0

ကပ်ရောဂါကြီးပြီးသွားရင် အပျော်စီးသင်္ဘောလုပ်ငန်းတွေ အရင်လို နာလန်ပြန်ထူဦးမှာလား

Share

     အငြိမ်းစား ဇနီးမောင်နှံဖြစ်တဲ့ ဒေးဗစ်ရီဆီနဲ့ သူ့အမျိုးသမီး ကယ်ရိုလိုင်းတို့ဟာ တကယ်ဆို အခုအချိန် အိန္ဒိသမုဒ္ဒရာထဲက တစ်နေရာရာမှာ ကော့တေးလေးသောက်ရင် လေညှင်းခံနေရမှာပါ။ ဒါပေမဲ့ သူတို့ ဘွတ်ကင်တင်ထားတဲ့ အပျော်စီးသင်္ဘောခရီးစဉ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဖျက်သိမ်းခံလိုက်ရပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ အပျော်စီးသင်္ဘောခရီးစဉ်တွေ မသွားဖြစ်တာ အတော်ကြာပါပြီ။ သူတို့နောက်ဆုံးအတူသွားခဲ့ဖူးတာက လွန်ခဲ့တဲ့ နှစ်(၂၀)လောက်ကပါ။ အဲတုန်းကဆိုရင် သူတို့ဇနီးမောင်နှံဟာ ခရီးရှည်လမ်းကြောင်းကို ရွေးခဲ့ကြတာဖြစ်ပြီး ဘော်လတစ်ပင်လယ်ကနေ ကာရစ်ဘီယံပင်လယ်၊ သြစတြေးလျတိုက်ကနေ ဘရာဇီးရောက်တဲ့ထိအောက် ကမ္ဘာတစ်ပတ်နီးနီး သွားခဲ့ကြတာပါ။ ဒေးဗစ်ကတော့ အပျော်စီးသင်္ဘောတွေနဲ့ ခရီးသွားရတာ ရွေ့လျားရေပေါ်ဟိုတယ်ကြီး တစ်ခုထဲရောက်နေသလိုမျိုး မနက်နိုးလာလိုက်တိုင်း မတူညီတဲ့ နေရာအသစ်တစ်ခုကို ရောက်ရောက်နေတဲ့ ခံစားချက်က အရမ်းကောင်းတယ်လို့ ပြောပါတယ်။
     ဒါပေမဲ့ မစ္စတာဒေးဗစ်ပြောခဲ့တဲ့ ရေပေါ်ဟော်တယ်ကြီးတွေဟာ ခုဆိုရင် ဆိပ်ကမ်းတွေမှာ တန်းစီးကမ်းကပ်ထားပြီး လူသူကင်းမဲ့ကာ တိတ်ဆိတ်နေခဲ့ပါပြီ။ ကိုရိုနာဗိုင်းရပ်စ်ဟာ အပျော်စီး ကမ္ဘာလှည့်သင်္ဘော ကဏ္ဍအတွက်တော့ တကယ့်ကို မုန်တိုင်းဝင်မွှေခံလိုက်ရသလိုပါပဲ။ ဒါဟာ တစ်နှစ်ကို ခရီးသည်ပေါင်း ၂၆သန်းလောက် စီးနင်းသွားလာနေပြီး ငွေကြေးဒေါ်လာ ၄၆ဘီလီယံလောက် လည်ပတ်နေတဲ့ လုပ်ငန်းကြီးအတွက်တော့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါ။
     ဘော်စတွန်တက္ကသိုလ်က ဟော်တယ်နှင့်ခရီးသွားလာရေး မေဂျာပို့ချနေတဲ့ ပါမောက္ခ ခရစ်စတိုဖာမူလာကတော့ တကယ်ဆို အပျော်စီးသင်္ဘောတွေမှာ အရေးပေါ်ကူးစက်ရောဂါတစ်ခု သင်္ဘောပေါ်မှာ ဖြစ်ပွားလာခဲ့လို့ရှိရင် ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ ညွှန်ကြားချက်တွေရှိပြီးသားပါလို့ဆိုပါတယ်။ ကူးစက်ခံရတဲ့ လူနာကို အနီးဆုံးဆိပ်ကမ်းဆီခေါ်ဆောင်သွားပြီး ဆေးရုံပို့ပေးမယ်။ ကျန်တဲ့ခရီးသည်တွေကို အောက်မှာဆင်းခိုင်းပြီး သင်္ဘောတစ်ခုလုံးကို ပိုးသတ်ဆေးဖြန်းမယ်။ ရက်အနည်းငယ်ကြာလို့ သက်ဆိုင်ရာက ခွင့်ပြုပြီးဆိုရင် သင်္ဘောပြန်ထွက်မယ်ဆိုတဲ့ ပုံမှန်အစီအစဉ်တွေရှိပါတယ်တဲ့။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ကမ်းကပ်ခွင့်ပြုဖို့ ခွင့်လှမ်းတောင်းလိုက်တိုင်း ငြင်းပယ်ခံရတာကြောင့် ပြဿနာတွေက ပိုဆိုးသွားခဲ့ရတာပါ။ ဒါကြောင့် ဒီတစ်ခေါက် ကိစ္စမှာ ဘယ်သူ့အပြစ်ရယ်လို့ လက်ညှိုးထိုးဖို့ ခက်နေပါတယ်။
     ဒါပေမဲ့ သင်္ဘောကုမ္ပဏီတွေဘက်ကို ပြန်ကြည့်ရင် ထောက်ပြစရာ အားနည်းချက်တစ်ခုတော့ ရှိနေပါတယ်။ အဲ့ဒါကတော့ ခုခေတ်သစ် အပျော်စီးသင်္ဘောတွေဟာ အိပ်ခန်းတွေ အရမ်းသေးထားပြီး လူပိုတင်လို့ရအောင်လုပ်ထားတာပါပဲ။ သူတို့ဘက်ကကြည့်ရင်တော့ လူများမှ သင်္ဘောပေါ်က Spa တွေ၊ စားသောက်ဆိုင်တွေ၊ ကာဆီနိုရုံတွေမှာ ပိုက်ဆံများများသုံးကြပြီး သင်္ဘောလိုင်းအတွက် အမြတ်ငွေပိုထွက်လာမှာပါ။ ဒီတစ်ခေါက် ကိုရိုနာကိစ္စမှာတော့ နေရာကျဉ်းကျဥ်းလေးမှာ မြို့တစ်မြို့စာလောက်လူတွေ စုပြီးနေနေသလိုဖြစ်နေတာ့ ကပ်ရောဂါအတွက် သင်္ဘောပေါ်မှာ လူနာတွေကို အရေးပေါ်သီးသန့်ခွဲထားဖို့ နေရာတွေ မလောက်မငှ ဖြစ်ပြီး ဒုက္ခများကုန်တော့တာပါပဲ။


     ဒါကြောင့် ကပ်ကြီးပြီးသွားရင် အရင်လို ခရီးသည်တွေ ပြန်ရပါဦးမလားဆိုတာထက် အရေးကြီးတဲ့ ပြဿနာတစ်ခု သင်္ဘောလိုင်းတွေမှာ ရှိနေပါသေးတယ်။ အဲဒါကတော့ သင်္ဘောလိုင်းတော်တော်များများက သူတို့သင်္ဘောတွေကို တကယ်အလုပ်လုပ်နေတဲ့ နိုင်ငံတွေမှာ မှတ်ပုံမတင်ထားပဲ များသောအားဖြင့် ပနားမားတို့၊ ဆိုက်ပရပ်စ်တို့၊ ဘဟားမားစ်တို့ လိုနိုင်ငံတွေမှာ မှတ်ပုံတင်ထားကြတာပါ။ ပြောရရင်တော့ ကုမ္ပဏီက အမေရိကန်မှာဆိုပေမဲ့ သင်္ဘောက ပနားမားအလံတင်သင်္ဘောဖြစ်နေတာမျိုးပါ။ ဒါကလည်း သင်္ဘောလောကမှာ လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်ပြီး အမေရိကန်တို့လို့ တိုးတက်တဲ့နိုင်ငံတွေမှာ မှတ်ပုံတင်ရင် လိုက်နာရမဲ့ ဥပဒေတွေတင်းကြပ်သလို ပေးရမဲ့အခွန်အခတွေလည်း မနည်းပါဘူး။ ဒါကြောင့် စည်းကမ်းသိပ်မတင်းကြပ်တဲ့ ပနားမားလို နိုင်ငံတွေမှာ မှတ်ပုံတင်ကြတာပါ။
     ဒါကြောင့်လည်း အခုအမေရိကန်က အပျော်စီးသင်္ဘောလုပ်ငန်းတွေဆိုရင် အစိုးရကစီစဉ်ပေတဲ့ ပြန်လည်ကုစားရေး ရန်ပုံငွေရမဲ့ထဲမှာ မပါဝင်ခဲ့ပါဘူး။ တကယ်လို့ အစိုးရကပေးချင်ခဲ့ရင်တောင် တခြားလုပ်ငန်းစုတွေက အစိုးရကို ပယ်ပယ်နယ်နယ်ဝိုင်းဝေဖန်ကြတော့မှာပါ။ ပရော်ဖက်ဆာ မူလာကတော့ အပျော်စီးသင်္ဘောလုပ်ငန်းတွေက အခွန်ကြတော့ မဆောင်ထားဘဲ လိုတဲ့အချိန်ကြမှ လက်လာဖြန့်သလိုဖြစ်နေတဲ့အတွက် အစိုးရလည်း သူတို့ကိုလက်ရှောင်နေဖို့သာများတယ်လို့ သုံးသပ်ထားပါတယ်။
     ဒါတင်မကသေးပါဘူး။ အပျော်စီးသင်္ဘောတွေကို လွမ်းနေမဲ့ထဲမှာ ခရီးသည်အများစု လည်ပတ်ဖို့သဘောကျတဲ့ နေရာက စီးပွားရေးလုပ်ငန်းတွေလည်း မပါပါဘူး။ ဘာလို့လဲဆိုတော့ သင်္ဘောပေါ်က ခရီးသည်တွေ ဆင်းလည်ပြီဆိုရင် နေ့တစ်ပိုင်းလောက်အချိန်လေးမှာပဲ လှည့်ပတ်ကြည့်ရှုကြပြီး အချိန်တန်ရင် သင်္ဘောပေါ်မှာပဲ အစားအသောက်ဝယ်စား၊ သင်္ဘောပေါ်မှာပဲ ပြန်အိပ်တာဆိုတော့ ခရီးသွားဒေသက ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေက အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေကို မမက်တာ ဆန်းတော့မဆန်းပါဘူး။ သူတို့ဟာ ရောက်တဲ့နေရာ၊ ရောက်တဲ့နိုင်ငံရဲ့ ခရီးသွားကဏ္ဍကို လောက်လောက်လားလား တိုးတက်စေတာ မရှိဘူးလို့ ဆိုပါတယ်။
     ဒါဆို ဒီလုပ်ငန်းကြီးဟာ ပြန်ပြီး နာလန်ထူနိုင်ပါဦးတော့ပါ့မလား။ ဒီမေးခွန်းရဲ့ အဖြေကိုတော့ ပလိုင်းမောက် တက္ကသလိုလ်က ပါမောက္ခ အဂရာဝဲက ဒီလိုပြန်ဖြေထားပါတယ်။ သူက ခရီးသွားတွေဟာ အမှတ်သည်းခြေ နည်းကြပါတယ်တဲ့။ နမူနာပြောရရင် ပဲရစ်တို့၊ ဘရပ်ဆဲတို့မှာ အရင်နှစ်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီး ခရီးသွားဝင်ရောက်မှု အရမ်းနည်းခဲ့ဖူးပါတယ်။ ဒါပေမဲ့ အံသြစရာက အဲဒီလို နည်းပါးသွားတဲ့အချိန်ဟာ ၃လလောက်သာဖြစ်ပြီး နောက်ပိုင်း ပုံမှန်အတိုင်းပြန်လည်ပတ်သွားနေတာပါပဲတဲ့။ ဒါကြောင့် အပျော်စီးသင်္ဘောလုပ်ငန်းစုတွေအနေနဲ့ ကပ်ကြီးပြီးသွားရင် ဈေးချပေးတာ၊ ထူးခြားတဲ့ဆွဲဆောင်မှုတွေ ပြုလုပ်တာသာ လုပ်ပေးရင် ဒီလုပ်ငန်းတွေပြန်ဦးမော့လာမှာပါလို့ သုံးသပ်ပြထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Ref: Will we ever take cruise holidays again? by Jonty Bloom/BBC
Photo: Bily Pasco/Jamie Morrison/Unsplash

%d bloggers like this: