0

လူမျိုးရေးခွဲခြားသည့် Volkswagen ကားကြော်ငြာကြောင့် VW ပြန်လည်တောင်းပန်ခဲ့

Share

Volkswagen ကားကုမ္ပဏီသည် လူမျိုးရေးခွဲခြားမှုပါဝင်ခဲ့သည့် သူ၏ မော်ဒယ်သစ် Golf 8 ကားကြော်ငြာအား ကုမ္ပဏီ၏ Instagram page ပေါ်တင်ခဲ့သည့်အတွက် ပြန်လည်တောင်းပန်ခဲ့သည်။

အဆိုပါ ဗီဒီယိုအား ပြန်လည်ဖြုတ်ချခဲ့သော်လည်း အခြား social media များပေါ်တွင် ပြန်လည်မျှဝေ ဝေဖန်သူများကြောင့် ပျံ့နှံ့သွားခဲ့သည်။ ဗီဒီယိုထဲတွင် ကြီးမားသော လူဖြူလက်က လူမည်းတဦးအား ပါကင်ရပ်ထားသော VW Golf ကားမှ အဝေးသို့လွင့်သွားစေရန် Petit Colon အမည်ရှိ စားသောက်ဆိုင်ထဲသို့တောက်ထုတ်ပစ်လိုက်လေသည်။ ပြင်သစ်နံမည် စားသောက်ဆိုင်အား ဘာသာပြန်လျှင် ကိုလိုနီပြုသူကလေး (သို့မဟုတ်) နယ်မြေသစ်အခြေချသူကလေးဟု အဓိပ္ပါယ်ရသည်။

“ Volkswagen ရဲ့ Instagram channel ပေါ်မှာ လူမျိုးရေးခွဲခြားတဲ့ ကြော်ငြာဗီဒီယို တင်မိခဲ့တဲ့အတွက်တောင်းပန်ပါတယ်” ဟု Sale and Marketing ဌာနအကြီးအကဲဖြစ်သူ Jürgen Stackmann နှင့် Elke Heitmüller တို့က social media ပေါ်မှတဆင့် တောင်းပန်ခဲ့ကြသည်။ “ ဒီကြော်ငြာကြောင့် လူတွေဒေါသထွက်ကြမယ်ဆိုတာ နားလည်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်တို့ကိုယ်တိုင် အလွန်ထိန့်လန့်သွားခဲ့ရလို့ပါပဲ” ဟု သူတို့ကဆိုသည်။
“Volkswagen AG ကိုယ်စား ပြည်သူတွေကို တောင်းပန်ပါတယ်။ အထူးသဖြင့် ဒီကြော်ငြာရဲ့content ကြောင့် လူမျိုးရေးသမိုင်းနဲ့ ပါတ်သတ်ပြီး ကြေကွဲဖွယ် ခံစားခဲ့ရတဲ့သူတွေကို အနူးအညွတ်တောင်းပန်ပါတယ်” ဟု ဆိုခဲ့သည်။

Volkswagen (VLKAF) ကသီးခြားထုတ်ပြန်သော တောင်းပန်စာတွင် “မည်သည့် လူမျိုးရေးခွဲခြားမှု၊ လူမျိုးခြားမုန်းတီမှုနှင့် ခွဲခြားဆက်ဆံမှုမျိုးကိုမှ လက်ခံ ခွင့်မပြု” ဟုပါရှိသည်။

ကုမ္ပဏီအား နာဇီစစ်အာဏာလက်ထက် ၁၉၃၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယင်းနှစ်ကာလ အစောပိုင်းတွင် စစ်သုံ့ပန်းစခန်းမှ ကျွန်လုပ်သားများ အသုံးပြုကာ မော်တော်ကားများထုတ်လုပ်ခဲ့သည်။ ယခုအခါတွင် ကမ္ဘာ့အကြီးဆုံး မော်တော်ကားထုတ်လုပ်သူတဦးဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် မော်တော်ကား ၁၁သန်း ထိ တင်ပို့ရောင်းချခဲ့သည်။ VW လုပ်ငန်းစုအောက်တွင် Audi, Skoda, Seat နှင့် Porsche စသည့် နံမည်ကြီး မော်တော်ကား Brand များလည်း ထုတ်လုပ်လျက်ရှိသည်။

Stackmann and Heitmüller တို့က ဗီဒီယိုထဲတွင် ပါဝင်သော စော်ကားခံရသူများနှင့် ပါတ်သတ်၍ “ ကျွန်တော်တို့အလွန်ပဲရှက်မိပါတယ်။ ဒီကိစ္စကိုဘယ်လိုရှင်းပြရမလဲဆိုတာမသိတော့ပါဘူး။ ကျွန်တော်တို့အတတ်နိုင်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ပြဿနာကို အမြန်ဖြေရှင်းသွားပါ့မယ်” ဟုပြောကြားခဲ့သည်။

ပြီးခဲ့တဲ့နှစ်တွင်လည်း CEO Herbert Diess က management event တခုတွင် “Ebit macht frei” ဟုပြောဆိုခဲ့သည့်အတွက် VW ကတောင်းပန်ခဲ့ရသေးသည်။ Ebit ဆိုသည်မှာ အတိုးနှင့် အခွန်မဆောင်မီ ကုမ္ပဏီအမြတ်ငွေကိုဆိုလိုခြင်းဖြစ်သော်လည်း အသံထွက်သည် “Arbeit macht frei” နှင့် ဆင်တူခဲ့သည်။ ယင်းစကားလုံးသည် ဒုတိယကမ္ဘာစစ်အတွင်း Auschwitz နှင့် နာဇီ စစ်သုံ့ပန်းစခန်းများရှိ ဂိတ်တံခါးများတွင် ရေးထိုးထားသော စကားလုံးဖြစ်သည်။

၂၀၁၇ ခုနှစ်တွင်လည်း Audi မှကားကြော်ငြာကြောင့် တရုတ်အမျိုးသမီးများအား ဒေါသပုန်ထစေခဲ့သေးသည်။ ယင်းကြော်ငြာမှာ မင်္ဂလာပွဲတခုတွင် ယောက္ခမဖြစ်သူက သတို့သမီး၏ မျက်နှာအစိတ်အပိုင်းများအား ခွဲစိတ်ထားခြင်းရှိမရှိ စစ်ဆေးခဲ့သည်။ အဆိုပါ ကြောငြာကို VW နှင့်ဖက်ဆက် ကားထုတ်လုပ်သည့် တရုတ်နိုင်ငံတွင်သာ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ အဆိုပါကြော်ငြာကိုလဲ ပြန်လည်ဖြုတ်ချခဲ့သည်။

 

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC news

%d bloggers like this: