Economy

နိုင်ငံ့စီးပွားရေးအတွက် ဒေါ်လာ ၃၂ ဘီလျံ အသုံးပြုရန် ဘရာဇီးအစိုးရအဆင်သင့်ပြင်

ဘရာဇီးနိုင်ငံ၏ စီးပွားရေးအတွင်း ထည့်သွင်းလည်ပတ်ရန် ဘရာဇီးငွေကြေး ရီရယ် ၁၆၅ ဘီလျံ (ကန်ဒေါ်လာ ၃၂ ဘီလျံ) ကို အသုံးပြုသွားမည်ဟု ဘရာဇီး ဖက်ဒရယ်အစိုးရကကြာသပတေးနေ့တွင် ကြေညာခဲ့သည်။
စီးပွားရေးအင်ဂျင်အတွက် အားဖြည့်ထည့်သွင်းမည့်အဆိုပါငွေကို ယခု ရွေးကောက်ပွဲနှစ်အတွင်း စတင်ရန်စီစဉ်ထားခြင်းလည်းဖြစ်သည်။
“ဝင်ငွေနှင့်အခွင့်အလမ်း” ဟု အမည်ပေးထားသည့် ယင်းအစီအစဉ်ကြောင့် ပြည်သူများ၏ ပင်စင်လစာများ ကြိုတင်ထုတ်ယူနိုင်ခြင်း၊ အလုပ်သမားရံပုံငွေ FGTS ထဲမှ ငွေသားအချို့ကို အလုပ်သမားများ ထုတ်ယူနိုင်ခြင်း၊ လစာဖြင့် ဖဲ့ဆပ်၍ ချေးယူနိုင်သော ချေးငွေပမာဏကို တိုးချဲ့ခြင်း စသည်တို့လည်း ပါဝင်မည်ဟု အမည်မဖေါ်လိုသူ ၃ ဦးက ရိုက်တာသို့ ပြောကြားခဲ့သည်။

ဘရာဇီး၏ လက်ရှိသမ္မတ Jair Bolsonaro နှင့် သမ္မတဟောင်း Michel Temer တို့ ၂ ဦးစလုံး၏ အစိုးရအဖွဲ့များသည် အဆိုပါရံပုံငွေများကို လွတ်လွတ်လပ်အသုံးပြုနိုင်စေရန် အကောင်အထည်ဖေါ်ခဲ့ကြသည်။
အစိုးရအနေဖြင့် ၂၀၂၀၊ ၂၀၂၁ အတွင်း ကပ်ဘေးကြောင့် ကျင့်သုံးခဲ့သော ဆောင်ရွက်ချက်များကို ပြန်လည်အသုံးပြုဦးမည်ဟု သိရပြီး အများစုမှာ ပင်စင်ကဲ့သို့ စရိတ်များကို ကြိုတင်ပေးနိုင်ရန်ဖြစ်သည်။

လက်ရှိသမ္မတသည် ပြန်လည်ရွေးကောက်ခံရရန် မျှော်လင့်နေပြီး အသေးစားချေးငွေအစီအစဉ်များ ဖန်တီးခြင်း၊ အလုပ်သမားများ ချေးငွေပမာဏ ပိုမိုတိုးချဲ့နိုင်ရန်လုပ်ဆောင်ခြင်း၊ အသေးစားလုပ်ငန်းများတွင် ချေးငွေဖြင့် အရင်းအနှီးရစေခြင်း စသည်တို့ကိုလည်း ဖန်တီးပေးလျက်ရှိသည်ဟု သတင်းရင်းမြစ်များက ဆိုသည်။
အဆိုပါကြေညာချက်အပြီး ဘရာဇီးအစိုးရက ထုတ်ဝေရောင်းချသော ၁၀ နှစ်သက်တမ်းရှိ ငွေတိုက်စာချုပ်များ၏ အတိုးနှုန်းမှာ ၁၂.၉% သို့ မြင့်တက်ခဲ့သည်ဟု သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, Money US News, Lexology, Trading Economics
Image: Public Health Post

ယူကရိန်းပဋိပက္ခကြောင့် ထိုင်းစီးပွားရေး ဘတ် ၂၄၄ ဘီလျံဆုံးရှုံးနိုင်

ထိုင်းတက္ကသိုလ် တခုဖြစ်သည့် University of Thai Chamber of Commerce – UTCC ၏ လေ့လာချက်များတွင် ရုရှား-ယူကရိန်းစစ်ရေးပဋိပက္ခများကြောင့် ထိုင်းနိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့်ခရီးသွားလာရေးကဏ္ဍတို့တွင် ထိခိုက်မှု ဘတ်ငွေ ၂၄၄ ဘီလျံဝန်းကျင်ရှိလာနိုင်ပြီး ၂၀၂၂ အတွက် GDP တိုးတက်မှုကိုနောက်ကျစေမည်ဟု ထုတ်ပြန်ခဲ့သည်။
ဥရောပအတွင်းပဋိပက္ခသည် ထိုင်းနိုင်ငံ၏ စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေပြီး နိုင်ငံ၏စီးပွားရေးတိုးတက်မှုကို ၂% မှ ၃% အထိ နှေးကွေးစေမည်ဟု ဆိုသည်။
လက်ရှိတွင် ငွေစက္ကူမရှိသည့်အပြင် ဘဏ်ကဒ်များပါသုံးမရတော့သည့် ရုရှားကမ္ဘာ့လှည့်ခရီးသွားများ ထိုင်းတွင် သောင်တင်နေကျကာ လေယာဉ်ခရီးစဉ်မရှိခြင်းနှင့် နေစရာမရှိခြင်းများကို ကြုံတွေ့နေရသည်။

UTCC ၏ ဥက္ကဌဖြစ်သူ သာနာဗာ့ဖွန်ဗီချိုင်း (Thanavath Phonvichai) က စီးပွားရေးတိုးတက်မှု တန့်နေခြင်းနှင့် ငွေကြေးဖေါင်းပွနှုန်းမြင့်လာခြင်းတို့အတွင်းသို့ ထိုင်းအနေဖြင့် ဝင်ရောက်လာနိုင်သည်ကို စိုးရိမ်ရသည်ဟု ပြောကြားခဲ့သည်။
သို့သော်လည်း မကောင်းသည့် သုံးသပ်ချက်မျိုးကောက်ချက်ချရန် စောနေသေးသည်ဟု ဆိုသည်။

ရုရှား-ယူကရိန်းအရေးကြောင့် ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု ၁ နှစ်မှ ၃ နှစ်အထိ ရှိလာနိုင်သည်ဟု သူက ပြောကြားခဲ့ပြီး ကြာရှည်လာပါက ရေနံစည်တန်ဖိုးသည်လည်း ၁ စည်လျှင် ဒေါ်လာ ၂၀၀ မှ ၃၀၀ အထိလည်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Pattaya Mail, 4icu Org, The Bangkok Post, The Diplomat
Image: Flickr

ဖေဖေါ်ဝါရီတွင် ၅ နှစ်အတွင်း ကုန်သွယ်မှုပိုငွေအမြင့်ဆုံးရရှိခဲ့သည့် ဘရာဇီး

ဖေဖေါ်ဝါရီလအတွင်း ဘရာဇီးနိုင်ငံသည် တင်ပို့ကုန်ပမာဏတိုးတက်ခဲ့ခြင်းအပြင် ပို့ကုန်များ၏ ဈေးနှုန်းများ မြင့်တက်ခဲ့ခြင်းကြောင့် ၂၀၁၇ နောက်ပိုင်း ကုန်သွယ်မှုပိုလျှံငွေ ဒေါ်လာ ၄ ဘီလျံ ဖြင့် အများဆုံး လ ကိုရရှိခဲ့သည်။
ရိုက်တာမှ စီးပွားရေးပညာရှင်များကလုပ်သည့်ခန့်မှန်းချက်စစ်တမ်းတွင် ကုန်သွယ်မှုပိုလျှံငွေ ဒေါ်လာ ၃.၅၅ ဘီလျံဟု ခန့်မှန်းခဲ့ခြင်းထက် ကျော်လွန်ရရှိခဲ့ခြင်းလည်းဖြစ်သည်။

ဘရာဇီးစီးပွားရေးဝန်ကြီးဌာနက ထုတ်ပြန်သော လစဉ်ရလဒ်များအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလထက် ယခုနှစ် ဖေဖေါ်ဝါရီတွင် တင်ပို့ကုန် ၃၂.၆% ပိုမိုမြင့်တက်ခဲ့ကာ ပို့ကုန်များ၏ ပမာဏမှာ ၂၂.၆% ပိုမိုများပြားကာ ဈေးအရလည်း ၁၃.၅% မြင့်တက်ရရှိခဲ့သည်ဟု သိရသည်။

တင်သွင်းကုန်ကဏ္ဍသည်လည်း ၂၂.၉% မြင့်တက်ခဲ့ပြီး တင်သွင်းကုန်တန်ဖိုး ၁၈.၉ ဘီလျံဖိုးရှိခဲ့ခြင်းကြောင့် တင်ပို့ကုန်တန်ဖိုးခြားနားချက်အရ ကုန်သွယ်မှုပိုလျှံငွေ ဒေါ်လာ ၄ ဘီလျံ သို့ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။

ဘရာဇီးစီးပွားရေးဝန်ကြီးဌာနက ယခုနှစ် ၁ နှစ်လုံးစာအတွက် ကုန်သွယ်မှုပိုလျှံငွေ ဒေါ်လာ ၇၉.၄ ဘီလျံ အထိ စံချိန်တင်ပမာဏကို ရရှိနိုင်မည်ဟု မျှော်လင့်ထားသည်။
သို့သော်လည်း ခန့်မှန်းချက်များမှာ ယူကရိန်း-ရုရှား စစ်ရေးပဋိပက္ခများကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးပိတ်ဆို့မှုနှင့် ကုန်စည်ထုတ်လုပ်၊ စီးဆင်းရာ Supply Chain တလျှောက် အခက်အခဲများအကြား မရေရာမှုအရိပ်အယောင်များကို မြင်တွေ့လာနေရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, Money US News
Image: The New Economy

ဘရာဇီးတွင် စက်မှုထုတ်ကုန်များအတွက် အခွန် ၂၅% လျှော့ချပေး

နိုင်ငံတွင်း ငွေကြေးဖေါင်းပွမှုများကိုရပ်တန့်ရန်နှင့် ပြည်တွင်းစက်မှုလုပ်ငန်းနယ်ပယ်အား ကပ်ဘေးအတွင်းမှရုန်းထွက်ရာတွင်ကူညီနိုင်ရန် ထုတ်ကုန်အများစုအတွက် သမ္မတအမိန့်ဖြင့် အခွန် ၂၅% လျှော့ချပေးကြောင်း ဘရာဇီးအစိုးရက သောကြာနေ့တွင် ကြေညာခဲ့သည်။
အခွန်လျှော့ချပေးမှုနှင့်ပတ်သက်၍ စီးပွားရေးဝန်ကြီး Paulo Guedes က နှစ် ၄၀ ခန့် စက်မှုစီးပွားကဏ္ဍလျော့ကျနေခဲ့ခြင်းအတွက် ဘရာဇီးနိုင်ငံထုတ်လုပ်ရေးလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရန် သမိုင်းဝင်ဆောင်ရွက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အခွန်လျှော့ချရာတွင် ဆေးရွက်ကြီးထုတ်ကုန်များ မပါဝင်ဟုလည်း သိရသည်။

အမေဇုန်မိုးသစ်တောများအတွင်း အခြေစိုက်လုပ်ကိုင်နေကြသော အတွက် အခွန် ၅၀% အထိ လျှော့ချပေးရန် အစိုးရက စဉ်းစားခဲ့သေးသော်လည်း မလုပ်ဖြစ်ခဲ့ပေ။
ယခုကဲ့သို့ အခွန်ကို ၂၅% အထိ လျှော့ချပေးလိုက်ခြင်းကြောင့် အစိုးရသည် အခွန်မှဝင်ငွေ ဘရာဇီးငွေကြေး Reais ၂၀ ဘီလျံ (ဒေါ်လာ ၃.၉ ဘီလျံ) ခန့် လျော့ကျသွားမည်ဖြစ်သည်။

ဒေါ်လာ ၆၀ ဘီလျံတန်ဖိုးရှိ ဘရာဇီးလုပ်ငန်းများ လည်ပတ်နေမှုကြောင့် အမေဇုန်သစ်တောဧရိယာများပြုန်းတီးမှုရှိလာခြင်းအတွက်လည်း ဝေဖန်မှုများရှိနေသည်။
စီးပွားရေးပညာရှင်များနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာများက ဘရာဇီးအစိုးရအနေဖြင့် အမေဇုန်သစ်တောကို ထိန်းသိမ်း၍ လုပ်ကိုင်ပါက ၁ နှစ်လျှင် ဒေါ်လာ ၈.၂ ဘီလျံခန့် ဝင်ငွေရရှိနိုင်သည်ဟုဆိုသည်။
တောင်အမေရိကတွင် အမေဇုန်သစ်တောကြီးအား ထိစပ်ပိုင်ဆိုင်နေသည့် နိုင်ငံ ၈ နိုင်ငံရှိပြီး ဘရာဇီးက အမေဇုန်သစ်တောဧရိယာ၏ ၆၀% ကို ပိုင်ဆိုင်ထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Financial Post, XPrize, World Wildlife
Image: Global Fleet

Antitrust Law ဆိုတာဘာလဲ?

ဘောဂဗေဒမှတ်စုတို – Economic Terms

ဒါကတော့ စီးပွားရေးလက်ဝါးကြီးအုပ်မှုကို တိုက်ဖျက်ဖို့ အစိုးရတွေက ချမှတ်ထားတဲ့ မူဝါဒ၊ ဥပဒေအမျိုးအစားပဲဖြစ်ပါတယ်။ နိုင်ငံတွေရဲ့ စီးပွားရေးဈေးကွက်တွေထဲမှာ ကုမ္ပဏီကြီးတွေရဲ့ ဩဇာကို မမျှမတ အလွဲအသုံးချမှုတွေ မဖြစ်ပေါ်အောင် Antitrust Law, Antitrust Policy တွေကို ချမှတ်ထားတာဖြစ်ပြီး တခါတရံမှာ ကုမ္ပဏီ၊ ကော်ပိုရေးရှင်းကြီးတွေ ၂ ခု ပူးပေါင်းတာ၊ အခြားလုပ်ငန်း ၁ ခုကို ဝယ်ယူပြီး ဈေးကွက်ကို လက်ဝါးကြီးအုပ်တာမျိုးတွေမဖြစ်အောင်လည်း ကာကွယ်လေ့ရှိပါတယ်။

စီးပွားရေးအင်အားကြီးလုပ်ငန်းများ၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုတိုက်ဖျက်ရေး – Antitrust Law ဟာ နိုင်ငံအားလုံးမှာ မရှိပဲ နိုင်ငံပေါင်း ၁၂၀ ကျော်မှာသာ ကျင့်သုံးနေကြတယ်လို့ သိထားရပါတယ်။
အမေရိကန်ပြည်ထောင်စုမဟုတ်တဲ့ အခြားနိုင်ငံတွေကတော့ Competition Law သို့မဟုတ် Antimonopoly Laws လို့လည်း ခေါ်ကြပါသေးတယ်။
မိုနိုပိုလီလုပ်တာ၊ လက်ဝါးကြီးအုပ်တာကို ကာကွယ်တဲ့ ဒီဥပဒေဟာ နိုင်ငံတွေကွဲပြားလို့ သတ်မှတ်ထားတဲ့ အကြောင်းအရာတွေပါ ခြားနားတာမဟုတ်ပဲ၊ နိုင်ငံ ၁ ခုတည်းမှာကိုပဲ အချိန်နဲ့ လိုက်လို့ ကန့်သတ်ချက်တွေ၊ ခွင့်ပြုချက်တွေ အပြောင်းအလဲရှိနိုင်ပါသေးတယ်။

ဥပမာ ၁ ခုကိုပြောရမယ်ဆိုရင် ၂၀၀၀ ပြည့်နှစ်မှာ ဥရောပသမဂ္ဂ EU က အမေရိကန်လုပ်ငန်းကြီး ၂ ခုဖြစ်တဲ့ GE နဲ့ Honeywell တို့ကို ကော်ပိုရေးရှင်းကြီး ၂ ခုကနေ ၁ ခုတည်းအဖြစ် အင်အားကြီးအောင်ပေါင်းစပ်မှာကို ခွင့်မပြုတာပဲဖြစ်ပါတယ်။
ဒီအမေရိကန်လုပ်ငန်းကြီး ၂ ခုပေါင်းစပ်မှာကို သူတို့အခြေစိုက်တဲ့ အမေရိကန်ပြည်ထောင်စုက Antitrust Law Regulators – လက်ဝါးကြီးအုပ်စီးပွားရေးလုပ်ငန်းတိုက်ဖျက်မှုကြီးကြပ်ရေးအဖွဲ့ကိုယ်တိုင်ကတော့ ပေါင်းစပ်မယ်ဆို ခွင့်ပြုပေးထားတာပဲဖြစ်ပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ စီးပွားရေးနဲ့ ဘောဂဗေဒဝေါဟာရတွေကို သင့်သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ပါ။
Source: The Economist, American Bar Org
Image: Food Business News

တင်သွင်းကုန်မြင့်တက်မှုနှင့်အတူ ဂျပန်ကုန်သွယ်ရေးလိုငွေပြမှု ၈ နှစ်အတွင်းအမြင့်ဆုံးရောက်

စွမ်းအင်ဆိုင်ရာစရိတ်များမြင့်တက်လာမှု၊ ကမ္ဘာတဝှမ်းကုန်စည်စီးဆင်းမှုအခက်အခဲများကြား ထုတ်လုပ်သူများရုန်းကန်နေရမှုနှင့် ကားတင်ပို့မှုလျော့ကျခြင်းတို့ကြောင့် ဂျပန်နိုင်ငံသည် ဇန်နဝါရီလတွင် ၈ နှစ်အတွင်း ကုန်သွယ်ရေးလိုငွေပြမှုအမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။
ဇန်နဝါရီလတွင် တင်သွင်းကုန်ပမာဏ ၃၉.၆% မြင့်တက်လာပြီး တန်ဖိုးအားဖြင့် ယန်း ၈.၅၂၃၁ ထရီလျံ (ဒေါ်လာ ၇၃.၈၁ ဘီလျံ) ရှိခဲ့သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။

ပို့ကုန်ပမာဏမှာ ၉.၆% သာ တိုးတက်ခဲ့ပြီး နိုင်ငံ၏ ကုန်သွယ်မှုစာရင်းတွင် လိုငွေပြမှု ယန်း ၂.၁၉၁၁ ထရီလျံ သို့ရောက်ရှိခဲ့ပြီး ၂၀၁၄ နောက်ပိုင်း ၁ လချင်း လိုငွေပြမှုအမြင့်ဆုံးဖြစ်လာခဲ့သည်။
ထိုပမာဏမှာ မူလခန့်မှန်းချက်ဖြစ်သော လိုငွေပြမှုပမာဏ ယန်း ၁.၆၀၇ ထရီလျံကို များစွာကျော်လွန်ခဲ့သည်။

Shinkin Central Bank Research Institute မှ အကြီးတန်းစီးပွားရေးပညာရှင် တကုမိ ဆူနိုဒါ (Takumi Tsunoda) က “နှစ်သစ်ကူးပိတ်ရက်တွေကြောင့် စက်ရုံလုပ်ငန်းတွေရဲ့ လည်ပတ်နှုန်းကျဆင်းနေတော့ ဇန်နဝါရီထဲမှာ ပို့ကုန်က ကျဆင်းသလိုဖြစ်သွားပါတယ်” ဟု ပြောကြားခဲ့သည်။
ကုန်သွယ်ရေးလိုငွေပြမှုအတွက် ကြီးမားသည့်အကြောင်းအရင်းတခုမှာ ကားတင်ပို့မှုကျဆင်းခြင်းဖြစ်သည်ဟု သူက ဆိုသည်။

ကိုဗစ်ကူးစက်မှုများကြောင့် တိုယိုတာနှင့် ဆူဇုကီအပါအဝင်လုပ်ငန်းကြီးများ၏ စက်ရုံများကို အတင်းအကြပ် ယာယီရပ်နားစေခဲ့သည်ဟု သိရသည်။
ထို့အပြင် ဓါတ်ဆီ၊ ကျောက်မီးသွေးနှင့် သဘာဝါဓါတ်ငွေ့ LNG gas များ အမြောက်အများ တင်သွားလာမှုများကလည်း တင်သွင်းကုန်ပမာဏကို မြင့်တက်စေခဲ့သည်။
ယခုကဲ့သို့ ကုန်သွယ်ရေးလိုငွေပြမှုမြင့်တက်လာခြင်းက ကမ္ဘာ့တတိယအကြီးဆုံး စီးပွားရေးနိုင်ငံအနေသည် အထွေထွေကုန်ဈေးနှုန်းများမြင့်တက်လာခြင်း၊ အိမ်နီးခြင်း တရုတ်နိုင်ငံမှ ဝယ်လိုအားကျဆင်းခြင်းတို့နှင့်ပတ်သက်၍ အားနည်းချက်များရှိလာနေသည်ကို ပြသနေသည်။

Mizuho Securities မှ ဈေးကွက်စီးပွားရေးပညာရှင် Ryosuke Katagi က တရုတ်စီးပွားရေးနှေးကွေးသွားခြင်းက ဂျပန်တင်ပို့ကုန်များ ဆက်လက်ရှေ့ဆက်ရန် အားနည်းသွားစေသည်ဟုဆိုသည်။
ဂျပန်အတွက် နောက်ထပ် အဓိကဈေးကွက်တခုဖြစ်သော အမေရိကန်သို့ကုန်စည်ပို့ဆောင်ရေးများမှာမူ ဇန်နဝါရီလအတွင်း ၁၁.၅% တိုးတက်ခဲ့သည်ဟု သိရပြီး စက်ယန္တရားကြီးများ တင်ပို့ရမှုမှာ ကားတင်ပို့မှုကိုကျော်လွန်ခဲ့သည်။
ယခုနှစ်အတွက်စီးပွားရေးအခြေအနေမှာ အိုမီခရွန်ပျံ့နှံ့နေမှုနှင့် ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်လာခြင်းကြောင့် ခန့်မှန်းရခက်နေဆဖြစ်သည်ဟု ဆိုသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, Nikkei, CEIC Data, World Bank
Image: Sea News

ကုန်သွယ်ရာတွင် ပြည်တွင်းသုံးငွေကြေးများသုံးစွဲမှုတိုးတက်ရန် အာရှနိုင်ငံများနှင့်တရုတ်ပူးပေါင်းဆောင်ရွက်မည်

တရုတ်ဗဟိုဘဏ်ဥက္ကဌ ရီကန်း (Yi Gang) က ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုများလုပ်ဆောင်ရာတွင် ဒေသတွင်းနိုင်ငံများ၏ငွေကြေးများကို သုံးစွဲမှုတိုးမြင့်လာစေရန် တရုတ်နိုင်ငံက အာရှနိုင်ငံများနှင့်ပူးပေါင်းလုပ်ဆောင်မည်ဟု ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။
ဒေသတွင်းရှိ ကုန်သွယ်ဖက်နိုင်ငံများ၏ငွေကြေးများကို ကူးသန်းရောင်းဝယ်ရာတွင်ဖလှယ်၍ သုံးစွဲခြင်းမရှိလျှင် အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က ဘဏ္ဍာရေးဆိုင်ရာမူဝါဒများတင်းကြပ်သည့်အချိန်တွင် တရုတ်အပါအဝင် စီးပွားရေးတိုးတက်ဆဲနိုင်ငံများအနေဖြင့် ရင်းနှီးငွေများ အထွက်များမှုကိုရင်ဆိုင်ရနိုင်သည်ဟု စီးပွားရေးပညာရှင်များကယုံကြည်ကြသည်။

မကြာသေးမီနှစ်များအတွင်း အာရှရှိဖွံ့ဖြိုးတိုးတက်လာသော နိုင်ငံများအကြား ဒေသတွင်းငွေကြေးများကို ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံရာတွင် အသုံးပြုခြင်း တိုးတက်လာရာ ပြင်သက်ရောက်မှုများကို ခံနိုင်ရည်ရှိလာပြီး ဘဏ္ဍာရေးအရတည်ငြိမ်မှုလည်း ပိုမိုအားကောင်းလာသည်ဟု အင်ဒိုနီးရှားက ကမကထပြုလုပ်သော အစည်းအဝေးတွင် Yi Gang က ပြောကြားခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်ဖက် ၂ နိုင်ငံအကြား ငွေကြေးဖလှယ်မှုကို အာရှိ တရုတ်၊ ဂျပန်နှင့် တောင်ကိုးရီးယားတို့အကြား အသုံးပြုမှုမှာ ဒေါ်လာ ၃၈၀ ဘီလျံပမာဏ သို့ရောက်ရှိနေပြီဟု ဆိုသည်။

ပြီးခဲ့သည့်လက တရုတ်ပြည်သူ့ဘဏ် (People’s Bank of China – PBOC) သည် အင်ဒိုနီးရှားနိုင်ငံနှင့် ၂ နိုင်ငံငွေကြေးဖလှယ်သုံးစွဲမှုကို ၃ နှစ် ထပ်မံသက်တမ်းတိုးခဲ့ပြီး ဘဏ္ဍာရေးအရပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ ရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် ရည်ရွယ်သည်ဟု သိရသည်။
တရုတ်အနေဖြင့် ၎င်းတို့၏ငွေကြေးမူဝါဒအား ပြုလွယ်ပြောင်းလွဲဖြစ်စေရန် ဆက်လက်ဆောင်ရွက်နေမည်ဖြစ်ပြီး စီးပွားရေးတိုးတက်မှုသည် ယခုနှစ်တွင် မျှော်မှန်းထားသောအခြေအနေသို့ ပြန်လည်ရောက်ရှိမည်ဟု Yi က ဖြည့်စွက်ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, Money US News
Image: Reuters

ပြီးခဲ့သည့် ၅ နှစ်တွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၃၉.၅၅ ဘီလျံ အိန္ဒိယရရှိခဲ့

အိန္ဒိယနိုင်ငံသို့ စီးဝင်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) သည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ဒေါ်လာ ၃၃၉.၅၅ ဘီလျံ အထိရှိခဲ့သည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး ဆွမ်ပါကတ်ရှ် (Som Parkash) က ဗုဒ္ဓဟူးနေ့တွင်ပြောကြားခဲ့သည်။
လွန်ခဲ့သည့်နှစ်များအတွင်း FDI စီးဝင်မှုသည် နှစ်စဉ်ဆက်တိုက်တိုးတက်ခဲ့ပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၄၅.၁၅ ဘီလျံ ရှိခဲ့ရာမှ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၈၁.၉၇ ဘီလျံအထိ ၁ နှစ်စာ ရင်းနှီးမြှုပ်နှံမှုအသစ် ပမာဏမြင့်တက်ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် အစိုးရသည် ရင်းနှီးမြှုပ်နှံသူများသဘောကျစေမည့် မူဝါဒများကိုချမှတ်ခဲ့ပြီး လုပ်ငန်းကဏ္ဍအများစုတွင် နိုင်ငံခြားရင်းနှီးမှု ၁၀၀% (အိန္ဒိယနိုင်ငံသားပိုင်ဆိုင်မှု မပါ) ရှိသော လုပ်ငန်းများကို ကြိုဆိုခဲ့သည်ဟု ဝန်ကြီးက ဖြေကြားထားသည်။
အိန္ဒိယအစိုးရသည် မကြာသေးမီကပင် စီးပွားရေးကဏ္ဍမျိုးစုံ၌ အပြောင်းအလဲများကို ဖေါ်ဆောင်ခဲ့ပြီး ပြီးခဲ့သည့် ၁ နှစ်ထဲ၌ပင် အာမခံ၊ ကာကွယ်ရေး၊ လောင်စာဆီနှင့်သဘာဝဓါတ်ငွေ့၊ ဆက်သွယ်ရေးကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်သော မူဝါဒများကို ပြောင်းလဲခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးက FDI စီးဝင်လာမှုများသည် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများအတွက် အထောက်အပံ့ဖြစ်စေရန်ဖြစ်ကြောင်းနှင့် စက်မှုကဏ္ဍတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် လုပ်ငန်းနယ်ပယ်အသီးသီးကိုလိုအပ်သော အထောက်အကူများရရှိရေးတို့အတွက်ဖြစ်ကြောင်း ၎င်း၏ စာဖြေ ပြန်လည်ဖြေကြားချက်၌ဖေါ်ပြခဲ့သည်။

အိန္ဒိယသည် လာမည့် ၂၀၂၅ တွင် နိုင်ငံ၏စီးပွားရေးထုတ်လုပ်နိုင်စွမ်း GDP အား ဒေါ်လာ ၅ ထရီလျံ အထိရောက်ရှိရန်ဆိုသော ရည်မှန်းချက်ရှိနေပြီး ထိုနေရာသို့ရောက်ရှိရန် နှစ်စဉ် GDP တိုးတက်မှု ၈% ရှိရန်လည်း လိုအပ်နေသည်။
သို့သော်လည်း လက်ရှိအစိုးရ၏ စီးပွားရေးမူဝါဒများနှင့် ကပ်ဘေးနောက်ဆက်တွဲပြဿနာများအကြား ၎င်းတို့ရည်မှန်းချက်သို့ ရောက်ရှိရန် ၃ နှစ်မှ ၅ နှစ် နောက်ကျနိုင်သည်ဟုလည်း စီးပွားရေးပညာရှင်များက ဝေဖန်လျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, The Hindu, Livemint
Image: The Independent

အင်ဒိုနီးရှားစီးပွားရေး ၂၀၂၁ ကုန်တွင် ၅% တိုးတက်

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ၏ နောက်ဆုံး ၃ လပတ်ကာလတွင် ၅.၀၂% တိုးတက်ခဲ့ပြီး ခန့်မှန်းထားသည်ထက် အနည်းငယ်ပိုမြန်ဆန်ခဲ့သည်။
နိုင်ငံ၏စာရင်းအင်းအချက်အလက်ရုံးမှ တနင်္လာနေ့ ထုတ်ပြန်ချက်များအရ ကိုဗစ်ကပ်ဘေးနှင့်ပတ်သက်သောစည်းမျဉ်းများကို ဖြေလျော့ပေးခဲ့ခြင်းနှင့် ကုန်စည်ဈေးနှုန်းများမြင့်တက်နေချိန်တွင် ပြည်ပတင်ပို့ကုန်များ အားကောင်းမောင်းသန်ရှိခဲ့ခြင်းက အခြေခံအကြောင်းရင်းဖြစ်သည်ဟု ဆိုသည်။
၂၀၂၁ တခုလုံးအတွက် နိုင်ငံ၏ GDP သည် ၃.၆၉% တိုးတက်ခဲ့ပြီး ၎င်းနှစ်မတိုင်မီက စီးပွားရေး ၂.၀၇% ကျုံ့သွားမှုနှင့်ယှဉ်လျှင် စီးပွားရေးသည် ကပ်ဘေးအတွင်းမှ နာလန်ထူနိုင်ခဲ့သည့်အခြေအနေကို ပြနေသည်။

အရှေ့တောင်အာရှ၏အကြီးဆုံးစီးပွားရေးနိုင်ငံသည် ပြီးခဲ့သည့် စတုတ္ထ ၃ လပတ် Q4 တိုးတက်မှုအား ရိုက်တာစစ်တမ်းက ၄.၉% သာရှိမည်ဟု ခန့်မှန်းထားသလို အစိုးရကိုယ်တိုင်ကလည်း အမှန်တကယ်တိုးတက်ခဲ့သည့် ၅.၀၂% အောက် ကိန်းဂဏန်းများကိုသာ မျှော်လင့်ခဲ့သည်။
သို့သော်လည်း ယခု ၂၀၂၂ အတွက်မူ အင်ဒိုနီးရှားသည် နိုင်ငံ့စီးပွားရေးအတွင်းသို့ ငွေကြေးနှင့် အခြား ထောက်ပံ့စရာများကို ပြန်လည်ရုတ်သိမ်းနေပြီဖြစ်သလို ကမ္ဘာ့ငွေကြေးဈေးကွက်အတွင် ငွေဖြစ်လွယ်မှုကျဆင်းနေချိန်တွင် ကိုဗစ်ပိုးသစ်တွေ့ရှိမှုများကလည်း မြင့်တက်လာလျက်ရှိရာ ခန့်မှန်းချက်များက မှုန်ဝါးဝါးဖြစ်နေသည်ဟု ဆိုသည်။

Capital Economics မှ သုံးသပ်သူ ဂါရတ်လယ်သာ (Garteth Leather) က “အင်ဒိုနီးရှားစီးပွားရေးက ပြီးခဲ့တဲ့နှစ် နောက်ဆုံးကွာတားမှာ အားကောင်းကောင်းနဲ့ တိုးတက်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးနာလန်ထူဖို့ အခုကတော့ ပိုခက်ခဲတဲ့အခြေအနေကို ဝင်ရောက်လာနေပါတယ်” ဟု ပြောကြားခဲ့သည်။
“အိုမီခရွန်က ပထမ ၃ လပတ်မှာတော့ အတားအဆီးသေးသေးကလေးပုံစံပါပဲ။ ဒါပေမယ့် ကုန်စည်ဈေးနှုန်းတွေကျလာတာနဲ့ မူဝါဒပိုင်း အကြပ်အတည်းတွေက ပြဿနာပိုကြီးလာအောင် ဆွဲခေါ်လာနိုင်ပါတယ်” ဟု သူက ဆိုသည်။

ပြီးခဲ့သည့် Q4 – အောက်တိုဘာမှ ဒီဇင်ဘာ ကာလတွင် အင်ဒိုနီးရှားရှိ အိမ်ထောင်စုများ၏ အသုံးစရိတ်၊ ဝယ်ယူနှုန်းများ ပြန်လည်မြင့်တက်ခဲ့ပြီး GDP 3.6% မြင့်တက်ခဲ့သည်။
ထိုပမာဏမှာ Q3 ကာလက တိုးတက်မှုဖြစ်သော ၁% ထက် များစွာခုန်ကျော်တက်လာခဲ့ခြင်းဖြစ်သည်။
Q4 အတွင်း ရင်းနှီးမြှုပ်နှံမှု၊ အများပြည်သူ၏ ငွေသုံးစွဲမှုတိုးတက်လာသလို ပြည်ပတင်ပို့ကုန်သည်လည်း ၂၉.၂% မှ ၂၉.၈% သို့ ထပ်မံတိုးတက်ခဲ့သည်။

ယခုနှစ်အတွက်မူ Value-added Tax ဟုခေါ်သည့် ထုတ်လုပ်ရေးမှသည် ဖြန့်ချိရေးအထိ အဆင့်ဆင့် ကောက်ခံမည့် အခွန်များသည် ကုန်စည်အများစု၊ ဝန်ဆောင်မှုအများစုအပေါ်သက်ရောက်မည်ဖြစ်ပြီး လာမည့် ဧပြီလတွင် မြှင့်တင်မည်ဟု အစိုးရဘဏ္ဍာရေးမူဝါများအရသိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Business Times Sg, Reuters
Image: The Guardian

တူရကီငွေဖောင်းပွမှုနှုန်း နှစ်၂၀ အတွင်း ၄၉% နီးပါးရောက်ရှိ

တူရကီနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုသည် ကြာသပတေးနေ့တွင် ၄၉ ရာခိုင်နှုန်းနီးပါးအထိ အနှစ် ၂၀ အတွင်းအမြင့်ဆုံးရောက်ရှိလာပြီး အစားအစာကဲ့သို့သော အခြေခံပစ္စည်းများပင် ဝယ်ယူနိုင်မှုအား ကျဆင်းသွားစေသည်။ စားသုံးသူဈေးနှုန်းအညွှန်းကိန်း (consumer price index) သည် ဇန်နဝါရီတွင် ယခင်လထက် ၁၁ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်ဟု Turkish Statistical Institute ကဆိုသည်။ စားသောက်ကုန်ဈေးနှုန်းများ သည် နှစ်စဉ် ၅၅ ရာခိုင်နှုန်းကျော် တိုးလာကြောင်း အချက်အလက်များအရ သိရသည်။

၂၀၀၂ ခုနှစ် ဧပြီလနှောင်းပိုင်းမှစ၍ အတိုးနှုန်း ဆက်တိုက်ဖြတ်တောက်ခံရခြင်းကြောင့် စီးပွားရေးတိုးတက်မှု ကသောင်းကနင်းဖြစ်ခြင်း၊ ငွေကြေးလဲလှယ်နှုန်းမတည်ငြိမ်ခြင်းတို့ကြောင့် ငွေကြေးဖောင်းပွမှုနှုန်းသည် အမြင့်ဆုံးရောက်ရှိလာခဲ့သည်။

သမ္မတ Recep Tayyip Erdogan က ၎င်း၏အစိုးရသည် ငွေကြေးဖောင်းပွမှုနှုန်းကို လုံးဝလျှော့ချပစ်မည်ဟု ကတိပြုထား သည်။ အတိုက်အခံပါတီများကမူ Turkish Statistical Institute ၏ဒေတာ အချက်အလက်များအပေါ် မေးခွန်းထုတ်ထားသည်။ Inflation Research Group သုတေသနအဖွဲ့မှ တူရကီနိုင်ငံ၏ နှစ်စဉ်ငွေကြေးဖောင်းပွမှာ ၁၁၄.၈၇% ဟုဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်က အာဒိုဂန်သည် စာရင်းအင်းဌာန၏ ထိပ်ဆုံးခေါင်ဆောင်နေရာအတွက် ရာထူးအပြောင်းအလဲများပြုလုပ်ခဲ့ပြီး ၎င်းအပြောင်းအလဲအတွက် မှတ်ချက်တစုံတရာပေးထားခဲ့ခြင်းမရှိပေ။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Economic Times
Photo: Getty Images