Economy

ရှန်ဟိုင်းအား ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာ ဖြစ်လာစေရန်လိုအပ်ကြောင်း စစ်တမ်းများဖေါ်ပြ

ဟောင်ကောင်အရေးနှင့် ပါတ်သက်၍ အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား တင်းမာမှုများ ကြီးထွားလာခြင်းက တရုတ်ပြည်အရှေ့ပိုင်းမြို့ကြီး ရှန်ဟိုင်းအား ကမ္ဘာ့ဘဏ္ဍာရေး အချက်အချာကျ မြို့တော်တခုဖြစ်လာစေရန် ပို၍ပင် အလျင်လိုလာကြောင်း စစ်တမ်းထုတ်ပြန်ချက်တခုက ဆိုသည်။

ယန်မင်းတက္ကသိုလ် (Renmin University) မှ လေ့လာချက်များအရ တရုတ်နိုင်ငံ၏ ကာလရှည် ရည်မှန်းချက်သည် အရှေ့ပိုင်း megacity ရှန်ဟိုင်းအား နယူးယောက်၊ လန်ဒန် သို့မဟုတ် ဟောင်ကောင်ကဲ့သို့သော ကမ္ဘာ့ဘဏ္ဍာရေးဆုံချက် မြို့တော်ဖြစ်လာစေရန် ရည်ရွယ်၍ ယွမ်ငွေအတွက် ဈေးသတ်မှတ်ရာနေရာ၊ ကမ္ဘာသိ ယွမ်ငွေ ပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရန် နေရာအဖြစ်တည်ဆောက်ရန် ဦးစားပေးသင့်ပြီး ပြည်တွင်းဈေးကွက်ကို အခြေခံသော အနာဂတ်နိုင်ငံတိုးတက်မှုများအတွက် ဘဏ္ဍာရေး ခွဲဝေနေရာချထားမှုများလုပ်သင့်သည်ဟု ဖေါ်ပြထားသည်။

စနေနေ့က ဘေဂျင်းတွင် ကျင်းပသော နိုင်ငံတကာ ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ (International Monetary Forum) တွင် ထုတ်ပြန်သည့်အချက်အလက်များအရ တရုတ်နိုင်ငံထိတွေ့နေရသော ပြင်ပကမ္ဘာနှင့် ယွမ်ငွေအား နိုင်ငံတကာတန်းဝင်ဖြစ်လာစေရန် ဆောင်ရွက်မှုများသည် ခက်ခဲလာလျက်ရှိပြီး ပြောင်းလဲမှုအများအပြားရှိလာခဲ့သည်ဟုဆိုသည်။

နိုင်ငံတကာတွင် ယွမ်ငွေထက်စာလျှင် ပို၍ ခိုင်မာအားကောင်းသော ငွေကြေးများကိုသာ အားကိုးနေကြခြင်းက ယွမ်ငွေအတွက်အတားအဆီးဖြစ်လျက်ရှိသည်။

စီးပွားရေး အကျဘက်ရောက်မည်စိုးသော ဖိအားများနှင့် ကမ္ဘာ့ဘဏ္ဍာရေး အကြပ်အတည်း၊ အမေရိကန်ဒေါ်လာ၏ တဦးတည်းလက်ဝါးကြီးအုပ်ထားနိုင်မှုများက စုရုံးကာ ပေါင်းစည်းအားကဲ့သို့ဖြစ်နေသည်ဟု အဆိုပါထုတ်ပြန်ချက်က ဆိုသည်။

ယွမ်ငွေအတွက် ခိုင်မာသောရပ်တည်ချက်ဖြစ်ပေါ်လာရေး အကောင်အထည်ဖေါ်ကြိုးစားနေမှုများသည် ကာလကြာညောင်းဖွယ်ရှိနေပြီး ရှုတ်ထွေးမှုများလည်း ပါဝင်လာနိုင်သည်။

တရုတ်၏ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများအနေဖြင့် တရုတ်နိုင်ငံ၏ အရေအသွေးမြင့်မြင့်ဖြင့် တိုးတက်နေပုံကို နိုင်ငံတကာငွေကြေးစင်တာတခု တည်ဆောက်ခြင်းဖြင့် အသုံးချ ပြသသင့်သည်ဟု ညွှန်းထားသည်။

ကမ္ဘာ့ အကြီးဆုံး စီးပွားရေးနိုင်ငံကြီး ၂ ခု အကြား ဘတပြန် ကျားတပြန် တုံ့ပြန်နေမှုများက ယခုသီတင်းပတ်အတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာနေပြီး တရုတ်ပြည်မကြီးက ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးနှင့်ပါတ်သက်သော ဥပဒေပြဌာန်းအပြီးတွင်ယခု

အကြောင်းအရာများရှေ့တိုးလာခြင်းဖြစ်ရာ ရှန်ဟိုင်းအား အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဆုံမှတ် တခုအဖြစ်အကောင်အထည်ဖေါ်ရေးသည် ပို၍ အရေးကြီးလာနေခဲ့သည်။

ယန်မန်း တက္ကသိုလ် ဒု ဥက္ကဌဖြစ်သူ လျူ ယွမ်ချွန်း (Liu Yuanchun) က ကိုဗစ်-၁၉ ကြောင့် ဖြစ်ပွားခဲ့သော ကမ္ဘာ့ကျန်းမာရေးအခြေအနေကြောင့်လည်း ဝါရှင်တန် နှင့် ဘေဂျင်းအကြား တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်ဟု အဆိုပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“ကပ်ဘေးကြီးက တရုတ်-အမေရိကန် ပဋိပက္ခကို နောက်တဆင့်ရောက်အောင် ဖြစ်စေခဲ့တာပါပဲ။ ခုဟာက ငွေရေးကြေးရေး ခွာပြဲတာမဟုတ်တော့ဘူး။ ဘဏ္ဍာရေး စစ်ကြီးပါဖြစ်နေပြီ” ဟု သူက ဆိုသည်။

China Securities Regulatory Commission ဥက္ကဌဟောင်း ရှောင်ကမ်း (Xiao Gang) က တရုတ် ကော်ပိုရေးရှင်းကြီးများဆန်းသစ်တီထွင်နိုင်ရန်၊ နည်းပညာတိုးတက်ရန်နှင့် နိုင်ငံတကာလုပ်ငန်းများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် ရင်းနှီးငွေများရှာဖွေရန် ခိုင်မာသော ငွေကြေးဈေးကွက်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုကဲ့သို့ဆောင်ရွက်ခြင်းကို ယွမ်ငွေကြေးအား နိုင်ငံတကာဈေးကွက်အတွင်းရောက်ရှိစေရန် လုပ်ဆောင်ခြင်းဟု ခေါ်ဆိုရမည်ဖြစ်ပြီး ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ တခုတည်း၏ကြီးစိုးမှုနှင့် အမေရိကန်စီးပွားရေးလွှမ်းမိုးမှုကို ချေဖျက်ရန် အရေးကြီးသောဖြစ်စဉ် ဖြစ်သည်ဟု ဆိုသည်။

ယွမ်ငွေကြေးအား ကမ္ဘာသုံးဖြစ်လာစေရန် ဆောင်ရွက်သည့် Yuan Internationalisation အညွှန်းကိန်းသည် ပြီးခဲ့သည့် နှစ်ထက်စာလျှင် ၁၃% တိုးတက်လာသည်ဟု ယန်မင်း တက္ကသိုလ်က ထုတ်ပြန်ထားသည်။

ကမ္ဘာ့အရန် ငွေကြေးထားရှိမှုတွင် တရုတ်ယွမ်ငွေ၏ ပမာဏတိုးတက်လာသော်လည်း ရာခိုင်နှုန်းအရမူ အမေရိကန် ဒေါ်လာကို လိုက်မီရန် အလွန်ပင် အလှမ်းကွာလျက်ရှိသည်။

ကမ္ဘာတဝှမ်းရှိ ကမ္ဘာသုံး အရန်ငွေ ထားရှိမှုတွင် ယွမ်ငွေသည် ၂.၀၂% ဖြစ်ပြီး အမေရိကန်ဒေါ်လာအား ကမ္ဘာသုံး အရန်ငွေအဖြစ်ထားရှိသည့် ပမာဏမှာ ၆၂% အထိရှိနေ၍ ဥရောပသမဂ္ဂမှ ယူရိုငွေမှာ ၂၀% ထိ ရှိနေသည်။

ဂျပန်နိုင်ငံ၏ ယန်းသည်ပင်လျှင် ကမ္ဘာသုံးအရန်ငွေ၏ ၅.၇% ရှိနေသည်ကို တွေ့ရသည်။

တရုတ်ပြည် ပြင်ပရှိ ယွမ်ငွေကြေး ပမာဏများသည်လည်း ပြန်လည် မြှင့်တင်ရန် လိုအပ်နေပြီး ဟောင်ကောင်တွင်ရှိသော ယွမ်ငွေကြေးပမာဏသည် ၂၀၁၅ ခုနှစ်က ရှိသည့် ပမာဏထက် ၃၅.၆% ထိ ကျဆင်းခဲ့ကာ ပမာဏအားဖြင့် ယွမ် ၆၃၂ ဘီလျံ သို့ရောက်ရှိခဲ့သလို အခြား ထိုင်ဝမ်၊ စင်ကာပူ နှင့် တောင်ကိုးရီးယားနိုင်ငံများတွင်လည်ပတ်လျက်ရှိသော ယွမ်ငွေပမာဏများလည်း ကျဆင်းနေသည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ထိုထက် ပိုအရေးကြီးသောကိစ္စမှာ နိုင်ငံခြားသားများအတွက် ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးပမာဏကို တင်းတင်းကြပ်ကြပ်ကန့်သတ်ထားခြင်းဖြစ်ပြီး နိုင်ငံတကာစီးပွားရေး လုပ်ငန်းများကို ဥပဒေအရ မျက်နှာသာမပေးမှုသည်လည်း ယွမ်ငွေခိုင်မာလာမှုအတွက် အခက်အခဲကြီးဖြစ်နေဆဲဖြစ်သည်။

တရုတ်၏ ဒုတိယ အဓိပတိ လျှိုဟ (Liu He) က ရှန်ဟိုင်းသည် တရုတ်ပြည်စီးပွာရေး တိုးတက်ရန် အဓိကရင်းမြစ်ဖြစ်ကြောင်း ပြီးခဲ့သည့်လက ပြောကြားထားဖူးသည်။

ရှန်ဟိုင်း ဒုတိယမြို့တော်ဝန် ဝူကျင်း (Wu Qing) ကမူ မြို့တော်အတွင်း နိုင်ငံခြားလုပ်ငန်းများအတွက် အရင်းအမြစ်များ မလုံလောက်သေးသောကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူ အရေအတွက် နည်းနေသေးသည်ဟု ဆိုသည်။

သူက “ကျွန်တော်တို့ အနေနဲ့ ရှန်ဟိုင်းကို ကမ္ဘာပေါ်က ငွေကြေးဈေးကွက်တွေနဲ့ ချိတ်ဆက်တာတွေ၊ (ငွေကြေးဆိုင်ရာ) အဓိက ထုတ်ကုန်တွေနဲ့ လုပ်ငန်းတွေ များပြားလာအောင်တော့ အသင့်တော်ဆုံးအခြေအနေကို ဖန်တီးသွားမှာပါ” ဟု အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Data International Monetary Fund, South China Morning Post, Aljazeera, The Balance, SSE 50
Image: Business Insider

 

 

ဒုတိယ ၃လပတ်အတွင်း တရုတ်စီးပွားရေး ပြန်လည်တိုးတက်

ကမ္ဘာ့စီးပွာရေးတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ယခုနှစ် ပထမ ၃ လပတ်တွင် စံချိန်တင် စီးပွားရေး ကျဆင်းပြီးနောက် ဒုတိယ ၃ လပတ်ဖြစ်သည့် ဧပြီ-မေ-ဇွန် လတို့အတွင်း စီးပွားရေးတိုးတက်မှု ၃.၂% အဖြစ် ပြန်လည်တိုးတက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လုပ်ငန်းများ ရပ်နားထားခဲ့ရမှု၊ အသွားအလာကန့်သတ်ထားခဲ့ရမှုများကြောင့် ပထမ ၃ လပတ် (1st quarter) တွင် စီးပွားရေး ကျဆင်းခဲ့ရခြင်းဖြစ်ပြီး ယခု ပြန်လည်တိုးတက်လာသော နိုင်ငံ၏ GDP ကိန်းဂဏန်းများကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

တရုတ်ပြည်၏ စီးပွားရေး ပြန်လည်တိုးတက်လာနေသည့် အချက်အလက်များကို ကမ္ဘာတဝှမ်းမှလည်း စောင့်ကြည့်နေကြသည်။
ယခု နိုင်ငံထုတ်ကုန်စွမ်းအားအညွှန်းကိန်း GDP သည် ပညာရှင်များ ခန့်မှန်းထားသကဲ့သို့ ဖြည်းဖြည်းခြင်း ပုံမှန်တိုးတက်သည်မဟုတ်ပဲ စီးပွားရေး

ကျဆင်းရာမှ ရုတ်ချည်း ပြန်လည်မြင့်တက်လာသော အင်္ဂလိပ် အက္ခရာ V ပုံသဏ္ဍာန်တိုးတက်မှုဟု သတ်မှတ်ထားသည်။

ယခုကဲ့သို့ ရုတ်ချည်းပြန်လည်တိုးတက်မှုသည် တရုတ်နိုင်ငံအနေဖြင့် Quarter ၂ ခု ဆက်တိုက် (၃ လပတ် ၂ ကြိမ်ဆက်) စီးပွားကျဆင်းခြင်းကြောင့် ဖြစ်လာမည့် Recession ယာယီစီးပွားပျက်ကပ်ကို ရှောင်လွှဲနိုင်ခဲ့ခြင်းဖြစ်သည်။

သို့မဟုတ်ပါက တရုတ်နိုင်ငံသည်လည်း အာဆီယံအတွင်းရှိ စင်ကာပူနိုင်ငံကဲ့သို့ တရားဝင် Recession အဖြစ်သို့ ရောက်ရှိသွားမည်ဖြစ်သည်။
တရုတ်ပြည်သည် ယခုနှစ် ပထမ ၃ လပတ်တွင် ၆.၈% အထိ စီးပွားရေးကျဆင်းခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံ၏ ယခု V-shape သဏ္ဍာန်တိုးတက်မှုမှာ နိုင်ငံတွင်းရှိ စက်ရုံများ ပြန်လည် လည်ပတ်လာခြင်းကြောင့် ဖြစ်ပြီး ကုန်ထုတ်လုပ်ရေးများ အဓိက တိုးတက်ခဲ့ခြင်းကြောင့်ဖြစ်သည်။

တရုတ်အာဏာပိုင်များအနေဖြင့် လူအများ ငွေကြေးပုံမှန်သုံးစွဲလာစေရန် မျှော်လင့်လျက်ရှိသည်။

နိုင်ငံ၏ စီးပွားရေး ပြန်လည်တိုးတက်လာနေသော်လည်း ဟောင်ကောင်အရေးနှင့်ပါတ်သက်၍ တရုတ်-အမေရိကန် တင်းမာမှုများလည်း ပိုမိုပြင်းထန်လာသည်။

Deutsche Bank မှ လေ့လာဆန်းစစ်ချက်များအရ ထုတ်ပြန်သော ကြေငြာချက်တစ်ခုတွင် တရုတ်၏ V-shaped recovery သည် ကြီးမားသည့် ပြီးပြည့်စုံမှုဟု ဖေါ်ပြထားသည်။

၎င်းကြေငြာချက်တွင် တရုတ်ပြည်တွင်းရှိ စားသုံးသူများ၏ ငွေသုံးစွဲမှုသည် ကိုဗစ်ကာလမတိုင်မီကထက် လျော့နည်းနေသော်လည်း (ယခုကဲ့သို့ ရုတ်ချည်းပြန်လည်တိုးတက်လာမှုမှာ) အခြား လုပ်ငန်းနယ်ပယ်များဖြစ်သည့် ခရီးသွားခြင်း၊ အစားအသောက်နှင့် အားလပ်ချိန် အပန်းဖြေရာဝန်ဆောင်မှုများဘက်တွင် အသုံးအစွဲများ ရှိနေခြင်းကြောင့် ထိုကွက်လပ်ကို ကာမိခဲ့ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။

တရုတ်နိုင်ငံ စာရင်းအချက်အလက်ဌာ National Bureau of Statistics ကမူ ယခုကဲ့သို့ တိုးတက်လာသည်မှာ မှန်သော်လည်း (ကိုဗစ်မရှိသည့် ပုံမှန်ကာလများနှင့်ယှဉ်လျှင်) ယခုနှစ် ၆ လအတွင်း ၁.၆% ခန့် စီးပွားရေး လျော့ကျခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, The Straits Times
Image: Getty Images

 

ဟောင်ကောင်နှင့်တရုတ် ပြဿနာများကြား ဂျပန် အခွင့်အရေးယူနိုင်မည်လား

တိုကျိုအခြေစိုက်အစိုးရအနေနဲ့ ဂျပန်နိုင်ငံက သူတို့ရဲ့မြို့တော်ကို လန်ဒန်၊ နယူးယောက်၊ ဟောင်ကောင်၊ စင်ကာပူတို့လို အရေးပါတဲ့ ဘဏ္ဍာရေး ဈေးကွက်မြို့တော်ကြီးတစ်ခု ဖြစ်လိုခဲ့တာ ကြာမြင့်လာပြီဖြစ်ပါတယ်။

ကမ္ဘာ့စီးပွားရေး စနစ်မှာ ဒီလို Financial Hub တစ်ခုဖြစ်လာတဲ့ နေရာနဲ့နိုင်ငံဟာ အအောင်မြင်ဆုံး ငွေကြေးအဖွဲ့အစည်းတွေ တည်ရှိရာနေရာဖြစ်သလို ကမ္ဘာပေါ်က အကျိုးအမြတ်အများဆုံးကိစ္စတွေကို အကောင်အထည်ဖေါ်နိုင်မှာလည်း ဖြစ်ပါတယ်။

ဘဏ္ဍာရေးမြို့တော်တွေမှာ နာမည်ကျော်စတော့အိတ်ချိန်းတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကရော၊ အများပိုင်ဘဏ်တွေရဲ့ အရေအတွက်တွေပါ သိပ်သည်းဆများပြားပြီး အာမခံလုပ်ငန်းတွေ စတဲ့ ငွေကြေးနဲ့ ဆိုင်တွေ အဖွဲ့အစည်းတွေ အားလုံး စုပြုံနေကြပြီး ဒါတွေဟာ တည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေနဲ့ မှန်ကန်တဲ့ ဥပဒေရေးရာကိစ္စရပ်တွေရှိနေတယ်ဆိုတာကို ပြသနေတာလည်း ဖြစ်ပါတယ်။

Financial Hub Cities တွေမှာ အဆင့် ၁ နဲ့ ၂ နေရာကို လန်ဒန် နဲ့ နယူးယောက်မြို့တွေ တလှည့်စီစိုးမိုးနေကြပြီး သူတို့ ၂ နိုင်ငံကို Finance Capital Of The World လို့ ခေါ်ဆိုကြပါတယ်။

ဒါပေမယ့် တတိယနေရာက ပါဝါအကြီးဆုံးအဖြစ်ရပ်တည်နေတာကတော့ ဟောင်ကောင်ပါ။
ဟောင်ကောင်ဟာ ဘဏ်လုပ်ငန်းတွေ သိပ်သည်းဆအမြင့်ဆုံး မြို့ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက တိုကျိုကတော့ Global Financial Centres Index (GFCI) မှာ အဆင့် ၆ နေရာကို ရောက်ရှိနေပါတယ်။

အမျိုးသားလုံခြုံရေးကိစ္စအပါအဝင် တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကြား ပဋိပက္ခတွေ အရှိန်မြင့်လာတာကြောင့် ဟောင်ကောင်က ထွက်ခွါလာနိုင်မယ့် အရည်အချင်းရှိပညာရှင်တွေနဲ့ လူစွမ်းအင်အရင်းအမြစ်တွေကို ဗြိတိန်နဲ့ ဂျပန်က လိုလားလျက်ရှိပါတယ်။

ဗြိတိန်ကလည်း ဟောင်ကောင်သားများကို နိုင်ငံကူးလက်မှတ်များအပါအဝင် ဗြိတိန်သို့ လာရောက်နေထိုင်ခွင့်၊ အဲ့ဒီ့ကတဆင့် နိုင်ငံသားဖြစ်ခွင့်ပေးသွားတာမျိုးတွေ စီစဉ်နေတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab ကလည်း ထုတ်ပြောလာပါတယ်။

ဟောင်ကောင် ငွေကြေးဈေးကွက်မှာရှိတဲ့ HSBC လို ဘဏ်ကြီးတစ်ခုတည်းတင် လုပ်ငန်းလည်ပတ်ငွေနဲ့ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၂.၇ ထရီလျံထိ ရှိနေတာပါ။

ဂျပန်မှာရှိတဲ့ အာဏာရပါတီ Liberal Democratic Party ကလည်း နိုင်ငံခြား ကုမ္ပဏီတွေ ဂျပန်ကို မျက်စိကျလာဖို့နဲ့ အရည်အသွေးရှိပြီးသား ဟောင်ကောင်ငွေကြေးဈေးကွက်က ပညာရှင်တွေပါ ရဖို့ ၁ ချက်ခုတ် ၂ချက်ပြတ် အစီအစဉ်တွေလုပ်လာဖို့ရှိနေပါတယ်။

တရုတ်နိုင်ငံရဲ့ ပါဝါကြောင့် ဟောင်ကောင်ရဲ့ လုံခြုံရေးနဲ့ အနာဂတ်ရေး မရေရာမှုတွေကို အကြောင်းပြုပြီး ဂျပန်ကို လာနေမယ်ဆိုရင် ဟောင်ကောင်သားတွေ လိုချင်တဲ့ လွတ်လပ်မှုမျိုးကို သေချာပေါက်ပေးနိုင်မှာပဲလို့ ဂျပန် Liberal Democratic Party ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဆဆုကိ ကာတယာမ (Satsuki Katayama) က အင်္ဂါနေ့က ထုတ်ပြောသွားပါတယ်။

‘တကယ်လို့ဗျာ။ ဟောင်ကောင်ကလူတွေလည်း ကိုယ်သုံးတဲ့ Facebook က အစ စောင့်ကြည့်ခံနေရမယ်ဆိုတာမျိုးဖြစ်လာရင် သူတို့ ဒါကို လက်ခံမလား။ ကျွန်မ ကတော့ သူတို့ တခြားနေရာသွားနေကြမယ်လို့ ထင်တယ်’ ဟု သူက နိုင်ငံခြားအလုပ်သမားရေးရာ ဆွေးနွေးပွဲမှာ ထပြောခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ ဥပဒေတွေကြောင့်ရော၊ ကာလရှည်ကြာ ဆင်နွှဲလာတဲ့ ဒီမိုကရေစီရရှိရေး ဆန္ဒပြပွဲတွေအပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်လာတာတွေပါ ပေါင်းရင် ဟောင်ကောင်ဟာ အဆိုးရွားဆုံး စီးပွားရေးထိခိုက်မှုတွေကို ကြုံနေရပါတယ်။

ဟောင်ကောင်ရဲ့ အလုပ်လက်မဲ့နှုန်းဟာ ၁၅ နှစ်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိနေပြီး ရင်းနှီးမြှုပ်နှံသူတွေကလည်း သူတို့ရဲ့ ငွေတွေကို ဟောင်ကောင်က ထုတ်၊ အခြား နေရာတွေကို ဖြန့်ကျတ်နေတာတွေ လုပ်လာကြပါတယ်။

နိုင်ငံရေး အရှုတ်အထွေးတွေကြားမှာ အမေရိကန်ကလည်း ဟောင်ကောင်ကို ပေးထားတဲ့ ကုန်သွယ်ခွင့်ဆိုင်ရာ အခွင့်အရေးတွေ ရုတ်သိမ်းဖို့ စီစဉ်နေပါတယ်။

ဂျပန်ဘက်ကို တချက်ကြည့်မယ်ဆိုရင်တော့ အခြား အာရှမှာရှိတဲ့ Financial Hubs မြို့တွေထက် အခွန်မြင့်နေတာက ဆိုရွားနေတာဖြစ်ပါတယ်။
ပြီးတော့ ဘာသာစကား အရံအတားနဲ့ ရုံးပိုင်း ဗျူရိုကရက်တွေကလည်း နည်းနည်း လိုတာထက် ပိုအလုပ်ရှုတ်နေရတတ်တာတွေတော့ ရှိနေတာပါ။
ဒီလိုဖြစ်နေတာတောင်မှ အခြား နိုင်ငံ ၁၀၀ ကျော်က နိုင်ငံခြားသားတွေ ဂျပန်ကို အလုပ်လာလုပ်နေဆဲ ရှိနေပါတယ်။

LDP ပါတီရဲ့ Katayama ကတော့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ရဲ့ခွင့်ပြုချက်ရတာနဲ့ ဟောင်ကောင်က ဘဏ္ဍာရေး ဈေးကွက်ပညာရှင်တွေကို ဂျပန်ဆီအရောက် စွဲဆောင်နိုင်ဖို့ စတင်သွားမယ့်ပုံပါ။

Katayama က ဒီဆောင်ဦးပေါက်မှာ ကနဦး အစီရင်ခံစာ ထုတ်နိုင်အောင်လုပ်သွားဖို့ စီစဉ်နေပြီး နှစ်ကုန်မှာ အစီရင်ခံစာ အပြည့်အစုံထုတ်ပြန်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဆဆုကိ ကာတယာမ (Satsuki Katayama) ဟာ ရှင်ဇိုအာဘေးရဲ့ အစိုးရအဖွဲ့ ရဲ့တဦးတည်းသော အမျိုးသမီး ဝန်ကြီးဖြစ်ပြီး အသက် ၆၁ နှစ် ရှိပြီဖြစ်ပါတယ်။

သူမအနေနဲ့ လူဦးရေ ၅ သန်းသာရှိတဲ့ စင်ကာပူနိုင်ငံရဲ့ ကမ္ဘာ့ဘဏ္ဍာရေး စင်တာ အဆင့် ၄ ဈေးကွက်ကို ကျော်တက်လိုနေပါတယ်။
လူဦးရေ ၁၂၇ သန်းရှိနေတဲ့ Financial Hub အဆင့် ၆ ဖြစ်နေတဲ့ တိုကျို အတွက် အခုလို ဟောင်ကောင်က ငွေကြေးဈေးကွက်ပညာရှင်တွေကို ရရှိနိုင်မှုဟာ အခွင့်အရေးကြီးဖြစ်နေပါတယ်။

သီးသန့် ဗီဇာပုံစံတစ်မျိုးထုတ်ဖို့ဖြစ်နိုင်မလားဆိုတာကို LDP ပါတီအနေနဲ့ စဉ်းစားနေတယ်လို့ သူမက ပြောပါတယ်။
အဲ့ဒီ့ဗီဇာပုံစံအသစ်မှာ ဂျပန်ရဲ့ အခွန်စနစ်ကနေ သက်သာခွင့်ရမယ့် ဟာမျိုးတွေပါနေတာမိုလို့ ဂျပန်လူမျိုးတွေရဲ့ သဘောထားဘယ်လိုရှိမယ်ဆိုတာကိုလည်း စောင့်ကြည့်ရဦးမယ်လို့ ဆိုပါတယ်။

ခုနောက်ဆုံး ပြီးခဲ့တဲ့ နာရီပိုင်းအတွင်းမှာ ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က တကယ်လို့ တရုတ်ပြည်ကသာ ဟောင်ကောင်အပေါ် အမျိုးသားလုံခြုံရေးနဲ့ပါတ်သက်တဲ့ ဥပဒေပြဌာန်းမယ်ဆိုရင် ဟောင်ကောင်က လူ ၃ သန်းကို ဗြိတိန်မှာ နိုင်ငံရေးအရ ခုံလှုံခွင့် ဒုက္ခသည် အဖြစ်လက်ခံသွားမယ်လို့ ပြောလိုက်ပြီဖြစ်ပါတယ်။

ကပ်ဘေးထိခိုက်မှုတွေ၊ စီးပွားရေး နဲ့ နိုင်ငံရေး အကြားလှုပ်ရှားမှုတွေမှာ ဘယ်သူတွေက လူသားဆန်ပြီး အကျိုးအမြတ်တွေအကောင်းဆုံးလုပ်ဆောင်သွားနိုင်မလဲဆိုတာကိုတော့ စိတ်ဝင်တစားစောင့်ကြည့်ဖို့ အကောင်းဆုံးရောက်နေပြီဖြစ်တဲ့အကြောင်း တင်ပြလိုက်ပါတယ်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Business Insider, South China Morning Post, Investopedia, BBC Business, Image: Sweet Water Now

 

ဤအရပ်သို့ နေရောင်ခြည် ဖြာကျခွင့် မရှိစေရ (အပိုင်း-၂)

      ပြီးခဲ့တဲ့ အပိုင်းတုန်းက ဂျာမန်လူမျိုး စီးပွားရေး ပညာရှင် ဖရက်ဒရစ်လစ်စ်တစ်ယောက် ၁၈၂၀ မှာ အမေရိကန်ကို သွားခဲ့ပြီး အမေရိကန်က နိုင်ငံရေး၊ စီးပွားရေး ခေါင်းဆောင်တွေဟာ ဗြိတိန်ရဲ့ စီးပွားရေး စနစ်ကို လက်မခံကြဘဲ ကိုယ်ပိုင်မူနဲ့ စီးပွားရေး ပုံစံကို ဖော်ဆောင်ဖို့ ကြိုစားနေတာကို တွေ့ရှိခဲ့တဲ့ အကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီမှာ သူတွေ့ဆုံခွင့်ရခဲ့တဲ့ အမေရိကန်ရဲ့ ခေါင်းကိုင်ဖခင်ကြီးတစ်ယောက်လည်းဖြစ်၊ နိုင်ငံရေးပညာရှင်လည်း ဖြစ်တဲ့ ဟာမီတန်ရဲ့ စီးပွားရေး ဒဿနကို အခြေခံပြီးတဲ့နောက် National System of Political Economy ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ သူဟာ အရင်းရှင်စနစ်ရဲ့ ဖခင်ကြီးတွေဖြစ်တဲ့ အဒမ်စမစ်နဲ့ ရီကာဒိုတို့ရဲ့ လွတ်လပ်စွာကုန်သွယ်မှု စီးပွားရေး မော်ဒယ်ကို သူလက်သင့်မခံနိုင်တဲ့အကြောင်း ဝေဖန်ရေးသားခဲ့ပါတော့တယ်။
      အဒမ်စမစ်နဲ့ ရီကာဒိုတို့ ခံယူထားတဲ့ စီးပွားရေး ပုံစံမှာဆိုရင် ဈေးကွက်ထဲမှာ လူတွေ ကုန်ရောင်းကုန်ဝယ်လုပ်တာနဲ့ နိုင်ငံတွေ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကုန်သွယ်ကြတာဟာ သဘောတရားခြင်း အတူတူပဲလို့ ဆိုလိုချင်တာပါ။ ကိုယ့် ပြည်တွင်းက ပစ္စည်းကို လိုချင်လို့ဝယ်တာနဲ့ တခြားနိုင်ငံက ပစ္စည်းကိုဝယ်တာဟာ နယ်နိမိတ်မျဉ်းလေး ခြားနေတာကလွဲရင် ဈေးကွက်သဘောတရားကို အတူတူ လိုက်နာကြတာပဲလို့ သူတို့က ယုံကြည်ထားကြပါတယ်။ လစ်စ် ကတော့ အဲအချက်ကို လုံးလုံးလျားလျား သဘောမတူခဲ့ပါဘူး။ သူက နိုင်ငံတွေဆိုတာ လူတစ်ဦးတစ်ယောက်တည်း မဟုတ်ဘဲ လူပေါင်းမြောက်များစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး မတူတဲ့သမိုင်းတွေ၊ မတူတဲ့ယဉ်ကျေးမှုတွေ၊ မတူတဲ့ စီးပွားရေးရေချိန် အနိမ့်အမြင့်တွေ ကိုယ်စီရှိကြပါတယ်။
      တချို့နိုင်ငံတွေက စက်မှုခေတ်ကို အများကြီးခေတ်ရှေ့ပြေးနေပေမဲ့ တချို့နိုင်ငံတွေက လယ်တောထဲမှာ ရွှံ့တစွက်စွက်နဲ့ ရုန်းနေကြတာတွေရှိပါတယ်။ လစ်စ် ဒီစာအုပ်ကို ထုတ်တဲ့အချိန်တုန်းကဆို ဗြိတိန်ဟာ စက်မှုတော်လှန်ရေးကြီးရဲ့ အရှိန်အဟုန်နဲ့ စီပွားရေးသောင်းကျန်းပြီး အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်တို့ရဲ့ ရှေ့ကို ကြောနေတဲ့ နိုင်ငံပါ။ တကယ်လို့ ကျန်တဲ့နိုင်ငံတွေဟာ ဗြိတိန်လိုမျိုး စက်မှုလုပ်ငန်းတွေဖွံ့ဖြိူးတိုးတက်ပြီး စီးပွားရေးတွေ ကောင်းချင်တယ်ဆိုရင်တော့ တခြားနည်းလမ်းကို စဉ်းစားတာ အမှန်အကန်ဆုံးဖြစ်မှာပါလို့ သူကရေးခဲ့ပါတယ်။ ကုန်သွယ်ရေးတွေ တိုးတက်လာကာ စီးပွားတက်လာမယ် ရည်ရွယ်ပြီး ဗြိတိန်နဲ့ လွတ်လပ်စွာကုန်သွယ်မယ် သွားလုပ်လို့ကတော့ ဗြိတိန်က ကုန်သည်တွေ၊ စက်မှုလုပ်ငန်းရှင်တွေ ရဲ့ အနိုင်ကျင့်တာကို ခံသွားရမယ်လို့ သူကထောက်ပြထားပါတယ်။
      သူတင်ပြခဲ့တဲ့ နည်းကတော့ ကိုယ့်နိုင်ငံက စက်မှုလုပ်ငန်းတွေကို ကလေးလေးလို သဘောထားဖို့ပါပဲ။ ကလေးလေးတွေဟာ မွေးကင်းစမှာ အရမ်းဂရုစိုက်ရသလို သူရင့်ကျက်ဖို့ အချိန်ယူနေတုန်းမှာလည်း မလိုလားအပ်တဲ့ ဘဝရဲ့ ဖိအားပေးမှုတွေကို မခံရဖို့ ဂရုစိုက်ပေးရပါတယ်။ နောက်ဆုံး သူ့မှာ လောကကြီးကို ရင်ဆိုင်ဖို့ လိုအပ်တဲ့အချက်တွေ ပြည့်စုံပြီဆိုမှ လက်လွှတ်ပေးလိုက်ကြသလိုပါပဲ လစ်စ်ကလည်း “စက်မှုလုပ်ငန်းပေါက်စ” လေးတွေကို အခြေမခိုင်ခင် အချိန်မှာ ဖိအားတွေ ကြီးကြီးမားမား မဖြစ်သွားအောင် အစိုးရက စောင့်ရှောက်ပေးရမယ်လို့ ရေးထားပါတယ်။

ဂျာမန်စီးပွားရေး ပညာရှင် ဖရက်ဒရစ် လစ်စ် ( Friedrich List 1789-1846)

      ဥပမာ ပြောရရင် အဲ့ဒီခေတ် ၁၉ရာစုမှာ ဂျာမနီက သံနဲ့ သံမဏိလုပ်ငန်း တည်ထောင်ချင်တယ်ဆိုပါစို့။ တစ်ဘက်မှာက ဗြိတိန်ဟာ အဲ့ဒီအချိန်မှာ သံ၊သံမဏိ စက်ရုံတွေ တစ်နိုင်ငံလုံး တဝုန်းဝုန်း တဒိုင်းဒိုင်း နဲ့လည်ပတ်နေပြီး ကမ္ဘာ့ထိပ်တန်း စက်မှုနိုင်ငံကြီးအဖြစ်နဲ့ သံ၊သံမဏိတွေကို တကမ္ဘာလုံး ဈေးချိုချိုနဲ့ လိုက်ဖြန့်နေပါပြီ။ သံ၊ သံမဏိနဲ့ပတ်သတ်ပြီး ကြုံလာရတဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီး ရှိနေပြီဖြစ်သလို သူတို့အလုပ်သမားတွေကလည်း အတွေ့အကြုံရင့်ကျက် လက်သားကျနေတဲ့ သူတွေချည်းပါပဲ။ တကယ့်ပြဿနာက ဒီလိုမျိုး ပစ္စည်းကောင်း ဈေးချိုနဲ့ ပြိုင်ဘက်ကြီးက ကိုယ့်အိမ်တံခါးကို လာခေါက်နေတဲ့အချိန်မှာ ကိုယ်က ခုမှစ မြေစမ်းခရမ်းပျိူး အိမ်ထဲမှာ စလုပ်မယ်ဆို ဂျာမန်လုပ်ငန်းရှင်တွေရဲ့ ရင်းနှီးငွေတွေက ရေထဲပစ်ချနေသလို ဖြစ်နေမှာပါ။ သေချာတာကတော့ ဂျာမန်ပြည်သူတွေဟာ ဈေးချိုတဲ့ ဗြိတန်ကုန်သည်တွေနောက်ကိုပဲ ကောက်ကောက်ပါအောင်လိုက်သွားမှာဖြစ်ပါတယ်။ ဈေးကွက်သဘောတရားပေကိုး။
      ဒီတော့ လစ်စ်က သူ့နိုင်ငံက စက်မှုလုပ်ငန်းပေါက်စနတွေကို ဗြိတိန်တွေရန်က ကာကွယ်ဖို့ နည်းလမ်းကို အဆိုပြုပေးပါတယ်။ နည်းကတော့ အားလုံးလည်း သိပြီးသားဖြစ်တဲ့ ဈေးချိုနေတဲ့ သွင်းကုန်တွေ ဈေးတက်အောင်လုပ်တဲ့ အခွန်စည်းကြပ်လိုက်တဲ့ နည်းပါပဲ။ အခွန်စည်းကြပ်လိုက်လို့ ဗြိတိန်သွင်းကုန်တွေ ဈေးတက်ကုန်ရင် ပြည်သူတွေက ဂျာမန်လုပ်ငန်းတွေဆီ စိတ်ပြန်လည်လာပြီး နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေကို တိုးတက်လာအောင် အချိန်ယူနိုင်လိမ့်မယ်လို့ သူက ထောက်ပြထားတာပါ။
      တဖြည်းဖြည်းနဲ့ ဂျာမန်ရဲ့ စက်မှုလုပ်ငန်းတွေ အရည်အသွေးတိုးတက်လာပြီး ဗြိတန်တို့၊ အမေရိကန်တို့လို နိုင်ငံခြားလုပ်ငန်းတွေကို ယှဉ်နိုင်ပြီဆိုရင်တော့ အခွန်စည်းကြပ်တာကို လျှော့ပြီး လွတ်လပ်စွာကုန်သွယ်မှုစတင်လိုက်လို့ ရပါပြီတဲ့။ ဘာလို့လဲဆိုတော့ နိုင်ငံခြားသွင်းကုန်တွေကို အခွန်စည်းကြပ်တာက နဂိုဈေးထက်ပိုမြင့်ကုန်လို့ နိုင်ငံရဲ့ ကုန်ကျစရိတ်တွေ အရမ်းတက်ပါတယ်။ ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေ အားကောင်းမောင်းသန်ဖြစ်လာဖို့အတွက် ဒီလောက်တော့ ရင်းသင့်တယ်လို့ လစ်စ်ကတော့ ခံယူပါတယ်။
      ဒါကြောင့် လစ်စ်ရဲ့ အယူအဆကို ပြောရရင် သူဟာ လွတ်လပ်စွာကုန်သွယ်ခွင့် မူဝါဒကို လုံးဝကြီး ပစ်ပယ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ လွတ်လပ်စွာကုန်သွယ်ခွင့်ဟာ အခြေအနေ တစ်ခုမှာပဲ နှစ်ဦးနှစ်ဘက်ကို အကျိုးပြုမယ်လို့ သူက ယုံကြည်တာပါ။ ဘယ်လိုအခြေအနေလဲဆိုတော့ နိုင်ငံနှစ်ခုဟာ လူမှုဖွံ့ဖြိုးရေး အခြေအနေလည်းတူ၊ စီးပွားရေးရေချိန်လည်းတူတဲ့ အချိန်မှသာ လွတ်လပ်စွာကုန်သွယ်ခွင့်က မျှမျှတတဖြစ်မှာပါ။ နို့မိုဆို စီးပွားရေး ရှေ့တန်းရောက်နေတဲ့ နိုင်ငံက ဖွံ့ဖြိုးမှုအားနည်းတဲ့နိုင်ငံကို လွတ်လွတ်လပ်လပ် အနိုင်ကျင့်ခွင့်ပေးလိုက် သလိုဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အဲ့အချိန်က ဗြိတိန်ပညာရှင်တွေ ရေးတဲ့ စီးပွားရေးသီဝရီကို လစ်စ်က “လွတ်လပ်စွာကုန်သွယ်ခွင့် သီဝရီမဟုတ်ဘူးကွ၊ လွတ်လပ်စွာအနိုင်ကျင့်ခွင့် သီဝရီ” လို့ ဝေဖန်ပစ်ခဲ့ပါတယ်။
အပိုင်း (၃) ဆက်ရန်။
Source: Source: A Little History of Economics: Shut out the Sun
Photo: Famous Economists/ Buzzle.com

 

ဤအရပ်သို့ နေရောင်ခြည် ဖြာကျခွင့် မရှိစေရ (အပိုင်း-၁)

     ၁၈၄၀ ခုနှစ်က စီးပွားရေး ပညာရှင် တစ်ယောက်ဟာ ပြင်သစ်ပါလီမန်ကို သရော်စာတစ်စောင် ရေးပြီး ပို့ခဲ့ဖူးပါတယ်။ စာထဲမှာတော့ ဖယောင်းတိုင်ထုတ်လုပ်တဲ့ လုပ်ငန်းပိုင်ရှင်တွေက ဝိုင်းရေးကြသယောင် ရေးထားတာပါ။ စာထဲမှာပါတဲ့ အဓိက အကြောင်းအရာကတော့ ဖယောင်းတိုင်လုပ်ငန်းရှင်တွေဟာ စီးပွားရေးပျက်တော့မှာ ဖြစ်လို့ ခွက်လက်ဆွဲပြီးတောင်းစားရတော့မှာ ဖြစ်ကြောင်း၊ သူတို့ကို ဒီလိုဒုက္ခရောက်အောက် အဓိကလုပ်နေတာကတော့ ဈေးကွက်ထဲက ပြိုင်ဘက် တစ်ယောက်ဖြစ်ကြောင်းနဲ့ အဲလူဟာ သူတို့မယှဉ်ပြိုင်နိုင်တဲ့ ကြမ်းခင်းဈေးနဲ့ ဈေးကွက်ကို ဖျက်ဆီးနေတဲ့ အကြောင်း အတိုင်အတောထူနေဟန် ရေးထားတာဖြစ်ပါတယ်။
     သူတို့ လာတိုင်တဲ့ ဈေးကွက်ဖျက်တယ်ဆိုတဲ့ သူဟာ ဘယ်သူများဖြစ်နေမှာပါလိမ့်။ ပါလီမန်က အမတ်မင်းတွေ စာကိုဆက်ဖတ်တဲ့အခါမှာတော့ အဲဒီလူဟာ သက်ရှိလူမဟုတ်၊ နေမင်းကြီးဖြစ်ပါတယ်လို့ တိုင်ထားတာပါ။ နေမင်းကြီးရဲ့ အလင်းရောင်တွေကြောင့် လူတွေဟာ ဖယောင်းတိုင်တွေကို ဝယ်သင့်သလောက် ဝယ်မသုံးကြတဲ့အတွက် ပါလီမန်ကနေပြီးတော့ တိုင်းသူပြည်သားတွေ နေ့ခင်းဘက်အိမ်ထဲမှာ နေရင် ပြတင်းပေါက်တွေပိတ်ထားကြဖို့နဲ့ အကယ်၍ ထရံကြို ထရံကြားက နေရောင်ခြည်ဝင်လာရင်တောင် အိမ်ကမရှိရှိတာနဲ့ ပိတ်ဆို့ထားပြီး ဖယောင်းတိုင်နဲ့ နေကြဖို့ ဥပဒေ ထုတ်ပြန်ပေးပါ။ ဒါဆိုရင် ဖယောင်းတိုင်စက်ရုံတွေ များများလည်ပတ်နိုင်ပြီး ပြင်သစ်နိုင်ငံကြီးလည်း နေလိုလလိုချမ်းသာမှာဖြစ်တဲ့အကြောင်း တောင်းဆိုတဲ့ဟန် လှောင်ရေးထားတာပါ။
     တကယ်တော့ ဒီစာကိုရေးတဲ့သူဟာ နိုင်ငံခြားကဝင်လာတဲ့ ကုန်ပစ္စည်းတွေကြောင့် သူတို့ စီးပွားရေးတွေ ထိခိုက်ကုန်ပါပြီဆိုပြီး အော်နေတဲ့ စီးပွားရေးသမားတွေကို လှောင်တဲ့အနေနဲ့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒီစီးပွားရေး သမားတွေဟာ နိုင်ငံခြားက ဝင်လာတဲ့ ကုန်ပစ္စည်းတွေကို ပိတ်လိုက်ရင် နိုင်ငံအနေနဲ့ တိုးတက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဘယ်လိုပဲ အာပေါင်အာရင်း သန်သန်နဲ့ပြောပြော တကယ်တမ်းကတော့ သူတို့ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုမျိုးတွေဟာ အဲဒီ ၁၉ရာစုတုန်းကမှ မဟုတ်ပါဘူး။ ခုခေတ်မှာကိုလည်း အော်နေကြတုန်းပါပဲ။ ဥပမာပြောရရင် တရုတ်က သံမဏိတွေ ဈေးပေါပေါနဲ့ ဝင်လာတုန်းက အမေရိကန်နဲ့ ဗြိတိန်မှာ သံမဏိလုပ်ငန်းရှင်တွေ ပွက်လောညံခဲ့ဖူးတဲ့ ပုံစံမျိူးပါ။
     စီးပွားရေး ပညာရှင်ကြီး အဒမ်စမစ် ပေါ်ထွက်လာပြီးတဲ့ နောက်မှာ ကမ္ဘာ့နိုင်ငံတွေဟာ လွတ်လပ်စွာကုန်သွယ်ခွင့်နဲ့ ဈေးကွက်စီးပွားရေး စနစ်ကို အရှိန်အဟုန်နဲ့ အကောင်အထည်ဖော်ကြပါတယ်။ လွတ်လပ်စွာကုန်သွယ်ခွင့်ကတော့ ရှင်းပါတယ်။ ဆိုရရင် အိန္ဒိယက ဝင်လာတဲ့ ဈေးပေါတဲ့ အထည်တွေကို အင်္ဂလန်နိုင်ငံက ဘာအကြောင်းကြောင်းနဲ့မှ ကန့်သတ်တာ၊ တားမြစ်တာတွေ မလုပ်သင့်ဘူး၊ ဒီ အိန္ဒိယက အထည်တွေ ကောင်းမကောင်း၊ ပေးရတဲ့ဈေးနဲ့ တန်မတန်၊ အင်္ဂလန်က အထည်တွေနဲ့ ဘယ်ဟာက ပိုတွက်ခြေကိုက်လည်းဆိုတာတွေကို စားသုံးသူတွေကသာ ဆုံးဖြတ်မယ်ဆိုတဲ့ သဘောပါ။ ဒါပေမဲ့ ဒီလိုမျိုး လွတ်လပ်စွာကုန်သွယ်ခွင့် ပုံစံကို ထပ်ဆင့်တွေးခေါ်ခဲ့တဲ့ အင်္ဂလန်က ဒေးဗစ်ရီကာဒို (David Ricardo)ဆိုတဲ့ စီးပွားရေးပညာရှင်လည်း ရှိပါသေးတယ်။ သူ့ရဲ့ အတွေးခေါ်ကတော့ နိုင်ငံတွေဟာ ကိုယ်အကောင်းဆုံးထုတ်နိင်တဲ့ ပစ္စည်းတစ်ခုကို ရွေးပြီး အဲ့ဒါကို ဈေးသက်သက်သာသာနဲ့ နိုင်ငံအခြင်းခြင်း အပြန်အလှန်တင်ပို့ကြမယ်ဆိုရင် ဘယ်နိုင်ငံကမှ နာစရာမရှိတော့ဘဲ အကုန်အဆင်ပြေသွားကြမယ်ဆိုတဲ့ စီးပွားရေးဒဿနဖြစ်ပါတယ်။

စီးပွားရေး ပညာရှင် အဒမ်စမစ်နဲ့ ဒေးဗစ်ရီကာဒိုတို့ ဖြစ်ပါတယ်

     ဒါပေမဲ့ ၁၉ရာစုမှာကိုပဲ အပေါ်က ပြောခဲ့သလို လွတ်လပ်စွာ ကုန်သွယ်ခွင့်ကို ဆန့်ကျင်နေတဲ့ ဖယောင်းတိုင်လုပ်ငန်းရှင်တွေအပေါ် ကရုဏာသက်နေတဲ့ ပညာရှင်တွေလည်း ရှိပါသေးတယ်။ ကရုဏာသက်တဲ့အလျောက် ဤနေရာတွင်နေရောင်ခြည် ဖြာကျခွင့်မရှိစေရလို့ အတင်းအကြပ်ဆိုတဲ့ ဥပဒေတွေ ထွက်ပေါ်ဖို့ရာ မကူညီခဲ့ပေမဲ့ လွတ်လပ်စွာကုန်သွယ်ခြင်း မူဝါဒဟာ နိုင်ငံတွေကို ချမ်းသာစေတယ်ဆိုတဲ့ သီဝရီကို လက်မခံကြကြောင်း ထုတ်ဖော်ပြောကြားကြပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကတော့ ဂျာမန်လူမျိုး ဖရက်ဒရစ်လစ် (Friedrich List) ဆိုတဲ့သူပါပဲ။
     သူဟာနဂိုက လွတ်လပ်စွာကုန်သွယ်ရေး ပုံစံကိုထောက်ခံသူဖြစ်ပေမဲ့ ၁၈၂၀မှာ အမေရိကန်နိုင်ငံကို အလည်သွားတဲ့အချိန်မှာတော့ သူ့သဘောထားတွေ ပြောင်းလဲကုန်ပါတော့တယ်။ အဲဒီအချိန် အမေရိကန်မှာ ဗြိတိန်စီးပွားရေး ပညာရှင်တွေဖြစ်တဲ့ အဒမ်စမစ်တို့၊ ရီကာဒိုတို့ရဲ့ လမ်းစဉ်တွေဟာ အမေရိကန်နဲ့ အဆင်မပြေတာကြောင့် စနစ်သစ်တစ်ခု ပေါ်လာဖို့ ဝိုင်းတွန်းနေကြတဲ့ အချိန်ပါ။ လွတ်လပ်ရေး ကြေငြစာတမ်းကို ရေးခဲ့တဲ့ သောမတ်စ်ဂျက်ဖာဆင်ဆိုလည်း ရီကာဒိုရဲ့ စာအုပ်တွေ အမေရိကန်မှာ မဖြန့်ဖြူးဖို့ ဆော်သြခဲ့သလို တခြားအမေရိကန် လွတ်လပ်ရေးဖခင်ကြီးဖြစ်တဲ့ အလက်ဇန်းဒါး ဟာမီတန် ကလည်း ဗြိတန်စနစ်တွေနဲ့ မတူတဲ့ စီးပွားရေး စနစ်၊ အတွေးအခေါ်တွေကို ရေးထုတ်နေခဲ့ပါတယ်။
    ဟာမီတန်ရဲ့ ရေးသားချက်တွေမှာဆိုရင် အမေရိကန်ဟာ ကိုယ်ပိုင်ဟန် စီးပွားရေး စနစ်တစ်ခုကို ထူထောင်သင့်ကြောင်းနဲ့ အစိုးရကလည်း လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့ ကူညီပေးရမှာ ဖြစ်ကြောင်းတွေ ပါဝင်ပါတယ်။ သူများနိုင်ငံတွေဟာ အမေရိကန်ကုန်ပစ္စည်းတွေကို တားမြစ်တာ၊ အခွန်တိုးကောက်တာတွေလုပ်ပြီး သူတို့ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ်ပေးနေသလိုမျိုး အမေရိကန်ကလည်း ပြန်လုပ်သင့်ကြောင်းတွေ ထောက်ပြထားတာပါ။ သူ့ရဲ့ အဓိကဆိုလိုရင်းကတော့ ရီကာဒိုရဲ့ လွတ်လပ်စွာကုန်သွယ်ရေးစနစ်ဟာ အမေရိကန်နိုင်ငံအတွက် အဖြေမဟုတ်ဘူးဆိုတာပါပဲ။
အပိုင်း-၂ ဆက်ရန်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: A Little History of Economics: Shut out the Sun
Photo: Indian Folk/ Dazzle Jam/ Pexel

 

ပြီးပြည့်စုံသော လောကသစ် (အပိုင်း-၃)

       ပြီးခဲ့တဲ့ အပိုင်း-၂ မှာတုန်းက အင်္ဂလန်က ရောဘတ်အိုဝင်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ အင်္ဂလန်က နယူးလန်နာ့ဒေသမှာ သူတို့ခေတ် အရင်းရှင်စက်ရုံတွေနဲ့ မတူတဲ့ စက်ရုံပုံစံသစ်တစ်မျိုးကို စမ်းသပ်တည်ထောင်ပြတဲ့အကြောင်း ရေးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဆောင်မှုဟာ ကောင်းမွန်အောင်မြင်ခဲ့ပေမဲ့ သူမျှော်မှန်းသလို တခြားသူတွေကတော့ သူ့အတိုင်းလိုက်မလုပ်ခဲ့ပါဘူး။ ဒါကြောင့် အဲဒီနောက်မှာ သူဟာ အမေရိကန်ကို ထွက်ခွါခဲ့ပြီး အင်ဒီယားနားပြည်နယ်မှာ New Harmony ဆိုတဲ့ လူမှုအဖွဲ့အစည်းတစ်ခုကို ထပ်တည်ထောင်ခဲ့ပြန်ပါတယ်။ မြန်မာလို ဆီလျော်အောင်ပြောရရင် သဘာဝရဲ့ရင်သွေးငယ်များလို့ ပြောရမလားပါပဲ။ ဘာလို့လဲဆိုတော့ သူ့ရဲ့ New Harmony မှာဆိုရင် လယ်မြေစိုက်ခင်းတွေ၊ ကျောင်းတွေ၊ ဝပ်ရှော့တွေ၊ ရက်ကန်းစဉ်တွေ ပါဝင်ပြီး လာရောက်နေထိုင်ကြသူတွေဟာ ကိုယ်စားမဲ့ အသီးအနှံတွေကို ကိုယ်တိုင်စိုက်ပျိုးနိုင်မယ်၊ ဝပ်ရှော့တွေမှာ ကိုယ်လိုချင်တဲ့ အရာတွေကို ကိုယ်တိုင်ကိုယ့်လက်နဲ့ ဖန်တီးပြုလုပ်နိုင်မယ်၊ နောက်ပြီးကျောင်းတွေမှာဆိုရင်လည်း တစ်ယောက်နဲ့တစ်ယောက် ပညာတွေ မျှဝေကြ၊ ဖလှယ်ကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
       ဒီတစ်ခါမှာတော့ အိုဝင်ရဲ့ New Harmony ဟာ အရင် နယူးလန်နာ့ထက် ပိုလူသိများခဲ့ပြီး အမေရိကန်နဲ့ ဥရောပက စာပေ၊ ဂီတ၊ ပန်းချီပညာရှင်တွေ၊ သိပ္ပံသမားတွေ၊ ကျောင်းဆရာတွေနဲ့ တွေးခေါ်ပညာရှင်တွေဟာ လာရောက်ပူးပေါင်းနေထိုင်ခဲ့ကြပါတယ်။ နာမည်အရမ်းကြီးနေတော့ ထုံးစံအတိုင်း အုတ်ရောရော ကျောက်ရောရော လူပြောင်လူပျက်တွေလည်း ရောက်လာခဲ့ပါတယ်။ နဂိုက အိုဝင်ရည်မှန်းထားခဲ့တာ သူ့ရဲ့အဖွဲ့အစည်းလေးမှာ မတူညီတဲ့ အတန်းအစားအမျိူးမျိူးက ပုဂ္ဂိုလ်တွေ သဟဇာတဖြစ်စွာနဲ့ နေထိုင်ဖြစ်ကြလိမ့်မယ်လို့ပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ စာပေ၊ ပန်းချီလိုပညာရှင်တွေဟာ ပုံမှန်လူတွေလို စိုက်ပျိုး၊ သစ်ခုတ်အလုပ်တွေ ကျွမ်းကျွမ်းကျင်ကျင်မလုပ်နိုင်ကြတဲ့ အတွက် ခက်ခဲမှုတွေဖြစ်လာသလို အပြောင်အပျက်နဲ့ဝင်လာတဲ့သူတွေကလည်း ရေသာခိုပြီးနေနေကြတဲ့ အတွက် သိပ်မကြာခင်မှာပဲ သူ့အဖွဲ့အစည်းဟာ ပျက်သုဉ်းသွားခဲ့ရပြန်ပါတယ်။ အဲဒီနောက်မှာတော့ အသက်လည်းရလာပြီဖြစ်တဲ့ အိုဝင်ဟာ နာမ်လောကဘက်ကို ဦးတည်သွားခဲ့ပြီး ရှိတ်စပီးယားတို့၊ ဝယ်လင်တန်မြို့စားကြီးတို့ရဲ့ ဝိဉာဏ်တွေနဲ့ တွေ့တယ်လိုပြောလို့ပြော၊ လူအဖွဲ့အစည်းကြီးကို အရင်းရှင်တွေလက်ကနေ ရှေးလူကြီးတွေရဲ့ ဝိဉာဏ်တွေက ပြန်ကယ်တင်မှာလို့ ဆိုလိုဆိုနဲ့ ဘဝနိဂုံးချုပ်သွားပါတော့တယ်။

New Harmony ရှိခဲ့တဲ့နေရာမှာ စိုက်ထူထားသော အမှတ်တရ ကဗ္ဗည်းစာ

       သူတို့နဲ့ ခေတ်ပြိုင်မှာကိုပဲ Utopian Socialism ကိုတွေးခေါ်ခဲ့တဲ့ နောက်တစ်ယောက် ရှိနေပါသေးတယ်။ သူကတော့ ဟင်နရီဒီစိန့်ဆီမွန် (Henri De Saint-Simon 1760-1825) ဆိုတဲ့ ပြင်သစ်နိုင်ငံက မှူးမတ်မျိူးနွယ်ဝင် လူတစ်ယောက်ပဲဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ရည်မှန်းချက်ကြီးမားတဲ့ သူဖြစ်ပြီး ကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်အောင် ပြောင်းလဲမယ်ဆိုတဲ့ ခံယူချက်နဲ့ ကြီးပြင်းလာခဲ့သူလည်း ဖြစ်ပါတယ်။ ၁၇၇၉ ခုနှစ် အမေရိကန်တွေ ဗြိတိန်ကိုတော်လှန်တဲ့ လွတ်လပ်ရေးတိုက်ပွဲကြီးဖြစ်တော့ အမေရိကန်ကို သွားရောက်ခဲ့ပြီး အမေရိကန်တပ်တွေနဲ့ အတူတူ ဗြိတိန်ကိုတော်လှန်ခဲ့ပြီး အဖမ်းအဆီး အချုပ်အနှောင်တွေလည်း ခံရပါသေးတယ်။ အမေရိကန်တွေ လွတ်လပ်ရေးရလို့ ထောင်ကပြန်လွတ်လာတော့ ပြင်သစ်ကိုပြန်လာခဲ့ပြီး အင်ဂျင်နီယာကျောင်းမှာ ပညာပြန်လည်ဆည်းပူးခဲ့ပါတယ်။
       ၁၇၈၉ ပြင်သစ်တော်လှန်ရေးကြီးဖြစ်တဲ့အချိန်မှာ တော်လှန်သူတွေဘက်က ပါဝင်ခဲ့ပြီး ငွေအား၊ လူအားနဲ့ ကူညီခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ သူ့လူကိုယ်ဘက်သားအဖြစ် အထင်ခံရပြီး ထောင်ချခံရကာ ၁၇၉၄ ခုနှစ် တော်လှန်ရေးကြီးပြီးတဲ့အချိန်ကြမှ ပြန်လွတ်လာခဲ့တာပါ။ သူ့ရဲ့ ထင်ရှားတဲ့ စာစောင်ကတော့ ၁၈၁၇ မှာထုတ်ဝေခဲ့တဲ့ L’Industrie (Eng: Industry) -စက်မှုပြည်ထောင်လို့ အမည်ရတဲ့ စာစောင်ဖြစ်ပြီး ဒီထဲမှာဆိုရင် သူဟာ နိုင်ငံကို စက်မှုလူတန်းစား (Industrial Class) တွေကသာ အုပ်ချုပ်သင့်ကြောင်းနဲ့ ဘာမှ မတတ်တဲ့ မြို့စား၊ နယ်စားတွေ အုပ်ချုပ်တာ ရပ်တန့်သင့်ပြီဖြစ်ကြောင်း ရေးသားထားတာပါ။ သူ့ရဲ့ စက်မှုလူတန်းစားမှာဆိုရင် သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ မန်နေဂျာတွေ၊ ဘဏ်လုပ်ငန်းရှင်တွေပါဝင်ပြီး သူတို့ရဲ့ ဦးဆောင်မှုအောက်မှာ အလုပ်သမားတွေက တညီတညွတ်တည်း စက်မှုနိုင်ငံတော်ကြီးကို တည်ထောင်ရမယ်လို့ ရေးထားပါတယ်။ သူဟာ မွေးရာပါလူတန်းစားခွဲခြားတာကို ဆန့်ကျင်ပြီး လူတွေဟာ ကိုယ့်အရည်အချင်းပေါ်မူတည်ပြီး အတန်းအစားခွဲခြားတာကသာ အဖြစ်သင့်ဆိုလို့ အမြဲပြောသွားတာပါ။ ဒါပေမဲ့ ရှေ့က ပုဂ္ဂိုလ်တွေလိုပဲ သူ့ရဲ့ရေးသားချက်တွေကို လူတွေက လစ်လျူရှုနေတဲ့အတွက် စိတ်ဓါတ်ကျနေတဲ့ စိန့်ဆီမွန်ဟာ ၁၈၂၃ ခုနှစ်မှာ သေကြောင်းကြံဖို့ကြိုးစားခဲ့ပေမဲ့ ကံကောင်းစွာနဲ့ အသက်မသေခဲ့ဘဲ ၁၈၂၅ ကြမှသာ ဆုံးပါးသွားခဲ့ရတာပါ။
       အခုဖော်ပြခဲ့တဲ့ ချားစ်ဖိုရီရေး၊ ရောဘတ်အိုဝင်နဲ့ စိန့်ဆီမွန်တို့ဟာ သူတို့ခေတ်က အရင်းရှင်စီးပွားရေးရဲ့ အလုပ်သမားလူတန်းစားအပေါ် ဆက်ဆံပုံတွေကို မနှစ်မြို့ရာကနေ ဈေးကွက်စီးပွားရေးတို့၊ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်တို့ကို အယုံအကြည်မရှိဖြစ်လာခဲ့ကြသူတွေပါ။ သူတို့ စဉ်းစားပြခဲ့တဲ့ လူအဖွဲ့အစည်းပုံစံကို နှောင်းပညာရှင်တွေက Utopian Socialism အဖြစ် သတ်မှတ်ခဲ့ကြပြီး မြန်မာလို ဆိုရင် ဆိုရှယ်လစ်လောကသစ် ဝါဒကို ပြန်ရမလားပါပဲ။ သူတို့မှာ တူညီတဲ့တွေးခေါ်ပုံကတော့ ပုဂ္ဂိလိကပိုင်ဆိုင်မှုတွေထက် ဘုံပိုင်ဆိုင်မှုကို စတင်တွေးခေါ်ထားကြတာဖြစ်ပြီး ဒီဘက်ခေတ် ဆိုရှယ်လစ်တွေနဲ့ မတူညီတဲ့ တွေးဆချက်တွေလည်း သူတို့မှာရှိပါသေးတယ်။
       အဲဒါကတော့ ပုဂ္ဂိလိကပိုင်ဆိုင်မှုတွေဟာ လူတန်းစားခွဲခြားမှု ကြီးကြီးမားမား မဖြစ်သွားသေးသရွေ့ ကောင်းသေးတယ်ဆိုတဲ့ ယူဆချက်ပါ။ နောက်ဆုံး ဒီဘက်ခေတ် ဆိုရှယ်လစ်၊ ကွန်မြူနစ်တွေနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်နေတာတစ်ခုရှိပါသေးတယ်။ အဲဒါကတော့ အပေါ်က ပညာရှင် ၃ယောက်စလုံးဟာ ပြီးပြည့်စုံတဲ့ လောကသစ်ကို လူတန်းစားအခြင်းခြင်း နားလည်မှု၊ သဟဇတဖြစ်မှု၊ ပူးပေါင်းလုပ်ဆောင်မှုတွေကနေ ငြိမ်းချမ်းစွာ ဖော်ဆောင်သွားဖို့ တိုက်တွန်းတာပါ။ ဒါပေမဲ့ သူ့တို့နောက်မှာ ပေါ်ထွက်လာတဲ့ ကွန်မြူနစ်ဖခင်ကြီး ကားမာ့စ် လက်ထက်မှာတော့ ဆိုရှယ်လစ် လူ့ဘောင်သစ်ဆိုတာ တော်လှန်တိုက်ယူမှရမယ်ဆိုပြီး အယူအဆတွေပြောင်းလဲခဲ့သလို တစ်ကမ္ဘာလုံးလဲ အတောမသတ်နိုင်တဲ့ အရင်းရှင်တော်လှန်ရေးတွေ ဖြစ်ကုန်ပါတော့တယ်။ ကားလ်မာ့စ်ကိုယ်တိုင်က အပေါ်ကပညာရှင်တွေရဲ့ အယူအဆတွေဟာ သူ့အပေါ်လွှမ်းမိုးမှုရှိကြောင်း ဝန်ခံခဲ့ပေမဲ့ ဒီပုဂ္ဂိုလ် ၃ယောက်လုံးဟာ ပြီးပြည့်စုံတဲ့ လောကသစ်ကို အိပ်မက်ပဲမက်ပြီး ဘယ်လိုသွားရမှန်းမသိတဲ့သူတွေလို ဝေဖန်ခဲ့ပါတယ်။ သူကတော့ ဆိုရှယ်လစ်လူ့ဘောင်သစ်ဟာ အရှင်းရှင်နဲ့ အလုပ်သမားလူတန်းစားတိုက်ပွဲကနေ တဆင့် အရင်းရှင်စနစ်ပြိုလဲသွားပြီးမှ တော်လှန်ရေးကို အဆုံးသတ်ကာ တည်ထောင်နိုင်မယ်လို့ ယူဆခဲ့တဲ့သူပါ။ နောက်ပိုင်းမှာ ကားလ်မာ့စ်နဲ့ ကွန်မြူနစ်ဝါဒအကြောင်း သပ်သပ်ထပ်ရေးပေးမှာဖြစ်လို့ Utopian Socialism ဆိုတဲ့ ဆိုရှယ်လစ်လောကသစ် (သို့မဟုတ်) ပြီးပြည့်စုံသော လောကသစ်အကြောင်းကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါရစေ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: A Little History of Economics: Ideal World

ပြီးပြည့်စုံသော လောကသစ် (ဒုတိယပိုင်း)

       ပြီးခဲ့တဲ့ အပိုင်းမှာ ဖိုရီရေးက သူ့ရဲ့ Phalanstery ဆိုတဲ့ လူအဖွဲ့အစည်းငယ်လေးမှာ လူတွေရဲ့ စိတ်ကျေနပ်မှု၊ စိတ်တိမ်းညွတ်မှု (passion) ပေါ်မူတည်ပြီး စရိုက်တွေ အမျိုးမျိုးခွဲလိုက်တယ် ဆိုတာ ပြောခဲ့ပါတယ်။ ပြီးတာနဲ့ သူတို့ရဲ့ passion တွေအပေါ်ကိုမူတည်ပြီးတော့ အလုပ်လုပ်ရမဲ့ အဖွဲ့တွေကို သေချာဖွဲ့စည်းပေးလိုက်ပါတယ်။ လူတစ်ယောက်ဟာ နေ့တိုင်းနေ့တိုင်းမှာ မတူညီတဲ့ passion ရှိတဲ့ အဖွဲ့တွေမှာ အလုပ်ဝင်လုပ်ဖို့ တာဝန်ပေးခံရပါမယ်။ ဥပမာ- ကိုယ်ရဲ့ passion ရှိတဲ့အပေါ်မူတည်ပြီးတော့ ပထမနေ့ဆိုရင် နှင်းဆီစိုက်တဲ့ စိုက်ခင်းတွေမှာ အလုပ်လုပ်ရမယ်၊ နောက်နေ့ဆို ကြက်ပေါက်လေးတွေ မွေးမြုတဲ့ဆီမှာ သွားကူရမယ်၊ နောက်တနေ့ကြတော့ အော်ပရာပြဇာတ် ကချင်လည်းကနေရမယ် စသည်ဖြင့် လူတစ်ယောက်ဟာဆိုရင် သူ့ရဲ့ passion ရယ်၊ စရိုက်တွေရယ်အပေါ်မူတည်ကာ အဖွဲ့ ဆယ်ဖွဲ့၊ ဆယ့်ငါးဖွဲ့မှာ အဖွဲ့ဝင်ဖြစ်နေတတ်ပြီး နေ့တိုင်း နေ့တိုင်းမှာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်တွေကို လှည့်ပြီး လုပ်နေရသလိုမျိုး ဖြစ်နေပါမယ်။ ဒီတော့ အရင်ပြောခဲ့တဲ့ အရင်းရှင်စနစ်က ပင်အပ်အလုပ်သမားတွေလို နိစ္စဒူ၀ ဒါပဲထပ်ခါတလဲလဲ စိတ်ပါပါ မပါပါ လုပ်နေရတာမျိုးမဟုတ်တော့ဘဲ ကိုယ်စိတ်ပါတာကို ကျေကျေနပ်နပ်နဲ့ လုပ်ခွင့်ရမှာလို့ ဖိုရီရေးက ရေးသားထားပါတယ်။ ဒါဆိုရင် သူတို့က ဝင်ငွေတွေ၊ နေထိုင်စားသောက်ဖို့တွေ ဘယ်ကရမလဲလို့ မေးစရာရှိလာပါတယ်။ ဒါကတော့ ဆိုရှယ်လစ်စနစ်တွေရဲ့ ထုံးစံအတိုင်း စုပေါင်းထုတ်လုပ်ထားတဲ့ အကျိုးအမြတ်ထဲက ကိုယ့်ဝေစုကို ရယူခံစားရမှာပဲဖြစ်ပါတယ်။
       ဖိုရီရေးဟာ ဒီစာအုပ်ကို ထုတ်ဝေပြီးနောက်မှာ သူ့ဆီတစ်ယောက်ယောက်လာပြီး သူ့စာအုပ်ထဲက Phanlansteries လိုမျိုး အဖွဲ့အစည်းတွေတည်ထောင်ဖို့ မတည်ငွေတွေလာပေးလိမ့်မလားရယ်လို့ နေ့တိုင်းနေ့တိုင်း ထိုင်စောင့်နေပါတော့တယ်။ ဒါပေမဲ့ သူဆီ ခွေးတစ်ကောင် ကြောင်တစ်မြီးတောင် ရောက်မလာခဲ့ပါဘူး။ သူ့ရဲ့ စိတ်ကူးထဲက လူ့အဖွဲ့အစည်းကြီးဟာလည်း စိတ်ကူးထဲမှာပဲ ဆက်ရှိနေခဲ့ပါတော့တယ်။ တကယ်တော့ အဓိကအကြောင်းက သူ့စာအုပ်ထဲက တချို့အကြောင်းအရာတွေကြောင့်ပဲဖြစ်ပါတယ်။ သူက သူ့စာအုပ်ထဲမှာ ဒီလိုမျိုး Phalansteries လူမှုအဖွဲ့အစည်းတွေ တည်ထောင်ပြီးပြီဆိုရင် ဒီထဲကလူတွေဟာ မျက်လုံးပါတဲ့ အမြီးတွေပေါက်လာမယ်၊ ကောင်းကင်မှာ လခြောက်စင်းပေါ်ထွက်မယ်၊ နောက် တောရိုင်းတိရစ္ဆာန်တွေနဲ့ လူတွေဟာ မြင်တာနဲ့ချက်ခြင်းကို ခင်မင်ကုန်ကြလိမ့်မယ်ဆိုပြီး နည်းနည်း ရူးကြောင်ကြောင်ဆန်တဲ့အရေးအသားတွေ ပါနေတဲ့ အတွက် လူတွေကတော့ သူ့ကို ယဉ်ယဉ်လေးရူးနေပြီးလို့ ထင်သွားကြလို့ပါ။ ဒါပေမဲ့ သူ့ထဲမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခုကတော့ အဲဒီခေတ်ကလူမှုအဖွဲ့အစည်းကို ကောင်းကောင်းကြီး ထိုးနှက်နေပါတယ်။ လူတွေဟာ စားစရာနဲ့နေစရာရှိနေပြီဆိုရင် ကိုယ့်စရိုက်နဲ့ကိုက်ညီမဲ့ အလုပ်မျိုးကို ဘယ်လိုရှာသင့်သလဲဆိုတာပါ။ ခုခေတ်မှာတော့ ကောလိပ်ပြီးတဲ့သူတွေကို လမ်းညွှန်ပေးနေတဲ့ အသက်မွေးဝမ်းကျောင်းအကြံပေးလုပ်ငန်းတွေဟာ သူ့မေးခွန်းရဲ့ အဖြေ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။
       မစ္စတာ ဖိုရီရေးနဲ့ မရှေးမနှောင်းမှာပဲ အင်္ဂလန်နိုင်ငံမှာ သူ့လို တွေးမိတဲ့ လူတစ်ယောက်ရှိနေပါတယ်။ သူကတော့ မစ္စတာ ရောဘတ်အိုဝင် (Robert Owen 1771-1858) ဆိုတဲ့ ဝေလပြည်နယ်က ပုဂ္ဂိုလ်ပဲဖြစ်ပါတယ်။ သူကတော့ ဖိုရီရေးလို စာရေးမဟုတ်ဘဲ ကံကောင်းထောက်မစွာနဲ့အင်္ဂလန်နိုင်ငံရဲ့ စက်မှုတော်လှန်ရေးရေစီးကြောင်းအစမှာ စီးမျောနိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ ချည်ရက်တဲ့ စက်ရုံတွေမှာဆိုရင် ရေနွေးငွေ့အင်ဂျင်စက်သံတွေ တညံညံနဲ့ နေ့နေ့ညည အရင်းရှင် စီးပွားရေးကြီးကို ထုဆစ်နေတာပါ။ နဂိုကတည်းက အရောင်းစာရေးဘဝကနေ စက်မှုလုပ်ငန်းပိုင်ရှင်ကြီးဖြစ်အောင် ကြိုးစားလာခဲ့သူဖြစ်လို့ အလုပ်သမားတွေကစပြီး နယ်စား၊ မြို့စားတွေအထိ လူတန်းစားအစုံနဲ့ တည့်အောင်ပေါင်းနိုင်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ အတွေးအခေါ်ကို စတင်ဖော်ထုတ်ခဲ့တာကတော့ “လူမှုအဖွဲ့အစည်းကို ရှုထောင့်သစ်မှ မြင်ကြည့်ခြင်း” – A New View of Society ဆိုတဲ့ အက်ဆေးမှာ ဖြစ်ပြီး အဲထဲမှာဆိုရင် သူဟာ လူတွေရဲ့ စရိုက်ကို ပုံဖော်နေတာဟာ သူတို့ကျင်လည်နေတဲ့ ပတ်ဝန်းကျင်ဖြစ်တယ်ဆိုပြီး ယုံကြည်ကြောင်း ရေးသားထားတာပါ။ ဒါကြောင့် ကုပ်သွေးစုပ်တဲ့ အရင်းရှင်စီးပွားရေးစနစ်အစား ကောင်းမွန်မျှတတဲ့ အလုပ်ခွင်ဖန်တီးပေးနိုင်မယ်ဆိုရင် အလုပ်သမားတွေဟာ စွမ်းဆောင်ရည်တွေတက်ပြီး ပျော်ရွှင်လာကြလိမ့်မယ်လို့ သူကယူဆထားပါတယ်။ သူ့ရဲ့ သီဝရီကို စမ်းသပ်ကြည့်ဖို့အတွက် အကြံအစည်တစ်ခုလည်း သူ့မှာ ရှိနေပါတယ်။
       အဲဒါကတော့ အရင်လို လခနည်းနည်းနဲ့ ညစ်ပတ်နေတဲ့ လုပ်ငန်းခွင်အစား လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ အလုပ်ခွင်ပုံစံတမျိုးကို သူဟာ စကော့တလန်က နယူးလန်းနာ့ခ်ဒေသမှာ တည်ထောင်လိုက်တာပါ။ ဒီစက်ရုံမှာဆိုရင် အိုဝင်ဟာ အလုပ်ချိန်တွေကို ပုံမှန်ထက်လျှော့ချပေးခဲ့ပြီး ပိုတဲ့အချိန်တွေကို မိသားစုနဲ့အတူနေဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့၊ နောက်အမျိုးသားအလုပ်သမားတွေကို အရက်အရမ်းမသောက်ဖို့ သူကတိုက်တွန်းထားပါတယ်။ နောက်ပြီး အလုပ်သမားတစ်ယောက်ဆီတိုင်းရဲ့ရှေ့မှာ လျှို့ဝှက်အကဲဖြတ်ပုံစံမျိုးဖြစ်အောင် အရောင်ခြယ်ထားတဲ့ ကုဗတုံးလေးတွေချိတ်ထားပါသေးတယ်။ ကုဗတုံးမျက်နှာပြင်မှာ အရောင်လေးမျိုးရှိပြီးတော့ အဖြူဆိုရင် အရမ်းကောင်း၊ အဝါဆိုရင် ကောင်း၊ အပြာဆိုရင် သိပ်မကောင်းနဲ့ အနက်ဆိုရင်တော့ ညံ့ဆိုပြီး ခွဲခြားလိုက်တာပါ။ တကယ်လို့ အလုပ်သမားတစ်ယောက်က အရမ်းအပျင်းထူနေပြီဆိုရင် အလုပ်ကြပ်ကအရင်လို ဆူဆဲတာမလုပ်တော့ဘဲ အတုံးလေးကိုပဲ အနက်ရောင်ဘက် လှည့်သွားတာပါ။ ပြီးတာနဲ့ တစ်နေ့ပြီး တစ်နေ့ အရောင်တွေကို မှတ်တမ်းသွင်းပါတယ်။ အစမှာတော့ အလုပ်သမားတွေဟာ အပြာနဲ့ အနက်တွေချည်းများနေပေမဲ့ နောက်ပိုင်းမှာ အဝါနဲ့ အဖြူတွေပိုရလာကြပြီး အနက်ရောင်ဟာတော်တော်နည်းသွားခဲ့ပါတယ်။ သူ့ရဲ့ ဒီလိုစံပြစက်ရုံဖွဲ့စည်းပုံကို အဲဒီခေတ်က နိုင်ငံရေးသမားတွေ၊ အရေးကြီးပုဂ္ဂိုလ်တွေ လာပြီးလေ့လာခဲ့ကြလို့ သူဟာ သူ့လိုမျိုးစက်ရုံတွေ နေရာအနှံ့ပေါ်လာမယ်လို့ မျှော်လင့်ခဲ့ပေမဲ့ အဆုံးမှာတော့ သူ့မျှော်လင့်ချက်တွေဟာ သဲထဲရေသွန်ဖြစ်ခဲ့ရပါတယ်။
(အပါ်ကပုံကတော့ သူတည်ထောင်ခဲ့တဲ့ နယူးလန်းနာ့ခ်က ချည်စက်ရုံတည်ခဲ့တဲ့ ရွာဖြစ်ပါတယ်။)
အပိုင်း (၃) ဆက်ရန်…
ကူးယူဖော်ပြခွင့်မပြုပါ။
Ref: A Little History of Economic: An Ideal World
Photo: The British Library

ပြီးပြည့်စုံသော လောကသစ် (ပထမပိုင်း)

လူတွေက မွဲတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေကို တွေ့ရင် များသောအားဖြင့် သူတို့နဲ့ထိုက်လို့ မွဲတာပဲလို့ ကောက်ချက်ချတတ်ကြပါတယ်။ ပညာသင်ရချိန်မှာ ကောင်းကောင်းမသင်၊ ထကြွလုံ့လ ဝီရိယမရှိ၊ အပျင်းထူနေလို့ ဒီလို ပင်ပင်ပန်းပန်းနဲ့ အလုပ်လုပ်ကိုင်ပြီး ဆင်းရဲနေကြတာလို့ ထင်ကောင်းထင်ကြမှာပါ။ ဒါပေမဲ့ 19ရာစု ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုး ရေးဖွဲ့ခဲ့တဲ့ Les Misérable ဆိုတဲ့ ဝတ္ထုကြီးမှာ စက်ရုံအလုပ်သမလေး Fantine ဟာ စက်ရုံကနေ အလုပ်ထုတ်ခံလိုက်ရပြီး သူမွေးထားတဲ့ သမီးလေးကို ပြုစုစောင့်ရှောက်စရာ ငွေမရှိတော့တဲ့အတွက် သူ့ရဲ့ရှေ့သွားတွေကို သွားတုလုပ်တဲ့သူတွေဆီကို ရောင်းစားခဲ့ရတဲ့အထိ ဘဝနာသွားခဲ့ပါတယ်။ ဒီဝတ္ထုထဲမှာဆိုရင် Fantine ဟာ အလုပ်မကြိုးစားတဲ့သူ၊ အပျင်းထူရေသာခိုတဲ့သူမဟုတ်ဘဲနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ သူတို့အကျိုးစီးပွားကာကွယ်ဖို့ လုပ်ခဲ့တဲ့ ကိစ္စအတွက် အလုပ်ထုတ်ပယ်ခြင်းခံခဲ့ရတာပါ။ ဒီလိုမျိုးဝတ္ထုတွေက စလို့ ပြည်သူလူထုတွေကြားထဲမှာ မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ ဆင်းရဲတဲ့သူတွေ၊ ကံအကျိုးပေးမကောင်းခဲ့တဲ့ သူတွေဟာ သူတို့ရဲ့ မွဲတေမှုတွေအတွက် အပြစ်တင်ခံထိုက်ရဲ့လားဆိုတာပါ။ တကယ်လို့ သူတို့အပြစ်မဟုတ်ခဲ့ဘူးဆိုရင် ဘယ်သူ့ကိုများ လက်ညှိုးထိုးရမှာပါလဲ။
       ဥရောပမှာ စက်မှုတော်လှန်ရေးကြီး ဖြစ်ပွားခဲ့ပြီးနောက် လူတွေတော်တော်များများ စီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ကုန်ကြပြီး ချမ်းသာလာကြပါတယ်။ ဒါပေမဲ့ အများစုကတော့ စားရမဲ့မဲ့ သောက်ရမဲ့မဲ့ အခြေအနေတွေမှာ နေနေကြရတုန်းပါ။ အလုပ်ရမလားလို့ မြို့ကိုတက်လာကြပြီး မသန်ရှင်းတဲ့ ကျူးကျော်ရပ်ကွက်တွေမှာ စုပြုံပြီးနေနေကြကာ ဒီထဲမှာဆိုရင် Fantine လိုမျိုး ဘဝနာသွားတဲ့သူတွေ အများကြီး၊ အများကြီးကို ရှိခဲ့ကြတာပါ။ ကလေးလုပ်သားတွေဆိုရင်လည်း လုပ်ငန်းခွင်ထဲမှာ မဖြစ်စလောက် လစာလေးအတွက် နာရီပေါင်းများစွာ အလုပ်လုပ်ပြီး ခေါင်းပုံဖြတ်ခံရပါတယ်။ အင်္ဂလန်လို နေရာမျိုးမျာဆိုရင်တော့ လူမှုဖူလုံရေးရုံးတွေမှာ အလုပ်လက်မဲ့တွေအတွက် စားစရာနဲ့ စောင်တွေ ဝေငှတာ လုပ်ပေးပါတယ်။ ဒါပေမဲ့ အဲလိုရဖို့အတွက်ကတော့ အရိုးကွဲအောင်အေးတဲ့ ရာသီဥတုမှာ စိတ်ညစ်စရာကောင်းလောက်အောင် တန်းစီပြီးမှ ရနိုင်တာပါ။
       ဒီလိုဆို အရင်းရှင်စနစ်ရဲ့ ဖခင်ကြီးတွေဖြစ်တဲ့ အဒမ်စမစ်တို့၊ ဒေးဗစ်ရီကားဒိုတို့ ပြောခဲ့တာတွေကို ပြန်သွားကြည့်လိုက်ရင် ကုန်သွယ်မှုတွေ၊ ကုန်ထုတ်လုပ်မှုတွေ၊ ဈေးကွက်ယှဉ်ပြိုင်မှုတွေကနေ စီးပွားရေးတိုးတက်မှု၊ နိုင်ငံရဲ့ ဥစ္စာဓန ကြွယ်ဝမှုတို့ကို ဖြစ်စေတယ်လို့ မိန့်ဆိုခဲ့ကြတာပါ။ သူတို့ရဲ့ စာအုပ်တွေအရဆိုရင်တော့ ငွေရှာတယ်ဆိုတဲ့ ကိစ္စဟာ အခါခပ်သိမ်း အပြစ်ကင်းနေမှာ မဟုတ်ဘူးဆိုတာ သူတို့သိခဲ့ပါတယ်။ ဒါပေမဲ့ ခြုံပြီးကြည့်ရင်တော့ နိုင်ငံတွေတိုးတက်ဖို့ဆိုရင် အရင်းရှင်စနစ်နဲ့ပဲသွားမှ ဖြစ်မှာလို့ သူတို့ ယုံကြည့်လက်ခံခဲ့ကြတာပါ။ အဲဒီအချိန်မှာ တခြား ဒဿနပညာရှင်တွေကလည်း သူတို့ပတ်ဝန်းကျင်က လူမှုအဖွဲ့အစည်းကြီးကို ကြည့်ပြီး စိတ်ပျက်နေခဲ့ပါတယ်။ မြို့ကြီးတွေရဲ့ အောက်ဆုံးအလွှာတွေမှာ တွေ့ရတဲ့ စားစရာ မဝမလင်ဖြစ်လို့ ကြုံလှီနေတဲ့ ကလေးလေးတွေ၊ ဘဝမှာ ဘာမှမျှော်လင့်စရာမကျန်တော့လို့ တစ်နေ့ရတဲ့ လုပ်ခလေး ပဲနိလောက်ကို အရက်သောက်ပစ်ရင်း ဝမ်းနည်းမှုတွေကို မျောချနေတဲ့ အလုပ်သမားတွေကို ကြည့်ရင်း အရင်းရှင်စနစ်ကို ပြင်ဆင်ဖို့ကြိုးစားရင်တော့ ဘာမှထူးလာမှာမဟုတ်တော့ဘူး။ တခြားပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို ကြံစည်နိုင်မှသာ ဒီလူမှုပတ်ဝန်းကျင်ကြီးကို ကယ်တင်နိုင်လိမ့်မယ်လို တွေးလာကြပါတယ်။
       ဒီလိုတွေးတဲ့ ဒဿနပညာရှင်တွေထဲကမှု တစ်ယောက်ကတော့ Charles Fourier (1772-1837)- ချားလ်ဖိုရီရေး ဆိုတဲ့ ပြင်သစ်က ပညာရှင်ပဲဖြစ်ပါတယ်။ ပျင်းရိ ငြီးငွေ့ဖို့ကောင်းပြီး စိတ်လှုပ်ရှားစရာမရှိတဲ့ ရုံးစာရေးဘဝမှာ သူဟာ ထူးဆန်းတဲ့ အတွေးအခေါ်တွေပါတဲ့ စာအုပ်တစ်အုပ်ကို ရေးသားခဲ့ပါတယ်။ ဒီစာအုပ်ကတော့ The Theory of Four Movements and of the General Destinies ဆိုတဲ့ စာအုပ်ဖြစ်ပြီး ဒီထဲမှာဆိုရင် ဖိုရီရေးဟာ သူ့ခေတ်က ဥရောပ လူမှုအဖွဲ့အစည်းကြီးတစ်ခုလုံးကို ရစရာမရှိအောင်ဝေဖန်ထားပါတယ်။ သူ့အတွေးအမြင်အရတော့ စက်ရုံအလုပ်ရုံတွေနဲ့ ငွေရှာတဲ့ အဖွဲ့အစည်းကြီးဟာ ကြမ်းကြုတ်ရက်စက်ပြီး လူမဆန်ဘူးလို့ ခံယူထားတာပါ။
       ဥပမာပြောရရင် အဒမ်စမစ်ရေးခဲ့တဲ့ စာအုပ်တစ်အုပ်ထဲက ပင်အပ်ထုတ်တဲ့ စက်ရုံကို နမူနာအနေဲ့ ကြည့်လို့ရပါတယ်။ ဒီစက်ရုံထဲမှာဆိုရင် တာဝန်ကျရာလူတိုင်းက သူ့တာဝန်ကို တစ်နေ့လုံး ဒါပဲလုပ်ရပါတယ်။ အပ်သွေးတဲ့သူဆိုရင်လည်း တချိန်လုံးအပ်ပဲသွေးနေရပြီး အပ်နဖားဖောက်တဲ့သူဟာလည်း အပ်နဖားပဲထိုင်ဖောက်နေရပါတယ်။ တစ်ရက်မဟုတ်၊ တစ်ပတ်မဟုတ်၊ စက်ရုံမှရှိနေသရွေ့ ဒါပဲထပ်ခါတလဲလဲလုပ်နေရတာ ဖြစ်တဲ့အတွက် ဒီလို လုပ်ငန်းခွင်ပတ်ဝန်းကျင်မျိုးကို သူက ဝေဖန်ထားတာပါ။ နောက်ပြီး ဈေးကွက်စီးပွားရေး အလုပ်တွေကကော လိပ်ပြာသန့်ရပါတယ်လို့ သူကမယုံကြည်ပါဘူး။ မှန်ဆိုင်ကလူတွေဟာ သူ့မှန်တွေရောင်းရဖို့အတွက် မိုးသီးတွေ ခဏခဏကြွေပြီး လူနေအိမ်တွေ မှန်ခဏခဏကွဲပါစေလို့ စိတ်ထဲက ဆန္ဒရှိနေတတ်တာမျိုးကိုပါ။ နောက်ပြီး လူတွေဟာ ချမ်းသာလာပြီဆိုရင် ကိုယ့်အောက်ကလူတွေကို ပေးကမ်းစွန့်ကြဲရမဲ့ အစား သူတို့ရဲ့ အသိုက်အမြုံပိုကြီးထွားဖို့ကိုသာ ဆက်အာရုံစိုက်ပြီး အောက်ခြေလူတန်းစားတွေကတော့ ငတ်ပြီးရင်ငတ် ဖြစ်လာတွေကို သူ့မရှုစိမ့်ခဲ့တဲ့ အကြောင်းတွေ ရေးသားခဲ့ပါတယ်။
       အဲနောက်မှာတော့ သူဟာ သူ့စိတ်ကူးထဲက စံပြုလူမှုအဖွဲအစည်းတစ်ခုကို တင်ပြခဲ့ပါတယ်။ သူက သူ့အဖွဲအစည်းလေးကို “Phalansteries” လို့နာမည်ပေးထားပြီး လူတွေအကုန်လုံး လိုက်လျောညီထွေစွာနေထိုင်ကြတဲ့ လူမှုအဖွဲ့အစည်း အသေးစားလေးအဖြစ် ပုံဖော်ထားတာပါ။ Phalanstery တစ်ခုစီဟာ လေးထောင့်ပုံအဆောက်အဦ တစ်ခုစီမှာ တည်ထောင်ထားပြီး ဒီထဲမှာဆိုရင် ဝပ်ရှော့၊ စာကြည့်တိုက်၊ အော်ပရာပြဇာတ်ရုံ စတဲ့ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အရာတွေ အကုန်လုံးအပြည့်အစုံပါဝင်ပါတယ်။ ဒီထဲမှာ နေထိုင်တဲ့သူတွေဟာ ကိုယ့်ရဲ့စိတ်ကျေနပ်မှု (Passions) ဦးဆောင်ရာနောက်ကို နေထိုင်နိုင်ပြီး ဖိုရီရေးက passions ပေါင်း အများအပြားကို ရေးပြခဲ့ပြီး မိသားစု၊ သူငယ်ချင်းသံယောဇဉ်၊ ရည်မှန်းချက်၊ ပန်းချီ၊ ဂီတ၊ သဘာဝပတ်ဝန်းကျင် စသည်ဖြင့် လူတွေရဲ့ သူတို့မှာရှိနေတဲ့ passion တွေပေါ်မူတည်ကာ စရိုက်ပေါင်း ၈၁၀ကို ခွဲခြမ်းလိုက်ပါတယ်။
ဒုတိယပိုင်းဆက်ရန်…
ကူးယူဖော်ပြခွင့်မပြုပါ။
Ref: A Little History of Economic: An Ideal World
Photo: harvarddesignmagzine.org/pinterest

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေး ၈.၈ ထရီလျံထိ ထိခိုက်နိုင်ကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်မှ ခန့်မှန်းထား

အာရှဒေသတွင် Economy Growth ၂.၄% ထိ ကျဆင်းမည်ဖြစ်ပြီး လာမည့်နှစ်တွင် ၆.၇% ဖြင့် ပြန်လည်တိုးတက်မည်ဟု ထုတ်ပြန်

အာရှဖွံ့ဖြိုးရေးဘဏ် Asian Development Bank (ADB) က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်း စီးပွားရေး ကန်ဒေါ်လာ ၈.၈ ထရီလျံထိ ထိခိုက်လာနိုင်သည်ဟု ခန့်မှန်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ခန့်မှန်းချက်သည် ယခင်လက မှန်းဆထားသည်ထက် ၂ ဆကျော် ပိုမိုမြင့်တက်လာခြင်းဖြစ်ပြီး ကမ္ဘာအရပ်ရပ် စီးပွားထုတ်လုပ်နိုင်မှု ၆.၄% မှ ၉.၇% ကြားထိရှိနေမည်ဖြစ်သည်။
ADB ၏ ဘောဂဗေဒပညာရှင်ဖြစ်သူ Yasuyuki Sawada က ယခုလေ့လာဆန်းစစ်ချက်အသစ်သည် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုမည်မျှရှိသည်ကို သိသာစေသည့် မြင်ကွင်းဖြစ်သည်ဟု ဆိုသည်။
ယခု အချက်အလက်များက မူဝါဒချမှတ်သူများ၏ ကဏ္ဍ အရေးကြီးပုံကို ပြသနေသည်ဟုလည်း သူက ပြောကြားခဲ့သည်။
ကမ္ဘာအရပ်ရပ်ရှိ စီးပွားရေး မူဝါဒချမှတ်သည့် ကိစ္စများနှင့်ပက်သက်၍ တာဝန်အကြီးဆုံးရှိသူများ၏ စီးပွားရေး အတွက်ပြင်ဆင်နေမှု၊ အပြောင်းအလဲဖန်တီးနေမှုများ ဖြစ်ပေါ်ရန် ၆ လမျှ ကြာမြင့်နိုင်ပြီး၊ အောက်ခြေ အကောင်အထည်ဖေါ်ရသည့် လုပ်ငန်းတာဝန်များဆောင်ရွက်မှုနှင့်ပက်သက်၍ ကန့်သတ်ထိန်းချုပ်ထားမှုများမှာ ၃ လခန့် ဆက်လက်ရှိနေဦးမည်ဟု ဆိုသည်။
ကမ္ဘာတဝှမ်းရှိ ဗဟိုဘဏ်များသည် ဘဏ်တိုးနှုန်းများ လျှော့ချရေး၊ စီးပွားရေး ထိခိုက်မှုများအတွက် ချေးငွေ၊ ထောက်ပံ့ငွေပေးအပ်သည့် Stimulus Packages များ ပေးအပ်ခြင်း၊ ငွေကြေးဈေးကွက်များထိခိုက်လာနေမှုကို သက်သာစေရန် ကြိုးပမ်းနေကြခြင်းများသာမက ကမ္ဘာ့စီးပွားရေး ကျဆင်းလာမည်ကို ကြောက်ရွံ့နေကြသော စိုးရိမ်စိတ်များမြင့်တက်လာမှုကိုပါ ဖြေရှင်းနေရသည်။
အမေရိကန် တစ်နိုင်ငံတည်း၌ မေလ ၁၅ ရက်နေ့တွင် အလုပ်လက်မဲ့ဦးရေ ၃၆.၅ သန်း ထိရှိလာနေပြီဖြစ်သည်။
အမေရိကန် လုပ်သားထု၏ ၄ ပုံ ၁ပုံ ခန့်သည် ယခုအခါ ထောက်ပံ့ရေး အကူအညီများ ရရှိရန် တောင်းဆိုနေကြသည်။
Federal Reserve က အမေရိကန်ပြည်ထောင်စု၏ စီးပွားရေး ပြန်လည်ထူထောင်ရန်မျှော်လင့်ထားမှုသည် ခန့်မှန်းထားသည်ထက် နှေးကွေးမည်ဖြစ်ကြောင်း ယခုအပတ်ထဲတွင် ကြေငြာခဲ့သည်။
အာရှဒေသရှိ ဝင်ငွေကောင်းသော လုပ်ငန်းနယ်ပယ်များတွင်ပင် စီးပွားရေး တိုးတက်နှုန်း ၅.၇% မှ ၂.၄% ထိ လျော့ကျသွားမည်ဖြစ်ကြောင်း Asian Development Bank (ADB) က ထုတ်ပြန်ထားသည်။
၂၀၁၉ တွင် ငွေကြေးဖေါင်းပွမှု နှုန်း အလွန်အမင်း မြင့်တက်လာမည်ဟု ခန့်မှန်းထားခဲ့သော်လည်း သမိုင်းတလျှောက်နှင့် ယှဉ်လျှင် ပုံမှန် အခြေအနေတွင်ဖြစ်နေခဲ့သည်။
အစားအသောက်ဈေးနှုန်းများ မြင့်တက်လာ၍ ၂၀၂၀ တွင် ငွေကြေးဖေါင်းပွနှုန်း Inflation Rate 3.2% ရှိမည်ဟု သိရသည်။
ယခုကဲ့သို့ ခက်ခဲ ကြပ်တည်းသော အချိန်တွင် ငွေကြေးဖေါင်းပွနှုန်း လျော့ကျရန်၊ ပုံမှန် စီးပွားရေးတိုးတက်နှုန်းများ အမြန်ပြန်ရလာစေရန် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသော၊ တီထွင်ကြံဆအားကောင်းသည့် လုပ်ငန်းများ လုပ်ကိုင်ရန်မှာ အရေးအကြီးဆုံး အခြေအနေဖြစ်လာသည်ဟု ADB က တိုက်တွန်းထားသည်။
အာရှဒေသရှိ အချို့သော နိုင်ငံများတွင် ကမ္ဘာ့အတိုင်းအတာအရပင် တီထွင်ဖန်တီးမှုများ၊ ဆန်းသစ်မှုများ ရှေ့မှ ဦးဆောင်နေပြီး အချို့မှာ နောက်မှ ပြတ်ကျန်နေခဲ့သည်ဟု ADB က သတိပေးထားသည်။
အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ပြန်သော Asia Development Outlook 2020 တွင် ယခု စီးပွားတိုးတက်မှုနှုန်းများ ၂.၄% သို့ ကျအပြီး (အာရှ ဒေသတစ်ခုတည်း) နောက်လာမည့်နှစ်တွင် ၆.၇% ဖြင့် ကောင်းမွန်သော Economy Growth ပြန်လည်ရရှိမည်ဟု ခန့်မှန်းထားသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Asian Development Bank (ADB), BBC Business, CNBC News, U.S Department of Labor

စွန့်ဦးတီထွင်လုပ်ငန်းရှင် လူငယ်တိုင်း သိထားရမည့် လုပ်ငန်း အခေါ်အဝေါ်များ

သင်က စီးပွားရေး လုပ်ငန်းတွေမှာ အခြားသူနဲ့ မတူတဲ့ ဝန်ဆောင်မှုမျိုးတွေ ပေးချင်တာ၊ လုပ်ငန်း ပုံစံအသစ်တွေ စဉ်းစားပြီး အကောင်အထည်ဖေါ်တော့မှာဆိုရင် သင်ဟာ Entrepreneur ဖြစ်ချင်တဲ့သူ တစ်ယောက်ပါ။
စပြီး လုပ်ကိုင်တော့မယ့် ဖူးသစ်စ လုပ်ငန်းတွေကို Start-Up တွေလို့ ခေါ်မှန်းတော့ သိပြီးသားဖြစ်မှာပါ။
ဒါပေမယ့် လုပ်ငန်းမစခင်ပဲဖြစ်ဖြစ်၊ စပြီးသွားရင်ပဲဖြစ်ဖြစ် သင်က အခြား အနယ်နယ်အရပ်ရပ်က လုပ်ငန်းတွေကိုလည်း လေ့လာနေဆဲဖြစ်ပါလိမ့်မယ်။
ကိုယ်တိုင်ကိုယ်ကျ သွားရောက်မေးမြန်းတာပဲဖြစ်ဖြစ်၊ အင်တာနက်ကနေ လေ့လာတာပဲဖြစ်ဖြစ် ခုဖေါ်ပြမယ့် စကားလုံးတွေနဲ့ သူ့နောက်က လုပ်ထုံးလုပ်နည်းတွေကိုတော့ သင်သိဖို့ လိုပါလိမ့်မယ်။
အဲ့ဒါကြောင့်မို့ အကျိုးရှိစေမယ့် စီးပွားရေး Terms တွေထဲကမှ Entrepreneurship, Start-Up ဝေါဟာရတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

(၁) Unicorn
ယူနီကွန်းဆိုတာကတော့ ကလေးတွေရဲ့ ပုံပြင်တွေထဲက ချို (ဂျို) ပါတဲ့ မြင်းကြီးပေါ့။

ဒါပေမယ့် Start-Up (တက်သစ်စလုပ်ငန်း) တွေမှာဆိုရင် Unicorn ဆိုတာ လုပ်ငန်းတန်ဖိုးသတ်မှတ်ချက် ဒေါ်လာ ၁ ဘီလျံ အထက် ရရှိထားတဲ့ လုပ်ငန်းကို ပြောတာပါ။

(၂) Series of Funding
ဖွံဖြိုးစလုပ်ငန်းတွေမှာ အခြားလူတွေရဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို ရှယ်ယာပိုင်ဆိုင်ခွင့်ရောင်းချပြီး ရယူရတာ သဘာဝပါ။
လုပ်ငန်းထဲကို ပါဝင်လာလိုတဲ့ အခြားသူတွေရဲ့ ငွေကြေး ရှာဖွေရာမှာ အဆင့် ၃ ဆင့် ရှိလေ့ရှိပါတယ်။
အဲ့တာတွေကတော့ Series A, B, C round စသဖြင့် ဖြစ်ပါတယ်။ Series D လည်း ရှိတတ်ပါတယ်။ Series D ကတော့ များသောအားဖြင့် 5th or 6 th round of Funding ဖြစ်လေ့ရှိပါတယ်။

(၃) Pre Seed Funding
ဒါကတော့ လုပ်ငန်း စစချင်း သုံးလိုက်တဲ့ အရင်းအနှီးဖြစ်ပါတယ်။ များသောအားဖြင့် Pre Seed တွေဟာ လုပ်ငန်းတည်ထောင်သူ၊ မိသားစု၊ သူငယ်ချင်း စတဲ့သူတွေရဲ့ ရင်းနှီးငွေ ဖြစ်လေ့ရှိပါတယ်။

(၄) Dragon
ဒါကတော့ နဂါးကြီးဖြစ်သွားတဲ့ အဆင့်ပေါ့။ ရင်းနှီးမြှုပ်နှံငွေ ရှာတဲ့ ပထမအဆင့်မှာပဲ (Single Round Funding) ဒေါ်လာ ၁ ဘီလျံအထိ ရရှိခဲ့တဲ့ လုပ်ငန်းမျိုးကို ခေါ်တာပါ။

(၅) Founder
ဒါကတော့ အားလုံးသိပြီးသား ဖြစ်မှာပါ။ လုပ်ငန်း စတည်ထောင်သူဖြစ်ပြီး လုပ်ငန်းကို အဆုံးအဖြတ်ပေးမယ့် ကိစ္စတွေအတွက် တာဝန်ရှိသူပါ။

(၆) Wantrepreneur
Want နဲ့ Entrepreneur ပေါင်းထားတဲ့ ဒီစကားလုံးက လုပ်ငန်းအကြံဉာဏ်တွေ စဉ်းစားထားပြီးသား၊ မကြာခင် အကောင်အထည်ဖေါ်တော့မယ်သူတွေကို ခေါ်တာပါ။

(၇) Non-technical
ဒါကတော့ ကွန်ပျူတာ ပရိုဂရမ်၊ ကုဒ်တွေ ရေးတဲ့ အပိုင်းတွေကို မလုပ်တဲ့ လုပ်ငန်းတည်ထောင်သူတွေ Founders ကို ခေါ်တာပါ။

(၈) Alpha Release
ဒါကတော့ လုပ်ငန်းတွင်းမှာပဲ စမ်းသပ်ထုတ်ကြည့်တဲ့ ထုတ်ကုန်အဆင့်ကို ခေါ်တာပါ။

(၉) Beta Release
ဘီတာ ကို ရောက်ပီဆိုရင် အသင့်အတင့်အားဖြင့် ပြည့်စုံတဲ့ အဆင့်ရောက်ပါပြီ။

ဒီလို အဆင့်ထုတ်ကုန်ကို ဈေးကွက်ထဲ စမ်းထုတ်လေ့ရှိပြီး၊ လူတွေရဲ့ အမြင် ဘယ်လိုရှိလဲဆိုတာကို သိရအောင် ကြိုးစားလေ့ရှိကြပါတယ်။

(၁၀) SaaS
အရှည်ကတော့ Software as a Service ပါ။ စားသုံးသူလက်ထဲအရောက် ဆော့ဖ်ဝဲလ်၊ ဖုန်းသုံး Application စတာတွေကို ဝန်ဆောင်မှုအနေနဲ့ ရောင်းတာမျိုးပေါ့။ အလွယ်ဆုံး ဥပမာကတော့ အင်တာနက်ကနေ ရုပ်ရှင်တွေကြည့်လို့ရတဲ့ ဝန်ဆောင်မှုပေးနေတဲ့ Netflix လိုမျိုး လုပ်ငန်းပါ။

(၁၂) PaaS
အရှည်ကတော့ Platform as a Service ပါ။ Amazon လို အင်တာနက် ဝယ်ရောင်း ဝက်ဘ်ဆိုဒ်ကြီးကို အားလုံးသိကြမှာပါ။

သူက ဈေးသည်တွေ၊ ဝယ်လိုသူတွေ အားလုံး သူ့ပေါ်မှာ ရောင်းဝယ်လုပ်လို့ရအောင် ဝန်ဆောင်မှုပေးနေတာပါ။ ဈေးဝယ်၊ ဈေးရောင်း Platform ကြီးပေါ့။

(၁၄) Pitch Deck
Pitch Deck ဆိုတာက ကိုယ့်လုပ်ငန်းကို အကျဉ်းချုံးရှင်းပြတဲ့ ရှင်းလင်း တင်ပြချက် ဖြစ်ပါတယ်။

(၁၅) Freemium
ဒါကတော့ ကိုယ့် ထုတ်ကုန်၊ ဝန်ဆောင်မှုတွေအတွက် အရောင်း Strategy တွေထဲက နည်းလမ်းတစ်ခုဖြစ်ပါတယ်။
ဘယ်ဟာ အလကားရနေပါပြီဆိုတာကို ကြေငြာရင်းနဲ့ စမ်းသုံးကြည့်စေတာပါ။
ဝယ်သူက ကြိုက်တယ်ဆိုတော့မှ အခြား ဝန်ဆောင်မှုတွေထပ်လိုချင်ရင် Free မဟုတ်တော့ပဲ Premium အဆင့်ကို ရောက်သွားပြီး ပိုက်ဆံ စပေးရတာမျိုးပေါ့။

(၁၆) Exit
ဒီနေရာမှာ Exit က အမျိုးမျိုးကွဲသွားနိုင်ပါတယ်။
တက်သစ်စ လုပ်ငန်းမဟုတ်တော့ဘဲ လုပ်ငန်းကြီးအဆင့်ပြောင်းသွားတာမျိုးဟာလဲ Start Up အဖြစ်ကို နှုတ်ဆက်ခြင်းပဲပေါ့။
ဥပမာ IPO လို့ ခေါ်တဲ့ Initial Public Offering လုပ်ပြီး ရှယ်ယာတွေ စရောင်းလိုက်တဲ့ အခါမျိုး။
ကိုယ်က သဘာဝအုန်းရည်လေး ထုတ်ရောင်းနေတယ်ဆိုပါစို့၊ အခြား နိုင်ငံတကာကို အုန်းရည်တွေရောင်းနေတဲ့ Brand ကြီးတစ်ခုက ကိုယ့်ကိုလာဝယ်သွားရင် Acquisition အနေနဲ့ ထွက်လိုက်တာဖြစ်ပြီး၊ ကိုယ်နဲ့ လုပ်ငန်းတစ်ခုက လာပူးပေါင်းတာမျိုးကို လက်ခံလိုက်ရင်တော့ Merger အနေနဲ့ Exit လုပ်လိုက်တာပဲပေါ့။

(၁၇) Angel Investor
လုပ်ငန်းစစချင်း ဘာမှ မသေချာမရေရာသေးခင်ကတည်းက ရင်းနှီးမြှုပ်နှံသူတွေကို ခေါ်တာပါ။ ကိုယ့်လုပ်ငန်းအတွက်တော့ ကယ်တင်ရှင် နတ်သားကြီးတွေပဲပေါ့။

(၁၈) Wireframing
Website ဒါမှမဟုတ် Mobile App တစ်ခု လုပ်တော့မယ်ဆိုပါစို့။

Web Developer တွေ၊ Design သမားတွေ၊ လုပ်ငန်းထဲက ဒီဝက်ဘ်ဆိုဒ်၊ App ကိုသုံးရမယ့်သူတွေ အားလုံး ဘယ်လိုလုပ်ကြမယ်၊ ဘယ်လိုဖြစ်ချင်တယ် စတဲ့ လုပ်ငန်းကျောရိုးကြီး တစ်ခုလုံး အစီအစဉ်ချတာကို ခေါ်တာပါ။
ဒါက အရေးအကြီးဆုံး အဆင့်ထဲမှာ ပါပါတယ်။

စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေဖြစ်ဖို့ စိတ်အားထက်သန်မှု တစ်ခုတည်း မရပါဘူး။ နည်းလမ်းမှန်ကန်မှုတွေ၊ စဉ်ဆက်မပြတ်လေ့လာမှုတွေလုပ်ဖို့ လိုပါတယ်။ ကမ္ဘာအရပ်ရပ်က လုပ်ငန်းတွေနဲ့ ဈေးကွက်တွေ၊ အခြေအနေတွေကို လေ့လာဖို့ Orio Economics ကို အမြဲတမ်း ဖတ်ရှုပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်လည်း Like & Share လုပ်ပေးနိုင်ဖို့ တင်ပြလိုက်ပါတယ်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Image: Pexels