပိုင်း လုပ်မယ့်သူတွေ ၅၀% အထက် ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။
ဘွဲ့လွန်တွေ – Postgraduates တွေရဲ့ ၄၁% ဟာ ဒီလို Freelance တွေပဲ လုပ်ကိုင်နေကြပါတယ်လို့ ဆိုပါတယ်။

Mastercard က ထုတ်ပြန်ထားတဲ့ သုတေသနစာတမ်းမှာ ကမ္ဘာပေါ်က အချိန်ပိုင်း အခြေခံလုပ်သားဦးရေဟာ ၂၀၂၃ မှာ ၇၈ သန်းအထိရှိလာမယ်လို့ ဆိုပါတယ်။
Projects တွေ ယူပြီး အိမ်ကနေ ဒါမှမဟုတ် အဆင်ပြေတဲ့ တနေရာရာက အလုပ်လုပ်မယ့် အလွတ်တန်း – Freelancers ဦးရေဆိုရင် ၉၁၅ သန်း အထိရှိလာမယ်လို့ ထုတ်ပြန်ထားပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Economic Terms တွေကို ဖေါ်ပြပေးစေလိုတာရှိရင် “Comment” ကနေ တောင်းဆိုနိုင်ပါတယ်။
Orio Econ Team ကနေ မျှဝေတဲ့ စာစုတွေအောက်မှာ မိမိတို့အမြင်တွေကိုလည်း မျှဝေသွားကြပါဦး။

Reference: Investopedia, Small Biz Genius, Petronas
Image: Forbes

လွတ်လပ်စွာကုန်သွယ်မှု စာချုပ်အတွက် UK နှင့် နယူးဇီလန်တို့ ပဏာမ သဘောတူညီမှုရရှိ

၁၆ လကြာ အပြန်အလှန် ဆွေးနွေးမှုများအပြီးတွင် ယူကေနှင့် နယူးဇီလန်တို့သည် လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူစာချုပ်ချုပ်ဆိုရန်အတွက် ပဏာမ သဘောတူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ သဘောတူညီချက်သာ အကောင်အထည်ဖော်နိုင်ပါက အဆိုပါ နှစ်နိုင်ငံသည် လုပ်ငန်းသုံး ယန္တရားကြီးများ၊ ဝိုင်နှင့် အဖျော်ယမကာများ၊ မော်တော်ကားများနှင့် အသုံးအဆောင်အဝတ်အထည် အစရှိသည့် ပို့ကုန်၊သွင်းကုန်များ၏ ၉၇ ရာခိုင်နှုန်းကို အခွန်ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

အဆိုပါ သဘောတူစာချုပ်သည် ယူကေ၏ စီးပွားရေးကို ချက်ခြင်း အကျိုးပြုမည် မဟုတ်သော်လည်း နယူးဇီလန်ပါဝင်သည့် ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရပ်ဝန်း (Tran-Pacific Parternership –CPTPP) အဖွဲ့သို့ ပူးပေါင်းနိုင်ရန် အတွက် ကနဦး ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ယူကေဝန်ကြီးချုပ်က ယူဆထားသည်။

ယခု သဘောတူစာချုပ်သည် ယခင်ရှိနှင့်ပြီသားဖြစ်သော နယူးဇီလန်နိုင်ငံနှင့် ချစ်ကြည်ရေးကို ထပ်မံအုတ်မြစ်ချကဲ့သို့ ဖြစ်စေမည်ဖြစ်ပြီး နယူးဇီလန်အပါအဝင် ပစိဖိတ်ဒေသ (၁၁) နိုင်ငံပါဝင်သော CPTPP အဖွဲ့သို့ ပူးပေါင်းရေးအတွက် အရေးပါသည့် ခြေလှမ်းဖြစ်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ဆိုသည်။

ယူကေသည် ဥရောပ သမဂ္ဂမှ ထွက်ခွာခဲ့ပြီးနောက် စီးပွားရေး အခွင့်အလမ်းအတော်များများ ဆုံးရှုံးခဲ့ရာ ယခုစာချုပ်သည် အကျဘက်ရောက်နေသော ယူကေ၏ စီးပွားရေးအတွက် အရေးပါသည့် အစပြုခြေလှမ်းအဖြစ်လည်း မီဒီယာများက ရေးသားဖော်ပြလျက်ရှိသည်။

အကြောင်းမှာ ပြီးခဲ့သည့် ၂၀၂၀ အချက်အလက်များအရ ယူကေ၏ ၄၂ ရာခိုင်နှုန်းသော ပို့ကုန်များမှာ ဥရောပ သမဂ္ဂနိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ၅၀ရာခိုင်နှုန်းသော သွင်းကုန်များမှာလည်း ဥရောပမှ တင်သွင်းသည်ဖြစ်ရာ ဥရောပမှ ထွက်ခွာခဲ့ပြီးနောက်တွင် ယူကေ ကုမ္ပဏီအတော်များများသည် ကုန်သွယ်မှု ပြဿနာနှင့် ရင်ဆိုင်ခဲ့ရသောကြောင့် ဖြစ်သည်။

သို့သော် ယူကေရှိ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ရေးခြံလုပ်ငန်းရှင်များသည် ယခု သဘောတူစာချုပ်အတွက် ရတက်မအေး ဖြစ်လျက်ရှိပြီး နယူးဇီလန်ရှိ နို့နှင့် နို့ထွက်ပစ္စည်းများသည် ယူကေထက် ဈေးနှုန်းချိုသာသည်ဖြစ်ရာ နိုင်ငံတွင်းသို့ တသွင်သွင်ဝင်ရောက်လာပါက ၎င်းတို့မှာ ဈေးနှုန်းခြင်း ယှဉ်ပြိုင်နိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။

သည့်အတွက် ယူကေရှိ နို့နှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းရှင်များသည် အစိုးရကို ဝေဖန်လျက်ရှိကြပြီး လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူစာချုပ်သည် မိမိတို့နိုင်ငံ၏ ပို့ကုန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများကို တိုးမြင့်စေသည့် စာချုပ်သာ ဖြစ်သင့်ကြောင့် ဝေဖန်ခဲ့ကြသည်။

သို့သော် ယခု အစိုးရ၏ စာချုပ်သည် ယူကေရှိ နို့ထွက်ပစ္စည်လုပ်ငန်းရှင်များကို ကမ္ဘာ့အကြီးဆုံး နို့ထွက်ပစ္စည်းထုတ်လုပ်သည့် နိုင်ငံကြီးနှင့် ကြိုးဝိုင်းထဲ၌ စည်းလွတ်ဝါးလွတ် ရင်ဆိုင်ခိုင်းသည်နှင့် တူနေပြီး ကပ်ရောဂါနှင့် ဥရောပမှ ထွက်ခွာမှုတို့ကြောင့် အထိနာသည့်အထဲတွင် နာလန်မထူနိုင်စေရန် ရည်ရွယ်ပြုလုပ်သကဲ့သို့ ဖြစ်နေကြောင်း ပြစ်တင်နေကြသည်။

နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်းကတော့ သမိုင်းကြောင်းအရ ရှည်လျားစွာ ဆက်ဆံခဲ့ကြသည့် ညီနောင်နိုင်ငံများဖြစ်သည့်အလျောက် ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့သည့်အတွက် လွန်စွာဝမ်းမြောက်မိကြောင်းနှင့် ယခုသဘောတူညီချက်မှနေ၍ မိမိတို့ နယူးဇီလန်နိုင်ငံအတွက် ကောင်းမွန်သည့် အကျိုးကျေးဇူးများ ရရှိမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC, CNN, Reuters
Photo: newsbinding

Tapering ဆိုတာဘာလဲ ?

Tapering ဆိုတာကတော့ မူအရ ဗဟိုဘဏ်တွေရဲ့ ငွေကြေးမူဝါဒတခုဖြစ်တဲ့ Quantitative Easing (QE) ကို ပြောင်းပြန်သဘောဆောင်တဲ့ ဆောင်ရွက်ချက်တွေ ပြုလုပ်တာကိုပြောတာဖြစ်ပါတယ်။
ဒါဆိုရင် QE ကို အရင်သိဖို့ လိုတာပေါ့။

QE ဆိုတာကရော ဘာလဲ ?
ကမ္ဘာ့စီးပွားရေးဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီး၊ ကျဆင်းတာမျိုးတွေဖြစ်လေ့ရှိပါတယ်။
စစ်ဖြစ်တာပဲဖြစ်ဖြစ်၊ ကပ်ဘေးဖြစ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ငွေကြေးဈေးကွက်ပျက်စီးသွားတဲ့အထိ လိမ်လည်မှုတွေများသွားတာပဲဖြစ်ဖြစ်ပေါ့။
အဲဒီ့အခါမှာ နိုင်ငံထဲမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ မပြိုလဲသွားအောင် ဗဟိုဘဏ်တွေက နိုင်ငံ့စီးပွားရေးထဲ ငွေတွေဝင်လာအောင် လုပ်ရပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံရဲ့ ဈေးကွက်ထဲက နှစ်ရှည်ငွေချေးစာချုပ်တွေ၊ ငွေတိုက်စာချုပ်တွေကို ပမာဏအများကြီး ဝယ်ယူပါတယ်။
ငွေတိုက်စာချုပ်တွေကို ဝယ်ယူလိုက်တာကြောင့် ဈေးကွက်ထဲကို ငွေတွေရောက်လာပြီး နိုင်ငံရဲ့ စီးပွားရေးလည်ပတ်နှုန်းကျဆင်းမသွားအောင် ကျားကန်တာကို Quantitative Easing (QE) လို့ ခေါ်ပါတယ်။

ဒါဆိုရင် ပြောင်းပြန်ဖြစ်တဲ့ Tapering က ဘယ်လိုအလုပ်လုပ်မလဲ
Tapering ကတော့ ဗဟိုဘဏ်အနေနဲ့ ဝယ်ယူပြီးသားစာချုပ်တွေကို အတင်းပြန်ရောင်းတာ မဟုတ်ပါဘူး။
နိုင်ငံ့စီးပွားရေးလည်ပတ်နိုင်အောင် ငွေတိုက်စာချုပ်တွေ ဝယ်ယူနေတဲ့နှုန်းကို လျှော့ချတာပဲဖြစ်ပါတယ်။
ဒါကြောင့် Tapering စတင်လုပ်ဆောင်ပြီလို့ ကြေညာလိုက်တာနဲ့ တပြိုင်တည်း Bonds တွေ၊ Securities တွေ၊ Mortgage-backed Securities တွေ စတဲ့ ငွေတိုက်စာချုပ်အမျိုးမျိုး ဝယ်ယူနေတဲ့ နှုန်းကို တဖြည်းဖြည်း စတင်လျှော့ချတော့တာပါပဲ။

ဒီလို Tapering ဆောင်ရွက်ချက်ကို စတင်ရတာကလည်း ဗဟိုဘဏ်ရဲ့ ငွေစာရင်း Balance Sheet ကို မကြီးထွားစေချင်တာလည်းပါပါတယ်။
Tapering စတဲ့အခါ ငွေကြေးဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ အရင်လိုမလှုပ်ခတ်တော့ပဲ သွေးအေးသလိုဖြစ်သွားတာ၊ ဈေးကွက်က တခါတလေမတည်ငြိမ်တဲ့ တုံ့ပြန်မှုတွေရှိတတ်တာကို Taper Tantrum လို့ခေါ်ပါတယ်။

ဥပမာအနေနဲ့ ကိုရိုနာဗိုင်းရပ်ကပ်ဘေးကြောင့် စီးပွားရေးတွေထိခိုက်လာမှာကို ကြိုတင်ကျားကန်ဖို့ အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ်ဟာ ၂၀၂၀ မတ်လ ၁၅ ရက်နေ့မှာ Quantitative Easing – QE လုပ်ပြီး ငွေတိုက်စာချုပ်တွေ စဝယ်တော့မယ်။ နိုင်ငံရဲ့ စီးပွားရေးလည်ပတ်နေတဲ့ထဲကို ငွေတွေဖြည့်ပေးတော့မယ်လို့ ကြေညာပါတယ်။
အဲ့ဒီ့အချိန်ကနေ ငွေတိုက်စာချုပ်တွေကို ဒေါ်လာ ၇၀၀ ဘီလျံဖိုးအထိ ဝယ်ယူသွားဖို့ စီစဉ်ထားပါတယ်။
တကယ်တော့ QE လုပ်နေရာကနေ Tapering ဖြစ်လာဖို့ဆိုတာ မြန်ဆန်လေ့မရှိပါဘူး။
အမေရိကန်ဗဟိုဘဏ်ဟာ QE စတင်ကြေညာတဲ့အချိန်ကနေစပြီး လတိုင်းလတိုင်း ၁ လကို ငွေတိုက်စာချုပ်တွေ ဒေါ်လာ ၈၀ ဘီလျံကနေ ၁၂၀ ဘီလျံဖိုးအထိ ဝယ်ယူနေခဲ့ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာထဲမှာတော့ ကန်ဗဟိုဘဏ်က Tapering စတော့မယ်ရက်ကို ကြေညာတော့မယ်လို့ အသိပေးလိုက်ပါတယ်။
ဒီလိုအသံထွက်လာရင်လည်း ဈေးကွက်ထဲမှာ ကသောင်းကနင်းဖြစ်မှာ စိုးရိမ်ရတာကြောင့် သေသေချာချာစဉ်းစားရပါတယ်။
Tapering စတော့မယ်ဆိုတဲ့အသံတွေကို ဇွန်လ၊ ဇူလိုင်လကတည်းက ကြားနေရပါတယ်။
ဗဟိုဘဏ်အနေနဲ့ သူတို့ လိုချင်တဲ့ ဘဏ်တိုးနှုန်းနဲ့ ငွေကြေးဖေါင်းပွနှုန်းကို ရရှိသွားတာ ဒါမှမဟုတ် လက်ရှိငွေကြေးဖေါင်းပွနှုန်းကို သတ်မှတ်ကာလတခုသတ်မှတ်ပြီး သင့်တော်ပြီလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်။
Tapering တကယ်စမယ့်ရက်ကို ကြေညာမှာကတော့ နိုဝင်ဘာစောစောပိုင်းနေ့တွေဖြစ်လာမယ်လို့ ဆိုနေကြပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics ပုံမှန်ဖေါ်ပြနေကြ Economic Terms တွေကို ပြန်လည်ဖေါ်ပြပေးနိုင်ဖို့ ကြိုးစားနေပါတယ်။
Orio Econ Team ကနေတဆင့် မျှဝေစေလိုတဲ့ အသုံးအနှုန်းတွေကိုလည်း Comment ရေးသားနိုင်ပါတယ်။

ဓါတ်အားပြတ်တောက်မှုကြုံခဲ့ရသော်လည်း တရုတ်စက်တင်ဘာလပို့ကုန် အံ့အားသင့်ဖွယ်တိုးတက်

စက်တင်ဘာလအတွင်းတရုတ်ရှိပြည်နယ် ၄ ခုတွင် လျှပ်စစ်ဓါတ်အားပြတ်တောက်မှုများကြုံတွေ့ခဲ့ရပြီး စက်ရုံများအပေါ်ဖိအားများရှိခဲ့သော်လည်း ကမ္ဘာ့ကုန်စည်ဝယ်လိုအားကောင်းမှုနေမှုကြောင့် တင်ပို့ကုန်ကဏ္ဍမှာ မမျှော်လင့်ဘဲတိုးတက်ခဲ့သည်။
ထို့အပြင် စက်တင်ဘာအတွင်း ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် ကုန်စည်စီးဆင်းရေးအပိုင်းများတွင် အခက်အခဲများလည်းရှိခဲ့သေးသည်။

ကမ္ဘာ့စီးပွားရေးဒုတိယအင်အားကြီးနိုင်ငံသည် ကပ်ဘေးအတွင်းမှ အထင်ကြီးစရာကောင်းလောက်အောင် စီးပွားရေးပြန်လည်တိုးတက်မှုများရှိခဲ့သော်လည်း တိုးတက်မှုနှေးကွေးနေသည်ကို ပြသည့် လက္ခဏာများ ရှိနေသည်။
တင်ပို့ကုန်ကဏ္ဍ၏ ကြံ့ကြံ့ခိုင်နိုင်မှုကြောင့်သာ စီးပွားရေးနှေးကွေးလာခြင်းကို ခံနိုင်ရည်ရှိနေခြင်းဖြစ်သည်။
ပြီးခဲ့သည့်နှစ် ကာလတူအချိန်နှင့်ယှဉ်လျှင် ယခုနှစ် စက်တင်ဘာ၌ ပြည်ပပို့ကုန် ၂၈.၁% တိုးတက်ခဲ့သည်။

HSBC မှ စီးပွားရေးပညာရှင် Erin Xin က “လုပ်ငန်းတွေရဲ့ အခြေခံကျတဲ့အပိုင်းကို မကောင်းတဲ့သက်ရောက်မှုတွေရှိနေပေမယ့် ပို့ကုန်ကဏ္ဍက ပိုကောင်းနေပြီး အရှိန်လည်း ပိုရနေတာပါ” ဟု ပြောကြားခဲ့သည်။
အချို့သောကျွမ်းကျင်ပညာရှင်များက ဓါတ်အားပျက်တောက်မှုသည် စက်တင်ဘာအတွင်း ပို့ကုန်ကဏ္ဍကို သက်ရောက်မှုမရှိခဲ့သော်လည်း ကုန်ထုတ်လုပ်ရေး ဖရိုဖရဲဖြစ်မှုနှင့် ဈေးနှုန်းကျသင့်မှုများက လာမည့်လများတွင် တရုတ်ထုတ်လုပ်သူများကို ထိခိုက်စေမည်ဟု သတိပေးထားသည်။

တရုတ်အစိုးရသည် သန့်စင်သောစွမ်းအင်အသုံးပြုရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်း၊ ကဏ္ဍအသီးသီးမှ ဝယ်လိုအားများ တက်လာမှု၊ ဓါတ်အားပျက်တောက်မှုကြောင့် ကုန်စည်အသီးသီးဈေးတက်လာမှု စသည်တို့ကြောင့် စက်ရုံအမြောက်အများတွင် ထုတ်လုပ်ရေး ရပ်တန့်ခဲ့ရသည်။
စက်တင်ဘာအတွင်း ရပ်တန့်ခဲ့ရသည့် စက်ရုံများတွင် Apple နှင့် Tesla ကဲ့သို့ လုပ်ငန်းကြီးများအား ကုန်စည်များ ပေးသွင်းနေသည့် စက်ရုံများပါ ပါဝင်သည်။

အရှေ့ပိုင်းပြည်နယ်များဖြစ်သော ကွမ်တုံနှင့် ကျိကျန်းတို့သည် အဓိက ပြည်ပပို့ကုန်ထုတ်လုပ်ရေးနေရာများဖြစ်ပြီး ထုတ်လုပ်ရေးတွင် ကသောင်းကနင်းဖြစ်မှုများကို ဖြတ်သန်းခဲ့ရသည်။
ယခင်က စက်ရုံများကို ညဘက်တွင်ပါ လည်ပတ်နိုင်သော်လည်း ယခုအချိန် အလှည့်ကျဓါတ်အားပေးသည့် အခါတွင်မူ ၂၄ နာရီလုံး ရပ်တန့်နေရသည့် နေ့များပါရှိလာသည်ဟု တုံကွမ်မြို့ရှိ သတ္ထုဆေးမှုတ်လုပ်ငန်းမှ မန်နေဂျာ ကျင်းလောင် (Qing Lau) က ဆိုသည်။

တရုတ်၏ စက်တင်ဘာလ သွင်းကုန်ကဏ္ဍမှာ ရိုက်တာကပြုလုပ်သောစစ်တမ်းတွင် ၂၀% တိုးတက်မည်ဟု ခန့်မှန်းထားသော်လည်း ၁၇.၆% သာ တိုးတက်ခဲ့သည်။
သို့သော်လည်း ယင်းပမာဏမှာ ယခင်လထက် ၃၃.၁% တိုးတက်လာခြင်းဖြစ်သည်။
ပတ်ဝန်းကျင်ဆိုင်ရာကန့်သတ်ချက်များကြောင့် လုပ်ငန်းသုံး သတ္ထုပစ္စည်းများအတွက် သွင်းကုန်ပမာဏမှာ လျော့ကျနေသည်ဟု Capital Economics မှ အကြီးတန်းတရုတ်စီးပွားရေးပညာရှင် Julian Evans-Pritchard က ဆိုသည်။
သို့သော်လည်း တရုတ်စွမ်းအင်လိုအပ်ချက်မှာ အလျင်အမြန် မြင့်တက်နေသည်။
ယခုနှစ်အတွင်း စက်တင်ဘာလသည် ကျောက်မီးသွေးတင်ပို့မှု အမြင့်ဆုံးလလည်း ဖြစ်လာခဲ့သည်။
ဆောင်းရာသီကျရောက်လာတော့မည်ဖြစ်သောကြောင့် ဓါတ်အားပျက်တောက်မှုများမှု ကြိုတင်ကာကွယ်ရန် ပြင်ဆင်လျက်ရှိသည်။

တရုတ်အစိုးရသည် လျှပ်စစ်ဓါတ်အားများအတွက် ရုရှားကုမ္ပဏီ Inter RAO အား ပုံမှန်ပို့နေသည့် ဓါတ်အားထက် ၂ ဆမျှ တင်ပို့ရန်၊ အတွင်းမွန်ဂိုလီးယားပြည်နယ်များရှိ ကျောက်မီးသွေးမိုင်းတွင်းများအား ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် အစိုးရပိုင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးစက်ရုံများအား ဆောင်းတွင်းအတွက် ကြိုတင်ပြင်ဆင်ထားရန် ညွှန်ကြားထားသည်။
ယနေ့ညနေပိုင်း နောက်ဆုံးရသတင်းများအရ တရုတ်ပြည်တွင်း ကျောက်မီးသေးဈေးနှုန်း စံချိန်တင်မြင့်တက်မှုဆက်လက်ဖြစ်ပေါ်နေပြီး ကျောက်မီးသွေး ၁ တန်လျှင် ၁၆၄၀ ယွမ် (ကန်ဒေါ်လာ ၂၅၄.၄၄) အထိ ရောက်ရှိနေပြီး နှစ်စ က ဈေးနှင့်ယှဉ်လျှင် ၃ ဆ မြင့်တက်လာခြင်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Asia Financial
Image: Reuters

ထိုင်ဝမ်၏ ပြည်ပတင်ပို့ကုန်ကဏ္ဍ ၁၅ လ ဆက်တိုက် တိုးတက်

ထိုင်ဝမ်သည် ပြည်ပတင်ပို့ကုန်တိုးတက်မှုတွင် ယခုနှစ် စက်တင်ဘာလအထိ ၁၅ လ ဆက်တိုက် တိုးတက်မှုရရှိခဲ့သည်ဟု ရိုက်တာကပြုလုပ်သည့် စစ်တမ်းတွင်ဖေါ်ပြခဲ့သည်။
ကပ်ဘေးအလွန်ကာလများတွင် ကမ္ဘာ့စီးပွားရေးပြန်လည်ရုန်းထလာမှုနှင့်အတူ လျှပ်စစ်ပစ္စည်းဝယ်လိုအားလည်း အလွန်အားကောင်းလာခြင်းက ထိုင်ဝမ်စီးပွားရေးအား တွန်းပို့နိုင်ခဲ့သည်။

ထိုင်ဝမ်သည် ကမ္ဘာ့ချစ်ပ်ပြားထုတ်လုပ်ရေးဆုံချက်တခုဖြစ်ပြီး Apple ကဲ့သို့သော နည်းပညာကုမ္ပဏီကြီးများအတွက် Semiconductors များကို အဓိက တင်သွင်းနေသူလည်းဖြစ်သည်။
နည်းပညာထုတ်ကုန်များအတွက် အာရှ၏ အဓိက Exporters ဖြစ်သည်ဟု ကုန်သွယ်ရေးအချက်အလက်များက ညွှန်းဆိုနေသည်။

ပြီးခဲ့သည် စက်တင်ဘာ၏ တင်ပို့ကုန် တိုးတက်မှုမှာ ၂၅% အထိရှိခဲ့သည် ရိုက်တာမှ ဈေးကွက်ကျွမ်းကျင်သူ ၂၁ ယောက်က ထုတ်ပြန်သော စစ်တမ်းတွင်ပါရှိခဲ့ပြီး ဩဂုတ်လတွင် တိုးတက်မှု ၂၆.၉% ရှိခဲ့ရာမှ အနည်းငယ်လျော့ကျခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် ကုန်ဈေးနှုန်းတိုးတက်မှုကိုပြဆိုသော အညွှန်းကိန်း Consumer Price Index – CPI ကို ၂.၂% ရှိမည်ဟု ခန့်မှန်းထားသော်လည်း လက်တွေ့တွင် ထိုပမာဏထက် ပိုခဲ့ကာ ဩဂုတ်လတွင် ၂.၃၆% အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်ကို တွေ့ရသည်။
စားသုံးသူများအတွက်ကုန်ဈေးနှုန်းအညွှန်းကိန်းသည်ပင် ငွေကြေးဖေါင်းပွနှုန်းဖြစ်ရာ ယနေ့ ဗုဒ္ဓဟူးနေ့တွင် Inflation Data ကို ထုတ်ပြန်မည်ဟု သိရပြီး သောကြာနေ့တွင် ကုန်သွယ်ရေး Trade Data များကို ထုတ်ပြန်မည်ဟု သိရသည်။

Focus Economics ကမူ ၂၀၂၁ အတွက် ထိုင်ဝမ်ငွေကြေးဖေါင်းပွနှုန်းအား ၁.၆% ရှိမည်ဟု ခန့်မှန်းထားပြီး ထိုင်ဝမ်အစိုးရ စာရင်းအင်းအချက်အလက်ရုံးက စက်တင်ဘာလအထိ Core CPI အညွှန်းကိန်းအပြောင်းအလဲမှာ ၁.၇၄% ဟု ဖေါ်ပြထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Focus Economics, Nasdaq, Statistics. Government. Taiwan, Daily Advent
Image: Port of Kaohsiung, Taiwan Port

အာရှနှင့် ပစိဖိတ်ဒေသတွင် ဒယ်လ်တာမျိုးကွဲကြောင့် စီးပွားရေးနှေးကွေးခဲ့ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်

အရှေ့အာရှနှင့် ပစိဖိတ်ဒေသတွင် ဒယ်လ်တာမျိုးကွဲ ပျံ့နှံ့ခဲ့မှုကြောင့် စီးပွားရေးတိုးတက်မှုများ ခန့်မှန်းသည်ထက် နှေးကွေးခဲ့ပြီး လူတန်းစား မညီမျှမှုကို တိုးပွားစေခဲ့ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့တွင် ကမ္ဘာ့ဘဏ်က ထုတ်ပြန်ခဲ့သည်။

အထူးသဖြင့် ၂၀၂၁၏ ဒုတိယသုံးလပတ်ဖြစ်သော ဧပြီမှ ဇွန်လအတွင်း ယင်းဒေသများ၌ ကိုဗစ်-၁၉၏ ထိုးနှက်မှုပြင်းထန်ခဲ့ပြီး စီးပွားရေး တိုးတက်မှုနှုန်းမှာ မူလက ခန့်မှန်းထားသည်များထက် လျှော့နည်းခဲ့သည်ဟု ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မန်နူရယ်လာ ဖယ်ရို (Mamuela Ferro) က ၂၀၂၀ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် စီးပွားရေး ကျဆင်းမှုမှ ပြန်လည်ရုန်းထရန် ကြိုးစားနေသည့် ဤဒေသအတွက်တော့ ပြေးရင်း ခလုပ်တိုက်သကဲ့သို့ ဖြစ်ခဲ့ရကြောင်း မှတ်ချက်ပြုသည်။

သူမ၏ အဆိုအရ ပြီးခဲ့သည့် ၂၀၂၀ တွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသသည် ကျန်နေရာများထက် ကိုဗစ်-၁၉ ၏ ထိုးနှက်မှုဒဏ်ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ၂၀၂၁ ဒယ်လ်တာ ပျံ့နှံ့မှုတွင်မူ ခန့်မှန်းထားသည်ထက် ပိုမိုထိခိုက်ခဲ့သည်ဟု သိရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ အရှေ့အာရှ ဒေသများတွင် မြန်မာနိုင်ငံနှင့် ပစိဖိတ် ကျွန်းစုနိုင်ငံများသည် ထိခိုက်မှုအကြီးမားဆုံးဖြစ်ခဲ့ပြီး မြန်မာနိုင်ငံသည် စီးပွားရေး ကျဆင်းမှု ၁၈ ရာခိုင်နှုန်းအထိ ရှိမည်ဟု ခန့်မှန်းထားသည်။

ပစိဖိတ်ကျွန်းစုနိုင်ငံများကိုမူ စုပေါင်း၍ တွက်ချက်ထားပြီး စီးပွားရေး ကျဆင်းမှု ၂.၉ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားသည်။

သည့်အပြင် မြန်မာနိုင်ငံသည် ဒေသတွင်း အလုပ်လက်မဲ့ဦးရေ အများဆုံး အဖြစ်သို့ရောက်ရှိခဲ့ပြီး ဆင်းရဲမွဲတေမှု ဦးရေ အချိုးမှာလည်း အများဆုံးသို့ ရောက်ရှိနေသည်ဟု စစ်တမ်းတွင်ပါရှိသည်။

ကမ္ဘာ့ဘဏ်၏ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေး ပညာရှင်ကတော့ မြန်မာနိုင်ငံတွင်း အာဏာသိမ်းမှုဖြစ်စဉ်အပြီး အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့် နိုင်ငံတွင်း မတည်ငြိမ်မှုများက ယခုကဲ့သို့ ဆိုးရွားသော စီးပွားရေး ကျဆင်းမှုကို ဦးတည်စေသည်ဟု သုံးသပ်ခဲ့သည်။

ယင်း စစ်တမ်း၌ပင် လာမည့် ၂၀၂၂ ခုနှစ် နှစ်လယ်၌ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားတို့တွင် လူဦးရေ၏ ၆၀ရာခိုင်နှုန်းခန့်ကို ကာကွယ်ဆေးထိုးနှံပေးခြင်း ပြီးစီးလိမ့်မည်ဟု ခန့်မှန်းထားပြီး ကျန်သည့်နှစ်ကုန်ပိုင်းတွင် စီးပွားရေး ပြန်လည်ဦးမော့လာမည်ဟု တွက်ချက်ထားသည်။

သည့်အပြင် အာရှပစိဖိတ်ဒေသအနေဖြင့် ရေရှည်တွင် ကိုဗစ်-၁၉ ၏ ရိုက်ခတ်မှုဒဏ်ကို ကြံ့ကြံ့ခံရန်အတွက် ကာကွယ်ဆေး စီမံချက်ကို ပြည့်မီစေရန် အလျှင်အမြန်အကောင်အထည်ဖော်ခြင်း၊ ပိုမိုတိကျမြန်ဆန်သော ဆေးစစ်ခြင်းနှင့် ထိတွေ့မှု ရှာဖွေသော စနစ်များ ပြုလုပ်ခြင်းနှင့် ဒေသတွင်း ကိုယ်ပိုင်ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် ကြိုးစားခြင်းတို့ကို ပြုလုပ်သင့်ကြောင်း ကမ္ဘာ့ဘဏ်က တိုက်တွန်းထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, World Bank, CGTN
Photo: ITUC

လက်ရှိငွေကြေးဖေါင်းပွနှုန်းမြင့်နေခြင်းသည် ယာယီသာဖြစ်ကြောင်း ဥရောပဗဟိုဘဏ်ဥက္ကဌပြော

ဥရောပဇုန်တွင် ငွေကြေးဖေါင်းပွမှုနှုန်းများမြင့်တက်နေခြင်းသည် အကြောင်းရင်းများစွာရှိသော်လည်း ယာယီအခိုက်အတန့်သာဖြစ်ကြောင်းနှင့် လာမည့်နှစ်တွင် ငွေကြေးတန်ဖိုး ပြန်လည်တည်ငြိမ်သွားမည်ဟု ဥရောပဗဟိုဘဏ် (European Central Bank) ၏ ဥက္ကဌ ခရစ်စတင်း လဂါဒီ (Christine Lagarde) က ပြောကြားခဲ့သည်။
ဥရောပဇုန်တွင် ကပ်ဘေးကြောင့် ချမှတ်ထားရသော Lockdowns များကို ပြန်လည်ဖြေလျှော့ပေးပြီးနောက် စီးပွားရေးမှာ ခန့်မှန်းထားသည်ထက် လျင်မြန်စွာ နာလန်ထူလာခဲ့သလို ဈေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။

ဥရောပဗဟိုဘဏ်၏ မူဝါဒပိုင်းဆိုင်ရာအကြီးအကဲများက ငွေကြေးဖေါင်းပွမှုနှုန်းသည် မျှော်လင့်ထားသည်ထက် အနည်းငယ် အတိမ်းအစောင်းရှိနေသည်ဟု တွက်ဆနေကြသည်။
လာမည့်နှစ်တွင် ငွေကြေးဖေါင်းပွမှုနှုန်း ၂% ရှိနိုင်မည်ဟု ဥရောပဗဟိုဘဏ်က ခန့်မှန်း သတ်မှတ်ထားသည်။

စီအန်ဘီစီသတင်းဌာနနှင့် သောကြာနေ့က ပြုလုပ်သည့် အင်တာဗျူးတွင် ဥရောပဗဟိုဘဏ်ဥက္ကဌက ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ ကမောက်ကမဖြစ်မှုများအပေါ် ပြစ်တင်ပြောကြားခဲ့ပြီး ငွေကြေးဖေါင်းပွမှုနှုန်းသည် ၂၀၂၂ တွင် တည်ငြိမ်သင့်သည်ဟု ဆိုသည်။
သူမက “ကျွန်မတို့ကတော့ လာမယ့်နှစ်မှာ ပိုတည်ငြိမ်တဲ့ အခြေအနေကို ပြန်ရောက်မယ်လို့ ထင်ပါတယ်။ ကုန်ဈေးနှုန်းတက်နေရတဲ့အကြောင်းရင်းတွေက အခိုက်အတန့်သဘောလောက်ပဲ မိုလို့ပါ” ဟု ပြောကြားခဲ့သည်။
သွင်းအားစု အရင်းအမြစ်သစ်များကို ရှာဖွေတွေ့ရှိနေခြင်းကြောင့် အရာရာသည် နေသားတကျ ပြန်ဖြစ်လာမည်ဖြစ်သော်လည်း ကျောက်မီးသွေးကဲ့သို့ ဇီဝရုပ်ကြွင်းလောင်စာများကို အသုံးပြုခြင်းမှ လွတ်ကင်းအောင် ကြိုးစားနေကြသည့်အချိန်ဖြစ်သောကြောင့် စွမ်းအင်နှင့် လောင်စာဆီဈေးနှုန်းများမှာ ဆက်လက်မြင့်မားနေဖွယ်ရှိသည်ဟု သူမက ဖြည့်စွက်ပြောကြားခဲ့သည်။

ဥရောပဗဟိုဘဏ်ဥက္ကဌသည် အရေးပေါ် ငွေတိုက်စာချုပ်ဝယ်ယူနေမှုများကို ပြန်လည်သုံးသပ်နေပြီး ငွေကြေးအား ပုံနှိပ်ရိုက်ထုတ်မှုများကို လတ်တလော ဆက်လက်လုပ်ဆောင်နေမည်ဟု သိရသည်။
တရုတ်အိမ်ခြံမြေလုပ်ငန်း Evergrande နှင့်ပတ်သက်သော ကောလဟလများကို မေးမြန်းခဲ့ရာတွင်မူ ဥရောပဇုန်အတွင်း အဆိုပါကိစ္စရပ်နှင့် တိုက်ရိုက်ထိတွေ့စေမှုများကို ကန့်သတ်ထားသည်ဟု သူမက ပြောကြားခဲ့သည်။

ဥရောပဇုန်၏ ငွေကြေးဖေါင်းပွမှုနှုန်းသည် ယခုနှစ် ၂၀၂၁ ဇူလိုင်လတွင် ၂.၂% ရှိခဲ့ရာမှ ဩဂုတ်သို့အရောက်တွင် ၃% အထိ ရုတ်တရက်မြင့်တက်သွားခဲ့သည်။
အဆိုပါအချက်အလက်များကို ဥရောပသမဂ္ဂ၏ စာရင်းအင်းအချက်အလက်ရုံးက ထုတ်ပြန်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Thomson Reuters, Money US News, EC. Europa. EU
Image: Kai Pfaffenbach/Reuters

ဩဂုတ်လတင်ပို့ကုန် ၄၅% ကျော်တိုးတက်လာသော်လည်း အိန္ဒိယစီးပွားရေးနှေးကွေးနေဆဲဖြစ်

အိန္ဒိယတင်ပို့ကုန်များတွင် ရေနံထုတ်ကုန်များ၊ ကျောက်မျက်ရတနာ၊ စက်ပစ္စည်းများနှင့် သတ္ထုစပ်ပစ္စည်းများနှင့် ချည်ထည်များက ဦးဆောင်နေသောကြောင့် ဩဂုတ်လအတွင်း တင်ပို့ကုန်တိုးတက်မှု ၄၅.၈% အထိ ရှိခဲ့သည်။
တန်ဖိုးအားဖြင့် ၁ လထဲတွင် ဒေါ်လာ ၃၃.၃၈ ဘီလျံဖိုးတင်ပို့နိုင်ခဲ့သော်လည်း နိုင်ငံ့စီးပွားရေးတိုးတက်နှုန်းမှာ နှေးကွေးနေဆဲဖြစ်သည်။

တင်သွင်းကုန်ကဏ္ဍမှာ ပိုမိုမြင့်တက်ခဲ့ပြီး ရွှေကို အများအပြားဝယ်ယူနေသောကြောင့် တင်သွင်းကုန်တန်ဖိုး ဒေါ်လာ ၄၇.၀၉ ဘီလျံ ရှိခဲ့သည်။
ပြီးခဲ့သောနှစ်က ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၈.၂ ဘီလျံနှင့်ယှဉ်လျှင် ယခုနှစ် ဩဂုတ်လမှာ ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ ၁၃.၈၁ ဘီလျံအထိ တိုးလာခဲ့သည်။

အိန္ဒိယသည် ၁ နှစ်လျှင် တင်ပို့ကုန်ပမာဏ ဒေါ်လာ ၁.၅ ထရီလျံဖိုးအထိရှိသော စီးပွားရေးအင်အားကြီးနိုင်ငံလည်း ဖြစ်သည်။
India Exim Bank ၏ မန်နေဂျာချုပ် ပရာဟာလာသန် အိုင်ယာ (Prahalathan Iyer) က အိန္ဒိယ၏ အဓိကပြည်ပဈေးကွက်ကြီးများ၏ လိုအပ်ချက်ကြောင့် ပို့ကုန်ကဏ္ဍ ဆက်လက်တိုးတက်နေဦးမည်ဟု ပြောကြားခဲ့သည်။
နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမြင့်မားနေဆဲဖြစ်သော်လည်း စီးပွားရေး နာလန်ထူရန် စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ခြင်းနှင့် ကပ်ဘေးအတွင်း စွန့်စွန့်စားစား လုပ်ကိုင်စေခဲ့ခြင်းက တင်ပို့ကုန်ကဏ္ဍကို အထောက်အကူပြုခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) က အိန္ဒိယ၏ ဘဏ္ဍာရေးနှစ် ၂၀၂၂ (Fiscal Year 22) အတွက် တိုးတက်မှုအား ၉.၅% မှ ၁၂.၅% အထိရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
လက်ရှိတွင် အိန္ဒိယ၏ ကုန်များ တိုးမြှင့်ပို့ဆောင်ပေးနေရသည့် နိုင်ငံများမှာ အမေရိကန်ပြည်ထောင်စု၊ အာရပ်စော်ဘွားပြည်ထောင်စုနှင့် ဘယ်ဂျီယံတို့ဖြစ်ပြီး မလေးရှား၊ အီရန်၊ တန်ဇနီယားတို့သို့မူ ပို့ကုန်များ ကျဆင်းနေသည်။
တင်သွင်းကုန်ကဏ္ဍတွင်လည်း အာရပ်စော်ဘွားပြည်ထောင်စု၊ အီရတ်နှင့် ဆွစ်ဇာလန်တို့မှာ ကုန်စည်များကို ပိုမိုတင်သွင်းနေရပြီး ပြင်သစ်၊ ဂျာမဏီနှင့် ကာဇက်စတန်တို့မှာ ကုန်စည်ဝယ်ယူမှုမှာ ကျဆင်းနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: EconomicTimes:IndiaTimes, LiveMint, IndianExpress
Image: TheWeek.In – ShutterStock

တရုတ်စက်ရုံထုတ်ကုန်များ၏ ဈေးနှုန်း ၁၃ နှစ်အတွင်း အမြင့်ဆုံးသို့ရောက်ရှိ

တရုတ်နိုင်ငံတွင် Factory Gate Inflation ဟုခေါ်သည့် စက်ရုံမှ ထုတ်အပြီးကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် ၁၃ နှစ်အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိခဲ့ကြာင်း သိရသည်။
ဘေဂျင်းအစိုးရအနေဖြင့် ကုန်စည်ဈေးနှုန်းများကို ထိန်းညှိနိုင်ရန် ကြိုးစားနေသော်လည်း ကုန်ကြမ်းပစ္စည်းအသီးသီး ဈေးမြင့်နေမှုကြောင့် အောင်မြင်မှုမရရှိပဲ ဖိအားများသာ တိုးလာနေသည်။

ကုန်ထုတ်လုပ်သူများ၏ ဈေးနှုန်းအညွှန်းကိန်း (Producer Price Index – PPI) သည် ဩဂုတ်လတွင် ပြီးခဲ့သည့်နှစ်ထက် ၉.၅% တိုးလာသည်ဟု တရုတ်အမျိုးသားစာရင်းအင်းရုံး (National Bureau of Statistics – NBS) က ကြာသပတေးနေ့တွင်ထုတ်ပြန်ခဲ့သည်။
ရိုက်တာသတင်းဌာနကခန့်မှန်းထားခဲ့သည့် ၉% ခန့် တိုးမည်ဆိုသည်ထက်ပင် ပိုများနေသေးသည်ကို တွေ့ရသည်။
တရုတ်နိုင်ငံသည် ယမန်နှစ်က ကမ္ဘာတဝှမ်းကပ်ဘေးအားကောင်းနေစဉ်တွင် ယင်းတနိုင်ငံတည်း စီးပွားရေးအလျင်အမြန်တိုးတက်ခဲ့ပြီးနောက် ယခုနှစ်တွင် ကမ္ဘာတဝှမ်း ကုန်ကြမ်းထုတ်လုပ်မှုကျဆင်းခြင်း၏ အကျိုးဆက်ကို ခံစားနေရပြီဖြစ်သည်။
ထုတ်လုပ်မှု လျော့ကျလာခြင်းကြောင့် ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်လာခြင်း၊ တင်သွင်းကုန် ကုန်ကြမ်စးများ ဈေးတက်သည့်အပြင် ကုန်စည်စီးဆင်းမှု ကြန့်ကြာခြင်းနှင့် ကာဗွန်လျှော့ချရန်ဟူသော တရုတ်အမျိုးသားအဆင့်ရည်မှန်းချက် စသည်အကြောင်းရင်းများစွာဖြင့် စက်ရုံထုတ်ကုန်ချောပစ္စည်းများမှာ ဈေးနှုန်းကို ထိန်းချုပ်မရပဲ မြင့်တက်လာနေသည်။

မကြာသေးမီကာလကမြင့်တက်ခဲ့သော သံရိုင်း၊ ဂျုံ၊ ရွှေ၊ သဘဝဓါတ်ငွေ့စသည့် အခြေခံကုန်စည်ဈေးများကြောင့် တရုတ်စက်ရုံအငယ်စားနှင့် အလတ်စားများ ထိခိုက်နေသည်ဟု ဆိုသည်။
တရုတ်ပြည်တွင်း၌ မိမိကိုယ်ကိုယ်အားကိုးမည်ဟု ကြံရွယ်ထားသည့် ကျောက်မီးသွေးဈေးသည်ပင် အင်္ဂါနေ့က စံချိန်တင်ဈေးနှုန်းသို့ ရောက်ရှိခဲ့ကာ ကျောက်မီးသွေးအဓိကထုတ်လုပ်သည့်နေရာများသည် ဈေးနှုန်းသင့်တင့်သည့်အခြေအနေရောက်အောင် ပမာဏမည်မျှအထိ တိုးထုတ်နိုင်မည်ကို တွက်ချက်နေရသည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Business Times, South China Morning Post, Bloomberg
Image: The Economic Times: India Times