အသားအရည် အရောင်နှင့်ပါတ်သတ်၍ အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်လာပြီးနောက် Unilever (UL), L’Oreal (LRLCF) နှင့် Johnson & Johnson (JNJ) တို့သည် အသားအရည်ထိန်းသိမ်းရေး အလှကုန်ပစ္စည်း Brand များ၏နံမည်နှင့် ပါတ်သတ်၍ Brand အမည်ပြောင်းခြင်းနှင့် အချို့ထုတ်လုပ်မှုများ ရပ်ဆိုင်းရန် စီစဉ်လျက်ရှိသည်။
Unilever လက်အောက်ရှိ အိန္ဒိယလူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းကြီး Hindustan Unilever က “Fair & Lovely” ဆိုသည့် Brand စာသားတွင် ဖြူစင်ခြင်းဟု အဓိပ္ပါယ်ရသည့် “Fair” ဆိုသည့်စကားလုံးကို ဖြုတ်ပစ်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် ကြာသပတေးနေ့က ပြောကြားခဲ့သည်။
အသားအရည်အရောင်ထက် လှပခြင်းကို ကိုယ်စားပြုခြင်းသာ ရှေးရှုတော့မည်ဖြစ်သောကြောင့် ထိုကဲ့သို့ဆုံးဖြတ်ချက်ချရခြင်းဖြစ်ကြောင်း ကုမ္ပဏီက ဆိုသည်။
ထို့ပြင် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် Neutrogena brand လက်အောက်မှ ရောင်းချနေသည့် “Fair Fairness” ဆိုသည့် အသားရည်တောက်ပစေသည့်ဆီရမ် ကိုလဲရောင်းချတော့မည်မဟုတ်ကြောင်း ကုမ္ပဏီကကြေငြာခဲ့သည်။
အချို့အသားဖြူအလှကုန်ပစ္စည်း အမည်များနှင့် အမဲစက်လျှော့ချပေးသော ပစ္စည်းများသည် နဂိုအသားအရည်အရောင်ထက် အသားပိုဖြူခြင်းကသာ ပိုကောင်း/ပိုလှသည်ဟု တိုက်တွန်းထားကြောင်း၊ မဲသည့်အသားအရည်ထက် ဖြူသည့်အသားအရည်က ပိုကောင်းသည့် ဆိုသည့် message များကို တွင်တွင်အသုံးပြုထားကြောင်း ကုမ္ပဏီက ဝန်ခံထားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး အလှကုန်ကုမ္ပဏီကြီး L’Oreal က အသားဖြူခြင်းစကားလုံးများဖြစ်သည့် “white”, “fair”, “light” စသည့်စကားလုံးများ အသုံးပြုမှုကို ရပ်တန့်တော့မည်ဖြစ်ကြောင်း ပြီးခဲ့သည့် သောကြာနေ့က ကြေငြာခဲ့သည်။
အမေရိကား မစ်နီဆိုးတားပြည်နယ်တွင် George Floyd အမည်ရှိ အသက် ၄၆ နှစ်အရွယ် လူမည်းအမျိုးသားအား လူမျိုးရေးခွဲခြားဆက်ဆံမှုပြုကာ အဓမ္မဖမ်းဆီးချုပ်နှံခြင်းကြောင့် အသက်သေဆုံးမှုဖြစ်ပွားခဲ့ရပြီး လူမျိုးရေးခွဲခြားမှုအားဆန့်ကျင်သည့် ဆန္ဒပြပွဲများ ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပေါ်လာခဲ့သည်။ သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာပြီးနောက် ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများမှာလည်း ၎င်းတို့၏ ထုတ်ကုန် Brand များသည် အသားအရောင်နှင့် လူမျိုးရေး ခွဲခြားဆက်ဆံမှုနှင့်ပါတ်သတ်၍ အငြင်းပွားစေနိုင်သည့် ပစ္စည်းများ၊ Brand များအား ဖြုတ်ချခြင်း၊ ထုတ်လုပ်မှုရပ်ဆိုင်းခြင်းနှင့် အမည်ပြောင်းလဲမှုများပြုလုပ်ကာ လူမျိုးရေးခွဲခြားမှုအား ဆန့်ကျင်ကြောင်း ပြသနေကြခြင်းလည်းဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် အသားဖြူစေသော အလှကုန်ပစ္စည်းရောင်းချမှုများ အလွန်ရေပန်းစားခဲ့ပြီး နှစ်ကာလပေါင်းများစွာ ဈေးကွက်အတွင်းနေရာယူထားခြင်းလည်းဖြစ်သည်။ နံမည်ကြီး ဘောလီးဝုဒ်သရုပ်ဆောင်နှင့် မော်ဒယ်လ်များကပင် အသားဖြူခြင်းကို ဦးစားပေးကာ ကြော်ငြာရိုက်ကူးထုတ်လုပ်မှုများစွာပြုလုပ်ခဲ့ကြောင်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်သည့် ဆန္ဒပြလှုပ်ရှားသူများက ဆိုသည်။
Hindustan Unilever က ၎င်း၏ ထုတ်ကုန်ပစ္စည်းများတွင် အသားဖြူခြင်း၏ကောင်းကျိုးလက္ခဏာစသည့် စကားလုံးများကိုအသုံးပြု၍ ဈေးကွက်ချဲ့ခြင်း marketing ဆင်းခြင်းတို့ပြုလုပ်ခဲ့ကြောင်း ဝန်ခံခဲ့သည်။ ယခုအခါ အသားအရည်ကြည်လင်မှုကို ကိုယ်စားပြုသောစကားလုံးများဖြစ်သည့် “glow, even tone, skin clarity, radiance” စသည့် စကားလုံးများကိုသာ အသုံးပြုတော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ကြေငြာထားသည်။
အသားဖြူစေသည့် အလှကုန်ပစ္စည်းများမှာ ကမ္ဘာ့ဈေးကွက်ထဲတွင် အလွန်ရေပန်းစားသောကြောင့် နိုင်ငံတကာဈေးကွက်တွင် အသားဖြူအလှကုန် ဈေးကွက်သည် ၂၀၂၅ တွင် ဒေါ်လာ ၆.၅ ဘီလျံကျော်ရောက်ရှိလိမ့်မည်ဟု Global Industry Analysts များကခန့်မှန်းထားခဲ့ကြသည်။
Hindustan Unilever ကိုယ်တိုင်ကပင် အိန္ဒိယ၏ အကြီးဆုံးလူသုံးကုန်ပစ္စည်းကုမ္ပဏီကြီးဖြစ်ပြီး အိန္ဒိယနိုင်ငံ၏ ပစ္စည်း ၁၀ မျိုးတွင် ၉ မျိုးမှာ Unilever product ဖြစ်ကြောင်းဆိုထားသည်။ အမည်အသစ်ပြောင်းထားသည့် အလှကုန်ပစ္စည်းများမှာ လာမည့်လအနည်းအငယ်အတွင်း ထုတ်လုပ်ဖြန့်ချိခွင့်ရရှိတော့မည်ဖြစ်ကြောင်း ကုမ္ပဏီက ဆိုထားသည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News