Economy

စစ်ပွဲကြောင့် ယူကရိန်းတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၄.၈ သန်းအထိရှိလာ

ဖေဖေါ်ဝါရီနှောင်းပိုင်းကာလ ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းတွင် လုပ်ငန်းများပိတ်သိမ်းရခြင်း၊ တင်ပို့ကုန်ကဏ္ဍ ရှေ့မတိုးနိုင်ဖြစ်ခြင်းနှင့် လူပေါင်းသန်းချီ ထွက်ပြေးနေရခြင်းများက အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၄.၈ သန်းကျော်ဖြစ်လာစေသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း – ILO က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆုံးရှုံးသွားသည် အလုပ်အကိုင်ပမာဏသည် ယူကရိန်းရှိ စုစုပေါင်းလုပ်သားအင်အား၏ ၃၀% ခန့်ဖြစ်ပြီး ယခုကဲ့သို့ ဆိုးရွားမှုများဆက်လက်ဖြစ်ပွားနေပါက အလုပ်အကိုင်ဆုံးရှုံးမှု ၇ သန်းအထိ ရောက်ရှိလာနိုင်သည်ဟု ILO ၏ လေ့လာချက်တွင် ဖေါ်ပြထားပြီး ငြိမ်းချမ်းရေး ရရှိခဲ့ပါက အလုပ်အကိုင် ၃.၄ သန်း ခန့် အလျင်အမြန် ပြန်လည်ရရှိလာနိုင်မည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပိုလန်နှင့် ရိုမေးနီးယားတို့သည် စစ်ပြေးဒုက္ခသည်များကို လက်ခံထားကြပြီး ၎င်းတို့ထဲတွင် စစ်မဖြစ်မီက အလုပ်အကိုင်ရရှိနေသူ ၁.၂ သန်းခန့်ပါဝင်သည်။
ဥရောပတွင်ဖြစ်သော စစ်ပွဲသည် ရုရှားတွင် အလုပ်လုပ်၍ ငွေပြန်လွှဲသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုနေရသည့် ဗဟိုအာရှနိုင်ငံများအပေါ်လည်း သက်ရောက်မှုရှိနေသည်။
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားတွင်လည်း စီးပွားရေး ကျဆင်းလာပြီး ရွှေ့ပြောင်းလုပ်သားများ အလုပ်ဆုံးရှုံးကာ မိခင်နိုင်ငံများသို့ ပြန်နေရသည်ဟု လေ့လာချက်က ဆိုသည်။

ရုရှားတွင်လည်း ပြီးခဲ့သည့် ဧပြီလတွင် ကားအသစ်ရောင်းချရမှုမှာ ၇၈.၅% အထိ လျော့ကျသွားခဲ့သည်။
ရုရှားနိုင်ငံသားများအနေဖြင့် ဝင်ငွေရရှိရန် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်ဝယ်ခြင်း၊ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းများကို ပြုလုပ်လာရသည်။
စီးပွားရေးပိတ်ဆို့မှုကို တိုက်ရိုက်ကြုံနေရသော ရုရှားအစိုးရပိုင်လုပ်ငန်းများနှင့် သမ္မတပူတင်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များသည် ၎င်းတို့စစ်ပွဲအပေါ် ကြားနေနေသည့် အိန္ဒိယရှိ လုပ်ငန်းငယ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, Economic Times: India Times, Europe Auto News
Image: REUTERS/Valentyn Ogirenko

စီးပွားရေးအဆိုးရွားဆုံးကျဆင်းမှုကြောင့် ဆန္ဒပြပွဲများအကြား သီရိလင်္ကာဝန်ကြီးနှုတ်ထွက်

အစိုးရကိုဆန့်ကျင်သော ဆန္ဒပြပွဲများ ရက်သတ္တပတ်များစွာကြာမြင့်လာပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa ကတနင်္လာနေ့က ရာထူးမှနှုတ်ထွက်သွားခဲ့သည်။ သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံ၏ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေနပ်၊ ဒေါသထွက်နေသည့် ပြည်သူများက မတ်လကတည်းက တခဲနက်ဆန္ဒပြခဲ့ကြကာ ပြည်တွင်းမငြိမ်သက်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

မြို့တော်ကိုလံဘိုတွင် အာဏာရပါတီထောက်ခံသူများနှင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး ညမထွက်ရအမိန့် (curfew) ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်မှုများကြောင့် အနည်းဆုံးလူ ၅ ဦးသေဆုံးစေခဲ့ပြီး လူ ၁၅၀ ကျော်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

အသက် ၇၆ နှစ်အရွယ်ဝါရင့်နိုင်ငံရေးသများကြီး Mahinda Rajapaksa က လက်ရှိအကြပ်အတည်းအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ကြောင်း၊ ကြားဖြတ်စည်းလုံးညီညွတ်သော အစိုးရပေါ်ပေါက်ဖို့ကူညီရန် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း ရေးသားထားသည့် နှုတ်ထွက်စာကို သမ္မတ Gotabaya Rajapaksa ထံပေးပို့ခဲ့သည်။

သီရိလင်္ကာသည် ကပ်ရောဂါကြောင့် ရေနံဈေးအဆမတန်မြင့်တက်ခြင်း၊ အခွန်နှုန်းဖြတ်တောက်ခြင်းတို့ကြောင့် နိုင်ငံခြားအရန်ငွေ ကန်ဒေါ်လာ သန်း ၅၀ သာကျန်ရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Ali Sabry ကပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုအရေးပေါ်အကူအညီပေးရန် အစိုးရအဖွဲ့ကတောင်းဆိုခဲ့သည်။

မကြာသေးမီကလည်း ဟင်းချက်ဓာတ်ငွေ့ပိုက်လိုင်းများ ပြတ်တောက်မှုကြောင့် ပြည်သူများစိတ်ပျက်လက်ပျက်ဖြစ်ကာ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း စွမ်းအင်ကုမ္ပဏီများကလည်း ၎င်းတို့တွင် ဟင်းချက်ရန်အဓိကအသုံးပြုသော ရေနံဓါတ်ငွေ့ရည်နည်းပါးနေပြီဖြစ်ကြောင်း ကြေညာထားသည်။

သီရိလင်္ကာသည် တစ်လလျှင် သဘာဝဓာတ်ငွေ့တန်ချိန် ၄၀,၀၀၀ အနည်းဆုံးလိုအပ်ပြီး လစဉ်တင်သွင်းမှုအတွက် လက်ရှိပေါက်ဈေး ကန်ဒေါ်လာ ၄၀ ကုန်ကျမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒေဝါလီခံထားရတဲ့နိုင်ငံပါ။ ဘဏ်တွေမှာလုံလောက်တဲ့ ဒေါ်လာမရှိဘူး။ ကျွန်တော်တို့မှောင်ခိုဈေးကွက်ထဲကိုလဲမသွားနိုင်ဘူး။ လုပ်ငန်းလည်ပတ်ဖို့ မနည်းရုန်းကန်နေရတယ်” ဟုအကြီးဆုံးဓာတ်ငွေ့လုပ်ငန်းကြီးထဲက တစ်ခုဖြစ်သည့် Laugfs Gas ၏ဥက္ကဌဖြစ်သူ W.H.K Wegapitiya ကပြောကြားခဲ့သည်။

Source: CNN Business, Reuters
Photo: Reuters

 

 

တောင်ကိုးရီးယား ပို့ကုန်ကဏ္ဍ ၁၄ လ အတွင်း အနှေးကွေးဆုံးသို့ရောက်

စွမ်းအင်နှင့်ကုန်ကြမ်းပစ္စည်းများ၏ ဆက်လက်ဈေးမြင့်တက်နေမှုက တောင်ကိုးရီးယားနိုင်ငံ၏ တင်သွင်းကုန်ပမာဏအား တွန်းတင်နေကာ ဧပြီလတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍမှာ ၁၄ လ အတွင်း အနှေးကွေးဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။
ဧပြီလတွင် တင်ပို့ကုန်မှာ ဒေါ်လာ ၅၇.၆၉ ဘီလျံဖိုးရှိခဲ့ပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ်ထက် ၁၂.၆% သာ တိုးတက်ခဲ့ပြီး ခန့်မှန်းထားသည့် ၁၄.၅% အောက် ရောက်ခဲ့သည်။
တရုတ်ပြည်တွင် တကျော့ပြန်ကိုဗစ်ကူးစက်မှုများကြောင့် ရှန်ဟိုင်းအပါအဝင် lockdowns နေရာများနှင့် စည်းမျဉ်းတင်းကြပ်မှုများဖြစ်နေပြီး ကုန်စည်စီးဆင်းမှု ကျဆင်းခဲ့သည်။
တောင်ကိုးရီးယား၏ တရုတ်သို့ ပို့ကုန်ပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် ၃.၄% လျော့ကျခဲ့သည်ဟု တောင်ကိုးရီးယားကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ယနေ့) တွင် ထုတ်ပြန်ခဲ့သည်။

မတ်လတွင်လည်း ကုန်စည်တင်ပို့နှုန်းမှာ ၁၈.၂% အောက် နှေးကွေးခဲ့သည်ဟု သိရသည်။
ယူကရိန်း-ရုရှား စစ်ပွဲဂယက်များနှင့် တရုတ်၏ zero covid မူဝါဒများကြောင့် ဆိပ်ကမ်းနှင့် သင်္ဘောအဝင်အထွက်များ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတလျှောက် အခက်အခဲနှင့် နှောင့်နှေးနေမှုများကို ကမ္ဘာတဝှမ်းရင်ဆိုင်နေရသည်။
တောင်ကိုးရီးယား၏ နိုင်ငံခြားဝင်ငွေကို အဓိကရှာပေးသော တပိုင်းလျှပ်ကူးပစ္စည်းများ – semiconductors များမှာ တင်ပို့ရမှု ၁၅.၈% တိုးတက်ခဲ့ပြီး၊ လောင်စာဆီ – petroleum ဆိုင်ရာ ထုတ်ကုန်များမှာ ၆၈.၆% တိုးတက်ခဲ့သည်။

သို့သော်လည်း တင်သွင်းကုန်ပမာဏမှာ ပိုမိုများပြားနေပြီး ၁၈.၆% ပိုမိုမြင့်တက်ခဲ့ကာ ဒေါ်လာ ၆၀.၃၅ ဘီလျံ ဖိုးအထိ ရှိခဲ့သောကြောင့် ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၂.၆၆ ဘီလျံသို့ ရောက်ရှိခဲ့သည်။
ယင်းပမာဏမှာ မတ်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ သန်း ၁၄၀ မှ ဘီလျံ ပမာဏသို့ ခုန်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Korea Herald, Reuters, Bloomberg Business, Al Jazeera
Image: Cruise Mapper

၄ လ အတွင်း ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၂.၅၃ ဘီလျံရရှိခဲ့သည့် ဗီယက်နမ်

၂၀၂၂ ၊ ဧပြီလ ၁ လ တည်းတွင်ပင် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ၁.၀၇ ဘီလျံ ရရှိခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမ ၄ လ တွင် ကုန်သွယ်ရေးပိုငွေ စုစုပေါင်း ဒေါ်လာ ၂.၅၃ ဘီလျံ ရရှိခဲ့ပြီဖြစ်သည်ဟု နိုင်ငံ၏ စာရင်းအင်းအချက်အလက်ရုံး General Statistics Office – GSO က ယမန်နေ့ (ဧပြီ ၂၉ ရက်) က ကြေညာခဲ့သည်။
သို့သော်လည်း ဇန်နဝါရီ – ဧပြီ အတွင်း ဗီယက်နမ်ပြည်တွင်းစီးပွားရေးမှာ ကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၉.၂ ဘီလျံ အထိ ရှိခဲ့ပြီး ပြည်ပမှရင်းနှီးမြှုပ်နှံထားသည့် ကဏ္ဍမှ ကုန်သွယ်ရေးပိုငွေ ဒေါ်လာ ၁၁.၇၃ ဘီလျံရရှိခဲ့ခြင်းကြောင့်သာ တနိုင်ငံလုံးကုန်သွယ်ရေးအတွက် ယခုကဲ့သို့ ပိုငွေထွက်ခဲ့ခြင်းဖြစ်သည်။

ဧပြီလတွင် တင်ပို့ကုန်မှ ဝင်ငွေ ဒေါ်လာ ၃၃.၂၆ ဘီလျံ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၂၅% တိုးတက်ခဲ့သည်။
အရှေ့တောင်အာရှတွင် စီးပွားရေးအင်အားကြီးနိုင်ငံအဖြစ်သို့ရောက်လာသည့် ဗီယက်နမ်သည် ယခုနှစ် ပထမ ၄ လအတွင်း တင်ပို့ကုန်မှ စုစုပေါင်း ဝင်ငွေ ဒေါ်လာ ၁၂၂.၃၆ ဘီလျံ ရရှိလာခဲ့ခြင်းဖြစ်သည်။

ပို့ကုန်အမျိုးအစားမှာ လက်ရှိ ၂၂ မျိုး ရှိပြီး လောင်စာနှင့် သတ္ထုတွင်းထွက်ပစ္စည်းများက ၁.၃%၊ အဆင့်ဆင့်ထုတ်လုပ်ဖြန့်ချိသော ကုန်စည်များက ၈၉% ၊ စိုက်ပျိုးရေးနှင့်သစ်တောထွက်ကုန် ၆.၈% နှင့် ငါးမွေးမြူရေးလုပ်ငန်းက ၂.၉% အသီးသီးရှိသည်ဟု သိရသည်။

GSO ရုံးထုတ်ပြန်ချက်များအရ နိုင်ငံအတွင်းသို့ သွင်းကုန်တန်ဖိုးမှာ ဧပြီလတွင် ဒေါ်လာ ၃၂.၁၉ ဘီလျံ ဖိုး ရှိခဲ့ပြီး ပထမ ၄ လ စုစုပေါင်း သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၁၁၉.၈၃ ဘီလျံ ရှိသည်ဟု ဆိုသည်။
ဥရောပဈေးကွက်မှ ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၁၀.၄ ဘီလျံအထိ ရရှိခဲ့ပြီး ယခင်နှစ်ကထက် ၃၆.၁% တိုးတက်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Vietnam Plus
Image: Europal Europa EU

မတ်လတွင်ပို့ကုန်တိုးတက်သော်လည်း ကုန်သွယ်ရေးလိုငွေပိုမိုပြလာသည့် အိန္ဒိယ

အိန္ဒိယနိုင်ငံ၏ ၂၀၂၂ ၊ မတ်လ တင်ပို့ကုန်သည် ၁၉.၇၆% တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၂.၂၂ ဘီလျံဖိုးအထိရှိခဲ့သည်။
လောင်စာဆီဆိုင်ရာထုတ်ကုန်များ၊ အင်ဂျင်နီယာနယ်ပယ်နှင့် သားရေတင်ပို့ကုန်တို့တွင် စွမ်းဆောင်ရည်ကောင်းမွန်ခဲ့ခြင်းဖြစ်သော်လည်း တင်သွင်းကုန်မှာ ထုံးစံအတိုင်း ပိုမိုများပြားနေခြင်းကြောင့် ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၁၈.၅၁ ဘီလျံသို့ မြင့်တက်ခဲ့သည်။
မတ်လအတွင်း ပြည်ပမှ အိန္ဒိယသို့ တင်သွင်းသောကုန်ပမာဏမှာ ကန်ဒေါ်လာ ၆၀.၇၄ ဘီလျံဖိုးရှိခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၁-၂၂ ဘတ်ဂျက်နှစ်အတွင်း အိန္ဒိယ၏ တင်ပို့ကုန် စုစုပေါင်းပမာဏမှာ ကန်ဒေါ်လာ ၄၁၉.၆၅ ဘီလျံဖိုးရှိခဲ့ပြီး အဆိုပါ ဘဏ္ဍာရေးနှစ် FY 22 မှာ ယခင်နှစ် ဧပြီလမှစကာ ယခုနှစ် ၂၀၂၂ မတ်လတွင် ပြီးဆုံးမည်ဖြစ်သည်။
သို့သော်လည်း တင်ပို့ကုန်များပါ ကန်ဒေါ်လာ ၆၁၁.၈၉ ဘီလျံအထိ မြင့်တက်ခဲ့သောကြောင့် နိုင်ငံ၏ ကုန်သွယ်ရေးကွာဟချက်တွင် လိုငွေပြမှု ဒေါ်လာ ၁၉၂.၂၄ ဘီလျံ ရှိခဲ့သည်။
(ပုံ – အိန္ဒိယ၏ အကြီးဆုံးပုဂ္ဂလိကပိုင် ဆိပ်ကမ်း မွန်ဒရာ – ဂူဂျာရတ်၊ ပြီးခဲ့သည့်နှစ်တွင် ကုန်စည် တန်ချိန် ၁၄၄.၄ သန်းကို ဝန်ဆောင်မှုပေးခဲ့)

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Business Standard, NDTV
Image: CogoPort

စစ်ပွဲကြောင့် ယူကရိန်းစီးပွားရေး ၄၅% ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ပြော

ရုရှား၏ကျူးကျော်စစ်ဆင်နွှဲမှုဒဏ်ကို ခံနေရသော ယူကရိန်းသည် ယခု ၂၀၂၂ ခုနှစ်တွင် စီးပွားရေး ၄၅.၁% ကျုံ့သွားမည်ဟု ခန့်မှန်းထားကြောင့် ကမ္ဘာ့ဘဏ်က တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သည်။
အလားတူ ရုရှား၏ စီးပွားရေး GDP သည်လည်း ၁၁.၂% ကျဆင်းမည်ဟု ၎င်းတို့၏ ခန့်မှန်းချက်တွင် ဖေါ်ပြခဲ့သည်။

စစ်ပွဲဖြစ်ပွားရာ ဒေသတွင်းတခုလုံးသည် နောက်ဆက်တွဲ စီးပွားရေးဆိုးကျိုးများ ကြုံလာမည်ဖြစ်ပြီး ဥရောပ၏ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဗဟိုအာရှနိုင်ငံများ၏ စီးပွားရေးသည်လည်း ၄.၁% ကျဆင်းလာမည်ဟု ဆိုသည်။

အရှေ့ဥရောပသည် စီးပွားရေးကျဆင်းမှုဒဏ်ကို အခံရဆုံးထဲတွင် ပါဝင်နိုင်ပြီး ၎င်းနိုင်ငံများ၏ GDP သည် ၃၀.၇% ကျဆင်းမည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြခဲ့သည်။
ကမ္ဘာ့ဘဏ်သည် အရေးပေါ်ဘဏ္ဍာရေးကူညီမှုအနေဖြင့် ဒေါ်လာ ၉၂၅ သန်း ပမာဏကို ယူကရိန်းအတွက် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ဘဏ္ဍာရေးအကူအညီသည် လာမည့် လ များတွင် ဆက်လက်ပံ့ပိုးမည့် ဒေါ်လာ ၃ ဘီလျံ ထဲတွင် အပါအဝင်ဖြစ်သည်ဟု သိရသည်။

ယူကရိန်းသည် ကူညီထောက်ပံ့ငွေများဖြင့် ဆေးရုံလုပ်သားများ၊ ပင်စင်လစာများ၊ လူမှုအဖွဲ့အစည်းများအတွက် ငွေပေးချေမှု၊ သုံးစွဲမှုများ ပြုလုပ်နေရသည်။

ရုရှားနှင့်ယူကရိန်းသာမကပဲ ဘီလာရုဇ်၊ ကာဂျစ်ပြည်သူ့သမ္မတနိုင်ငံ၊ မော်ဒိုဗာ၊ တာဂျစ်ကစ္စတန်တို့လည်း စီးပွားရေးကျဆင်းမှု recession အတွင်းသို့ ယခုနှစ်အတွင်း ရောက်ရှိမည်ဟု ခန့်မှန်းထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: World Bank, Barrons, NHK Japan
Image: ESI Africa

မတ်လတွင် ကနေဒါ အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံးသို့ရောက်ရှိ

ကနေဒါ နိုင်ငံအတွင်း အလုပ်အကိုင်း ၇၂,၅၀၀ ထပ်မံဖန်တီးပေးနိုင်ခဲ့ခြင်းနှင့်အတူ ပြီးခဲ့သည့် မတ်လတွင် နိုင်ငံအတွင်း အလုပ်လက်မဲ့နှုန်း ၅.၃% သို့ စံချိန်တင် အနိမ့်ဆုံးအဖြစ် ရောက်ရှိခဲ့သည်။
ကနေဒါသား အယောက် ၁၀၀ လျှင် အလုပ်အကိုင်ရှိသူ ၉၅ ဦးနှုန်း နီးပါးရှိသော ကောင်းမွန်သည့်အခြေအနေနှင့် နိုင်ငံအတွင်း လုပ်သားဈေးကွက်၏ ကြပ်တည်းမှုတို့ကို Statistics Canada က သောကြာနေ့တွင် ထုတ်ပြန်ခဲ့သည်။

အလုပ်အကိုင်သစ်များ ရရှိမှုအခြေအနေသည် ကျွမ်းကျင်သူများက ခန့်မှန်းထားသော ၈၀,၀၀၀ အောက် အနည်းငယ် ကျဆင်းခဲ့သည်။
အမြဲတမ်းခန့်ဝန်ထမ်းများ၏ ၁ နာရီချင်း လုပ်အားခ မှာမူ ၃.၇% မြင့်တက်ခဲ့သည်ဟု သိရသည်။

အလုပ်အကိုင်သစ် ရရှိမှုများသည် အချိန်ပြည့် အလုပ်များသာ ဖြစ်နေပြီး အချိန်ပိုင်း အလုပ်များမှာမူ အနည်းငယ်ကျဆင်းသွားခဲ့သည်။
အိမ်ခန်းနေရာနှင့်ပတ်သက်သော အလုပ်များ၊ အစားအသောက်ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးပိုင်းများရှိ အလုပ်များ တိုးတက်ခဲ့ခြင်းဖြစ်သည်။

ကနေဒါနှင့် ကပ်လျက် အမေရိကန်ပြည်ထောင်စု၏ မတ်လ အလုပ်လက်မဲ့နှုန်းမှာ ၃.၆% ရှိနေပြီး မတ်လတွင် အလုပ်အကိုင်အသစ် ၄၃၁,၀၀၀ ရရှိခဲ့သည်ဟု သိရသည်။
အလုပ်အကိုင်အခွင့်အလမ်းများနှင့်ပတ်သက်သော ထုတ်ပြန်ချက်များကို အမေရိကန် စာရင်းအင်းအချက်အလက်ရုံးက ဧပြီ ၁ ရက်နေ့ကပင် ထုတ်ပြန်ခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Bureau of Labor Statistics USA
Image: Ottawa City News

ဗြိတိန်ငွေကြေးဖေါင်းပွမှု နှစ် ၃၀ အတွင်း အမြင့်ဆုံးရောက်

UK ၏ ငွေကြေးဖေါင်းပွမှုသည် ပြီးခဲ့သည့် ဖေဖေါ်ဝါရီလတွင် ၆.၂% ရှိလာခဲ့ကာ ၁၉၉၂ နောက်ပိုင်း အမြင့်ဆုံးအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဇန်နဝါရီလတွင် ၅.၅% သို့ မြင့်တက်ခဲ့ပြီးနောက် ထပ်မံ၍ ဖောင်းပွလာခဲ့ကြောင်းကို ဗြိတိန်အမျိုးသားစာရင်းအင်းအချက်အလက်ရုံး Office for National Statistics က ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ကမ္ဘာ့စီးပွားရေးအင်အားကြီး နိုင်ငံ ၇ နိုင်ငံပါဝင်သည့် G7 အဖွဲ့ဝင်များတွင် အမေရိကန်ပြည်ထောင်စုနောက် ဗြိတိန်က ဒုတိယငွေကြေးဖေါင်းပွမှု အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေကာ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ရစ်ရှီဆူနက် (Rishi Sunak) အပေါ်ဘတ်ဂျက်နှင့်ပတ်သက်သော ဖိအားများတိုးပွားလာနေသည်။

ကပ်ဘေးကြောင့် စားသုံးသူများအတွက်ကုန်ဈေးနှုန်းအညွှန်းကိန်းမြင့်တက်နေချိန်တွင် ယူကရိန်းသို့ ရုရှား၏ ကျူးကျော်စစ် ဆင်နွှဲမှုကလည်း မီးလောင်ရာလေပင့်ဖြစ်ကာ လောင်စာဆီဈေးများ မြင့်တက်လာစေသည်။
ဗြိတိန်ရှိ အိမ်ထောင်စုများအတွက် လောင်စာဆီအတွက်ကုန်ကျစရိတ် Household Energy Bills မှာ လွန်ခဲ့သည့် နှစ်ကထက် ၂၅% ပိုမိုမြင့်တက်ခဲ့သည်။

KPMG UK ၏ စီးပွားရေးပညာရှင်အကြီးအကဲ Yael Selfin – ဆယ်လ်ဖင်းက ယခုကိန်းဂဏန်းများသည် အင်္ဂလန်ဗဟိုဘဏ် – Bank of England အား အတိုးနှုန်းများဆက်လက်မြှင့်တင်စေရန် ဖိအားများဖြစ်လာစေမည်ဟု ပြောကြားခဲ့သည်။
သူမက “မျှော်လင့်ထားတဲ့ ငွေကြေးဖေါင်းပွနှုန်းတွေကို စီမံခန့်ခွဲနိုင်ပြီး ကမ္ဘာ့ကုန်စည်ဈေးနှုန်းတွေလည်း လာမယ့်နှစ်မှာ တည်ငြိမ်လာနိုင်ပါတယ်။ အင်္ဂလန်ဗဟိုဘဏ်ရဲ့ ရည်ရွယ်တဲ့ ငွေကြေးဖေါင်းပွနှုန်း ၂% ကိုတော့ ၂၀၂၄ အလယ်လောက်မှာပဲ ပြန်ရောက်မယ်လို့ ကျွန်မတို့သိသင့်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် သီတင်းပတ်က အင်္ဂလန်ဗဟိုဘဏ်သည် ငွေကြေးဖေါင်းပွနှုန်းအား ၈% အထိ ရှိမည်ဟု တိုးမြှင့်ခန့်မှန်းခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Image: Reuters

အိန္ဒိယ၏ အမြင့်ဆုံး ဒေါ်လာ ၄၀၀ ဘီလျံ ပို့ကုန်ရည်မှန်းချက် ရရှိအောင်မြင်

အိန္ဒိယသည် အမြင့်ဆုံး တင်ပို့ကုန်ပမာဏဖြစ်သည့် ဒေါ်လာ ၄၀၀ ဘီလျံဖိုး ကုန်စည်တင်ပို့နိုင်ခဲ့မှုအား သတ်မှတ်ရက်ထက် ၉ ရက်စောကာ ယနေ့ မတ်လ ၂၃ ရက်နေ့တွင် ပြည့်မီရရှိခဲ့သည်။
FY22 ဖြစ်သော ပြီးခဲ့သည့် ၂၀၂၁ ဧပြီမှ ယခုနှစ် မတ်လကုန်အထိ အဆိုပါ ရည်မှန်းချက်အား ချမှတ်လုပ်ဆောင်ခဲ့ပြီး ဒီဇင်ဘာလအထိ တင်ပို့ကုန်ပမာဏမှာ ဒေါ်လာ ၃၀၀ ဘီလျံရှိခဲ့သည်ဟု အစိုးရကထုတ်ပြန်သောကိန်းဂဏန်းများအရသိရသည်။
ယခုအောင်မြင်မှုအတွက် လယ်သမားများ၊ ယက္ကန်းထည်အလုပ်သမားများ၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ၊ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် တင်ပို့ကုန်လုပ်ကိုင်သူအားလုံးကို ဂုဏ်ပြုသည်ဟု ဝန်ကြီးချုပ် မိုဒီက တွစ်တာတွင် ရေးသားခဲ့သည်။

အိုမီခရွန်မျိုးကွဲပြံ့နှံ့နေသည့် ဒီဇင်ဘာလ ၁ လတည်းတွင် ဒေါ်လာ ၃၇ ဘီလျံဖိုးရှိ ကုန်ပစ္စည်းများကို တင်ပို့နိုင်ခဲ့သည်ဟု ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီး Piyush Goyal က ဇန်နဝါရီတွင် ပြောကြားခဲ့ဖူးသည်။
ယခု ဘဏ္ဍာရေးနှစ်အတွက် အိန္ဒိယသည် ပို့ကုန်ရည်မှန်းချက်ကို ဒေါ်လာ ၆၅၀ ဘီလျံဖိုးအထိ ပစ်မှတ်ထား၍ လုပ်ဆောင်သွားမည်ဟု သိရသည်။
သို့သော်လည်း အိန္ဒိယသည် တင်သွင်းကုန်ပမာဏ ပြီးခဲ့သည့် ဖေဖေါ်ဝါရီအထိ ဒေါ်လာ ၅၅၀ ဘီလျံအထိ ရှိနေရာ ကုန်သွယ်ရေးလိုငွေပြမှု မြင့်မားနေဆဲဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: PIB Gov India, Economic Times: India Times, Commerce Gov India, Money Control, Times of India
Image: Forbes India

ရေရှည်ကုန်သွယ်အကျိုးစီးပွားအတွက်တရုတ်ရွေးချယ်မှု အနောက်ကိုအလေးသာဖွယ်ရှိ

ယူကရိန်းကိုကျူးကျော်စစ်ဆင်နွှဲသော ရုရှားအား ကူညီနေပါက တရုတ်အနေဖြင့် နောက်ဆက်တွဲဆိုးကျိုးများရရှိလာမည်ဟု ကန်သမ္မတဂျိုးဘိုင်ဒင်က သတိပေးပြီးနောက် တရုတ်အနေဖြင့် ကာလကြာရှည်အကျိုးစီးပွား မြိုးမြိုးမြက်မြက်ဖြစ်ထွန်းနေသော အနောက်အုပ်စုနှင့် မဟာမိတ်မော်စကိုအကြား တခုခုကို ရွေးချယ်ရတော့မည်ဖြစ်သည်။
သောကြာနေ့က ၂ နာရီနီးပါးကြားသည့် Video Call ခေါ်ဆိုမှုတွင် ဘိုင်ဒင်က အိမ်ဖြူတော်အနေဖြင့် တရုတ်အား စီးပွားရေးပိတ်ဆို့ခြင်းကို လုပ်ဆောင်စရာကိစ္စတခုအဖြစ်ရှိနေကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အမေရိကန်နိုင်ငံဆိုင်ရာတရုတ်သံအမတ် ကျင်းကန် (Qin Gang) က တနင်္ဂနွေနေ့တွင် တရုတ်၏ ရုရှားနှင့်ဆက်ဆံရေးနီးကပ်မှုကို အသားပေးပြောကြားခဲ့သည်။
CBS အစီအစဉ်သို့ “တရုတ်ဟာ ရုရှားနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး၊ ဘဏ္ဍာရေးနဲ့ စွမ်းအင်ကဏ္ဍတို့မှာ ပူးပေါင်းဆောင်ရွက်မှု ရှိနေပါတယ်။ ဒါကလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ရဲ့ နိုင်ငံတကာစည်းမျဉ်းတွေအတိုင်း အချုပ်အခြာအာဏာပိုင်နိုင်ငံ ၂ ခု အကြား ပုံမှန် စီးပွားရေးလုပ်ဆောင်တာပါ” ဟု သူက ဖြေကြားခဲ့သည်။

ရုရှားအပေါ် ကျယ်ပြန့်သော စီးပွားရေးပိတ်ဆို့မှုများပြုလုပ်သည့် ပုံစံအတိုင်း ကမ္ဘာ့အကြီးဆုံး ကုန်စည်တင်ပို့သူ ဘေဂျင်းအစိုးရကို ချမှတ်ပါက အမေရိကန်ပြည်ထောင်စုအတွက်လည်း ပြင်းထန်သောနောက်ဆက်တွဲကိစ္စများ ဖြစ်ပေါ်လာနိုင်သည်။
တရုတ်နိုင်ငံ၏ စီးပွားရေး GDP အညွန်းကိန်းသည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဒေါ်လာ ၁၆ ထရီလျံ သို့ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး အခြားနိုင်ငံများအပေါ် ကုန်သွယ်ရေးအရ မှီခိုနေရမှုသည်လည်း တဖြည်းဖြည်း လျော့ပါးလာသည်။
တရုတ်နိုင်ငံသားများသည်လည်း ပိုမိုကြွယ်ဝလာကြကာ ပြည်တွင်းစားသုံးနိုင်မှု၊ ဝယ်ယူနိုင်စွမ်းသည်လည်း နိုင်ငံ့စီးပွားရေးတွင် အားကောင်းသော အစိတ်အပိုင်းဖြစ်လာသည်။

သို့သော်လည်း တရုတ်သည် ကုန်သွယ်ရေးအပေါ်တွင် နိုင်ငံ့စီးပွားရေးထုတ်လုပ်နိုင်စွမ်း GDP မှီခိုနေရသည့် ရာခိုင်နှုန်းမှာ ၃၅% ရှိနေပြီး ထိုအရာတွင် ၂၃% ရှိသော အမေရိကန်ပြည်ထောင်စု၊ ၃၁% မှီခိုနေရသော ဂျပန်တို့ထက် ပိုမိုများပြားနေသည်။
ကမ္ဘာ၏အချမ်းသာအကြွယ်ဝဆုံး G7 နိုင်ငံများသည် ရုရှားဆန့်ကျင်ရေးမဟာမိတ်များအဖြစ်သို့ ပြောင်းလဲသွားနေပြီး ထိုနိုင်ငံများ၏ တရုတ်ထုတ်ကုန်များကို ဝယ်ယူ၊ စားသုံးနေမှုမှာ တရုတ်တင်ပို့ကုန်စုစုပေါင်း၏ ၃ ပုံ ၁ ပုံ ခန့်အထိ ရှိနေသည်။
ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဂျပန်တို့ပါဝင်သော ထိုအုပ်စုကို အခြားအရာများထက် အကျိုးစီးပွားအရ ကျောခိုင်းလျှင်ပင် လက်ရှိ တရုတ်၏ GDP သည် ပမာဏအမြောက်အများလျော့ကျသွားဖွယ်ရှိနေပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံအဖြစ် ပြတ်ပြတ်သားသားရပ်တည်နိုင်ခွင့်လျော့နည်းလာနိုင်သည်။

အမေရိကန်နှင့်အနောက်မဟာမိတ်အုပ်စုသို့ တရုတ်တင်ပို့ကုန်စုစုပေါင်း၏ ၃၀% မှ ၃၃% ခန့် တင်ပို့နေရချိန်တွင် တရုတ်၏မဟာမိတ် ရုရှားသို့ တင်ပို့ကုန်ပမာဏမှာ ၂% (ဒေါ်လာ ၅၀ ဘီလျံဝန်းကျင်) သာရှိနေသည်။
လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ရုရှားသို့ တင်ပို့ကုန်မှာ ၁% မှ ၂ % အထိသာ ရှိနေခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ရုရှားအား ပုံမှန်ဆက်ဆံနေသည့် အိန္ဒိယသို့လည်း တရုတ်တင်ပို့ကုန်မှာ စုစုပေါင်း၏ ၂.၆% (ဒေါ်လာ ၆၆ ဘီလျံဝန်းကျင်) သာ ရှိနေသည်။

ယခုနှစ်ပိုင်းများအတွင်း တရုတ်အတွက်ကောင်းမွန်လာသည့် အချက်မှာ အရှေ့တောင်အာရှသို့ တင်ပို့ကုန် ၂ ဆခန့် တိုးတက်လာကာ တရုတ်အတွက် ဂျပန်၏ အရေးပါမှုကို လျှော့ချနိုင်ခဲ့ခြင်းသာဖြစ်သည်။
သို့သော်လည်း တရုတ်တင်ပို့ကုန်အများဆုံးရောက်ရှိသည့် ကမ္ဘာ့ နိုင်ငံ ၁၅ ခုတွင် ပါဝင်သည့် အရှေ့တောင်အာရှမှ ဗီယက်နမ် (၄.၄%) ၊ စင်ကာပူ (၂.၂%)၊ မလေးရှား (၂.၂%) ၊ ထိုင်း (၂%) သာ အဓိကပါဝင်နေခြင်းဖြစ်ပြီး ထိုနိုင်ငံများသည်ပင် ရုရှားထက် ကုန်သွယ်ရေးအခြေအနေပိုကောင်းလျက်ရှိသည်။

အမေရိကန်ပြည်ထောင်စုက ရုရှား၏စွမ်းအင်ကဏ္ဍကိုပါ တားမြစ်လိုက်ပြီဖြစ်သော်လည်း အနောက်နိုင်ငံအချို့သည် ရုရှား၏ ရေနံနှင့်ဓါတ်ငွေ့ကို ပိတ်ပင်ထားခြင်းမှ ချန်လှပ်လျက်ရှိနေသေးသည်။
ရုရှားဘဏ်များ၏ ကုန်သွယ်ရေးကဏ္ဍအဆုံးသတ်သွားချိန်တွင် ဒေါ်လာ လွှဲပြောင်းပေးချေမှုများအတွက် တရုတ်နိုင်ငံ၏စွမ်းဆောင်ရည်က အခရာကျလာကာ ရုရှားရေနံတင်ပို့မှု၊ ရေနံတင်သင်္ဘောစသည်တို့ အားလုံးအတွက်လည်း တရုတ်အတွက် ဝင်ငွေလမ်းကြောင်းသစ်ဖြစ်လာသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters, Swiss Info, Nation Post, World Top Exports, SDG IISD Org, WorldoMeters
Image: Brink News, Shutterstocks