photo: amc theatres
“တရုတ်ပြည် တစ်ခုတည်းတင် ကမ္ဘာပေါ်က ရုံရှင်ပိတ်ကား ၃ ပုံ ၁ ပုံစာ ရှိတာဗျ။ ဒီလိုဖြစ်ပျက်နေတာကို ဘာနဲ့ ခိုင်းနှိုင်းပြရမှန်းတောင် မသိတော့ဘူး” တရုတ်ပြည် တစ်ခွင်လုံးရှိ ရုပ်ရှင်ရုံတွေ ဆက်တိုက် ပိတ်သိမ်းထားရမှုနှင့် ပက်သက်ပြီး ဖျော်ဖြေရေး လုပ်ငန်း ကျွမ်းကျင်သူတစ်ယောက်က ပြောထားတာပါ။
အာရှ၊ ဥရောပက မီဒီယာကုမ္ပဏီကြီးတွေဟာ ကိုရိုနားဗိုင်းရပ်စ်ကြောင့် တော်တော်လေးကို ရုန်းကန်လာနေရပြီး ခုဆိုရင် အမေရိကရဲ့ ကုန်းမြေထိတောင် ရောက်လာပါပြီ။
“ဗိုင်းရပ်စ်နဲ့ ပက်သက်တာတွေက တကယ့် အရေးပေါ်အခြေအနေပါ။ အဲ့တော့ ပန်းခြံတွေ၊ ကစားကွင်းတွေ၊ အပျော်စီးသင်္ဘောတွေပေါ်ဘာလိုစွန့်စားသွားနေမလဲရှင်” လို့ Alice+Olivia ဖက်ရှင်လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် စတေစီဘန်းဒပ်က NBC News ကို ပြောပါတယ်။
ဒီလို လူတွေ အပြင်ထွက်ရတာကို ရှောင်လာလို့ တနင်္လာနေ့က Live Nation, Sea World Entertainment, Six Flags စတဲ့ ရှယ်ယာဈေးတွေ ကျပါတယ်။ တချိန်တည်းမှာပဲ အွန်လိုင်းက ကြည့်လို့ရနေတဲ့ Disney, Netflix တို့ရဲ့ ရှယ်ယာတွေကတော့ ထိုးတက်လာပါတယ်။ ရှယ်ယာဈေးတွေနဲ့ ပက်သက်ပြီး စိုးရမ်စရာကောင်းနေတာမို့ Wedbush Securities က မန်နေးဂျင်းဒါရိုက်တာက “ဒီအခြေအနေ (ဗိုင်းရပ်စ်) က အမေရိကမှာ မေလ၊ ဇွန်လလောက်ထိ ဖြစ်မယ်ဆိုရင် အားလုံးကုန်ပြီ” လို့ ဆိုပါတယ်။ “ခုထိတော့ အဲ့လိုမဖြစ်ဘူးလို့တော့ ထင်တာပါပဲ” ဆိုပြီး ဒေသတွင်းက လူအများကြီး စုဝေးရာ ပန်းခြံတွေခုထိ မဖွင့်နိုင်သေးတာကိုလည်း ပြောပါတယ်။
တရုတ်ပြည်လည်း အတော်လေးကို ကံနိမ့်နေပါတယ်။ ရှန်ဟိုင်း နဲ့ ဟောင်ကောင်းမှာရှိတဲ့ ကန်ဒေါ်လာ ၅.၅ ဘီလျံတန် ဒစ်စနေး အပန်းဖြေစခန်းတွေကို ပိတ်ထားရပါတယ်။ အဲ့ဒီ့ရက်တွေအတွင်း ဒေါ်လာ ၁၇၅ သန်းလောက်ထိ နစ်နာနေပြီလို့ ဆိုပါတယ်။
ဂျပန်မှာ ဆိုရင်လည်း တိုကျိုက ဒစ်စနေး ပန်းခြံ ၂ ခုကို မတ်လ ၁၆ ရက်နေ့ထိ ပိတ်ထားမှာဖြစ်ပါတယ်။
ရှန်ဟိုင်းရှိ ပိတ်ထားသော ဒစ်စနေလန်းရှေ့ လုံခြုံရေးတစ်ဦးကိုတွေ့ရစဉ် photo: noel celis, afp
“ကျွန်တော်တို့ရဲ့ ဘဏ္ဏာရေးအခြေအနေထိခိုက်မှုအတိုင်းအတာဟာ ဘယ်လောက်ပိတ်ထားရမလဲဆိုတာအပေါ် အများကြီး မူတည်နေပါတယ်” လို့ ဒစ်စနေရဲ့ CEO ခရစ်စတင်း မက်ကာသီကတော့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီကပဲ ပြောထားပါတယ်။
တရုတ်ပြည်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ရုပ်ရှင်ရုံပေါင်း ၇ သောင်းကို ပိတ်ထားပြီးဖြစ်ကာ ဘယ်ချိန်ပြန်ဖွင့်မလဲဆိုတာလည်း မကြားရသေးပါဘူး။
အီတလီမှာ ဆိုရင် တောင်ပိုင်းက စလာတဲ့ ဒီဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် AMC ရုပ်ရှင်ရုံတွေက အစိုးရကို ကူညီတဲ့အနေနဲ့ အီတလီတောင်ပိုင်းက ရုပ်ရှင်ရုံတွေကို စပိတ်ရာကနေ ခုတော့ နိုင်ငံရဲ့ တစ်ဝက်လောက် ရှိတဲ့ ရုပ်ရှင်ရုံတွေကို ပိတ်ထားလိုက်ပါပြီ။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ Orio Economics
source: nbcnews, photo: nbc, afp, amc theatres