Economy

Economy Category

သီရိလင်္ကာနိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်း ၇၀% သို့ ရောက်ရှိ

ဗုဒ္ဓဟူးနေ့ကထုတ်ပြန်ခဲ့သည့် သီရိလင်္ကာနိုင်ငံ ဗဟိုဘဏ်နှင့် စာရင်းအင်းအချက်အလက်ဌာနမှ ထုတ်ပြန်ချက်များအရ သီရိလင်္ကာသည် ဩဂုတ်လအတွင်း ငွေကြေးဖေါင်းပွနှုန်း ၇၀.၂% သို့ ရောက်ရှိခဲ့သည်။
တောင်အာရှနိုင်ငံသည် ဆယ်စုနှစ်များစွာအတွင်း အဆိုးဆုံး စီးပွားရေးအကြပ်အတည်းကို ရင်ဆိုင်နေရပြီး အရေးကြီးသွင်းကုန်များဖြစ်သော လောင်စာဆီ၊ ဓါတ်မြေဩဇာနှင့် ဆေးဝါးများအတွက် ငွေမချေနိုင်သည်မှာ ကြာမြင့်လာပြီဖြစ်သည်။

ကုန်ဈေးနှုန်းများမြင့်တက်ရာတွင် အစားအသောက်ဈေးနှုန်းများက ယခင်နှစ်ကထက် ၈၄.၆% ဈေးမြင့်လာပြီး အစားအသောက်မဟုတ်သည့် ကုန်များက ၅၇.၁% ဈေးမြင့်တက်လာသည်။
၎င်းတို့ဗဟိုဘဏ်က ငွေကြေးဖေါင်းပွသည့်နှုန်း ၇၀% မှာ အမြင့်ဆုံးအမှတ်ဖြစ်ပြီး ယင်းကပင် တိုင်းပြည်စီးပွားရေး နှေးကွေးနေမှုကို ပြန်လည် ထိန်းညှိသွားမည်ဟု ဆိုသည်။

ဇွန်လ ပါဝင်သည့် ဒုတိယ ၃ လပတ်ထဲတွင် သီရီလင်္ကာစီးပွားရေးမှာ ၈.၄% ကျုံ့သွားခဲ့ပြီး ထိုစဉ်က မြေဩဇာနှင့် လောင်စာဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေချိန်လည်း ဖြစ်သည်။

ယခုလ အစောပိုင်းက နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF) ထံမှ ချေးငွေ ဒေါ်လာ ၂.၉ ဘီလျံ ရယူရန် ကနဦး သဘောတူညီချက်ရရှိခဲ့ပြီး အဆိုပါ အကူအညီရမှသာ အကြွေးအချို့နှင့် နိုင်ငံအတွက်လိုအပ်သော သွင်းကုန်များအတွက် ပေးချေစရာ ဒေါ်လာများ ရရှိလာမည်ဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, BBC Business, Central Bank of Sri Lanka CBSL GOV LK
Image: BBC Business

အိန္ဒိယက နိုင်ငံတကာကုန်သွယ်ရေးအတွက် ရူပီးကို စသုံးရန်ကြေညာ

အိန္ဒိယအစိုးရသည် နိုင်ငံခြားကုန်သွယ်ရေးမူဝါဒကို ပြင်ဆင်ခဲ့ပြီး နိုင်ငံရှိ ပို့ကုန်၊ သွင်းကုန်သမားအားလုံးသည် အိန္ဒိယငွေကြေး ရူပီးဖြင့် ငွေပေးချေနိုင်ကြောင်း ဗဟိုဘဏ် (Reserve Bank of India RBI) ကတဆင့် ကြေညာခဲ့သည်။
ထို့ကြောင့် နိုင်ငံတကာကုန်သွယ်မှု ငွေတောင်းလွှာများ၊ ငွေချေမှုများကို ပြည်တွင်းသုံးငွေကြေး ရူပီးဖြင့် ပေးဆောင်နိုင်တော့မည်ဖြစ်သည်။

ဗဟိုဘဏ်သည် အိန္ဒိယရှိခွင့်ပြုချက်ပေးထားသော ဘဏ်များတွင် စပါယ်ရှယ်ရူပီး Vostro အကောင့်များကို ဖွင့်ခွင့်ပေးထားပြီး အိန္ဒိယရှိ တင်သွင်းကုန်လုပ်ငန်း လုပ်ကိုင်သူများသည် ပြည်ပမှတောင်းခံလာသော ပစ္စည်းဖိုး၊ ဝန်ဆောင်ခများအတွက် စပါယ်ရှယ်ရူပီးအကောင့်ထဲသို့ ရူပီးငွေသာ ထည့်သွင်းရတော့မည်ဟု သိရသည်။

ဘဏ္ဍာရေးဝန်ကြီး နီမာလာ ဆီသာမန်က ပြီးခဲ့သည့် သီတင်းပတ်အတွင်း ယခုကဲ့သို့ ရူပီးကိုသာသုံးစွဲရမည့် လုပ်ငန်းစဉ်အတွက် သုံးသပ်သည့် အစည်းအဝေးကျင်းပခဲ့ပြီး စပါယ်ရှယ်ရူပီး Vostro အကောင့်များ ဘဏ်များတွင် ဖွင့်နှုန်းအရှိန်မြင့်လာရန် လုပ်ဆောင်သွားကြဖို့ တိုက်တွန်းထားသည်။
အိန္ဒိယကုန်သွယ်ရေးဌာနကလည်း ယခုလုပ်ငန်းစဉ်ကို ကုန်သည်များအနေဖြင့် လက်ခံကျင့်သုံးသွားရန် တိုက်တွန်းနေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times
Image: Marine Insight

နှစ်ကုန်တွင် အာဂျင်တီးနား၏ ငွေကြေးဖေါင်းပွနှုန်း ၁၀၀% သို့ရောက်ရှိနိုင်

တောင်အမေရိကနိုင်ငံ၊ အာဂျင်တီးနားအနေဖြင့် မြင့်တက်လာသော လောင်စာဆီဈေးများနှင့် စီးပွားရေးမူဝါဒအပြောင်းအလဲများကြောင့် နှစ် ၃၀ အတွင်း ငွေကြေးဖေါင်းပွမှုနှုန်းအမြင့်ဆုံးဒါဏ်ကို ခံစားနေကြရသည်။
၎င်းတို့ဗဟိုဘဏ်က လစဉ် စစ်တမ်းကို သောကြာနေ့က ထုတ်ပြန်ခဲ့ပြီးနောက် ရိုက်တာသတင်းဌာနကဖေါ်ပြခဲ့သော စီးပွားရေးပညာရှင်များ၏ ခန့်မှန်းချက်တွင် ၂၀၂၂ နှစ်အကုန်၌ ငွေကြေးဖေါင်းပွနှုန်း ၉၅% သို့ ရောက်ရှိနိုင်သည်ဟု သိရပြီး မြို့တော် ဘွာနိုဆိုင်းရိစ် အခြေစိုက် EcoGo အကြံပေးကုမ္ပဏီကမူ ငွေကြေးဖေါင်းပွနှုန်းမှာ ၉၉.၆% ဖြင့် နှစ်ကုန်ကို ဖြတ်သန်းရဖွယ်ရှိနေပြီး လာမည့်နှစ် ပထမနှစ်ဝက်ကာလတွင်လည်း Inflation Rate ၁၀၀% ကျော်အဖြစ် ဆက်လက်ရပ်တည်နေမည်ဟု ဆိုသည်။

အစိုးရက ကုန်ဈေးနှုန်းထိန်းချုပ်ထားသည့် ကဏ္ဍများဖြစ်သော ကျန်းမာရေးစောင့်ရှောက်မှု၊ အခြေခံကျောင်းများနှင့် ကုန်စည်ပို့ဆောင်ရေးများမှ ဈေးနှုန်းများသည်လည်း ဩဂုတ်လအတွင်း ထပ်မံမြင့်တက်ခဲ့သည်။
အာဂျင်တီးနား၏ စီးပွားရေးဝန်ကြီး ဆာဂျီယို မာဆာ (Sergio Massa) က ယခုသီတင်းပတ်တွင် ဝါရှင်တန်သို့ရောက်ရှိနေပြီး သူ့အနေဖြင့် အာဂျင်တီးနားနှင့် ကမ္ဘာ့ငွေကြေးရံပုံငွေအဖွဲ့ (IMF) အကြား သဘောတူထားသော ဒေါ်လာ ၄၄ ဘီလျံ ငွေကြေးအကူအညီကို အပြီးသတ်အကောင်အထည်ဖေါ်လိုနေသည်ဟု သိရသည်။

လာမည့် ၂၀၂၃ တွင် အာဂျင်တီးနား၏ ငွေကြေးဖေါင်းပွနှုန်းမှာ ၈၄% သို့ လည်းကောင်း၊ ၂၀၂၄ တွင် ငွေကြေးဖေါင်းပွနှုန်း ၆၃% သို့လည်းကောင်း ပြန်လည်ကျဆင်းမည်ဟုလည်း စစ်တမ်းများတွင် ခန့်မှန်းထားကြောင်း သိရှိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Bloomberg News, St Kitts & Nevis Observer
Image: France 24

ဗြိတိန်ကိုကျော်ဖြတ်ကာ အိန္ဒိယက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ဖြစ်လာ

လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကဆိုလျှင် အိန္ဒိယ၏ စီးပွားရေးသည် ကမ္ဘာ့အဆင့် ၁၁ ဖြစ်ခဲ့ပြီး ၎င်းတို့ကိုအုပ်ချုပ်ခဲ့ဖူးသော ဗြိတိန်က ထိုကတည်းက ကမ္ဘာ့စီးပွားရေးအဆင့် ၅ ရှိ အင်အားကြီးနိုင်ငံဖြစ်ခဲ့သည်။
သို့သော်လည်း ယခုနှစ် ၂၀၂၂ ၊ ဧပြီလမှ ဇွန်လအထိ ဒုတိယ ၃ လပတ်အတွင်း အိန္ဒိယ၏စီးပွားရေးသည် ဗြိတိန်ကိုကျော်ဖြတ်ကာ အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ဂျပန်နှင့် ဂျာမဏီတို့၏နောက်သို့ ရောက်ရှိခဲ့ပြီဟု နိုင်ငံတာငွေကြေးရံပုံငွေအဖွဲ့ IMF က ထုတ်ပြန်ခဲ့သည်။

အိန္ဒိယသည် ပြီးခဲ့သည့် ၈ နှစ်အတွင်း စီးပွားရေးတိုးချဲ့မှုများကို ကိန်းဂဏန်းအရ အလွန်များပြားသော ရည်မှန်းချက်များချကာ လုပ်ဆောင်လာခဲ့သည်။
ပြီးခဲ့သည့် ကပ်ဘေးအတွင်းတွင်ပင် ရထားဘူတာရုံ ၅၀၀ ကို ကုန်စည်စီးဆင်းမှုနှင့် ကွန်တိန်နာ – ကုန်စည်သေတ္တာများ တိုက်ရိုက်တင်ချလုပ်ဆောင်နိုင်သော Dry ports များအဖြစ် တည်ဆောက်သွားရန်ဟူသော စီမံကိန်းများလည်း လုပ်ဆောင်ခဲ့သည်။

ဗြိတိန်အနေဖြင့် နှစ် ၄၀ အတွင်း အမြန်ဆုံးနှုန်းဖြင့် တက်နေသော ငွေကြေးဖေါင်းပွမှုနှုန်းကို ရင်ဆိုင်နေရပြီး အင်္ဂလန်ဗဟိုဘဏ် – BOE က နိုင်ငံ့စီးပွားရေးကျဆင်းနေမှု – Recession ( ၃ လပတ်ကာလ စီးပွားရေးကျဆင်းမှု ၂ ခါဆက်တိုက်ဖြစ်မှု) က လာမည့် ၂၀၂၄ သို့တိုင် ဆက်သွားနိုင်သည်ဟု ထုတ်ပြန်ထားသည်။

စီးပွားရေးအညွန်းကိန်းတွက်ချက်မှုများကို အမေရိကန်ဒေါ်လာပေါ် အခြေခံကာ တွက်ချက်ထားခြင်းဖြစ်ပြီး အိန္ဒိယ၏ နိုင်ငံ့စီးပွားရေးထုတ်လုပ်နိုင်စွမ်းအညွန်းကိန်း – GDP သည် လက်ရှိတွင် ဒေါ်လာ ၃.၅ ထရီလျံ ရှိလာကာ GDP ၃.၂ ထရီလျံရှိနေသော ဗြိတိန်ကို ဖြတ်ကျော်ခဲ့သည်။

ထို့ပြင် ဘလွန်းဘာ့ဂ်စီးပွားရေးသတင်း၏ ထုတ်ပြန်ချက်များအရ လာမည့် ၂၀၂၇ တွင် အိန္ဒိယ၏ စီးပွားရေးသည် ဗြိတိန်ထက် ၅ ပုံ ၁ ပုံ ပိုမိုကြီးမားနေမည်ဟု သိရသည်။
ကမ္ဘာ့စီးပွားရေးအင်အားကြီး အဆင့် ၅ နိုင်ငံအဖြစ် အိန္ဒိယရောက်ရှိလာမှုတွင် ရုရှား-ယူကရိန်း စစ်ပွဲနောက်ဆက်တွဲအဖြစ် ဂျုံနှင့် စားသောက်ကုန်များ၊ ရေနံနှင့် ဓါတ်ငွေ့များကို ရုရှားထံမှ ဈေးသက်သက်သာသာဖြင့် ဝယ်ယူကာ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်စည်ပို့ဆောင်ရေး၊ စွမ်းအင်ကဏ္ဍကို ထိန်းသိမ်းထားနိုင်ခြင်းကလည်း အကြောင်းတရားတခုအနေဖြင့် ပါဝင်နေနိုင်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Bloomberg, The Hindu
Image: ABC News

အမေရိကန်ကန့်ကွက်ပြီးနောက် ဒေါ်လာ သန်း ၁၀၀၀ တန် ကမ္ဘာ့သင်္ဘောလုပ်ငန်းကြီး ၂ ခုဝယ်ယူမှု ဖျက်သိမ်း

ကမ္ဘာ့ကွန်တိန်နာလုပ်ငန်းကြီးများဖြစ်သည့် China International Marine Containers နှင့် Maersk Container Industry တို့အချင်းချင်းပေါင်းစည်းမည့် အစီအစဉ်ကို စည်ကမ်းသတ်မှတ်ချက် အခက်အခဲများကြောင့် စွန့်လွှတ်လိုက်ကြောင်း ကြာသပတေးနေ့က ကြေညာခဲ့သည်။

တရုတ်ကွန်တိန်နာလုပ်ငန်းကြီး CIMC က ဒိန်းမတ်သင်္ဘောကုမ္ပဏီ AP Moeller – Maersk ၏အအေးခန်းကွန်တိန်နာထုတ်လုပ်မှုကို ဒေါ်လာ ၉၈၇.၃ မီလီယံဖြင့်ဝယ်ယူရန် စက်တင်ဘာလကသဘောတူညီခဲ့ကြသည်။

ထိုသဘောတူညီချက်မှာ ကမ္ဘာ့အကြီးဆုံး အအေးခန်းကွန်တိန်နာလုပ်ငန်းကြီး ၄ ခုအနက် လုပ်ငန်းကြီး ၂ ခုပေါင်းစည်းခြင်းဖြစ်ပြီး၊ တရုတ် CIMC ကဝယ်ယူလိုက်ပါက  တရုတ်အစိုးရပိုင် (သို့မဟုတ်) အစိုးရက ကမ္ဘာ့တဝန်းရှိ အအေးခန်းသဘောၤကွန်တိန်နာ ထုတ်လုပ်မှု ၉၀%ကျော်ကို ထိန်းချုပ်သွားနိုင်မည့်သဘောဖြစ်သည်ဟု အမေရိကန် တရားရုံးကဆိုသည်။

အဆိုပါအရောင်းအဝယ်က ပိုမိုမြင့်မားသောဈေးနှုန်း၊ နိမ့်ပါးသောအရည်အသွေးနှင့် global supply chain ကိုပိုအားနည်းစေနိုင်လိမ့်မည့်အပြင် နဂိုကတည်းက ဈေးကွက်ကိုထိန်းချုပ်နိုင်စွမ်းရှိသည့် CIMC ကပိုမိုလွှမ်းမိုးလာနိုင်မည့်အပြင် သီးသန့်ရပ်တည်နေသည့် MCI ၏တီထွင်ဆန်းသစ်မှုကို မှေးမှိန်စေသွားလိမ့်မည်ဟု တရားရေးဌာနက လက်ထောက်ရှေ့နေ့ချုပ် Jonathan Kanter ကဆိုသည်။

ဂျာမနီ ဖယ်ဒရယ်ရုံးကလဲ CIMC က Maersk Container Industry (MCI) အားဝယ်ယူခြင်းနှင့်ပတ်သက်၍ ဈေးကွက်အပေါ် သက်ရောက်နိုင်သည့် အခြေအနေများကို စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းဆိုသည်။

မည်သို့ဆိုစေကာမူ အဆိုပါရောင်းဝယ်ခြင်းမှာ သက်ဆိုင်ရာ၏ သဘောတူခွင့်ပြုချက်လိုအပ်သည်ဆိုသော်လည်း ထို့မတိုင်မီတွင် ကုမ္ပဏီ ၂ ခု ခွါပြဲခဲ့ခြင်းဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Financial Times, Reuters
Photo: Getty Images

နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုအခက်အခဲများနှင့် တရုတ်ရင်ဆိုင်နေရ

ကိုဗစ်ကန့်သတ်ချက်များလျှော့ချလိုက်ပြီးနောက် ပြည်ပဝယ်လိုအားမြင့်တက်လာချိန်တွင် တရုတ်၏နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုမှာ များပြားလှသောစိန်ခေါ်မှု အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း တရုတ်ကုန်သွယ်ရေးဒုဝန်ကြီးက အင်္ဂါနေ့တွင်ပြောကြားခဲ့သည်။

ကုန်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းအများစုမှာ အမှာစာမလုံလောက်ခြင်း၊ ကုန်ကျစားရိတ်မြင့်တက်ခြင်း၊ လုပ်ငန်းမျှော်မှန်းချက်နှင့်ပတ်သက်၍ မတည်ငြိမ်ခြင်းစသည့်စိန်ခေါ်မှုများနှင့်ကြုံနေရသည်ဟု တရုတ်နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုအသင်း (CIFTIS) အမှုဆောင်ချုပ် Sheng ကဆိုသည်။

တရုတ်ဗဟိုဘဏ် (The People’s Bank of China) သည် ပြီးခဲ့သည့် တနင်္လာနေ့က စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေသတ်မှတ်ချက်များကို လျှော့ချပေးခဲ့သည်။ နိုင်ငံ့နိုင်ငံခြားငွေလဲလှယ်ရေးဌာန၏ အချက်အလက်များအရ ဇွန်လ၌ ၂၀၂၁ ခုနှစ်ဒီဇင်ဘာနောက်ပိုင်း ဝန်ဆောင်မှုကုန်သွယ်ရေးလိုငွေ ဒေါ်လာ ၇.၉ ဘီလီယံအထိ အမြင့်ဆုံးရောက်ရှိခဲ့သည်။

တရုတ်နိုင်ငံတကာကုန်သွယ်ရေးဝန်ဆောင်မှုအခမ်းအနား CIFTIS ကို တရုတ်အစိုးရက ကြီးမှူး၍ သြဂုတ်လ ၃၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ဘေဂျင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business
Photo: Getty Images

ပို့ကုန်နှင့် ဝယ်ယူစားသုံးနိုင်စွမ်းကြောင့် အင်ဒိုစီးပွားရေးတိုးတက်

အင်ဒိုနီးရှားနိုင်ငံ၏ စီးပွားရေးအညွှန်းကိန်း GDP သည် ယခုနှစ် ဒုတိယ ၃ လပတ်ကာလအတွက် တိုးတက်မှု ၅.၄၄% ရှိခဲ့ကြောင်း ယနေ့ သောကြာနေ့တွင်ထုတ်ပြန်ခဲ့သည်။
ဧပြီလမှ ဇွန်လအတွင်း နိုင်ငံ၏ တင်ပို့ကုန်တိုးတက်မှု၊ ကမ္ဘာ့ကုန်စည်ဈေးနှုန်းများမြင့်တက်မှုနှင့် အစ္စလာမ်ဘာသာဝင်တို့၏ ရာမါဒါန်ကာလနှင့် အိဒ်အားလပ်ရပ်တို့အတွင်း ဈေးဝယ်သုံးစွဲမှုမြင့်တက်ခဲ့ခြင်းက နိုင်ငံ့စီးပွားရေးအား ဒုတိယ ၃ လပတ် Q2 အတွက် မူလခန့်မှန်းချက်ဖြစ်သော ၅.၁၇% ကို ကျော်တက်ခဲ့ခြင်းလည်းဖြစ်သည်။

အင်ဒိုနီးရှားသည် အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးအဖြစ်လည်း မှန်မှန် ဆက်လက်ရပ်တည်နေသည်ဟု Statistics Indonesia က ထုတ်ပြန်ထားသည်။

သို့သော်လည်း နိုင်ငံ၏ ငွေကြေးဖေါင်းပွမှုနှုန်းသည် ၇ နှစ်အတွင်း ၄.၉၄% ဖြင့် အမြင့်ဆုံး အခြေအနေသို့ ဇူလိုင်လတွင် ရောက်ရှိခဲ့သည်ဟု သိရသည်။
ငွေကြေးဖေါင်းပွမှုနှုန်း – Inflation Rate သည်လည်း အင်ဒိုနီးရှားဗဟိုဘဏ်၏ ရည်မှန်းချက်ဖြစ်သော ၂% မှ ၄% ဟူသည့် အကန့်အသတ်ကို ကျော်လွန်နေသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Nikkei Asia, Reuters Bbusiness, Channel News Asia
Image: Reuters

စစ်ပွဲကြောင့် ယူကရိန်းတွင် အလုပ်အကိုင်ဆုံးရှုံးမှု ၄.၈ သန်းအထိရှိလာ

ဖေဖေါ်ဝါရီနှောင်းပိုင်းကာလ ယူကရိန်းသို့ ရုရှား၏ကျူးကျော်စစ် စတင်ကတည်းက ယူကရိန်းတွင် လုပ်ငန်းများပိတ်သိမ်းရခြင်း၊ တင်ပို့ကုန်ကဏ္ဍ ရှေ့မတိုးနိုင်ဖြစ်ခြင်းနှင့် လူပေါင်းသန်းချီ ထွက်ပြေးနေရခြင်းများက အလုပ်အကိုင်ဆုံးရှုံးမှုပေါင်း ၄.၈ သန်းကျော်ဖြစ်လာစေသည်ဟု ကမ္ဘာ့အလုပ်သမားအဖွဲ့အစည်း – ILO က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
ဆုံးရှုံးသွားသည် အလုပ်အကိုင်ပမာဏသည် ယူကရိန်းရှိ စုစုပေါင်းလုပ်သားအင်အား၏ ၃၀% ခန့်ဖြစ်ပြီး ယခုကဲ့သို့ ဆိုးရွားမှုများဆက်လက်ဖြစ်ပွားနေပါက အလုပ်အကိုင်ဆုံးရှုံးမှု ၇ သန်းအထိ ရောက်ရှိလာနိုင်သည်ဟု ILO ၏ လေ့လာချက်တွင် ဖေါ်ပြထားပြီး ငြိမ်းချမ်းရေး ရရှိခဲ့ပါက အလုပ်အကိုင် ၃.၄ သန်း ခန့် အလျင်အမြန် ပြန်လည်ရရှိလာနိုင်မည်ဟု ဆိုသည်။

အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ပိုလန်နှင့် ရိုမေးနီးယားတို့သည် စစ်ပြေးဒုက္ခသည်များကို လက်ခံထားကြပြီး ၎င်းတို့ထဲတွင် စစ်မဖြစ်မီက အလုပ်အကိုင်ရရှိနေသူ ၁.၂ သန်းခန့်ပါဝင်သည်။
ဥရောပတွင်ဖြစ်သော စစ်ပွဲသည် ရုရှားတွင် အလုပ်လုပ်၍ ငွေပြန်လွှဲသော ရွှေ့ပြောင်းအလုပ်သမားများအပေါ် မှီခိုနေရသည့် ဗဟိုအာရှနိုင်ငံများအပေါ်လည်း သက်ရောက်မှုရှိနေသည်။
အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ရုရှားတွင်လည်း စီးပွားရေး ကျဆင်းလာပြီး ရွှေ့ပြောင်းလုပ်သားများ အလုပ်ဆုံးရှုံးကာ မိခင်နိုင်ငံများသို့ ပြန်နေရသည်ဟု လေ့လာချက်က ဆိုသည်။

ရုရှားတွင်လည်း ပြီးခဲ့သည့် ဧပြီလတွင် ကားအသစ်ရောင်းချရမှုမှာ ၇၈.၅% အထိ လျော့ကျသွားခဲ့သည်။
ရုရှားနိုင်ငံသားများအနေဖြင့် ဝင်ငွေရရှိရန် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် အိမ်ဝယ်ခြင်း၊ အိမ်ခြံမြေများတွင် ရင်းနှီးမြှုပ်နှံခြင်းများကို ပြုလုပ်လာရသည်။
စီးပွားရေးပိတ်ဆို့မှုကို တိုက်ရိုက်ကြုံနေရသော ရုရှားအစိုးရပိုင်လုပ်ငန်းများနှင့် သမ္မတပူတင်နှင့်နီးစပ်သည့် လုပ်ငန်းရှင်များသည် ၎င်းတို့စစ်ပွဲအပေါ် ကြားနေနေသည့် အိန္ဒိယရှိ လုပ်ငန်းငယ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: US News, Reuters, Economic Times: India Times, Europe Auto News
Image: REUTERS/Valentyn Ogirenko

စီးပွားရေးအဆိုးရွားဆုံးကျဆင်းမှုကြောင့် ဆန္ဒပြပွဲများအကြား သီရိလင်္ကာဝန်ကြီးနှုတ်ထွက်

အစိုးရကိုဆန့်ကျင်သော ဆန္ဒပြပွဲများ ရက်သတ္တပတ်များစွာကြာမြင့်လာပြီးနောက် သီရိလင်္ကာဝန်ကြီးချုပ် Mahinda Rajapaksa ကတနင်္လာနေ့က ရာထူးမှနှုတ်ထွက်သွားခဲ့သည်။ သီရိလင်္ကာသည် ၁၉၄၈ ခုနှစ်အင်္ဂလိပ်ထံမှ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နိုင်ငံ၏ အဆိုးရွားဆုံးစီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး အစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုအပေါ် မကျေနပ်၊ ဒေါသထွက်နေသည့် ပြည်သူများက မတ်လကတည်းက တခဲနက်ဆန္ဒပြခဲ့ကြကာ ပြည်တွင်းမငြိမ်သက်မှုမှာ ပိုမိုဆိုးရွားလာခဲ့သည်။

မြို့တော်ကိုလံဘိုတွင် အာဏာရပါတီထောက်ခံသူများနှင့် အစိုးရဆန့်ကျင်ဆန္ဒပြသူများကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က တစ်နိုင်ငံလုံး ညမထွက်ရအမိန့် (curfew) ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်မှုများကြောင့် အနည်းဆုံးလူ ၅ ဦးသေဆုံးစေခဲ့ပြီး လူ ၁၅၀ ကျော်ဆေးရုံသို့ပို့ဆောင်ခဲ့ရသည်။

အသက် ၇၆ နှစ်အရွယ်ဝါရင့်နိုင်ငံရေးသများကြီး Mahinda Rajapaksa က လက်ရှိအကြပ်အတည်းအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ ကြားဖြတ်အစိုးရဖွဲ့စည်းရေးဖြစ်ကြောင်း၊ ကြားဖြတ်စည်းလုံးညီညွတ်သော အစိုးရပေါ်ပေါက်ဖို့ကူညီရန် ရာထူးမှနှုတ်ထွက်ခဲ့ကြောင်း ရေးသားထားသည့် နှုတ်ထွက်စာကို သမ္မတ Gotabaya Rajapaksa ထံပေးပို့ခဲ့သည်။

သီရိလင်္ကာသည် ကပ်ရောဂါကြောင့် ရေနံဈေးအဆမတန်မြင့်တက်ခြင်း၊ အခွန်နှုန်းဖြတ်တောက်ခြင်းတို့ကြောင့် နိုင်ငံခြားအရန်ငွေ ကန်ဒေါ်လာ သန်း ၅၀ သာကျန်ရှိတော့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Ali Sabry ကပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုအရေးပေါ်အကူအညီပေးရန် အစိုးရအဖွဲ့ကတောင်းဆိုခဲ့သည်။

မကြာသေးမီကလည်း ဟင်းချက်ဓာတ်ငွေ့ပိုက်လိုင်းများ ပြတ်တောက်မှုကြောင့် ပြည်သူများစိတ်ပျက်လက်ပျက်ဖြစ်ကာ ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သည်။ ပြည်တွင်း စွမ်းအင်ကုမ္ပဏီများကလည်း ၎င်းတို့တွင် ဟင်းချက်ရန်အဓိကအသုံးပြုသော ရေနံဓါတ်ငွေ့ရည်နည်းပါးနေပြီဖြစ်ကြောင်း ကြေညာထားသည်။

သီရိလင်္ကာသည် တစ်လလျှင် သဘာဝဓာတ်ငွေ့တန်ချိန် ၄၀,၀၀၀ အနည်းဆုံးလိုအပ်ပြီး လစဉ်တင်သွင်းမှုအတွက် လက်ရှိပေါက်ဈေး ကန်ဒေါ်လာ ၄၀ ကုန်ကျမည်ဖြစ်သည်။

“ကျွန်တော်တို့က ဒေဝါလီခံထားရတဲ့နိုင်ငံပါ။ ဘဏ်တွေမှာလုံလောက်တဲ့ ဒေါ်လာမရှိဘူး။ ကျွန်တော်တို့မှောင်ခိုဈေးကွက်ထဲကိုလဲမသွားနိုင်ဘူး။ လုပ်ငန်းလည်ပတ်ဖို့ မနည်းရုန်းကန်နေရတယ်” ဟုအကြီးဆုံးဓာတ်ငွေ့လုပ်ငန်းကြီးထဲက တစ်ခုဖြစ်သည့် Laugfs Gas ၏ဥက္ကဌဖြစ်သူ W.H.K Wegapitiya ကပြောကြားခဲ့သည်။

Source: CNN Business, Reuters
Photo: Reuters

 

 

တောင်ကိုးရီးယား ပို့ကုန်ကဏ္ဍ ၁၄ လ အတွင်း အနှေးကွေးဆုံးသို့ရောက်

စွမ်းအင်နှင့်ကုန်ကြမ်းပစ္စည်းများ၏ ဆက်လက်ဈေးမြင့်တက်နေမှုက တောင်ကိုးရီးယားနိုင်ငံ၏ တင်သွင်းကုန်ပမာဏအား တွန်းတင်နေကာ ဧပြီလတွင် နိုင်ငံ၏ ပို့ကုန်ကဏ္ဍမှာ ၁၄ လ အတွင်း အနှေးကွေးဆုံးအခြေအနေသို့ရောက်ရှိခဲ့သည်။
ဧပြီလတွင် တင်ပို့ကုန်မှာ ဒေါ်လာ ၅၇.၆၉ ဘီလျံဖိုးရှိခဲ့ပြီး ယင်းပမာဏမှာ ပြီးခဲ့သည့် နှစ်ထက် ၁၂.၆% သာ တိုးတက်ခဲ့ပြီး ခန့်မှန်းထားသည့် ၁၄.၅% အောက် ရောက်ခဲ့သည်။
တရုတ်ပြည်တွင် တကျော့ပြန်ကိုဗစ်ကူးစက်မှုများကြောင့် ရှန်ဟိုင်းအပါအဝင် lockdowns နေရာများနှင့် စည်းမျဉ်းတင်းကြပ်မှုများဖြစ်နေပြီး ကုန်စည်စီးဆင်းမှု ကျဆင်းခဲ့သည်။
တောင်ကိုးရီးယား၏ တရုတ်သို့ ပို့ကုန်ပမာဏမှာ ပြီးခဲ့သည့်နှစ်ထက် ၃.၄% လျော့ကျခဲ့သည်ဟု တောင်ကိုးရီးယားကုန်သွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ယနေ့) တွင် ထုတ်ပြန်ခဲ့သည်။

မတ်လတွင်လည်း ကုန်စည်တင်ပို့နှုန်းမှာ ၁၈.၂% အောက် နှေးကွေးခဲ့သည်ဟု သိရသည်။
ယူကရိန်း-ရုရှား စစ်ပွဲဂယက်များနှင့် တရုတ်၏ zero covid မူဝါဒများကြောင့် ဆိပ်ကမ်းနှင့် သင်္ဘောအဝင်အထွက်များ ကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းတလျှောက် အခက်အခဲနှင့် နှောင့်နှေးနေမှုများကို ကမ္ဘာတဝှမ်းရင်ဆိုင်နေရသည်။
တောင်ကိုးရီးယား၏ နိုင်ငံခြားဝင်ငွေကို အဓိကရှာပေးသော တပိုင်းလျှပ်ကူးပစ္စည်းများ – semiconductors များမှာ တင်ပို့ရမှု ၁၅.၈% တိုးတက်ခဲ့ပြီး၊ လောင်စာဆီ – petroleum ဆိုင်ရာ ထုတ်ကုန်များမှာ ၆၈.၆% တိုးတက်ခဲ့သည်။

သို့သော်လည်း တင်သွင်းကုန်ပမာဏမှာ ပိုမိုများပြားနေပြီး ၁၈.၆% ပိုမိုမြင့်တက်ခဲ့ကာ ဒေါ်လာ ၆၀.၃၅ ဘီလျံ ဖိုးအထိ ရှိခဲ့သောကြောင့် ကုန်သွယ်ရေးလိုငွေပြမှုမှာ ဒေါ်လာ ၂.၆၆ ဘီလျံသို့ ရောက်ရှိခဲ့သည်။
ယင်းပမာဏမှာ မတ်လအတွင်း ကုန်သွယ်ရေးလိုငွေပြမှု ဒေါ်လာ သန်း ၁၄၀ မှ ဘီလျံ ပမာဏသို့ ခုန်တက်လာခဲ့ခြင်းလည်းဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Korea Herald, Reuters, Bloomberg Business, Al Jazeera
Image: Cruise Mapper