0

သင့်ရဲ့ Facebook အွန်လိုင်းရှော့ပင်း Page ကို customer တွေသဘောကျပြီး အောင်မြင်လာအောင် ဘယ်လိုလုပ်မလဲ

Share

          ခုခေတ်မှာ လူတိုင်းလက်ထဲ ဖုန်းတွေရှိလာပြီဖြစ်သလို အားလုံးကိုယ်စီလဲ Facebook အကာင့်တွေရှိကြတာဖြစ်တဲ့ အတွက် အွန်လိုင်းရှော့ပင်း လုပ်တဲ့သူတွေ တော်တော်များလာကြပါတယ်။ အွန်လိုင်းရှော့ပင်းလုပ်ကြတဲ့အထဲမှာ အများစုကတော့ အမျိုးသမီးတွေဖြစ်ပြီး အိမ်ရှင်မတွေနဲ့ ကျောင်းတက်ရင်း တစ်ဘက်တစ်လမ်းက ဝင်ငွေရှာနေတဲ့ ကျောင်းသူတွေက အများဆုံးပါ။ ဒါပေမဲ့ အွန်လိုင်းရှော့ပင်းက အားလုံးသိတဲ့အတိုင်း ဆိုင်ခန်းငှါးခတွေ၊ ဆိုင်ပြင်ခတွေ ကုန်စရာမလိုဘဲ သူသူကိုယ်ကိုယ် အကောင့် တစ်ခုရှိရင် Page လုပ်ပြီးရောင်းနေကြတော့ အပြိုင်အဆိုင်တွေကလည်း အများကြီးဖြစ်လာပါတယ်။ ဒီတော့ ကျွန်တော်တို့ Orio Economic ကနေ ကိုယ့်ရဲ့ အွန်လိုင်းရှော့ပင်း Page လေးကို သူများတွေထက် ဘယ်လိုနှာတဖျားသာအောင် စီမံရမယ်၊ ပုံမှန်ဖောက်သည်တွေရှိလာအောင် ဘယ်လို ချုပ်ရမယ်ဆိုတာတွေကို အောက်မှာ အချက်ကလေးတွေနဲ့ ရှင်းပြသွားမှာပါ။

(၁) ဘယ်လိုလူမျိုးတွေကို ဦးတည်ရောင်းမှာလဲ
ဆိုလိုချင်တာကတော့ ကိုယ်ရောင်းတဲ့ ပစ္စည်းက မိန်းကလေးသီးသန့်သုံးတဲ့ အလှကုန်ပစ္စည်းလား၊ ဒါမှမဟုတ် အဝတ်အစားလား၊ အဝတ်အစားဆိုရင်ရော အမျိုးသမီးဝတ်သီးသန့်လား၊ ကျားဝတ်မဝတ်အစုံရတာလား၊ ဒါမှမဟုတ်ရင်လည်း သက်လတ်ပိုင်း လူကြီးတွေအတွက် ဆေးဝါးပစ္စည်းအသုံးအဆာင်တွေလား စသည်ဖြင့်ပေ့ါလေ။ ဒီလို ကိုယ်ပစ်မှတ်ထားရမဲ့ ဖောက်သည်တွေရဲ့ အသက်အရွယ်အပိုင်းအခြား၊ ကျား၊မ ပုံစံကို ကွဲကွဲပြားပြားသိရင် Page ကို invite စလုပ်ကတည်းက ဒီလိုလူမျိုးတွေကို ရွေးပြီး လုပ်တော့ ပိုထိရောက်တာပေါ့။

(၂) Content ကအသက်
ဆိုင်တွေမှာ ဝယ်သူတွေ ဝယ်ချင့်စဖွယ်ဖြစ်အောင် ဈေးခင်းရသလိုပဲ Page မှာ စာရေးတင်တာပဲဖြစ်ဖြစ်၊ ရောင်းမဲ့ ပစ္စည်းရဲ့ ပုံလေးတွေတင်တာပဲဖြစ်ဖြစ်၊ တချို့ Live လွှင့်တတ်တဲ့သူဆို Live လွှင့်ပြီးဈေးရောင်းတာတွေ အကုန်လုံးကို Content လို့ခေါ်ပြီး ဝင်ကြည့်တဲ့ သူတွေကို ဝယ်ချင်လာအောင် ဈေးခင်းရတာပါပဲ။ Live လွှင့်တတ်တဲ့သူတွေကတော့ ကိုယ်ရောင်းမဲ့ ပစ္စည်းကို အပြင်ကလိုပဲ ဝယ်သူတွေသိချင်တဲ့ အချက်အလက်တွေကို ရှင်းပြလို့ ရပေမဲ့ တချို့ Live လွှင့်ရမှာ ရှက်တဲ့သူတွေလည်း ရှိကြမှာပါ။ သူတို့အနေနဲ့ ကတော့ ပို့စ်တင်ရင် ပစ္စည်းရဲ့ အချက်အလက်တွေ ပြည့်ပြည့်စုံစုံတင်ပေးနိုင်ရင် ပိုကောင်းပါတယ်။ ပုံတင်ပေးမယ်ဆိုလည်း တချို့ဒိုင်တွေက မော်ဒယ်နဲ့ရိုက်ထားတဲ့ ပုံလှတပတလေးတွေ ပေးနိုင်ကြပေမဲ့ တချို့မပေးနိုင်တဲ့ ဒိုင်တွေလည်းရှိပါတယ်။ အဲအခါကြရင် အဝတ်အစားရောင်းတဲ့သူဆိုလည်း အိမ်မှာ အရုပ်မ ဝယ်ထားပြီး ပုံရိုက်တင်တာပဲဖြစ်ဖြစ်၊ အလှကုန်ရောင်းတဲ့သူဆို ကိုယ့်ပစ္စည်းသုံးပြီး လှနေတဲ့ သူတွေရဲ့ ပုံလေးတွေ တင်တာပဲဖြစ်ဖြစ် လုပ်ပြီး ဝယ်သူတွေကို ဆွဲဆောင်ရပါတယ်။

ကိုယ့် Page ရဲ့အချက်အလက်တွေကြည့်လို့ရတဲ့ Insight ဆိုတဲ့ နေရာပဲဖြစ်ပါတယ်။ (Photo: searchenginejournal.com)

(၃) Page လေးအသက်ဝင်နေအောင် အချိန်မှန် ပို့စ်တင်ပါ
ကိုယ်ရောင်းတဲ့ ပစ္စည်းလေးတွေ ဝယ်သုံးလို့အဆင်ပြေရင် ဖောက်သည်တွေက ကိုယ်ဘယ်အချိန် ပစ္စည်းသစ်လေးတွေ တင်မလဲဆိုပြီး ဝင်ဖတ်ကြ၊ စောင့်ဖတ်တတ်ကြပါတယ်။ ကိုယ်က အားရင်တင်လိုက်၊ မအားတဲ့အချိန် ပစ်ထားပြီး ၃၊၄ရက်လောက်နေမှ တခါပြန်တင်တာမျိုးတွေ မလုပ်ဖြစ်အောင် ရှောင်ပါ။ ပစ္စည်းမရောက်သေးရင်တောင် မှာထားနေပါပြီ၊ ဘယ်နေ့တော့ ရောက်တော့ပါမယ် စသည်ဖြင့် ဖောက်သည်တွေနဲ့ အဆက်မပြတ်အောင် နေ့တိုင်း ပို့စ်တင်ပေးနေရင် ကောင်းပါတယ်။ နောက်တစ်ခုက ကိုယ့်ရဲ့ Facebook Page မှာ Insight ဆိုတာရှိပါတယ်။ ကိုယ် Like ဘယ်လောက်ရနေပြီလဲ၊ လူဘယ်နှစ်ယောက်ဆီ ကိုယ်ရဲ့ ပို့စ်တွေရောက်လဲဆိုတာ အပြင် ကိုယ့် Page ကို ဘယ်နေ့၊ ဘယ်အချိန်တွေမှာ လူများများဝင်ကြည့်လဲဆိုတာ ပြန်ကြည့်လို့ရပါတယ်။ Insight ထဲက Post ဆိုတာကို နှိပ်ရင် မြင်ရမှာပါ။ ဒီတော့ လူကြည့်များတဲ့ အချိန်လေးတွေကို မပျက်မကွက် တင်ပေးပေါ့ဗျာ။

(၄) Boost လုပ်ဖို့လည်း မမေ့ပါနဲ့
ကိုယ့် Page ကခုမှ စထောင်တာမို့ လူသိပ်မသိသေးရင် Facebook မှာ Boost လုပ်လို့ရပါတယ်။ ဒါပေမဲ့ အလကားတော့ ဘယ်ဟုတ်မလဲ။ အရင်ဆုံး Visa card ကို CB Bank မှာ သွားလုပ်ထားရမှာပါ။ ပြီးရင် ကတ်ထဲကို ဒေါ်လာ ၅၀ ဖြစ်ဖြစ်၊ ၁၀ဝဖြစ်ဖြစ် ထည့်ထားပြီး ကိုယ်ရောင်းမဲ့ထဲက လူကြိုက်များမဲ့ ပစ္စည်းပုံလေးတင်ပြီးပြီဆိုရင် အောက်နားလေးမှာ Boost Post ဆိုပြီး အပြာရောင် လေးထောင့်ကွက်လေးပေါ် နှိပ်လိုက်ယုံပါပဲ။ အဲကြရင် Facebook က ဘယ်နှစ်ဒေါ်လာလောက်သုံးမှာလဲ၊ လူဘယ်နှစ်ယောက်ဆီ ရောက်စေချင်တာလဲ ဖြည့်ခိုင်းပါလိမ့်မယ်။ ခုနက အပေါ်မှာပြောခဲ့သလို ကိုယ်ရောင်းမဲ့ ပစ္စည်းပေါ်မူတည်ပြီး ကိုယ်ရောက်စေချင်တဲ့ အသက်အရွယ်အပိုင်းအခြား၊ ကျား၊မ၊ နေရာဒေသတွေ ရွေးပြီးရင် ကိုယ့် ဘဏ်ကတ်နံပါတ်ရိုက်ပေးလိုက်ရင် Facebook က ကိုယ်ရွေးလိုက်တဲ့ပေါ်မူတည်ပြီး သူတို့ အကောင့်တွေမှာ သွားပြပေးမှာပါ။ ဒီလိုနည်းနဲ့ ကိုယ်ရဲ့ နယ်ပယ်ကိုချဲ့ထွင်လို့ရပါတယ်။

Visa Card ရှိရင် Boost လို့ရတဲ့နေရာပါ

(၅)ဖောက်သည်တွေက စောဒကတက်ရင် ပြန်လည်ဖြေရှင်းပေးပါ
ဒီနေရာမှာတော့ Facebook က ဆိုင်တွေထက်ပိုပြီး အထိအခိုက်လွယ်ပါတယ်။ အပြင်ဆိုင်တွေမှာ ပစ္စည်းဝယ်လို့အဆင်အပြေဖြစ်ပြီး ပြဿနာဖြစ်ရင် ဝယ်သူနဲ့ ခင်တဲ့သူလောက်သာသိနိုင်ပေမဲ့ Facebook မှာ Comment လာရေးလိုက်ရင်တော့ အားလုံးချက်ခြင်းသိသွားကြမှာ ဖြစ်သလို ကိုယ့်ရဲ့ပုံရိပ်ကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘက်က မှန်နေဦးတော့ ချိုချိုသာသာ၊ ပါးပါးနပ်နပ်နဲ့ ပြန်လည်ဖြေရှင်းဖို့ အကြံပြုလိုက်ပါရစေ။ တခါတလေမှာတော့ ကိုယ့်ကို တကယ့်စေတနာနဲ့ ကောင်းစေလိုတဲ့စိတ်နဲ့ ပြန်လာပြောတာတွေလဲ ကြုံဖူးကြမှာပါ။ ဒီအခါကြတော့လဲ သူတို့ကို အရေးတယူ ပြန်စကားပြောပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့လိုပါတယ်။ ပြင်းပြင်းထန်ထန် တုံ့ပြန်တာတွေရှောင်သင့်သလို ဘာမှပြန်မပြောဘဲ မသိချင်ယောင်ဆောင်နေတာလဲ မဖြစ်သင့်ပါဘူး။

(၆)ကံစမ်းမဲတွေ၊ Lucky draw တွေမကြိုက်တဲ့သူမရှိပါဘူး
ကံစမ်းမဲတွေ၊ Lucky Draw တွေ၊ Promotion တွေလုပ်ပြီဆို နာမည်ကြီး Page တွေမှာ ဒီပို့စ်လေးကို Like & Share လုပ်၊ Screen Shot ရိုက်ပြီမန့်ပေးပါ ဆိုတာမျိုး ခဏခဏတွေ့မှာပါ။ ဒီနည်းလမ်းဟာ ကိုယ့် Page ကို Share များများရစေသလို၊ customer တွေကိုလည်း ပါဝင်ဆင်နွှဲတယ်ဆိုတဲ့ ခံစားချက်ရစေပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့် Page မှာ ပစ္စည်းတွေပဲ အမြဲတင်ရောင်းနေမယ်၊ ဖောက်သည်တွေကလည်း ဝယ်ပဲဝယ်နေရမယ်ဆိုရင် ပျင်းခြောက်ခြောက် ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ပျော်စရာ Lucky Draw အစီအစဉ်လေးတွေ မကြာမကြာလုပ်ပေးရင်း ကိုယ့် Page ကိုလူသိပိုများလာမှာဖြစ်သလို၊ ဖောက်သည်တွေနဲ့လဲ ပိုရင်းနှီးသွားမှာပါ။

(၇) ဈေးချည်းပဲရောင်းမနေပါနဲ့
ဈေးချည်းပဲရောင်းမနေနဲ့ ဆိုတာကတော့ ရံဖန်ရံခါဆိုသလို ကိုယ့် Page မှာ ဗဟုသုတရစရာ လေးတွေတင်ပေးတာကို ဆိုလိုတာပါ။ ဥပမာပြောရရင်- ကိုယ်က ဖိနပ်ရောင်းတယ်ဆို ဖိနပ်မပေါက်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေ၊ မိုးတွင်းခါမှာ ဖိနပ်တွေကို မှိုမတက်အောက်ဘယ်လိုလုပ်ရမလဲဆိုတာတွေ၊ နောက် အဝတ်အစား ရောင်းတာဆိုရင်လည်း ဖက်ရှင်နဲ့ပတ်သတ်ပြီး အကြံပြုတဲ့ စာလေးတွေ၊ ကိုယ်ရောင်းတဲ့အဝတ်နဲ့ ပုံစံတူကို Cele တွေကဝတ်ရင် share ပေးတာတွေ၊ ဒါမှမဟုတ်လည်း အလှကုန်ရောင်းတဲ့သူဆို ပေါ့ပါ့ပါးပါး မိတ်ကပ်ပြင်နည်း၊ ဘာညာဆိုပြီး တင်ပေးရင် တခြား အွန်လိုင်းရှော့ပင်းတွေနဲ့ လုံးဝကွဲပြားသွားပြီး ကိုယ့် page ထဲဝင်တာနဲ့ ချက်ခြင်းမှာချင်စိတ်တွေ ဖြစ်လာမှာဖြစ်သလို ဝယ်သူတွေရဲ့ ယုံကြည်စိတ်ချမှုကိုပါ ရစေမှာပါ။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : businessnewsdaily, adeomarketing, beeketing

%d bloggers like this: