Economy

၂၀၂၁ အတွင်း တရုတ်သို့ ထိုင်းစားသောက်ကုန် ၅၀% တိုးချဲ့တင်ပို့နိုင်ခဲ့

ထိုင်းအေးခဲစားသောက်ကုန်အသင်းနှင့် ထိုင်းကုန်သည်ကြီးများအသင်းတို့၏ ဒုဥက္ကဌဖြစ်သူ ပေါ့ အာရမ်ဝပ်တာနာနွန် (Poj Aramwattananon) က ကုန်သွယ်ဖက်နိုင်ငံများတွင် ကပ်ဘေးဆိုင်ရာစည်းမျဉ်းနှင့် lockdowns များကို ပယ်ဖျက်ခဲ့ခြင်းက ထိုင်းစီးပွားရေးပြန်လည်တိုးတက်စေရန်အထောက်အကူပြုခဲ့ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းဘတ်ငွေတန်ဖိုးလျော့ကျခဲ့ခြင်းကလည်း ထိုင်းစားသောက်ကုန်များကို ပြည်ပဈေးကွက်တွင် ပိုမိုယှဉ်ပြိုင်စေနိုင်ခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် ထိုင်းစားသောက်ကုန်တင်ပို့မှုဈေးကွက်တွင် နံပါတ် ၁ အဖြစ် ရပ်တည်နေပြီး ယခင်နှစ်ကထက် တင်ပို့ကုန် ၅၀% တိုးတက်လာကာ ဘတ်ငွေတန်ဖိုး ၂၇၁.၆၇၄ ဘီလျံဖိုးအထိရှိခဲ့သည်။

ထိုင်းနိုင်ငံ၏ အဓိကတင်ပို့ကုန်များတွင် လတ်ဆတ်သော အသီးအနှံများပါဝင်နေပြီး တရုတ်ဈေးကွက်ပြီးလျှင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်တို့ အသီးသီးအစဉ်လိုက်ရပ်တည်နေကြပြီး ဒေသတွင်းနိုင်ငံများပြီးလျှင် အများဆုံးနောက်ထပ်တင်ပို့နိုင်သည်မှာ ဂျပန်ဖြစ်သည်ဟု သိရသည်။

သို့သော်လည်း ၂၀၂၂ တွင် ထိုင်းစားသောက်ကုန်ကဏ္ဍသည် ငွေကြေးဖေါင်းပွနှုန်းဒဏ်ကို ဖြတ်ကျော်နိုင်ရန် ကြိုးစားရဖွယ်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်များ ဈေးမြင့်လာမှု၊ လောင်စာဆီဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်လာခြင်းက ဝယ်လိုအားကို ကျဆင်းနေစေသည်။
၂၀၂၁ အတွင်း ကမ္ဘာ့ဈေးကွက်သို့ စုစုပေါင်းတင်ပို့နိုင်ခဲ့သည် ထိုင်းစားသောက်ကုန်တန်ဖိုးမှာ ဘတ်ငွေ ၁.၁၀၇ ထရီလျံ အထိရရှိခဲ့ပြီး ၁၁.၈% တိုးတက်ခဲ့သည်ဟု ထိုင်းစားသောက်ကုန်လုပ်ငန်းအသင်း ဥက္ကဌ မစ္စတာ ဗစ်စစ်လင်လာရှာ (Visit Limlurcha) က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် ၂၀၂၁ အတွင်း အမေရိကန်၊ အာဖရိက၊ ဗြိတိန်၊ ပင်လယ်တွင်းရှိကျွန်းနိုင်ငံအချို့တို့မှလွဲ၍ ကမ္ဘာ့စားသောက်ကုန်ဈေးကွက်အသီးသီးသို့ ဈေးကွက်တိုးချဲ့နိုင်ခဲ့သည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Asia News, Bangkok Post, Thailand International Chamber of Commerce
Image: The Loadstar

ဘဏ်တိုးနှုန်းထပ်မြှင့်ပြီး တောင်ကိုးရီးယားငွေဖေါင်းပွနှုန်း ကပ်ဘေးမတိုင်မီအခြေအနေပြန်ရောက်

တောင်ကိုးရီးယားဗဟိုဘဏ်သည့် ပြီးခဲ့သည့် နွေရာသီ (ဩဂုတ်) နောက်ပိုင်း တတိယအကြိမ်အဖြစ် ဘဏ်တိုးနှုန်းကို ထပ်မံတိုးမြှင့်လိုက်ကြောင်း သောကြာနေ့က ကြေညာခဲ့သည်။
ဗဟိုဘဏ်ဘုတ်အဖွဲ့က အတိုးနှုန်းအား ဝ.၂၅% ထပ်မံမြှင့်လိုက်၍ တောင်ကိုးရီးယား၏ ဘဏ်တိုးနှုန်းသည် ၁.၂၅% သို့ရောက်ရှိခဲ့သည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းက တောင်ကိုးရီးယားသည် အာရှအတွင်း ပထမဆုံး ဘဏ်တိုးနှုန်းပြန်လည်တိုးမြှင့်ခဲ့သည် နိုင်ငံဖြစ်သည်။
နိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်းသည်လည်း ၂.၅% သို့ရောက်ရှိခဲ့ပြီး ဗဟိုဘဏ်တာဝန်ရှိသူများက ငွေကြေးဖေါင်းပွနှုန်းသည် ၃% ပတ်ချာလည်၌ အချိန်အတော်ကြာရှိနေဦးမည်ဟု ဆိုသည်။

တောင်ကိုးရီးယားအစိုးရသည် ကပ်ဘေးအတွင်းရုန်းကန်နေရသည့် နိုင်ငံ့စီးပွားရေးကို ဘဏ္ဍာရေးအရ အထောက်အကူပြုနိုင်ရန် ဘတ်ဂျက်အပိုသုံးစွဲရေးအား ပြင်ဆင်ထားသည်ဟု သိရသည်။
ဘဏ်တိုးနှုန်းဆုံးဖြတ်ချက်ကို ကြည့်ခြင်းဖြင့် ဗဟိုဘဏ်သည် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်၏ သက်ရောက်မှုကို မြင်တွေ့ခဲ့ပြီးဖြစ်သည်ဟု ရှင်းယောင် (Shinyoung Securities) မှ ချိုယောင်းဂူ က ပြောကြားခဲ့သည်။
ဘဏ္ဍာရေးအခြေအနေမထိန်းသိမ်းနိုင်မှုများကို အပြည့်အဝဖြေရှင်းနိုင်ရန်လိုအပ်ဆဲဖြစ်ပြီး အစိုးရအနေဖြင့် အချိန်ကိုက်ရှေ့ဆက်လှုပ်ရှားရန်မှာ အဓိကဖြစ်နေသည်ဟု ချိုက ဆိုသည်။

တောင်ကိုးရီးယားဘဏ္ဍာရေးဝန်ကြီး ဟောင် နမ်ကီ (Hong Nam-Ki) က နိုင်ငံခြားငွေလဲလှယ်မှုများကို အနီးကပ်စောင့်ကြည့်ရန် အာဏာပိုင်များအား တနင်္လာနေ့ကညွှန်ကြားခဲ့သည်။
နိုင်ငံ၏ ငွေကြေးတန်ဖိုးမှာ ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ၂၀၂၀ ဇူလိုင်လနောက်ပိုင်း အနည်းဆုံးသို့ကျဆင်းခဲ့အပြီး အဆိုပါညွှန်ကြားချက်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။
သို့သော်လည်း ဗဟိုဘဏ်သည် နိုင်ငံ၏ စီးပွားရေးတိုးတက်နှုန်းအား ၃% ရှိမည်ဟု ခန့်မှန်းထားဆဲဖြစ်သည်။

တောင်းကိုးရီးယားသည် ငွေကြေးဖေါင်းပွနှုန်း ကပ်ဘေးမတိုင်မီအခြေအနေသို့ ၂% – ၃% ဝန်းကျင်ဖြင့် ပြန်လည်ရောက်ရှိသည်မှန်သော်လည်း အမေရိကန်ပြည်ထောင်စုတွင် နှစ် ၄၀ အတွင်း ကုန်စည်ဈေးနှုန်းများအမြင့်ဆုံးဖြစ်နေကာ ပြီးခဲ့သည့် ဒီဇင်ဘာတွင် ငွေကြေးဖေါင်းပွနှုန်း ၇% သို့ ရောက်ရှိနေပြီဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Taipei Times, BBC Business, CNBC Business
Image: Coindesk

၂၀၂၂ တွင် ကမ္ဘာ့စီးပွားရေးတန်ဖိုး ပထမဆုံးအကြိမ် ဒေါ်လာ ၁၀၀ ထရီလျံရောက်ရှိ

လာမည့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာပေါ်ရှိနိုင်ငံအားလုံး၏ စီးပွားရေးထုတ်လုပ်နိုင်စွမ်းအားသည် ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာ ၁၀၀ ထရီလျံကျော်သို့ရောက်ရှိမည်ဟု ဗြိတိန်အခြေစိုက် စီးပွားရေးအကြံပေးလုပ်ငန်း Centre for Economics and Business Research က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
ကပ်ဘေးအပြီးပြန်လည်တိုးတက်လာမည့် စီးပွားရေးတွင် ဗြိတိန်သည် ကောင်းမွန်သည့်လမ်းကြောင်းပေါ်သို့ နေရာယူနိုင်မည်ဖြစ်ပြီး ပြင်သစ်နိုင်ငံထက် ပိုမိုတိုးတက်မည်ဟုဆိုသည်။
အမေရိကန်စီးပွားရေးကိုဖြတ်ကျော်ရန် ကြိုးစားနေသည့် တရုတ်နိုင်ငံအတွက်မူ မူလခန့်မှန်းထားသည်ထက် အနည်းငယ်ပိုကြာနိုင်သည်ဟုဆိုထားပြီး ၂၀၃၀ ရောက်မှသာ ကမ္ဘာ့အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်ရောက်ရှိမည်ဟု အဆိုပါ Report တွင်ဖေါ်ပြခဲ့သည်။

စီပွားရေးပြန်လည်တိုးတက်လာမှုနှင့်အတူ ငွေကြေးဖေါင်းပွမှုပါ ယှဉ်တွဲပါလာနိုင်ပြီး ကမ္ဘာ့နိုင်ငံများအနေဖြင့် Recession ကို ထပ်မံဖြေရှင်းရမည်ဖြစ်သည်။
အိန္ဒိယသည် ပြင်သစ်စီးပွားရေးကို ၂၀၂၃ တွင် ကျော်ဖြတ်သွားနိုင်မည်ဟု CEBR က ဖေါ်ပြထားပြီး အိန္ဒိယသည် ကမ္ဘာ့စီးပွားရေးအဆင့် ၆ သို့ ရောက်ရှိလာမည်ဖြစ်သည်။

ဂျာမဏီနိုင်ငံသည် ဂျပန်၏စီးပွားရေးအင်အားကို ၂၀၃၃ တွင်ကျော်တက်သွားမည်ဟုလည်း ယင်းထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။
အခြားထူးခြားချက်အနေဖြင့် အရှေ့တောင်အာရှမှ အင်ဒိုနီးရှားနိုင်ငံသည် ၂၀၃၄ တွင် ကမ္ဘာ့စီးပွားရေးအဆင့် ၉ သို့ ရောက်ရှိလာမည်ဟု ဖေါ်ပြပါရှိပြီး ရုရှားသည်လည်း ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းသို့ ၂၀၃၆ တွင် ရောက်ရှိမည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, CEBR, The Times UK
Image: ALBERTO PEZZALI/AP

သမ္မတ၏ဘဏ်တိုးနှုန်းပြောစကားအပြီး တူရကီငွေတန်ဖိုး ၁ ရက်ထဲ ၁၅% ထိုးကျ

တူရကီ သမ္မတ အာဒိုဂန်က စက်တင်ဘာအတွင်းကဆုံးဖြတ်ခဲ့သော တူရကီဘဏ်တိုးနှုန်း ၁၉% မှ ၁၅% အထိ သိသိသာသာလျှော့ချခဲ့မှုကို ကာကွယ်ပြောကြားခဲ့မှုအပြီး နောက်တရက် အင်္ဂါနေ့ ၁ ရက်ထဲတွင် တူရကီငွေကြေး လီရာ၏ တန်ဖိုး ၁၅% ထိုးဆင်းခဲ့သည်။
ယခုအချိန်တွင် တူရကီငွေကြေးမှာ ၁၁ ရက်ဆက်တိုက် တန်ဖိုးကျဆင်းနေပြီး အမေရိကန် ၁ ဒေါ်လာလျှင် တူရကီ ၁၃ လီယာနှုန်းအထိ ဖြစ်လာခဲ့သည်။
၂၀၂၁ အတွင်း တူရကီငွေကြေး၏ တန်ဖိုးကျဆင်းမှုမှာ စုစုပေါင်း ၄၅% အထိ ဖြစ်လာခဲ့သည်။

သမ္မတအာဒိုဂန်သည် အတိုးနှုန်းမြှင့်လိုက်ခြင်းက ငွေကြေးဖေါင်းပွမှုနှုန်းများကို လျော့ကျစေမည်မဟုတ်ဆိုသည်ကို လွန်ခဲ့သောနှစ်များစွာကတည်းက အကြိမ်ကြိမ်ပြောဆိုခဲ့ဖူးပြီး ယခုအပတ် တနင်္လာနေ့ကမူ သူ၏မူဝါဒအတိုင်း ဆက်လက်ရပ်တည်ရန် ဆုံးဖြတ်ခဲ့သည်။
အစိုးရအဖွဲ့တွေ့ဆုံပွဲတွင် သမ္မတက “ကျွန်တော့်အနေနဲ့ နိုင်ငံရဲ့ စီးပွားရေးကိုကျုံ့သွားအောင်၊ အားနည်းစေအောင်၊ ကျွန်တော်တို့နိုင်ငံသားတွေ အလုပ်လက်မဲ့ဖြစ်ကုန်အောင်၊ ငတ်လာအောင်၊ ဆင်းရဲလာအောင်လုပ်မယ့် မူဝါဒတွေကို ငြင်းပယ်ပါတယ်” ဟု ပြောကြားခဲ့သည်။
သမ္မတသည် ဘဏ်တိုးနှုန်းများအား “ရန်သူတော်များ” အဖြစ် သတ်မှတ်နေသည်မှာ ကာလကြာရှည်နေပြီဖြစ်ပြီး တူရကီ ဗဟိုဘဏ်ကိုလည်း လွတ်လပ်စွာလုပ်ကိုင်ခွင့်မပေးဘဲ ၂ နှစ်အတွင်း ဘဏ်ဥက္ကဌ ၃ ယောက်အထိ အလုပ်ဖြုတ်ပြောင်းလဲခဲ့သည်။

သမ္မတအာဒိုဂန်က ဘဏ်တိုးနှုန်းမြှင့်ခြင်းကြောင့် ငွေကြေးဖေါင်းပွနှုန်းမြင့်တက်လာစေသည်ဟု ယုံကြည်သကဲ့သို့ တဖက်တွင်လည်း ကုန်ဈေးနှုန်းမြင့်တက်လာခြင်းကို တိုက်ဖျက်ရန်မှာ ငွေကြေးများအား ပိုမိုတန်ဖိုးလျော့ကျစေမှဖြစ်မည်ဟု ယုံကြည်နေကြောင်း ဘီဘီစီမှ သုံးသပ်သူ Theo Leggett က ရေးသားခဲ့သည်။
ထိုကဲ့သို့ မဆီလျော်သော ဝိရောဒိ ဒွိဟမူဝါဒများကြောင့်ပင် တူရကီ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာလျက်ရှိသည်။

တူရကီဗဟိုဘဏ်၏ လွတ်လပ်စွာစီမံခန့်ခွဲခွင့် ဆုံးရှုံးနေမှုများကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စိုးရိမ်မှုများ တိုးလာလျက်ရှိသည်ဟု ဆိုသည်။
အောက်တိုဘာလတွင် သမ္မတအမိန့်ကြောင့် အလုပ်ထွက်ခဲ့ရသည့် တူရကီဗဟိုဘဏ် ဒုဥက္ကဌဖြစ်သူ Semih Tumen က သမ္မတ၏ ဆုံးဖြတ်ချက်များကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
သူက တွစ်တာတွင် “ကျွန်တော်တို့အနေနဲ့ အောင်မြင်ဖို့ အခွင့်အရေးလုံးဝမရှိတဲ့ မဆီလျော်တဲ့ စမ်းသပ်ချက်တွေကို စွန့်လွှတ်ရပါမယ်။ တူရကီ လီရာရဲ့ တန်ဖိုးတွေကို ကာကွယ်ပေးနိုင်မယ့် အရည်အသွေးရှိတဲ့ မူဝါဒတွေကို ပြန်လည် ဆောင်ရွက်ရပါမယ်။ တူရကီသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ရပါမယ်” ဟု ရေးသားခဲ့သည်။

Bluebay Asset Management မှ ဈေးကွက်မဟာဗျူဟာပိုင်းဆိုင်ရာပညာရှင် Tim Ash က “လီရာငွေကြေး ကမောက်ကမဖြစ်နေတာဟုတ်ပါတယ်။ ဒါပေမယ့် ဒါက တူရကီမှာ လက်ရှိကျင့်သုံးနေတဲ့ ရူးနှမ်းတဲ့ ငွေကြေးဆိုင်ရာမူဝါဒတွေကြောင့် ဖြစ်လာတာပါ” ဟု ပြောကြားခဲ့သည်။
ယခုအချိန်တွင် ငွေတန်ဖိုးထိုးကျနေသော်လည်း ၂၀၁၇ နှစ်လယ်အထိ အမေရိကန်ဒေါ်လာနှင့် ယှဉ်လျှင် ကန် ၁ ဒေါ်လာတွင် တူရကီ ၃.၅ လီရာ သာ ရှိခဲ့သည်။
လက်ရှိတူရကီတွင် ငွေကြေးဖေါင်းပွနှုန်း ၂၀% အထိ ရှိနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, CNBC Business, Al Jazeera
Image: The Guardian

US နှင့် အောက်တိုဘာလကုန်သွယ်မှုတွင် တရုတ် ပိုငွေ ဒေါ်လာ ၄၀.၇၅ ဘီလျံရရှိ

၂၀၂၁ အောက်တိုဘာလတွင် အမေရိကန်ပြည်ထောင်စုနှင့်ကုန်သွယ်မှု၌ တရုတ်သည် သွင်းကုန်ထက် တင်ပို့ကုန်များကို သိသိသာသာ ကျော်လွန်ပို့ဆောင်နိုင်ခဲ့ပြီး ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၄၀.၇၅ ဘီလျံရရှိခဲ့သည်။
အဆိုပါအချက်အလက်များကို အခွန်ဌာနက တနင်္ဂနွေနေ့ (ယနေ့) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
စက်တင်ဘာလကမူ ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၄၂ ဘီလျံအထိ ရရှိခဲ့ပြီး အောက်တိုဘာတွင် အနည်းငယ်ကျဆင်းခဲ့သော်လည်း အားကောင်းနေဆဲဖြစ်မှုကို ပြသနေသည်။
နှစ်ကုန်ရန် ၂ လ လိုသေးသည့်တိုင် ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ တင်ပို့ကုန်တိုးတက်မှုအရပ်ရပ်မှ ကုန်သွယ်မှုပိုငွေစုစုပေါင်း ဒေါ်လာ ၃၀၀.၂ ဘီလျံ အထိ ရှိလာနေပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်ကထက် ၂၇.၁% တိုးတက်ခဲ့သည်ဟု တရုတ်အခွန်ဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာနှင့် အောက်တိုဘာတွင် တရုတ်နိုင်ငံအတွင်း ဓါတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး ကျောက်မီးသွေးလောင်စာ၊ ဒီဇယ်ဆီပြတ်လပ်မှုပြဿနာများပါ ဖြစ်ပွားခဲ့သေးသည်။
စွမ်းအင်ဆိုင်ရာပြဿနာများက တရုတ်ကုန်ထုတ်လုပ်မှုကို အကြီးအကျယ် အဟန့်အတားဖြစ်စေခဲ့သည်။
ကမ္ဘာတဝှမ်းကုန်စည်စီးဆင်းရာ သင်္ဘောလိုင်းများနှင့် ကုန်သေတ္တာမလောက်ငမှုများပါ ဖြစ်ပေါ်ခဲ့သည့်အတွက် တရုတ်တင်ပို့ကုန်အခြေအနေမှာ စိုးရိမ်စရာဖြစ်ခဲ့သည်။

တရုတ်၏ ကုန်သွယ်မှုပိုငွေပြသနိုင်ခဲ့ခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ အကူအညီများလည်း ပါဝင်ခဲ့သည်။
အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ကတ်သရင်း တိုင် (Katherine Tai) က တရုတ်မှတင်သွင်းသော ကုန်စည်အချို့ကို အခွန်ကင်းလွတ်ခွင့်ရရှိစေရန် ဆောင်ရွက်ပေးခဲ့သည်။
သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက်က ၂ နိုင်ငံသဘောတူထားသည့် အမေရိကန်မှ ကုန်စည်များကို ဘီလျံရာနှင့်ချီဝယ်ယူရမည့် တရုတ်၏ ကတိကဝတ်များမှ ပမာဏပြည့်မီရန် ပျက်ကွက်နေဆဲဖြစ်သည်ဟု သိရသည်။

တရုတ်ခေါင်းဆောင်များသည် နိုင်ငံအတွင်း စွမ်းအင်ကဏ္ဍအတွက် အာရုံစိုက်ဖြေရှင်းနေသော်လည်း ကြွေးမြီနွံတွင်း နစ်နေသော အိမ်ခြံမြေလုပ်ငန်းကြီးများအား ဆက်လက်ဖိနှိပ်ထားဆဲဖြစ်သည်။
ကပ်ဘေးအတွင်း တရုတ်နိုင်ငံတွင် ကုန်စည်ဈေးနှုန်းများတိုးမြင့်လာသည့်အလျောက် ထုတ်လုပ်ရေးလုပ်ငန်းများ ကြိုးစားရပ်တည်နေနိုင်သော်လည်း အိမ်ခြံမြေဈေးကွက်မှာ ပိုမိုနှေးကွေးလာသည်။
ကုန်သွယ်မှုပိုငွေပြသည့် လများ ဆက်တိုက်ဖြစ်နေသော်လည်း တရုတ်အစိုးရက အခြားစီးပွားရေးကဏ္ဍများကို စည်းမျဉ်းများ ဖြေလျှော့ပေးမည့်လက္ခဏာကို မမြင်တွေ့ရသေးချေ။

ဥရောပသမဂ္ဂ EU နှင့် ကုန်သွယ်ရာတွင် အောက်တိုဘာလအတွက် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂၅.၉ ဘီလျံအထိရှိခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, US News
Image: (Xinhua/Guangzhou Port Authority)

ကပ်ဘေးအပြီးစီးပွားရေးနာလန်ထူရန် မလေးရှား စံချိန်တင်ဘတ်ဂျက်ထုတ်ပြန်

မလေးရှားအစိုးရသည် ကပ်ဘေးအပြီး နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာရန် အသုံးပြုမည့်စရိတ်အား မလေးရှားရင်းဂစ် ၃၃၂.၁ ဘီလျံ ပမာဏဟု သောကြာနေ့က ထုတ်ပြန်ခဲ့သည်။
မလေးအစိုးရအသုံးပြုမည့် အသုံးစရိတ်သည့် ယခင်နှစ်ကထက် ၃% ပိုမိုများပြားခဲ့ပြီး လာမည့်နှစ်အတွက် ဘတ်ဂျတ်လိုငွေပြမှုကိုလည်း ၆% အထိ လျှော့ချနိုင်ရန် မျှော်လင့်ထားသည်။

နယူးအယောက်အခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Moody’s Analytics က မလေးရှားနိုင်ငံ၏ ၂၀၂၂ အတွက် စီးပွားရေးတိုးတက်မှုနှုန်း GDP အား ၃.၄% ဟု ခန့်မှန်းထားကြောင်းကိုလည်း ထုတ်ပြန်ခဲ့သည်။
ပြည်တွင်းနှင့် နိုင်ငံတကာလေကြောင်းများ ပျံသန်းမှု ပြန်လည်ရရှိလာခြင်းနှင့် ကုန်စည်ဈေးများမြင့်တက်လာခြင်းက ကပ်ဘေးအတွင်း ထိခိုက်ခဲ့သော နိုင်ငံ့စီးပွားရေးကို ပြန်လည်မြှင့်တင်ရာတွင် အကူအညီဖြစ်မည်ဟု ဆိုသည်။
ယခုဘတ်ဂျတ်ကို မလေးရှားလွှတ်တော်မှခွင့်ပြုချက်ရရှိရေးသည် ဝန်ကြီးချုပ် ဒါတွဒ် ဆရီ အစ္စမေးလ် (Datuk Seri Ismail Sabri) အတွက် ဦးစားပေးမူဝါဒဖြစ်လာနိုင်သည်။
သို့သော်လည်းဝန်ကြီးချုပ်၏ အကြံအကောင်အထည်ပေါ်လာရန် လွှတ်တော်အတွင်း မဲအသားစီရနိုင်မှုမှာ ခပ်ပါးပါးသာရှိနေသည်ဟု သိရသည်။

စံချိန်တင် အစိုးရဘတ်ဂျက်ကိုအသုံးပြု၍ နိုင်ငံ့စီးပွားရေးကို ထူထောင်လိုက်ခြင်းကြောင့် အစိုးရ၏အကြွေးနှင့်စီးပွားတိုးတက်မှုနှုန်းအချိုး Debt-to-GDP Ratio မှ ၅% မှ ၆% ကြား ရှိလာမည်ဖြစ်သည်။
မလေးရှားဘဏ္ဍာရေးဝန်ကြီး ဇာဖရူ အဗ္ဗဒူလ် အာဇစ် (Zafrul Abdul Aziz) ကမူ ၂၀၂၂ ဘတ်ဂျက်ကြောင့် Recovery, Resilency, Reforms – စီးပွားရေးနာလန်ထူရန်၊ ကြံ့ကြံ့ခံနိုင်ရန်နှင့် အပြောင်းအလဲအရွေ့သစ်ဟူသော မဏ္ဍိုင် (၃) ရပ်ကို လုပ်ဆောင်သွားမည်ဟု ကြေညာခဲ့သည်။
စံချိန်တင်ဘတ်ဂျက်၊ အခြေခံကုန်စည်နှင့် လောင်စာ၊ တွင်းထွက်၊ စားသုံးကုန်းများဈေးမြင့်တက်လာမှု၊ အခြေခံအဆောက်အဦများ ထပ်မံတိုးချဲ့ခြင်းတို့ကြောင့် မလေးရှားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း GDP မှာ ၅.၅% မှ ၆.၅% အထိ တိုးတက်မည်ဟုသာ ခန့်မှန်းထားကြောင်း သောကြာနေ့က ပြောကြားခဲ့သည်။
သို့သော်လည်းသူသည် ယခုနှစ်တိုးတက်မှုနှုန်းအား ၃% မှ ၄% သာရှိမည့်ဆိုသည့် တွက်ချက်ထားမှုများအား အတည်ပြုလက်ခံခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Malay Mail, Bloomberg Business, Business Times Sg, Bloomberg Quint
Image: Lux Review

စတုတ္ထ ၃ လပတ်တွင်လည်း တရုတ်စီးပွားရေးဆက်လက်ကျဆင်းနိုင်

ကပ်ဘေးစတင်ဖြစ်ပွားသည့်အချိန်တွင် တရုတ်နိုင်ငံသည်လည်း စီးပွားရေးတိုးတက်မှု -၆.၈% အထိကျဆင်းခဲ့သော်လည်း ၂၀၂၀ ဒုတိယ ၃ လပတ်မှစတင်၍ ပြန်လည်တိုးတက်လာခဲ့သည်မှာ ၃ လပတ်ကာလ ၆ ကြိမ်ဆက်တိုက်ရှိပြီဖြစ်သည်။
ယခုနှစ် ၂၀၂၁ ပထမ ၃ လပတ်တွင် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် စီးပွားရေးတိုးတက်မှု ၁၈.၃% အထိ ရှိခဲ့သည်။
နောက်ပိုင်းတွင်မူ ကပ်ဘေးနောက်ဆက်တွဲဖြစ်ရပ်များကြောင့် ကမ္ဘာတဝှမ်းကုန်စည်လမ်းကြောင်းအခက်အခဲများနှင့် တရုတ်အစိုးရ၏ စီမံခန့်ခွဲမှုအချို့ကြောင့် တိုးတက်မှု ကျဆင်းစပြုလာခဲ့သည်။
တရုတ်အနေနှင့် အချက် ၃ ချက်ကြောင့် စီးပွားရေးပိုမိုကျဆင်းလာနိုင်သည်ဟု ကာတာသတင်းစာတခုက ထုတ်ပြန်ခဲ့သည်။

ပထမအချက်မှာ တရုတ်နိုင်ငံသည် ကပ်ဘေးအတွင်း နိုင်ငံတွင်းရှိလုပ်ငန်းများအား စီးပွားရေးထိခိုက်မှုများမှ ကာကွယ်ရန်နှင့် သက်သာစေရန် ထောက်ပံ့ပေးသောအစီအစဉ်များကို ၂၀၂၀ နှောင်းပိုင်းတွင်ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး ယင်းကပင် ၂၀၂၁ တွင် ပြည်တွင်းဈေးကွက်ကို ဆိုးကျိုးများ စတင်သက်ရောက်ခဲ့သည်။
ကပ်ဘေးအတွင်း လုပ်ငန်းများ နာလန်ထူရန် ခက်ခဲနေသည့်ကြားထဲတွင် တရုတ်ခေါင်းဆောင်များသည် နိုင်ငံအတွင်းရှိ ဒစ်ဂျစ်တယ်၊ နည်းပညာလုပ်ငန်းကြီးများကို ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့သည်။
ဖုန်း၊ ဆော့ဝဲ၊ အင်တာနက်နည်းပညာကုမ္ပဏီကြီးများနှင့် အမေရိကန်ပြည်ထောင်စုရှိ စတော့အိတ်ချိန်းသို့ သွားရောက်စာရင်းတင်ခဲ့သော လုပ်ငန်းကြီးများအား လုံခြုံရေးအကြောင်းပြချက်များဖြင့် ဖိနှိပ်ခြင်း၊ တင်းကြပ်မှုများပြုလုပ်ခြင်းတို့ ရှိခဲ့သည်။

ဒုတိယအချက်မှာ နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းကြီးများအား ကန့်သတ်မှုအမျိုးမျိုးပြုလုပ်လာသည့် ကာလရှည်ကြာလာသောကြောင့် အိမ်ခြံမြေလုပ်ငန်းများအနေဖြင့် စည်းမျဉ်းများအကြား အရောင်းအဝယ်ကြပ်တည်းမှုမှသည် ကြွေးမြီများထူထပ်လာခဲ့သည်။
အစိုးရ၏ဝင်ရောက်စွက်ဖက်မှုများကြောင့် တရုတ်ပြည်တွင်းရှိကမ္ဘာ့အဆင့် လုပ်ငန်းကြီးများအား နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုအသစ်များ ရရှိရန် ခက်ခဲလာသလို ရှိပြီးသား ငွေအလုံးအရင်းများလည်း ထွက်သွားမှုမျိုးများ ကြုံလာရသည်။
လက်ရှိတွင် တရုတ်အိမ်ခြံမြေလုပ်ငန်းကြီးများသည် လုပ်ငန်းရှယ်ယာများကို တသီးပုဂ္ဂလမဟုတ်ပဲ လုပ်ငန်းအဖွဲ့အစည်းကြီးများသို့ရောင်းချ၍ ငွေရင်းရှာရာ၌ ပိုမိုခက်ခဲလာသည်။

တတိယအချက်မှာ တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏတိုးတက်ခြင်းနှင့် ဆက်စပ်နေသော ထုတ်လုပ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ကုန်ကြမ်းဈေးမြင့်မှု စသည်တို့နှင့် စွမ်းအင်အခက်အခဲ ရုတ်တရက် ထိုးတက်လာခြင်းတို့ဖြစ်သည်။
လျှပ်စစ်ဓါတ်အားပြတ်တောက်ခြင်း၊ ကျောက်မီးသွေးလောင်စာဈေးနှုန်းမြင့်တက်လာခြင်းနှင့် လိုအပ်ချက်အတိုင်း ထုတ်လုပ်မှုနှင့် တင်သွင်းခြင်းပမာဏတို့က အမီမလိုက်နိုင်ခြင်း၊ သဘာဝဓါတ်ငွေ့လောင်စာနှင့် ဓါတ်ဆီ၊ ဒီဇယ်များ ဈေးနှုန်းမြင့်လာသည့်အပြင် ပြတ်လပ်ခြင်းတို့က ကုန်ထုတ်လုပ်ရေးပိုင်းအား ကျဆင်းစေသလို ကုန်စည်စီးဆင်းရာလမ်းတလျှောက်လည်း နှောင့်နှေးခြင်းကို ဖြစ်လာစေသည်။
တရုတ်အစိုးရသည် စည်းမျဉ်းများကို ဖြေလျှော့ခြင်းအား ယခုမှသာ လောင်စာဆီကဏ္ဍအမျိုးမျိုးအတွက် စတင်ဆောင်ရွက်လာခဲ့သည်။
အပေါ်တွင် ဖေါ်ပြထားခဲ့သည့် ကဏ္ဍများကို ပံ့ပိုးခြင်း၊ ဖြေလျှော့ခြင်းများ ပြုလုပ်ခြင်းလည်း မရှိသေးချေ။
စွမ်းအင်နှင့် လောင်စာဆီအခက်အခဲမှာ တရုတ်တနိုင်ငံထဲ ရင်ဆိုင်နေရသည်မဟုတ်သည့် အတွက် ကမ္ဘာတဝှမ်းပြဿနာသည် ကာလတိုအတွင်းပြေလည်ဖွယ်မရှိသောကြောင့် တရုတ်နိုင်ငံ၏ ၂၀၂၁ စတုတ္ထ ၃ လပတ် ပို့ကုန်အခြေအနေမှာ ကမောက်ကမဖြစ်နေဦးမည်ဟု ခန့်မှန်းထားကြသည်။

တိုကျိုအခြေစိုက် ဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်း Nomura – နိုမူရာမှ စီးပွားရေးပညာရှင်အကြီးအကဲ Ting Lu က တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းပြ GDP သည် ကာဗွန်လျှော့ချရေးရည်မှန်းချက်များကြောင့် မူလခန့်မှန်းထားသည်ထက် ကျဆင်းဦးမည်ဟု ပြောကြားထားဖူးသည်။
၂၀၂၁ အတွက်သူ၏ မူလခန့်မှန်းချက်ဖြစ်သော ၈.၂% တိုးတက်မှုအား ၇.၇% သာ ရှိနိုင်သည်ဟု ပြင်ဆင်သတ်မှတ်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Peninsula Qartar, CNBC Business, TeleTrade, Bloomberg, CNN Business

စွမ်းအင်ပြတ်တောက်မှုကြောင့် တရုတ်ထုတ် အလူမီနီယံဈေးနှုန်း ၁၃နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

လက်ရှိ ကမ္ဘာပေါ်တွင် တရုတ်သည် အလူမီနံယံ သတ္တုကို အများဆုံး ထုတ်လုပ်ပေးနေသော နိုင်ငံဖြစ်ပြီး လတ်တလောဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံတွင်း လျှပ်စစ်ဓါတ်အား ပြတ်တောက်မှု ပြဿနာကြောင့် အလူမီနီယံ ထုတ်လုပ်မှုဈေးနှုန်းများလည်း မြင့်တက်လာခဲ့တော့သည်။

တရုတ်အစိုးရသည် လာမည့် ၂၀၃၀ ခုနှစ်တွင် နိုင်ငံတွင်း ကာဗွန်ထုတ်လွှတ်မှုကို လျှော့ချနိုင်ရန် ကြိုးပမ်းလျက်ရှိရာ နိုင်ငံတွင်းရှိ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံများမှာ ယခုအချိန်အထိ အခက်အခဲဖြစ်လျက်ရှိပြီး စွမ်းအင် ပြဿနာသည် တရုတ်တွင် ဆက်လက်ဖြစ်ပွားနေဦးမည့် အခြေအနေရှိသည်။

အလူမီနီယံ ထုတ်လုပ်ရေးသည် စွမ်းအင်သုံးစွဲမှု မြင့်မားသော လုပ်ငန်းဖြစ်ရာ ယခုကဲ့သို့ တရုတ်မှ အလူမီနီယံ ထုတ်လုပ်မှု ကျဆင်းပြီး ဈေးနှုန်းမြင့်တက်လာမှုဒဏ်ကို ကမ္ဘာတစ်ဝှမ်းရှိ တရုတ် အလူမီနီယံ အပေါ် မှီခိုနေရသည့် စက်ရုံအလုပ်ရုံများနှင့် ကုန်ထုတ်လုပ်ငန်းများ အားလုံး ခံစားနေရရပြီ ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာတွင် စတင်ဖြစ်ပွားခဲ့သည့် တရုတ်နိုင်ငံတွင်း စွမ်းအင်မလုံလောက်မှုကြောင့် စက်ရုံအလုပ်ရုံများသည် လျှပ်စစ်ဓါတ်အားကို အလှည့်ကျ ခွဲဝေသုံးစွဲခဲ့ရသဖြင့် အလူမီနီယံ ထုတ်လုပ်မှုသည် တန်ချိန် ၂.၃ သန်းခန့် လျှော့ကျခဲ့ကြောင်း သိရသည်။

ဈေးနှုန်းအားဖြင့်မူ ပုံမှန်အချိန်၌ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၅၀၀ မှ ၂၀၀၀ ကြားသာ ရှိသော အလူမီနီယံဈေးနှုန်းသည် ယခုအခါ တစ်တန်လျှင် ဒေါ်လာ ၃၀၀၀ ပတ်ဝန်းကျင်ဖြစ်လျက်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမြင့်ဆုံး ဈေးနှုန်းဖြစ်သည်။

သံသတ္တုထုတ်လုပ်ရေးကဏ္ဍမှ စီးပွားရေး ပညာရှင်များကတော့ အလူမီနီယံ ထုတ်လုပ်မှုသည့် လာမည့် လများအတွင်း ပြန်လည် အားကောင်းနိုင်ဖွယ်မရှိကြောင်း သုံးသပ်ထားကြပြီး အကြောင်းအရင်းမှာ စွမ်းအင်မလုံလောက်မှုအပြင် တရုတ်အစိုးရ၏ ၂၀၃၀ခုနှစ်အမီ ကာဗွန်ထိန်းချုပ်ရေး ပေါ်လစီကြောင့်လည်း ဖြစ်သည်။

တရုတ်အစိုးရသည် ပြီးခဲ့သည့် အင်္ဂါနေ့က ၎င်းတို့၏ ၂၀၃၀ခုနှစ်အမီ ကာဗွန်ထိန်းချုပ်ရေး ရည်မှန်းချက်ကို ပြည့်မီရန် လုပ်ဆောင်သွားမည့် ပေါ်လစီများကို လူထုသို့ ကြေငြာသွားခဲ့ပြီး အဆိုပါ ကြေငြာချက်အရ တရုတ်အစိုးရသည် စွမ်းအင်သုံးစွဲမှုမြင့်မားသော သံ၊ သတ္တု ထုတ်လုပ်ရေးများကို ထုတ်လုပ်မှု ရာခိုင်နှုန်း လျှော့ချသွားဖွယ် ရှိသည်။

အချက်အလက်များအရ သံမဏိ တစ်တန် ထုတ်လုပ်ရန်အတွက် တစ်နာရီလျှင် ဓါတ်အား ၄မဂ္ဂါဝပ်ခန့် သုံးစွဲရပြီး အလူမီနီယံ တစ်တန်ထုတ်လုပ်ရန်အတွက်မူ တစ်နာရီလျှင် ဓါတ်အား ၁၆မှ ၁၇ မဂ္ဂါဝပ်အကြား သုံးစွဲရကာ ဓါတ်အား သုံးစွဲမှု အမြင့်ဆုံးမှာ မဂ္ဂနီဆီယမ်ထုတ်လုပ်မှုဖြစ်ပြီး တစ်နာရီလျှင် ဓါတ်အား ၃၅ မှ ၄၀ မဂ္ဂါဝပ် သုံးစွဲကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: Caixin Global

အမေရိကန်၏ အရေးယူမှုကြောင့် အီသီယိုးပီးယား အထည်ချုပ်လုပ်ငန်းများ အထိနာဖွယ်ရှိ

ဖင်နိုတဲဆယ်လန် နာဂူဆီ (Finoteselam Nigussie) သည် ဖက်ရှင်ခြုံထည် ပဝါများ ထုတ်လုပ်သည့် စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အထည်ချုပ်သမ တစ်ဦးဖြစ်ပြီး ၎င်းတို့၏ အထည်ချုပ်စက်ရုံသည် အမေရိကန်ရှိ နာမည်ကြီး ဖက်ရှင်ကုမ္ပဏီများသို့ ပုံမှန်တင်သွင်းနေကြ ဖောက်သည်ဖြစ်သည်။

အသက် ၄၀ အရွယ်ရှိ အဆိုပါ အမျိုးသမီးသည် စက်ရုံမှ လစာငွေဖြင့် နေထိုင်စရိတ်၊ စားစရိတ်နှင့် သမီးဖြစ်သူအတွက် ကျောင်းစရိတ်တို့ပါ ပြေလည်နေသော်လည်း ယခုအခါ အမေရိကန်၏ အီသီယိုးပီးယားအပေါ် ပြုလုပ်ရန် ရှိသည့် ကန့်သတ်ချက်များကြောင့် ၎င်း၏ ဝင်ငွေမှာ ခြိမ်းခြောက်ခံနေရပြီဖြစ်သည်။

အီသီးယိုးပီးယား အစိုးရတပ်များနှင့် တီဂရေး (Tigray) ဒေသရှိ လွတ်မြောက်ရေးတပ်ဖွဲ့များ အကြား ဖြစ်ပွားနေသော စစ်ပွဲများအတွင်း အီသီးယိုးပီးယားတပ်များသည် စစ်ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း ကုလသမဂ္ဂက စွပ်စွဲခဲ့ပြီးနောက်ပိုင်း အမေရိကန်သည် အီသီးယိုးပီးယားအပေါ် ခွင့်ပြုထားသော အခွန်ကင်းလွတ်ခွင့်ကို ပြန်လည်ရုပ်သိမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။

အမေရိကန်သည် ဆာဟာရ ကန္တာရတောင်ပိုင်းရှိ အာဖရိကနိုင်ငံများ ပြန်လည်ထူထောင်ရေးကို ကူညီရန်အတွက် African Growth and Opportunity Act (အာဖရိက နိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အက်ဥပဒေ) ကို ၂၀၀၀ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အီသီးယိုးပီးယားသည် အဆိုပါ ဥပဒေအရ အခွင့်အလမ်းများ ခံစားခဲ့ရသည်။

ယခုအခါ အီသီယိုးပီးယား၏ အဆိုပါ အက်ဥပဒေပါ ခံစားခွင့်များကို အမေရိကန်က ရပ်ဆိုင်းရန် စဉ်းစားနေပြီး ထိုကိစ္စအမှန်တကယ် အကောင်အထည်ပေါ်ပါက ဆင်းရဲမွဲတေမှုနှင့် အငတ်ဘေးကြားမှ ရုန်းထွက်လာခဲ့သော အီသီးယိုးပီးယား၏ စီးပွားရေးကို များစွာ ထိခိုက်စေမည်ဖြစ်သည်။

ဖင်နိုတဲဆယ်လန်၏ သူဌေးဖြစ်သူ ဆာမီ အဗ္ဗဒဲလာ (Sami Abdella) ကတော့ ကုမ္ပဏီ စတင်တည်ထောင်သည့် အချိန်မှ စ၍ အက်ဥပဒေအရ အကျိုးခံစားခွင့်များကို အသုံးပြုလာခဲ့သည့်အတွက် ယခုအခါ ကုမ္ပဏီ သက်တမ်းပင် နှစ်နှစ်ဆယ်ခန့်ရှိပြီး အလုပ်သမား ၂၅၀ ခန့်ကို အလုပ်အကိုင် ဖန်တီးပေးထားနိုင်ကြောင်း ပြောကြားခဲ့သည်။

သူ၏ အလုပ်သမားတော်တော်များများမှာ လုပ်သက် ၁၀နှစ်အထက်ရှိနေကြပြီး မိသားစုသဖွယ် ဖြစ်နေကြသဖြင့် အကယ်၍ အမေရိကန်၏ အရေးယူမှုကြောင်း ကုမ္ပဏီ ရပ်နားရပါက အဆိုပါ ဝန်ထမ်းမိသားစု အားလုံးအတွက် ရတက်မအေးဖွယ်ဖြစ်ကြောင်း ညှိုးငယ်စွာဖြေကြားခဲ့သည်။

အီသီယိုးပီးယားသည် အမေရိကန် ဖက်ရှင်ကုမ္ပဏီများ၏ အဓိက တင်သွင်းသူမဟုတ်သော်လည်း ယခုကဲ့သို့ ကမ္ဘာ့ကုန်သွယ်ရေး အကြပ်အတည်းဖြစ်နေသည့် အချိန်၌ ယခုဖြစ်ရပ်၏ သက်ရောက်မှုသည် အမေရိကန် ဖက်ရှင် လောကအပေါ် ကြီးမားကောင်း ကြီးမားလိမ့်မည်ဟု သုံးသပ်နေကြသည်။

အမေရိကန် အက်ဥပေဒေ၏ အခွန်ကင်းလွတ်ခွင့်ကြောင့် နာမည်ကြီး ဖက်ရှင်ကုမ္ပဏီကြီးများဖြစ်သော Calvin Klein, Speedo, Tommy Hilfiger စသည်တို့အပြင် ဆွီဒင်၏ H&M, ဗြိတိန်၏ GAP တို့ပါ အီသီယိုးပီးယားတွင် အခြေစိုက်ထားလျက်ရှိရာ အကယ်၍ ကန့်သတ်ချက်သာ အတည်ဖြစ်ပါက အော်ဒါများ ရပ်နားခြင်း၊ စာချုပ်ဖျက်သိမ်းခြင်းများ ဖြစ်နိုင်ကြောင်း ခန့်မှန်းလျက်ရှိကြသည်။

အီသီယိုးပီးယားသည် ယမန်နှစ် ၂၀၂၀က အမေရိကန်သို့ တင်ပို့ကုန်များမှတဆင့် ဝင်ငွေ ၂၃၇ သန်းရရှိခဲ့ပြီး ၉၀ ရာခိုင်နှုန်းသော ကုန်ပစ္စည်းများမှာ ဖက်ရှင် အဝတ်အစား၊ အသုံးအဆောင်၊ ပိုးထည်၊ ချည်ထည်များဖြစ်ကြသည်။

လက်ရှိတွင် အီသီယိုးပီးယား စစ်တပ်က တီဂရေးဒေသကို ဖြတ်လေးဖြတ် စစ်ဆင်ရေးလုပ်ထားပြီး ကုလသမဂ္ဂ၏ ရိက္ခာကားများကိုလည်း ဝင်ခွင့်မပေးသောကြောင့် ထိုဒေသရှိ လူပေါင်း ၄သိန်းခန့် စားနပ်ရိက္ခာ ပြတ်လပ်တော့မည့်အရေး ကြုံနေရပြီဖြစ်ကြောင်း ကုလသမဂ္ဂက စာထုတ်ပြန်ထားသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters
Photo: European Commission- EU

တင်းမာမှုများ ရှိနေသော်လည်း သြစတြေးလျမှ တရုတ်သို့ တင်ပို့ကုန်များ မြင့်တက်လျက်ရှိ

တရုတ်နှင့် သြစတြေးလျတို့သည် ယမန်နှစ်က ပြဿနာများကြောင့် ကုန်သွယ်မှု ကန့်သတ်ချက်များ အပြန်အလှန် ပြုလုပ်လျက်ရှိကြသော်လည်း ယခုနှစ် အချက်အလက်များအရ တရုတ်သည် သြစတြေးလျမှ ကုန်ပစ္စည်းများ ယခင်ထက် ပိုမိုတင်သွင်းနေကြောင်း တွေ့ရှိရသည်။

ပြီးခဲ့သည့် သြဂုတ်လကုန်၌ ကောက်ယူခဲ့သော အချက်အလက်များအရ သြစတြေးလျမှ တရုတ်သို့ ကုန်ပစ္စည်း တင်ပို့မှု ရာခိုင်နှုန်းသည် ယခုနှစ်တွင်း ၂၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ဖိုးအားဖြင့် သြစတြေးလျဒေါ်လာ ၁၈၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၃၅ ဘီလီယံ) အထိရှိနေခဲ့သည်။

လအလိုက် ကြည့်မည်ဆိုပါက ယခုနှစ် ဇူလိုင်လတွင် သြစတြေးလျမှ တရုတ်သို့ သြစတြေးလျ ဒေါ်လာ ၁၉.၄ ဘီလီယံခန့် စံချိန်တင် တင်ပို့နိုင်ခဲ့ပြီး ယမန်နှစ် ဇူလိုင်လနှင့် နှိုင်းယှဉ်ပါက ၇၂ ရာခိုင်နှုန်း ပို့ကုန်တိုးမြင့်ခဲ့ကြောင်း သိရသည်။

ယမန်နှစ် ၂၀၂၀ခုနှစ်၌ တရုတ်နိုင်ငံမှ စတင်ခဲ့သော ကိုဗစ် ကပ်ရောဂါအပေါ် တရုတ်နိုင်ငံ၏ ကိုင်တွယ်မှုများသည် သံသယဖြစ်စရာကောင်းသဖြင့် နိုင်ငံတကာ စစ်ဆေးရေးများ လုပ်သင့်ကြောင်း သြစတြေးလျသည် ဝေဖန်ခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တင်းမာမှုများ စတင်ခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှ စ၍ တရုတ်သည် သြစတြေးလျမှ တင်ပို့ကုန်များဖြစ်သော ဘာလီ၊ ဝိုင်၊ အမဲသား၊ ဝါဂွမ်းနှင့် ကျောက်မီးသွေးတို့ကို တင်သွင်းခွင့် ကန့်သတ်ခြင်း၊ အခွန်စည်းကြပ်မှုနှုန်းများ တိုးမြှင့်ခြင်းတို့ လုပ်ဆောင်ခဲ့သဖြင့် သြစတြေးလျ ပို့ကုန်လုပ်ငန်းရှင်များ အတော် အခက်တွေ့ခဲ့ရသည်။

ယခုနှစ် ပို့ကုန်တိုးတက်လာမှုတွင် အဓိက အခရာကျခဲ့သူများ သြစတြေးလျမှ ထွက်ရှိသော သံသတ္တုရိုင်းများဖြစ်ပြီး တရုတ်သည် ၎င်းတို့နိုင်ငံ၏ စက်မှုလုပ်ငန်းများအတွက် လိုအပ်သော သံသတ္တုရိုင်းများကို သြစတြေးလျပေါ်တွင်သာ ရာနှုန်းပြည့်နီးပါး မှီခိုနေရခြင်းဖြစ်သည်။

စီးပွားရေး ပညာရှင်များကတော့ သံသတ္တုရိုင်း တင်ပို့မှုကိုသာ ဖယ်ထားလိုက်ပါက ကျန်ကဏ္ဍများမှာမူ ထင်သလောက် တိုးတက်မှု မပြခဲ့ဟု ထောက်ပြကြသည်။

သို့သော် အမဲသားတင်ပို့မှုနှင့် တိရိစ္ဆာန်တင်ပို့မှုမှာမူ တရုတ်ဘက်မှ ကန့်သတ်ချက်အချို့ ရှိနေသေးသော်လည်း ပုံမှန်တင်ပို့မှုနှုန်းတစ်ခုတွင် ရှိနေပြီး ပင်လယ်စာ၊ အဖျော်ယမကာ၊ ကျောက်မီးသွေး၊ စားသုံးဆီ၊ သကြားနှင့် မြင်းစားဂျုံတို့မှာမူ တင်ပို့မှု ရာခိုင်နှုန်းများ ကျဆင်းခဲ့ကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: CNBC