တရုတ်ပြည်နှင့် ဥရောပတွင် ကားစက်ရုံသစ်များ တိုးချဲ့ထုတ်လုပ်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် လျှပ်စစ်ကားများ ထုတ်လုပ်သည့် Tesla ကုမ္ပဏီသည် ဆွီဒင်အခြေစိုက် ဗြိတိန် သတ္ထုတူးဖေါ်ရေး ကုမ္ပဏီကြီး Glencore ထံမှ Cobalt သတ္ထုများ ဝယ်ယူမည်ဟု သိရသည်။
ဧရာမ စက်ရုံကြီးများဟု ခေါ်ဆိုနေကြသည့် ရှန်ဟိုင်းနှင့် ဘာလင်တို့ရှိ Gigafactories များထံ ပိုမိုထောက်ပံ့နိုင်ရန် သူဌေး Elon Musk ၏ Tesla အနေဖြင့် လစ်သီယမ်-အိုင်းယွန်း ဘက်ထရီများ ထုတ်လုပ်ရေးတွင် အဆိုပါ Cobalt ကို အများအပြားလိုအပ်နေသည်ဟု နီးစပ်သည့် အသိုင်းအဝိုင်းထံမှ ပြောဆိုနေကြသည်။
လက်ရှိတွင် ကွန်ဂိုပြည်သူ့သမ္မတနိုင်ငံမှ သတ္ထုတူးဖေါ်ရေးများကို အားထားနေရသော Tesla အတွက် ယခု သဘောတူညီချက်သည် Glencore ၏ လုပ်ငန်းအပေါ် အပြုသဘောဆောင် တိုးတက်လာစေခဲ့ပြီး Cobalt ဈေးသည်လည်း ၁ တန်တွင် ဒေါ်လာ ၃၀၀၀၀ ဖြစ်လာခဲ့သည်။
Tesla သည် ၎င်းတို့ရရှိနေသည့် သတ္ထုများသည် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံများထဲတွင် အပါအဝင်ဖြစ်သည့် ကွန်ဂို နိုင်ငံမှ လာနေသော်လည်း လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အချက်များနှင့် ကိုက်ညီစွာ ထုတ်လုပ်ထားခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် အပတ်က ပြောကြားခဲ့သည်။
သို့သော်လည်း Tesla ကုမ္ပဏီ၏ ယခု ဆောင်ရွက်ပုံများနှင့်ပါတ်သက်၍ အကြီးအကျယ်ဝေဖန်ခံနေရသည်။
Child workers in Congo’s mining sites
လူအများ လျှပ်စစ်ကားများကို အသုံးပြုလာရခြင်းမှာ ပတ်ဝန်းကျင်မထိခိုက်စေရန်ဖြစ်ပြီး ကမ္ဘာ့ Cobalt ထုတ်လုပ်မှုစုစုပေါင်း၏ ၆၀% ခန့်ကို ထုတ်လုပ်နေသော ကွန်ဂိုနိုင်ငံတွင်လုပ်သား ၅ပုံ ၁ပုံခန့်မှာ ကလေးများဖြစ်ပြီး လက်ဖြင့် တူးဖေါ်နေရသည်ဟု ဆိုသည်။
Glencore ထံမှ သတ္ထုများကို Tesla ဝယ်ယူပြီးလျှင် အဆိုပါ လျှပ်စစ်ကားကုမ္ပဏီအနေဖြင့် ကွန်ဂိုနိုင်ငံအတွင်းရှိ သတ္ထုတူးဖေါ်ရေး လုပ်ငန်းများကိုပါ ထိန်းချုပ်ခွင့်ရရှိမည်ဖြစ်ပြီး တရုတ်ပြည်ရှိ ၎င်း၏ ကားစက်ရုံများသို့ ပေးပို့စေမည်ဖြစ်သည်။
Tesla မှ ထုတ်ပြန်ထားသော ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ကလေးလုပ်သားများ အသုံးချနေမှုကို ရပ်ဆိုင်းရန် ကြိုးစားခဲ့ကြောင်းများ ပါရှိပြီး သတ္ထုတွင်းများတွင် တာဝန်ခံမှု၊ ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ရေးများသည် စီးပွားရေးဆိုင်ရာ၊ လူမှုရေးရာ ကိစ္စများအတွက် ကောင်းကျိုးသက်ရောက်မှုများ ရှိစေကြောင်းများ ပါရှိခဲ့သည်။
သတ္ထုတူးဖေါ်ရေးလုပ်ငန်းများကို စိစစ်သော Responsible Minerals Initiative (RMI) ဟု ခေါ်သည့် အဖွဲ့အစည်းရှိနေပြီး ကွန်ဂိုနိုင်ငံတွင် RMI မှ အသိအမှတ်ပြု လုပ်ငန်း ၂ ခုသာ ရှိရာ Glencore သည် အပါအဝင်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်များနှင့် ပါတ်သက်၍ Tesla ရော Glencore ဘက်ကပါ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြသည်။
ပြီးခဲ့သည့် သီတင်းပတ်က Tesla ၏ ရှယ်ယာဈေးနှုန်းများ ပထမဆုံး အကြိမ်အဖြစ် ဒေါ်လာ ၁ ထောင် ကျော်ခဲ့ပြီး ဈေးကွက်ရင်းနှီးငွေ တန်ဖိုး ဒေါ်လာ ၁၈၅ ဘီလျံသို့ရောက်ရှိခဲ့သည်။
Tesla ၏ ကားများတွင် အသုံးပြုမည့် ဘက်ထရီ၏ စွမ်းဆောင်ရည်ကို ၅၇၀% ထိမြှင့်တင်ရန် ရည်ရွယ်ထားပြီး လာမည့်ဆယ်နှစ်အတွင်း 248 gigawatt hours အထိ ရှိလာနိုင်မည်ဟု စံနှုန်းများ တိုင်းတာသည့် ကုမ္ပဏီ Mineral Intelligence က ဖေါ်ပြထားသည်။
ဘက်ထရီစွမ်းရည် 1 GWH သည် သာမန်လျှပ်စစ်ကား အရေအတွက် ၁၈၀၀၀ ခန့်အတွက် လုံလောက်သည်ဟု ဆိုသည်။
Ivan Glasenberg ဦးဆောင်နေသော Glencore ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး သတ္ထုတူးဖေါ်ရေးလုပ်ငန်းကြီး တစ်ခုဖြစ်ပြီး ကွန်ဂိုရှိ သတ္ထုတွင်းများအပါအဝင် သြစတေးလျ၊ ကနေဒါတို့တွင်လည်း တူးဖေါ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
၂၀၁၈ ခုနှစ်မှစ၍ ကိုဘော့ သတ္ထုဈေးများ ကျဆင်းလာခဲ့ရာ ကုမ္ပဏီအနေဖြင့် လျှပ်စစ်ကားထုတ်လုပ်ရေးဘက်တွင် ရေရှည်စာချုပ်များ ချုပ်နိုင်ရန် အာရုံစိုက်နေသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: Financial Times, Foreign Brief, CongoAYUK